မုန်တိုင်းဓား၏ပိုင်ရှင် ပြောင်းလဲခြင်း
Vol. 23 Ch. 322
ယဲ့ကုန်းသည် ယဲ့လော့က ယဲ့ချန်နှင့်အတူလိုက်သွားမည်ဟု ထင်မှတ်ထားသော်လည်း သူမ၏စကားကိုကြားသောအခါ နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့သည်။ ယနေ့အဖြစ်ကြောင့် မီးတောက်နီဂိုဏ်းက အလွန်အန္တရာယ်များသော အခြေအနေတွင် ရောက်နေပြီဖြစ်ကာ အစွမ်းထက်သော မုန်တိုင်းအိမ်တော်ကိုလည်း စော်ကားလိုက်မိသည်။ မုန်တိုင်းအိမ်တော်က မီးတောက်နီဂိုဏ်းကို သေချာပေါက်လက်စားချေပေလိမ့်မည်။ မုန်တိုင်းအိမ်တော်သည် ယဲ့ချန်ကို သူ၏ရှုပ်ထွေးသောနောက်ခံကြောင့် ထိရန်မလွယ်သောအခါ ဒေါသဖြေဖျောက်ရန်အတွက် မီးတောက်နီဂိုဏ်းကို ပစ်မှတ်ထားနိုင်ကြသည်။
လက်ရှိတွင် မီးတောက်နီဂိုဏ်းက အခြေအနေမကောင်းသောကြောင့် ယဲ့လော့ထွက်သွားချင်လျှင်လည်း သူက တားမြစ်မည်မဟုတ်ပေ။ သူမက ဤနေရာတွင် ကြီးပြင်းခဲ့ခြင်းမဟုတ်သော်လည်း ဆက်နေရန်ဆုံးဖြတ်ခဲ့သောကြောင့် ယဲ့ကုန်းမှာ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။
"ယဲ့ကုန်း မင်းကိုယ်မင်း ရှက်တတ်ပြီလား။ မင်းနဲ့မီးတောက်နီဂိုဏ်းက သမီးအရင်းကို မုန်တိုင်းအိမ်တော်လက်ထဲ နှစ်ခါမတွေးဘဲ ထိုးကျွေးခဲ့တယ်။ ဒီလိုယုတ်မာတဲ့လူတွေဆီမှာ သူမဘယ်လိုခံစားရမလဲဆိုတာကို မင်း မတွေးမိဘူးမလား။ မင်းကိုယ်ကျိုးအတွက် လော့အာကို စတေးခဲ့တယ်။ လက်ရှိမှာ မီးတောက်နီဂိုဏ်းက အန္တရာယ်ရှိနေပေမယ့် သူမက မင်းတို့နဲ့အတူရပ်တည်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမရဲ့မွေးဖခင်ဖြစ်တာကလွဲရင် မင်းက ဘာလုပ်ပေးဖူးလဲ"
ယဲ့ချန်က အေးစက်စက် ငေါက်ငမ်းလိုက်ခြင်းဖြစ်သည်။ သူ၏စကားတစ်လုံးချင်းစီက ယဲ့ကုန်းကို နာကျင်စေသည်။ အတိတ်တွင် သူက ဖြောင့်မတ်သောလူတစ်ယောက် ဖြစ်ဖူးသည်။ သို့သော်လည်း မီးတောက်နီဂိုဏ်းအတွင်း ရှင်သန်ရန်ကြိုးစားပြီး အင်အားနှင့်အာဏာအပေါ် တပ်မက်လာသောအခါ အေးစက်စက်လူတစ်ယောက် ဖြစ်လာခဲ့သည်။ သူက ယနေ့တွင် လူငယ်နှစ်ယောက်၏စကားများကြောင့် နောင်တရခဲ့လေသည်။
"ယဲ့ကုန်း မင်းသိအောင် ပြောထားလိုက်မယ်။ ဒီနေ့ဒီအချိန်ကစလို့ လော့အာကို မီးတောက်နီဂိုဏ်းကအနိုင်ကျင့်မယ်ဆိုရင် ငါ ယဲ့ချန် သေချာပေါက်လက်စားချေမယ်"
ယဲ့ချန်၏သတိပေးစကားက မိုးချုန်းသံကဲ့သို့ မီးတောက်နီဂိုဏ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"လော့အာ အဖေ မှားပါတယ်။ သမီးက သူနဲ့လိုက်သွားလိုက်ပါ။ မီးတောက်နီဂိုဏ်းရဲ့အန္တရာယ်အတွက် သမီးမှာ တာဝန်မရှိပါဘူး။ ကောင်းကင်ပြိုကျလာရင်တောင် သမီးက ဘေးလွတ်ရာကိုသွားသင့်တယ်"
ယဲ့ကုန်းက နောင်တကြီးစွာဖြင့် တိုက်တွန်းလိုက်သည်။
ယဲ့ကုန်း၏စကားကြောင့် ယဲ့လော့၏စိုးရိမ်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ဖခင်က ကြီးမားသောတာဝန်များကို ထမ်းထားရပြီး မီးတောက်နီဂိုဏ်းကို တာဝန်ယူထားရသည်။ သူက သူမကိုလုံခြုံစေရန်အတွက် ရှီဝူအင်ပါယာသို့ ပို့ဆောင်ပေးခဲ့သည်။ မိဘများက သားသမီးကို အဝေးသို့ပို့ဆောင်ရန်မလွယ်ကူသောကြောင့် ယဲ့ကုန်း၌ ဖခင်မေတ္တာရှိကြောင်း သိသာပေသည်။ သူက အနည်းဆုံး ခံစားချက်မဲ့သူတစ်ယောက် မဟုတ်ပေ။
ယဲ့ချန်က မြေပြင်သို့ဆင်းသက်လိုက်ပြီး လက်နက်နှစ်ခုကို သိမ်းဆည်းလိုက်သည်။ သူက ရှီဝူယဲ့မျိုးနွယ်ကို ခေါင်းညိတ်ပြလိုက်ပြီး ရှောင်ရိကိုမူ ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း ရှောင်ရိ၏ခွန်အားနှင့် ဝိညာဥ်ပုလဲကြောင့် စိတ်ပူရန်မလိုပေ။
"လူတိုင်းကို စိတ်ပျက်စေမိပါပြီ။ ဒီနေ့ဖြစ်ရပ်ကြောင့် သိုင်းပြိုင်ပွဲကို ပိတ်သိမ်းလိုက်ပါတယ်။ အားလုံးထွက်ခွာပေးဖို့ တောင်းပန်ပါတယ်"
ယဲ့ကုန်းက ဂိုဏ်းအသီးသီး၏ကိုယ်စားလှယ်များကို တောင်းပန်၍ မောင်းထုတ်လိုက်သည်။
မီးတောက်နီဂိုဏ်းချုပ်ကိုယ်တိုင် ပြောလာသောကြောင့် ကျင့်ကြံသူများက စတင်ထွက်ခွာသွားကြသည်။ အားလုံးက ယဲ့ချန်၏မျက်နှာကို ခေါင်းထဲတွင် မေ့ပျောက်မသွားစေရန် သေချာမှတ်သားသွားကြသည်။ ဤဖြစ်ရပ်ပြီးနောက် အလယ်အင်ပါယာတွင် ယဲ့ချန်ကို ရန်မစသင့်သော ကျင့်ကြံသူတစ်ယောက်အဖြစ်သတ်မှတ်၍ ဝေးဝေးမှရှောင်ရှားကြပေလိမ့်မည်။
အချို့ကိုယ်စားလှယ်များက ယဲ့ချန်၏နောက်ခံကို အစွမ်းထက်သည်ဟု ထင်ထားသောကြောင့် မဟာမိတ်ဖွဲ့ချင်ကြသည်။ အချို့က ကောင်းကင်တုန်ခါဆေးအိုးအပေါ် လောဘတက်နေကြသော်လည်း ယဲ့ချန်ကို တိုက်ခိုက်ရဲသော သတ္တိမရှိချေ။
ဂိုဏ်းအများစုထွက်ခွာသွားပြီးနောက် ဂိုဏ်းကြီးနှစ်ခုနှင့် အမတ်ရန်ယွင်က ယဲ့ချန်ကို လာရောက်နှုတ်ဆက်ကြသည်။ သူက ထိုလူစုနှင့် စကားအနည်းငယ်ပြောပြီးနောက် လမ်းခွဲလိုက်ကြသည်။
ဧည့်သည်များပြန်သွားပြီးနောက် မီးတောက်နီဂိုဏ်းက ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ဂိုဏ်းသားများစွာက စိုးရိမ်နေကြပြီး မုန်တိုင်းအိမ်တော် တိုက်ခိုက်လာမည်ကို ပူပန်နေကြသည်။ အားလုံးက တိုက်ပွဲအတွက် စိတ်ကို ပြင်ဆင်ထားလိုက်ကြသည်။ အတိတ်တွင် သူတို့အားလုံးက ရှီဝူယဲ့မျိုးနွယ်ကို အထင်သေးစွာဖြင့် နှိမ့်ချဆက်ဆံခဲ့သော်လည်း လက်ရှိအချိန်မှစတင်၍ ရန်မစရဲတော့ပေ။ အထူးသဖြင့် ယဲ့ချန်ရှေ့သို့ရောက်ချိန်တွင် မီးတောက်နီဂိုဏ်းသားများက မော်ပင်မကြည့်ရဲဘဲ ခေါင်းငုံ့ထားကြ၏။ ယဲ့ချန်က ကုန်းရီနှင့် ထိပ်ဆုံးအဆင့်ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်ကို ဆက်တိုက်အနိုင်ယူလိုက်သော သတင်းက ဂိုဏ်းသားများနားထဲသို့ ရောက်ရှိနေပြီးဖြစ်လေသည်။
မီးတောက်နီဂိုဏ်းက ရှီဝူယဲ့မျိုးနွယ်ကို အနာဂတ်တွင် အထင်သေးရဲတော့မည်မဟုတ်ပေ။ ဂိုဏ်းအတွင်းရှိ လမ်းလေးတစ်ခုတွင် ယဲ့ချန်နှင့်ယဲ့လော့က အတူယှဥ်တွဲလမ်းလျှောက်နေကြသည်။
ယဲ့လော့က ရှက်ရွံ့စွာဖြင့် ယဲ့ချန်ကို ခိုးကြည့်လိုက်သည်။ သူက အတိတ်ကထက်ပို၍ ခန္ဓာကိုယ်ထွားလာကာ ပေါ်လွင်သောမေးရိုးကြောင့် ယောကျ်ားဆန်ဆန် ချောမောနေသည်။ လက်ရှိတွင် ယဲ့ချန်က အလယ်အင်ပါယာတွင် ကျော်ကြားသူတစ်ယောက်ဖြစ်နေပြီး အတိတ်မှ ယဲ့ချန်နှင့်မတူတော့ပေ။ အတိတ်တွင် ယဲ့ချန်က အမြဲစိတ်ဓာတ်ကျနေတတ်သော်လည်း သူမတစ်ယောက်တည်း၏ အပိုင်ဖြစ်ခဲ့သည်။ လက်ရှိယဲ့ချန်က တောက်ပလာပြီး ကမ္ဘာလောကကြီးအတွင်း ခြေဆန့်တော့မည်ဖြစ်သည်။
"အစ်ကိုကြီးနဲ့ပြန်တွေ့ရမယ်လို့ မျှော်လင့်မထားဘူး။ လော့အာ အရမ်းပျော်တယ်။ ရှီဝူယဲ့မျိုးနွယ်ကို အစ်ကိုကြီးနဲ့အတူ လိုက်မလာနိုင်တာ တောင်းပန်ပါတယ်"
ယဲ့လော့က ချိုသာစွာပြောလိုက်သည်။
"အစ်ကို နားလည်ပါတယ်။ မင်းမှာလည်း မင်းကာကွယ်ချင်တဲ့အရာတွေရှိတယ်။ သူတို့က မင်းကိုဂရုမစိုက်ပေမယ့် မိဘတွေဖြစ်နေတုန်းပါပဲ။ သွေးဆိုတာက အလွယ်တကူချေဖျက်လို့မရဘူး။ ငါဆိုရင်လည်း အတူတူလုပ်မိမှာထင်တယ်"
ယဲ့ချန်ကပြုံး၍ ပြန်ပြောလိုက်သည်။
ယဲလော့က ခေါင်းတစ်ချက်ညိတ်သည်။ သူမနေခဲ့ရသောအကြောင်းအရင်းမှာ မိဘများအတွက်တင် မဟုတ်ပေ။ အကယ်၍ သူမသာပြန်လိုက်လာလျှင် ယဲ့ချန်၏ကာကွယ်မှုအောက်၌ နေရမည်ဖြစ်ကာ မီးတောက်နီဂိုဏ်း၏အရင်းအမြစ်များကို ကျင့်ကြံရန် အသုံးပြုနိုင်မည်မဟုတ်ပေ။ တစ်နေ့တွင် သူမသည်လည်း ယဲ့ချန်ကို ကာကွယ်ပေးနိုင်ရမည်ဟု သံဓိဋ္ဌာန်ချထားခဲ့သည်။
"အစ်ကိုကြီးက ကုန်းရီကို အနိုင်ယူလိုက်တော့ နာမည်အရမ်းကြီးလာတော့မယ်ထင်တယ်။ အလယ်အင်ပါယာရဲ့ အလှလေးတွေက အစ်ကို့ဆီ ပြေးဝင်လာကြလိမ့်မယ်။ တချို့ဆိုရင် လော့အာထက်တောင် ပိုလှသေးတယ်။ တစ်နေ့ကျရင် လော့အာကို မေ့သွားမှာမလား"
ယဲ့လော့က ယဲ့ချန်ကို စနောက်လိုက်သည်။
"အစ်ကိုက ဘယ်လိုလုပ် လော့အာကိုမေ့နိုင်မှာလဲ"
ယဲ့ချန်က ခေါင်းယမ်းလိုက်သောခဏတွင် စိတ်အတွင်း အမွေးပွလေး ဝင်ရောက်လာသောကြောင့် မျက်နှာအနည်းငယ် ပျက်သွားသည်။ အမွေးပွလေးဖြစ်စေ ယဲ့လော့ဖြစ်စေ သူ့ဘဝတွင် မေ့မရနိုင်သူများဖြစ်သည်။ တစ်ယောက်က သူ့အတွက် အရာရာကိုပေးဆပ်ခဲ့သော ငယ်သူငယ်ချင်းဖြစ်ကာ ကျန်တစ်ယောက်က သူ့အတွက် အသက်ကိုပင် စွန့်လွှတ်ရဲသူဖြစ်သည်။ ဤအကြွေးများကို သူ့ဘဝတလျှောက်လုံး ပေးဆပ်လျှင်ပင် ကြေမည်မဟုတ်ချေ။
ယဲ့လော့၏ တောက်ပနေသော မျက်ဝန်းလေးများက ယဲ့ချန်၏အမူအရာကြောင့် မှိန်ဖျော့သွားခဲ့သည်။ ဤနှစ်များအတွင်း ယဲ့ချန်က ပြောင်းလဲသွားသော်လည်း သူမက ယခင်အတိုင်းသာဖြစ်သည်။
"ဘာဖြစ်ဖြစ် လော့အာရဲ့နှလုံးသားထဲမှာတော့ အစ်ကိုကြီးတစ်ယောက်တည်း ရှိပါတယ်"
ယဲ့လော့က ယဲ့ချန်ကိုစိုက်ကြည့်၍ တစ်လုံးချင်းပြောလိုက်သည်။
"လော့အာ ငါ...ငါ.."
ယဲ့လော့၏စကားကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားသွားခဲ့သည်။ သူတို့က အကြည့်ချင်းဆုံသွားချိန်တွင် ယဲ့လော့၏ လှပသောမျက်ဝန်းလေးများအတွင်း သူ၏ရုပ်ပုံကို ပြန်မြင်လိုက်ရသည်။ ထို့နောက် ယဲ့လော့က ပြုံးပြလိုက်သောအခါ နှင်းဆီရောင်နှုတ်ခမ်းလေးများ လှုပ်ရှားသွားလေသည်။
"ဒီကိစ္စကို နောက်မှပြောကြတာပေါ့။ လက်ရှိပြဿနာကို မင်းအဖေက ဘယ်လိုဖြေရှင်းမှာလဲ"
ယဲ့ချန်ကအရှက်ပြေ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"အဖေက မုန်တိုင်းအိမ်တော်ကို ဖြေရှင်းချက်ပေးဖို့ ဆက်သားတစ်ယောက်စေလွှတ်ခဲ့တယ်။ တကယ်လို့ သူတို့က လက်မခံဘူးဆိုရင် တိုက်ခိုက်ဖို့ကလွဲပြီး ရွေးစရာမရှိဘူး။ မုန်တိုင်းအိမ်တော်က သူတို့လမ်းမှာလာရှုပ်သမျှကို အမြဲတမ်းရှင်းပစ်တတ်တယ်။ အစ်ကိုကြီး ရှင်လည်း ဂရုစိုက်ရမယ်နော်။ ဒါပေမယ့် မုန်တိုင်းအိမ်တော်ရဲ့ အင်အားအများစုက ဝိညာဥ်မျှော်စင်ကိုရောက်နေတယ်လို့ ကြားတယ်။ လောလာဆယ်ဆယ်တော့ ဂိုဏ်းက လုံခြုံမယ်ထင်တယ်"
ယဲ့လော့က စိုးရိမ်စွာရှင်းပြလိုက်သည်။
"နားလည်ပြီ။ ငါ ဝိညာဥ်မျှော်စင်ကိုရောက်ရင် မုန်တိုင်းအိမ်တော်ကို ဂရုစိုက်ပေးမယ်"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
"အစ်ကိုကြီးက ဝိညာဥ်မျှော်စင်ကို ဘာလို့သွားမှာလဲ။ အဲ့ဒီမှာမုန်တိုင်းအိမ်တော်က လူတွေရှိတယ်မလား။ ထောင်ချောက်ထဲကို သိသိကြီးနဲ့မဝင်ရဘူးလေ"
ယဲ့လော့၏မျက်ဝန်းများတွင် စိုးရိမ်စိတ်များ ထင်ဟပ်လာခဲ့သည်။
"မစိုးရိမ်ပါနဲ့။ ငါက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါတယ်"
ယဲ့ချန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"အစ်ကိုကြီးနဲ့အတူ လော့အာလိုက်ခဲ့မယ်"
"နှစ်ယောက်ဆိုရင် အန္တရာယ်များလွန်းတယ်"
ယဲ့ချန်က ခေါင်းယမ်း၍ ငြင်းလိုက်သည်။
"ဒါဆိုရင် သေချာပေါက် သတိထားရမယ်နော်"
သူမ၏လက်ရှိကျင့်ကြံဆင့်ကို တွေးမိလိုက်သော ယဲ့လော့က နောက်တစ်ကြိမ် စောဒကမတက်တော့ပေ။
သူတို့နှစ်ယောက် စကားပြောနေစဥ် မနီးမဝေးရှိ သစ်တောအတွင်းမှ ရှောင်ရိ ပြေးထွက်လာခဲ့သည်။ သူက ပတ်ဝန်းကျင်ကိုစစ်ဆေး၍ လူမရှိကြောင်းသေချာမှ ယဲ့ချန်ကို လက်လှမ်းပြလိုက်၏။
ယဲ့ချန်က တစ်ချက်ပြုံး၍ ယဲ့လော့ကိုခေါ်ဆောင်ကာ ရှောင်ရိထံ လမ်းလျှောက်သွားလိုက်သည်။
"ရှောင်ရိ မင်း ဘယ်တွေပျောက်နေတာလဲ။ ဒါက မမယဲ့လော့လို့ခေါ်တယ်"
ယဲ့ချန်က ရှောင်ရိနှင့်ယဲ့လော့ကို မိတ်ဆက်ပေးလိုက်သည်။
"မမယဲ့လော့"
ရှောင်ရိက ယဲ့လော့ကို စပ်စုလိုစိတ်ဖြင့်ကြည့်နေရာမှ ပြောလိုက်သည်။
"ရှောင်ရိက ချစ်စရာလေး"
ယဲ့လော့က ရှောင်ရိ၏အပြစ်ကင်းစင်သော ကလေးမျက်နှာလေးကြောင့် မြင်မြင်ချင်း သဘောကျသွားခဲ့သည်။
"အစ်ကိုကြီးကို ပြစရာရှိတယ်"
ရှောင်ရိက သူခိုးတစ်ယောက်ဟန်ပန်ဖြင့် ပြုံးလိုက်ပြီး သိုလှောင်အိတ်အတွင်းမှ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ ၎င်းထံမှ ရေချီများထွက်ပေါ်နေပြီး အပြာရောင်တောက်ပနေသဖြင့် နေရောင်အောက်တွင် လှပနေသည်။
"မုန်တိုင်းဓားလား"
ယဲ့ချန်က အံ့သြသွားခဲ့သည်။
"ဟုတ်တာပေါ့ဗျာ"
ရှောင်ရိက ခေါင်းညိတ်သည်။ ကုန်းရီမှာ ယဲ့ချန်နှင့်တိုက်ပွဲတွင် မုန်တိုင်းဓားလွတ်ကျသွား၍ မြေပြင်တွင် ပြုတ်ကျသွားခဲ့သည်။ လောဘကြီးသော ရှောင်ရိက မုန်တိုင်းဓားကို မုန်တိုင်းအိမ်တော်အကြီးအကဲထက် အရင်ဦးအောင် အလစ်သုတ်လာနိုင်မည်ဟု မျှော်လင့်မထားပေ။ အကယ်၍ မုန်တိုင်းဓားက သူလက်ထဲရောက်လာကြောင်း သိသွားလျှင် ဖြစ်ပေါ်လာမည့် မုန်တိုင်းအိမ်တော်အဖွဲ့ဝင်များ၏ မျက်နှာများကိုပင် ယဲ့ချန်က မြင်ယောင်လိုက်မိသည်။
"အစ်ကိုကြီး ဒီဓားက အဖိုးတန်တယ်မလား။ ဆရာကပြောတာတော့ ဒီဓားမှာ ကျင့်စဥ်တွေချိတ်ပိတ်ထားလို့ အရမ်းအဖိုးတန်တယ်တဲ့။ အဆင့်ကိုးလက်နက်တောင် မုန်တိုင်းဓားအောက် နိမ့်ကျတယ်။ ဒီဓားကလည်း နဂါးပြာဓားမြှောင်လို အဖိုးမဖြတ်နိုင်တဲ့ရတနာ ဖြစ်လိမ့်မယ်"
ရှောင်ရိက ပျော်ရွှင်စွာပြောလိုက်သည်။
"ရှောင်ရိ ဓားကို မင်း အလစ်သုတ်လာတာကို မုန်တိုင်းအိမ်တော်ကလူတွေ မြင်သွားသေးလား"
ယဲ့ချန်က မေးလိုက်သည်။ သူက ဓားထံမှထွက်ပေါ်လာသော ရေချီစွမ်းအင်များကို အာရုံခံမိသောကြောင့် သာမန်မဟုတ်ကြောင်း သတိထားမိသည်။ အကယ်၍ မုန်တိုင်းအိမ်တော်သာ ဓားအကြောင်းသိသွားလျှင် ပြန်ရရန် နည်းပေါင်းစုံဖြင့် ကြိုးစားလာကြပေလိမ့်မည်။
"ကျွန်တော်က ဆရာပြောတဲ့အတိုင်း ဓားကိုယူပြီးတာနဲ့ ဝိညာဥ်ပုလဲထဲကို ဝင်လိုက်တယ်"
ရှောင်ရိက ခေါင်းယမ်းပြလိုက်သည်။ ဤဆရာတပည့်က မုန်တိုင်းဓားကို အလစ်သုတ်ရန် ပြည့်စုံစွာ စီစဥ်ထားခဲ့ကြသည်။
ယဲ့လော့သည်လည်း တအံ့တသြဖြစ်နေခဲ့သည်။ အသက်လေးငါးနှစ်အရွယ်သာရှိသော ရှောင်ရိက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ထက်အရင် မုန်တိုင်းဓားကို လုယူနိုင်ခဲ့သည်။
"ဆရာက အစ်ကိုကြီးအတွက် မုန်တိုင်းဓားကို ပေးရမယ်တဲ့။ ငရဲဖြိုခွဲဓားက ဒါနဲ့ယှဥ်ရင် အများကြီးအားနည်းတယ်"
ရှောင်ရိက မုန်တိုင်းဓားကို ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။
ယဲ့ချန်ကခေါင်းညိတ်၍ ဓားကိုယူလိုက်ပြီး နဂါးပြာဓားမြှောင်အား ရှောင်ရိထံ ပြန်ပေးလိုက်သည်။ လက်ရှိတွင် သူက အစွမ်းထက်လက်နက်တစ်ခု ပြတ်လပ်နေသောကြောင့် မုန်တိုင်းဓားက အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။ ၎င်းက ယဲ့ချန်၏လက်ထဲတွင် ဆက်တိုက်တုန်ခါနေပြီး လွတ်မြောက်ရန် ကြိုးစားနေခဲ့သည်။ ဤဓား၏လက်နက်ဝိညာဥ်က အလွန်အစွမ်းထက်နေခဲ့လေသည်။