← Chapters

ကတိစကား

Vol. 23 Ch. 321

ကတိစကား

Vol. 23 Ch. 321

ယဲ့ချန်က မီးများတဟုန်းဟုန်း တောက်လောက်နေသော ကောင်းကင်တုန်ခါဆေးအိုးကို အသုံးပြုလိုက်သောအခါ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသောကြောင့် ကြည့်နေသူများအားလုံး နှလုံးများတုန်ယင်၍ နောက်ဆုတ်သွားကြသည်။

ဆေးအိုးက တွင်းနက်တစ်ခုကဲ့သို့ ပြင်းထန်သောစုပ်အားကို ထုတ်ဖော်ကာ သွေးကောင်းကင်ဓားသိုင်းမှ ထွက်ပေါ်လာသော အနီရောင်ဓားအလင်းကြီးများကို ဝါးမျိုလိုက်သည်။

"ဘာတွေဖြစ်ကုန်တာလဲ။ ဒါ မဖြစ်နိုင်ဘူး"

ကုန်းရီက မျက်နှာပျက်သွားသည်။ သွေးကောင်းကင်ဓားသိုင်းတွင် သူ၏သွေးနှင့်ကောင်းကင်ချီကို စတေးထားသောကြောင့် ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်များပင် ခုခံနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ၎င်းက ဘေးထွက်ဆိုးကျိုးတစ်ခုရှိပြီး အသုံးပြုသူ၏ဝိညာဥ်ကို ထိခိုက်သွားစေကာ ကျင့်ကြံခြင်းကိုလည်း အဆင့်အနည်းငယ် လျှောကျသွားစေနိုင်သည်။

"ဒီဆေးအိုးက ဘာကြီးလဲ"

ကုန်းရီသည် သွေးကောင်းကင်ဓားသိုင်းကို အနိုင်ယူလိုက်သော ကောင်းကင်တုန်ခါဆေးအိုးကို ကြောက်လန့်တကြား ကြည့်နေခဲ့သည်။ ၎င်းက အရာအားလုံးကို ဝါးမျိုစားသောက်နိုင်သော ဧရာမမိကျောင်းကြီးတစ်ကောင်၏ပါးစပ်နှင့် တူညီနေခဲ့သည်။ နောက်ဆုံးတွင် အနီရောင်ဓားများအားလုံးကို ဆေးအိုးက စုပ်ယူသွားသောကြောင့် ကုန်းရီမှာ လွင့်ထွက်သွားပြီး သွေးများ အန်ထွက်လာခဲ့သည်။ မုန်တိုင်းဓားကလည်း သူ့လက်ထဲမှလွတ်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ဂိုဏ်းကိုယ်စားလှယ်များက ဤမြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်နေသည်။ သွေးကောင်းကင်ဓားသိုင်းသည် ဒဏ္ဍာရီလာကျင့်စဥ်တစ်ခု ဖြစ်သည်။ လက်ရှိ ကုန်းရီထုတ်ဖော်လိုက်သော စွမ်းအားက အတိတ်တွင် အိမ်တော်သခင်အသုံးပြုသည်ထက် ပို၍အစွမ်းထက်နေခဲ့သည်။ သူတို့က ယဲ့ချန်ကို လူသေဟုသတ်မှတ်လိုက်ကြသော်လည်း ဧရာမဆေးအိုးကြီး ရုတ်တရက်ထွက်ပေါ်လာ၍ ထိုသိုင်းကို အလွယ်တကူဖျက်ဆီးသွားပေသည်။

သုံးမီတာခန့်မြင့်ပြီး ကီလိုဂရမ်​ထောင်ချီလေးသော ဆေးအိုးကြီးကို ယဲ့ချန်က အလွယ်တကူထိန်းချုပ်နိုင်နေသဖြင့် ဆန်းကျယ်လှသည်။ ဤရတနာက အဆင့်ကိုးထက်ပင်ကျော်လွန်သော အစွမ်းထက်ရတနာတစ်ခု ဖြစ်နိုင်နေသည်။ လိပ်ပြာလက်နက်များတွင် ဝိညာဥ်ရှိခြင်းမရှိခြင်းဟူ၍ နှစ်မျိုးကွဲသောကြောင့် ဆေးအိုး၏ဝိညာဥ်အကြောင်းကို လူတိုင်း စပ်စုလိုနေကြသည်။

လိပ်ပြာလက်နက်တစ်ခု ထွက်ပေါ်လာလျှင် လူတိုင်း လောဘတက်မည်ဖြစ်သော်လည်း ယဲ့ချန်ကို အားလုံးက ကြောက်လန့်နေကြသည်။ ဆယ်ကျော်သက်အရွယ် အစွမ်းထက်ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးလိုက်သော မျိုးနွယ်မှာ ရှေးဟောင်းအစွမ်းထက် မျိုးနွယ်ကြီးများပင် ဖြစ်နိုင်သည်။ ကုန်းရီက မုန်တိုင်းအိမ်တော်၏ လျှို့ဝှက်သိုင်းပညာများကို ဆက်တိုက်ထုတ်သုံးခဲ့သော်လည်း ယဲ့ချန်ကို အနိုင်မယူနိုင်ခဲ့ပေ။

ယဲ့လော့က ကောင်းကင်ထက်ရှိ ယဲ့ချန်၏ပုံရိပ်ကို မော့ကြည့်နေခဲ့သည်။ သူမငယ်စဥ်တည်းက အနိုင်ကျင့်ခံရချိန်တိုင်းတွင် ယဲ့ချန်က နတ်ဘုရားတစ်ပါးပမာ ကာကွယ်ပေးခဲ့သည်။ သူမ၏နှလုံးသားကို ယဲ့ချန်သာ ပိုင်ဆိုင်ရမည်ဖြစ်သောကြောင့် ကုန်းရီမည်မျှကြိုးစားပါစေ အဖက်ပင်မလုပ်ခဲ့ပေ။

"အစ်ကိုကြီး ကျေးဇူးတင်ပါတယ်"

ယဲ့လော့က ဝမ်းသာမျက်ရည်ကျနေသော မျက်ဝန်းလေးများနှင့် ယဲ့ချန်ကို ကြည့်နေခဲ့သည်။

ရှီဝူယဲ့မျိုးနွယ်ဝင်များကလည်း ကောင်းကင်သို့ မော့ကြည့်နေပြီး မျိုးနွယ်တစ်ခုလုံးကို မြင့်တက်စေခဲ့သော ယဲ့ချန်ကို ဂုဏ်ယူနေကြသည်။ အခုအချိန်မှစတင်၍ သူတို့က အလယ်အင်ပါယာယဲ့မျိုးနွယ်ရှေ့တွင် ခေါင်းငုံ့စရာမလိုတော့ပေ။

ကုန်းရီ ရှုံးနိမ့်သွားချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး မင်သက်သွားကာ ယဲ့ချန်၏အမည်က အလယ်အင်ပါယာတစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော လူငယ်လေးတစ်ယောက်က အလယ်အင်ပါယာလူငယ်မျိုးဆက်၏ နံပတ်တစ်ပါရမီရှင်ကို အနိုင်ယူလိုက်သောအကြောင်းက ယနေ့စတင်၍ ကျင့်ကြံသူများကြားတွင် ဆွေးနွေးစရာတစ်ခု ဖြစ်လာ​ပေလိမ့်မည်။ ထိုလူငယ်လေးတွင် ဒဏ္ဍာရီလာအစွမ်းထက် သွေးကောင်းကင်ဓားသိုင်းကို တစ်ချက်တည်းအနိုင်ယူလိုက်သော ရတနာတစ်ခုရှိကြောင်းလည်း ပါဝင်ပေလိမ့်မည်။

ယဲ့ချန်က ကုန်းရီကို သတ်ဖြတ်လိုစိတ်ဖြင့်စိုက်ကြည့်ကာ အနာဂတ်တွင် ပြဿနာမတက်စေရန် အပြတ်ရှင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

"သေစမ်း"

သူက ကောင်းကင်တုန်ခါဆေးအိုးကို ကုန်းရီထံ ဥက္ကာပျံတစ်ခုပမာ ပစ်ထုတ်လိုက်သည်။ ၎င်းက ကီလိုဂရမ်နှစ်သိန်းအားကို သယ်ဆောင်ထားပြီး တိုက်မိလျှင် ကုန်းရီအနေဖြင့် အသက်ရှင်မည်မဟုတ်ချေ။

လက်ရှိတွင် တောင်ကာကွယ်ရေးအစီအရင်ကို ရုတ်သိမ်းထားပြီးဖြစ်သောကြောင့် မုန်တိုင်းအိမ်တော် အကြီးအကဲသုံးယောက်က ချက်ချင်း​​ပြေးထွက်လာသည်။

"ကျေးဇူးပြုပြီး ညှာတာပါ"

တစ်ယောက်က ကုန်းရီထံပြေးဝင်သွားပြီး နှစ်ယောက်က ဆေးအိုးကိုတားမြစ်ရန် နေရာယူလိုက်ကြသည်။ မုန်တိုင်းအိမ်တော်၏ အကြီးအကဲများ လှုပ်ရှားလိုက်ချိန်တွင် ဂိုဏ်းကြီးနှစ်ခု၏ အကြီးအကဲများကလည်း ယဲ့ချန်ကိုကာကွယ်ရန် ပြေးတက်လာကြသည်။ သူတို့က ကုန်းရီကို တိုက်ခိုက်ခြင်းမရှိဘဲ ယဲ့ချန်၏ဘေးတွင် ကာကွယ်ရန် စောင့်ကြပ်ပေးခဲ့ကြသည်။

မုန်တိုင်းအိမ်တော်သည် အလယ်အင်ပါယာတွင် အစွမ်းထက်ဂိုဏ်းကြီးတစ်ခုအဖြစ် နှစ်ပေါင်းများစွာအုပ်စိုးလာပြီး သူတို့၏သခင်လေးကိုသတ်ရာတွင် ပတ်သက်မိပါက ခြင်္သေ့ဘုရင်နန်းတော်ပင် ခေါင်းကိုက်ရလိမ့်မည်။ ထို့ကြောင့် သူတို့က ကုန်းရီကို အသက်ရှင်ခွင့်ပေးလိုက်ကြသည်။

ကုန်းရီ၏ဒဏ်ရာက ပြင်းထန်သော်လည်း မုန်တိုင်းအိမ်တော်က ကုသပေးနိုင်လိမ့်မည်။ သို့သော် သွေးကောင်းကင်ဓားသိုင်းကြောင့် သူ၏ကျင့်ကြံခြင်းအုတ်မြစ် ထိခိုက်သွားသောအခါ ပြာပုံအတွင်းမှ ပြန်လည်နိုးထလာနိုင်ရန် အလွန်ခက်ခဲလေသည်။

ယဲ့ချန်သည် ဆန်းကျယ်ဝိဇ္ဇာသုံးယောက်က ကုန်းရီနှင့်ဆေးအိုးကြားတွင် နေရာယူလိုက်ကြောင်း မြင်ရသောအခါ ယနေ့တွင် သူ၏ပြိုင်ဘက်မသေနိုင်ကြောင်း နားလည်လိုက်သည်။ သူ၏လက်ရှိအစွမ်းဖြင့် မုန်တိုင်းအိမ်တော်တစ်ခုလုံးကို ရင်ဆိုင်ဖျက်ဆီးရန် မတတ်နိုင်သေးပေ။

အကြီးအကဲတစ်ယောက်က ကုန်းရီကိုသယ်ဆောင်၍ မြေပြင်ရှိ မုန်တိုင်းဓားထံ ပျံသန်းသွားလိုက်သည်။ သို့သော် သူ့ထက် ပို၍လျင်မြန်သော ကလေးတစ်ယောက်က မုန်တိုင်းဓားကိုဆွဲနုတ်ပြီး အဝေးရှိသစ်တောအတွင်း ဖြတ်ခနဲပြေးဝင်သွားခဲ့သည်။ သူက ဓားထံရောက်သောအခါ ပျောက်ကွယ်သွားပြီဖြစ်လေသည်။

"မုန်တိုင်းဓားကို ပြန်ပေးစမ်း"

အကြီးအကဲက ဒေါသတကြီးကြုံးဝါး၍ လိုက်ရှာလိုက်သော်လည်း တစ်ဖက်လူက သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ မုန်တိုင်းဓားက မုန်တိုင်းအိမ်တော်သက်တမ်းတလျှောက်လုံး လက်ဆင့်ကမ်းလာခြင်းဖြစ်ပြီး ၎င်းကိုကိုင်ဆောင်ထားလျှင် တပည့်အားလုံးကို အမိန့်ပေးနိုင်စွမ်းရှိသည်။ လက်ရှိတွင် မုန်တိုင်းဓားကို ကလေးတစ်ယောက်က အလစ်သုတ်သွားသောကြောင့် အကြီးအကဲက ဒေါသထွက်လွန်း၍ ရူးမတတ်ဖြစ်နေခဲ့သည်။

ယဲ့ချန်သည် ကောင်းကင်တုန်ခါဆေးအိုးကိုတားမြစ်ရန် နေရာယူလိုက်သော အကြီးအကဲနှစ်ယောက်ကို တစ်ချက်ကြည့်၍ ဒေါသတကြီးကြုံးဝါးလိုက်သည်။ ဆေးအိုးက ဂျင်တစ်လုံးကဲ့သို့ ချာချာလည်နေသည့်အပြင် အရွယ်အစားပါ ကြီးမားလာခဲ့သည်။

"မုန်တိုင်းမိစ္ဆာလက်ဝါးသိုင်း"

အကြီးအကဲနှစ်ယောက်ကလည်း လက်လေးဖက်ဖြင့် ဆေးအိုးကို တပြိုင်နက်ရိုက်ချလိုက်သည်။ ရေချီစွမ်းအင်လှိုင်းများက ကောင်းကင်တုန်ခါဆေးအိုးအပေါ် ပြင်းထန်စွာ ကျရောက်သွားသည်။

"ဘုန်း ဘုန်း"

ပေါက်ကွဲသံနှစ်ခုက လူတိုင်း၏နားစည်များကိုပင် နာကျင်သွားစေသည်အထိ ကျယ်လောင်နေခဲ့သည်။ မီးတောက်နီဂိုဏ်းအတွင်း တောင်အချို့ပြိုကျသွားပြီး ကြီးမားသောဆင်ခြေလျှောတစ်ခုပင် တိုက်ပွဲ၏အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသည်။ ကောင်းကင်တုန်ခါဆေးအိုးမှ စွမ်းအင်လှိုင်းများ အဆက်မပြတ် ပြန့်ထွက်လာခဲ့သည်။

အကြီးအကဲနှစ်ယောက်သည် သူတို့၏လက်ဝါးက ဆေးအိုးနှင့်အတွေ့တွင် စွမ်းအင်များစုပ်ယူခံလိုက်ရကြောင်း ခံစားနေရသည်။ သူတို့၏ကိုယ်တွင်းရှိ ကောင်းကင်ချီများ ဆက်တိုက်လျော့ကျနေသဖြင့် လက်များကို အလျင်အမြန် ရုတ်သိမ်းလိုက်ရသည်။ သို့သော်လည်း နှစ်ယောက်လုံး ဒဏ်ရာရကုန်သဖြင့် ဖူးခနဲ သွေးများ အန်ထုတ်လိုက်ရသည်။

ကောင်းကင်တုန်ခါဆေးအိုး၏ စုပ်ယူအားက ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်နှစ်ယောက်ကိုပင် ဒဏ်ရာရသွားစေခဲ့သည်။

"သွားကြစို့"

အကြီးအကဲနှစ်ယောက်က လျင်မြန်စွာနောက်ဆုတ်သွားကြပြီး မုန်တိုင်းဓားကို လိုက်ရှာနေသော အကြီးအကဲနှင့် ပူးပေါင်းလိုက်ကြသည်။ ထို့နောက် မုန်တိုင်းအိမ်တော်အင်အားစုက သူတို့၏သခင်လေးကိုထမ်းကာ အဝေးသို့ ကြောက်လန့်တကြားထွက်ပြေး ပျောက်ကွယ်သွားလေသည်။

ကျင့်ကြံသူတိုင်းက ယဲ့ချန်ကို ကြောက်လန့်တကြား ကြည့်နေခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးနှစ်ယောက်ကိုပင် တစ်ချက်တည်းဖြင့် သွေးအန်အောင် တိုက်ခိုက်နိုင်သော ယဲ့ချန်၏ဆေးအိုးကြောင့် သူတို့က လိပ်ပြာလွင့်မတတ်လန့်နေကြသည်။

ယဲ့ချန်က ကောင်းကင်တုန်ခါဆေးအိုးကို ပြန်လည်သေးငယ်စေ၍ ညာလက်ဝါးတွင် သက်ဆင်းစေသည်။ ဘယ်လက်တွင် နဂါးပြာဓားမြှောင်နှင့် ညာလက်တွင် ကောင်းကင်တုန်ခါဆေးအိုးကို ဆွဲကိုင်ထားသော ယဲ့ချန်၏ပုံရိပ်က နေရောင်အောက်တွင် တောက်ပစွာဖြစ်ပေါ်နေသည်။

လက်ရှိတွင် ယဲ့ချန်ကို အလယ်အင်ပါယာတစ်ခုလုံး သိရှိသွားတော့မည့်ပုံပေါ်လေသည်။

ယဲ့ချန်၏အကြည့်က ယဲ့ကုန်းထံ အေးစက်စွာကျရောက်သွားခဲ့သည်။ သူ၏အကြည့်နှင့် ရင်ဆိုင်ရသောအခါ ယဲ့ကုန်း၏စိတ်ထဲတွင် ကြောက်စိတ်များ အဆမတန်ကြီးမားလာသည်။ တစ်ဖက်လူက မုန်တိုင်းအိမ်တော်၏ အကြီးအကဲနှစ်ယောက်ကိုပင် အနိုင်ယူပြခဲ့သောအခါ ယဲ့ကုန်းသည်လည်း သူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

အကယ်၍ ယဲ့ချန်သာ ယဲ့ကုန်းကိုသတ်မည်ဆိုလျှင် တောင်ကာကွယ်ရေးအစီအရင်တစ်ခုသာ ကာကွယ်ပေးနိုင်ပေလိမ့်မည်။ မီးတောက်နီဂိုဏ်းတွင် ဆန်းကျယ်ဝိဇ္ဇာများစွာရှိသော်လည်း ကောင်းကင်တုန်ခါဆေးအိုးကို ယှဥ်နိုင်မည်မဟုတ်ပေ။ အကယ်၍ အခြားဂိုဏ်းများ၏ကိုယ်စားလှယ်များသာ ယဲ့ကုန်းက ဆယ်ကျော်သက်တစ်ယောက်ကို ကြောက်လွန်းသဖြင့် အစီအရင်နှင့်ခုခံခဲ့ကြောင်း သတင်းဖြန့်လိုက်လျှင် အလယ်အင်ပါယာ၌ သူက ပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။

ကိုယ်စားလှယ်များက ကျယ်လောင်စွာ ဆွေးနွေးနေကြသည်။ သူက ယဲ့ချန်၏သရုပ်မှန်နှင့် ဆေးအိုးအကြောင်းကို အလွန်သိချင်နေသော်လည်း မစပ်စုရဲကြပေ။

"ယဲ့ကုန်း အလယ်အင်ပါယာယဲ့မျိုးနွယ်က တော်တော်ကြီးမြတ်တယ်ဆိုရင် တစ်ယောက်ယောက် လွှတ်လိုက်စမ်း။ ဒီနေ့ ရှီဝူယဲ့မျိုးနွယ်ကို ကိုယ်စားပြုပြီး ငါက အလယ်အင်ပါယာယဲ့မျိုးနွယ်ကို စိန်ခေါ်တယ်။ လာခဲ့စမ်း"

ယဲ့ချန်က နဂါးပြာဓားမြှောင်ဖြင့် ယဲ့ကုန်းကိုချိန်ရွယ်၍ အထင်သေးစွာပြောလိုက်သည်။

ပင်မမျိုးနွယ်နှင့် မျိုးနွယ်ခွဲကြားတွင် ကွာခြားမှုတစ်ခုရှိသည်။ အလယ်အင်ပါယာယဲ့မျိုးနွယ်က အစွမ်းထက်လာချိန်တွင် ပင်မမျိုးနွယ်အဖြစ်သတ်မှတ်ကာ သူတို့၏ကိုယ်ပိုင်သမိုင်းကြောင်းကိုပင် ဖန်တီးခဲ့သည်။ ထို့အပြင် သူတို့က ရှီဝူယဲ့မျိုးနွယ်ကိုလည်း အထင်သေးစွာဆက်ဆံခဲ့သည်။ ယနေ့တွင် ရှီဝူယဲ့မျိုးနွယ်မှ လူငယ်လေးတစ်ယောက်က သူတို့၏မျက်နှာကို လူပုံအလယ်တွင် ဖြတ်ရိုက်နေသော်လည်း မတုံ့ပြန်ရဲကြပေ။ ယဲ့ချန်က အနာဂတ်တွင် နတ်ဝိဇ္ဇာအဆင့်သို့ပင်ရောက်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်သောအခါ အလယ်အင်ပါယာ ယဲ့မျိုးနွယ်တွင် ပါရမီရောစွမ်းအားပါ ယှဥ်နိုင်သူမရှိချေ။

ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်ဆိုသကဲ့သို့ အလယ်အင်ပါယာယဲ့မျိုးနွယ်မှာ သူတို့၏အရှက်ခွဲခြင်း၊ မောက်မာခြင်း၊ လှောင်ပြောင်ခြင်းစသည်တို့ကို ပြန်လည်ခံစားလိုက်ရသည်။

ယဲ့ချန်က အလယ်အင်ပါယာယဲ့မျိုးနွယ်ဝင်များကို အထင်သေးစွာကြည့်လိုက်သည်။ လက်ရှိတွင် သူတို့အားလုံးက ခေါင်းငုံ့နေကြပြီး ရှီဝူယဲ့မျိုးနွယ်၏ ခြေထောက်အောက်တွင် ပြားပြားဝပ်ကုန်ကြသည်။

"လော့အာ အိမ်ပြန်ရအောင်"

ယဲ့ကုန်းနှင့်နောက်လိုက်များက သူ့ကို ရင်မဆိုင်ရဲသောအခါ ယဲ့ချန်၏အကြည့်က ယဲ့လော့ထံ ကျရောက်သွား၍ နူးညံ့သွားခဲ့သည်။

ထိုစကားသုံးလုံးက ယဲ့လော့၏မျက်နှာထက်တွင် ဝမ်းသာမျက်ရည်များ ကျဆင်းစေခဲ့သည်။ သူမက အလယ်အင်ပါယာသို့ရောက်ပြီးနောက် ယဲ့ချန်ကိုပြန်မတွေ့နိုင်ဟု ထင်ထားခဲ့ပြီး ယဲ့ကုန်းက ကုန်းရိနှင့်လက်ထပ်ရန် ဖိအားပေးခံရသောအခါ ကမ္ဘာကြီးပြိုကျသွားသယောင် ခံစားခဲ့ရသည်။ အလယ်အင်ပါယာတွင် ယဲ့ချန်ကို မြင်လိုက်ရသောအခါ ဝမ်းသာမှုနှင့်စိုးရိမ်စိတ်ကို ပြိုင်တူခံစားလိုက်ရ၏။ ဝမ်းသာခြင်းက ယဲ့ချန်ကို ပြန်မြင်ရ​‌သောကြောင့်ဖြစ်ကာ စိုးရိမ်စိတ်က ယဲ့ချန်အတွက် ပြဿနာဖြစ်မည် စိုးသောကြောင့်ဖြစ်သည်။ သို့သော်လည်း ယဲ့ချန်က ကုန်းရီကိုအနိုင်ယူပြီး သူမကို အိမ်ပြန်ခေါ်သွားရန် စွမ်းဆောင်နိုင်ခဲ့သည်။

ဤစကားတစ်ခွန်းဖြင့်ပင် ယဲ့လော့အတွက် ယဲ့ချန်ကို ချစ်မိခြင်းအပေါ် နောင်တရစရာ လုံးဝမရှိတော့ပေ။

ယဲ့လော့က မျက်ရည်များကိုသုတ်၍ မတ်တပ်ရပ်လိုက်သည်။ တသုန်သုန်တိုက်ခတ်နေသော လေများကြောင့် သူမ၏ဝတ်ရုံလေးက တဖြတ်ဖြတ်လူးလွင့်နေကာ အလှနတ်သမီးလေးတစ်ပါးပမာ ထင်မှတ်ရသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ဒါပေမယ့် ငါ့မိဘတွေက မီးတောက်နီဂိုဏ်းမှာရှိနေတယ်။ အဖေက ငါ့ကို မုန်တိုင်းအိမ်တော်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းပေမယ့် အဖေဖြစ်နေတုန်းပါပဲ။ အမေကလည်း ငါ့အပေါ်မှာ အရမ်းကောင်းတယ်။ ရှီဝူယဲ့မျိုးနွယ်ကိုကာကွယ်ပေးဖို့ အစ်ကိုကြီးရှိနေမှတော့ ငါ စိတ်ချရပါပြီ။ ငါက အလယ်အင်ပါယာယဲ့မျိုးနွယ်ကို ကာကွယ်ရမယ်။ အတိတ်မှာပြောခဲ့သလို အစ်ကိုကြီးနဲ့ငါက သစ်ပင်ကြီးနှစ်ပင်လို အတူတူကြီးထွားပြီး လေ၊မိုးနဲ့မုန်တိုင်းကို ရင်ဆိုင်ကြမယ်။ တစ်နေ့ကျရင် အစ်ကိုကြီးကို ငါကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ယဲ့လော့က ပြိုင်ဘက်ကင်းလှပသော အပြုံးလေးတစ်ခုဖြင့် ယဲ့ချန်၏စကားကို ငြင်းဆန်လိုက်လေသည်။

All Chapters