မုန်တိုင်းအိမ်တော်သခင်
Vol. 23 Ch. 323
ဤလောကကြီးအကြောင်း ပို၍နားလည်လေလေ ယဲ့ချန်အတွက် အသိပညာများ တိုးလာလေလေဖြစ်သည်။ မဟာအရှေ့ပိုင်းတိုက်ကြီးတွင် အစွမ်းထက်အင်အားစုများစွာတည်ရှိပြီး အားလုံးတွင် ရှည်လျားသော သမိုင်းကြောင်းတစ်ခုကို ပိုင်ဆိုင်ထားကြသည်။ ဖရိုဖရဲဖြစ်နေသော ကျင့်ကြံခြင်းလောကတွင် ဂိုဏ်းတစ်ခုကိုတည်တံ့အောင် နှစ်ပေါင်းများစွာထိန်းသိမ်းနိုင်သူများကို အလွယ်တကူပြဿနာမရှာသင့်ပေ။ ထိုဂိုဏ်းကြီးများ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက ဤလောကကြီးကို ဗြောင်းဆန်သွားစေရန် လုံလောက်နေသည်။
လက်ရှိတွင် ယဲ့ချန်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး ဝိညာဥ်စစ်သည်တော်ကိုထုတ်ဖော်လိုက်လျှင် ဆန်းကျယ်ဝိဇ္ဇာ ထိပ်ဆုံးအဆင့်တစ်ယောက်ကို ယှဥ်ပြိုင်နိုင်သည်။ ကောင်းကင်တုန်ခါဆေးအိုး၏ အကူအညီကိုရလျှင် နှစ်ယောက်သုံးယောက်အထိ အနိုင်ယူနိုင်သည်။ သို့သော် နတ်ဝိဇ္ဇာများနှင့်ရင်ဆိုင်ရန်စွမ်းအား သူ့၌ မရှိချေ။ အတိတ်တွင် ထန်တိုက်လင်သာ ဝင်ရောက်ကယ်ဆယ်ခြင်းမရှိလျှင် သူက ဖုယု၏လက်ချက်ဖြင့် အရိုးဆွေးနေလောက်ပြီဖြစ်သည်။
ယဲ့ချန်က ရန်သူများစွာရှိနေသည့်အပြင် အလယ်အင်ပါယာ နံပတ်တစ်ဂိုဏ်းဖြစ်သော မုန်တိုင်းအိမ်တော်ကိုပါ ရန်စလိုက်ပြီဖြစ်သည်။ မုန်တိုင်းအိမ်တော်သခင်က နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး ကုန်းရီ၏အပြောအရ ဤဂိုဏ်းက အပေါ်ယံတွင် မြင်ရသည်ထက် ပို၍အစွမ်းထက်ပုံပေါ်သည်။ သူ၏အကြီးဆုံးရန်သူက သမာဓိကောင်စီဖြစ်ကာ ဝိညာဥ်မျှော်စင်၌ ဖုယုနှင့်မတွေ့မိစေရန် မျှော်လင့်နေခဲ့သည်။ အကယ်၍ ဖုယုရှိနေပြီး သူ့ကိုတွေ့သွားလျှင် ဒုက္ခအကြီးအကျယ် ရောက်သွားပေလိမ့်မည်။
ထန်တိုက်လင် ရောက်လာနိုင်ကြောင်းလည်း ယဲ့ချန်က ခန့်မှန်းလိုက်သည်။
ဝိညာဥ်မျှော်စင်၏အပြင်ဘက်ရှိ မုန်တိုင်းအိမ်တော်ပိုင်ဆိုင်သော ယာယီတဲဆယ်လုံးအနက်မှ အကြီးဆုံးတဲအတွင်း၌ ဖြစ်သည်။
နေရောင်အောက်တွင် တဲကတောက်ပနေပြီး အတွင်း၌ အဖိုးတန်ပစ္စည်းများနှင့် ဆင်ယင်ထားသည်။ ၎င်း၏အချင်းက မီတာနှစ်ဆယ်ကျော်ရှိသည်။
ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့် အကြီးအကဲတစ်ယောက်က ကြမ်းပြင်တွင်ဒူးထောက်၍ ခေါင်းငုံ့နေသည်။ သူ၏ရှေ့တွင် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်ယောကျ်ားတစ်ယောက်က ခုံဖြင့်ထိုင်နေသည်။ သူ၏ပတ်ဝန်းကျင်တွင် အပြာရောင်ရေချီများ ပြည့်နှက်နေသဖြင့် ရုပ်ရည်သွင်ပြင်ကို ခပ်ဝါးဝါးသာမြင်တွေ့နိုင်သည်။ တဲအတွင်း၌ ရေချီများမှဖြစ်ပေါ်လာသော မိုးတိမ်များပင် တည်ရှိနေသည်။ ဤလူကား မုန်တိုင်းအိမ်တော်သခင် နတ်ဝိဇ္ဇာ ကုန်းချန်တန်းဖြစ်လေသည်။
"အရှင် သခင်လေးကို မဟာအကြီးအကဲကုန်းယွင် ကုသပေးနေပါတယ်။ သူ့အပြောအရ သခင်လေးပြန်ကောင်းလာဖို့ တစ်လလောက်ကြာနိုင်ပြီး ဝိညာဥ်ကိုကုသဖို့အတွက် ဝိညာဥ်ခိုင်မာဆေးလုံးတစ်လုံး လိုအပ်ပါတယ်။ ဒီဆေးကို ဆေးဘုရင်မြို့တော်ကသာရယူနိုင်လို့ လက်ရှိမှာ ကျုပ်တို့က ဝိညာဥ်စုစည်းဆေး၊ ဝိညာဥ်အခြေတည်ဆေးတို့လို အဆင့်နိမ့်ဆေးတွေကိုသုံးပြီး ကုသပေးနေရပါတယ်"
"မုန်တိုင်းဓားအကြောင်းရော ဘာထပ်ကြားသေးလဲ"
အကြီးအကဲ၏ စကားအဆုံးတွင် ကုန်းချန်တန်းက သူသိလိုသည်ကိုသာ မေးမြန်းလိုက်သည်။
"အခုထိ ရှာမတွေ့သေးပါဘူး။ ဒါပေမယ့် ဓားက ယဲ့ချန်ဆိုတဲ့ လူငယ်လေးလက်ထဲမှာ ရှိနေမယ်လို့ထင်ပါတယ်"
အကြီးအကဲက ချက်ချင်းပြန်ဖြေသည်။
"ရှီဝူယဲ့မျိုးနွယ်ရဲ့နောက်ခံကို သေချာစစ်ဆေးပြီးပြီလား"
ကုန်းချန်တန်း၏စကားက အတက်အကျညီသောကြောင့် သူ၏အတွေးများကို ခန့်မှန်းရန် အလွန်ခက်ခဲနေသည်။
"ဟုတ်ကဲ့။ သူတို့က ရှီဝူအင်ပါယာရဲ့မျိုးနွယ်လေးတစ်ခုဖြစ်ပြီး အများဆုံးမှ အဆင့်ကိုးကျင့်ကြံသူတစ်ယောက်သာ ရှိပါတယ်။ အခုအချိန်မှာ သူတို့က ရုတ်တရက် အင်အားမြင့်တက်လာပါတယ်။ သူတို့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနိုင်ပါတယ်"
အကြီးအကဲက ပြန်ဖြေသည်။
"ဒါဆိုရင် ယဲ့ချန်ကို တွေ့တဲ့နေရာမှသတ်လိုက်"
"သူ့နောက်ခံက..."
"သူ့နောက်ခံကို မေ့ထားလိုက်။ သူ့ကိုသတ်ပြီး ကောင်းကင်တုန်ခါဆေးအိုးကို ယူလာခဲ့။ မုန်တိုင်းအိမ်တော်ကို အလွယ်တကူရန်စနိုင်မယ်လို့ ထင်နေကြတယ်။ မီးတောက်နီဂိုဏ်း ယဲ့ကုန်းက အစီအရင်လေးတစ်ခုတည်းနဲ့ ငါ့ကိုဆန့်ကျင်နိုင်မယ် ထင်နေတာလား။ ဝိညာဥ်မျှော်စင်ကိစ္စပြီးရင် မီးတောက်နီဂိုဏ်းနဲ့ ဖြေရှင်းမယ်။ ဒီဂိုဏ်းအတွက် ဂိုဏ်းချုပ်အသစ် လိုအပ်နေပြီ"
ကုန်းချန်တန်းက အမိန့်ပေးလိုက်သည်။
"ကောင်းကင်တုန်ခါဆေးအိုးက အစွမ်းထက်တော့ ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်လုံးကို အနိုင်ယူခဲ့တယ်။ တကယ်လို့ လူလုံလုံလောက်လောက်မရှိရင် သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး"
အကြီးအကဲက စိုးရိမ်စွာ ပြန်ပြောလိုက်သည်။
"ဒါဆိုရင် ကောင်းကင်တုန်ခါဆေးအိုးကို ရှောင်ပြီးတိုက်။ ဒီရတနာမရှိရင် သူက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကို မယှဥ်နိုင်ဘူး"
ကုန်းချန်တန်းက အမိန့်ပေးနေရင်း အဝေးရှိဝိညာဥ်မျှော်စင်ကို လှမ်းကြည့်လိုက်သည်။ သူ၏အကြည့်က တဲနံရံကိုဖောက်ထွက်သွားပြီး ကောင်းကင်သို့မြင့်တက်နေသော ဝိညာဥ်မျှော်စင်ထံ ကျရောက်သွားခဲ့သည်။
"နှစ်ပေါင်းသုံးသောင်း ကြာခဲ့ပြီ။ အာကာသကျောက်ပြန်ပေါ်လာတာဟာ သေချာပေါက် အချက်ပြတစ်ခုဖြစ်တယ်။ ဒီတစ်ခေါက်ရော ဘယ်လိုလက်နက်မျိုးတွေနဲ့ ကျင့်စဥ်တွေ ထွက်လာဦးမှာလဲ။ ကောင်းကင်က မုန်တိုင်းအိမ်တော်ကို ကောင်းချီပေးနေခဲ့ပြီ"
သမာဓိကောင်စီ၏ တဲကြီးအတွင်းဖြစ်သည်။ အဆင့်မြင့်အကြီးအကဲလေးယောက် စည်းဝေးနေကြပြီး သုံးယောက်က တစ်ခေါင်းလုံး ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ယောက်ရှေ့တွင် ရိုသေစွာရှိနေကြသည်။ အဘိုးအိုက သာမန်လူတစ်ယောက်နှင့်တူညီသော်လည်း အသက်ရှူလိုက်တိုင်း နိမ့်တုံမြင့်တုံလှုပ်ခတ်သွားသော ရင်ဘတ်က လောကကြီးနှင့် စည်းချက်ညီနေသည်။ သူ၏လှုပ်ရှားမှုတိုင်းက အစစ်အမှန်သိုင်းလမ်းစဥ်၏အစွမ်းကို သယ်ဆောင်ထားကာ ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက် ဖြစ်နေခဲ့သည်။ သူက သိုင်းလမ်းစဥ်တွင် သာမန်ကျင့်ကြံသူများ မရောက်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့လေသည်။
နတ်ဝိဇ္ဇာသုံးယောက်က အဘိုးအိုကို မနာလိုအားကျစိတ်များဖြင့် ကြည့်နေကြသည်။ သူတို့အားလုံးက မဟာအကြီးအကဲစန်းလုကဲ့သို့ အစွမ်းထက်ချင်ကြသည်။ နတ်ဝိဇ္ဇာများဖြစ်သောကြောင့် တစ်ယောက်ချင်းစီက သိုင်းလမ်းစဥ်တွင် အောင်မြင်မှုကိုယ်စီ ရရှိထားကြသည်။ သို့သော် စန်းလုနှင့်ယှဥ်လိုက်လျှင် သူတို့၏နားလည်မှုက အပေါ်ယံမျှသာဖြစ်ပေသည်။
နတ်ဝိဇ္ဇာသုံးဦးကြားတွင် ဖုယု၏အဆင့်က အမြင့်ဆုံးဖြစ်သည်။ သူက ဒဏ်ရာများမှ ပြန်လည်သက်သာလာသော်လည်း ထန်တိုက်လင်လက်ချက်နှင့် ထိခိုက်ခံထားရသော ဝိညာဥ်က အလွယ်တကူပြန်မကောင်းခဲ့ပေ။ လက်ရှိတွင် သူက အကောင်းဆုံးအခြေအနေ၏ ရှစ်ဆယ်ရာခိုင်နှုန်းအထိသာ ပြန်လည်ရရှိထားသည်။
"မင်းတို့က ပြိုင်ဘက်ကင်းဝိဇ္ဇာအဆင့်ကို ရောက်ချင်ရင် မင်းတို့ရဲ့သိုင်းလမ်းစဥ်ကလည်း ပြိုင်ဘက်ကင်းဖြစ်နေရမယ်"
စန်းလုက နတ်ဝိဇ္ဇာသုံးယောက်၏အကြည့်ကို နားလည်ဟန်ဖြင့် ထောက်ပြလိုက်သည်။
"ကျေးဇူးပြုပြီးရှင်းပြပေးပါ မဟာအကြီးအကဲ"
"သိုင်းလမ်းစဥ်မှာ ပြိုင်ဘက်ကင်းဖြစ်ဖို့ဆိုတာဟာ တစ်ယောက်ချင်းစီအပေါ်မှာ ကွဲပြားတယ်။ အဆင့်သုံးခုခွဲခြားထားတာကို သိရမယ်။ ပထမအဆင့်ကို အဆုံးမဲ့အဆင့်လို့ခေါ်တယ်။ ဒီအဆင့်မှာ တိုက်ခိုက်မှုတိုင်းက သိုင်းလမ်းစဥ်ရဲ့စွမ်းအားကို သယ်ဆောင်ပြီး အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်နိုင်တယ်။ ဒုတိယအဆင့် ထူးကဲအဆင့်မှာ ဓားတစ်ချက်ယမ်းလိုက်ရုံနဲ့ မိုင်တစ်ထောင်အတွင်းက သက်ရှိအားလုံးကို သတ်ဖြတ်နိုင်တယ်။ ယင်တစ်ကောင်တောင် လွတ်မြောက်ဖို့မဖြစ်နိုင်ဘူး။ ဒီအဆင့်မှာ ကျင့်ကြံသူတွေရဲ့ကိုယ်တွင်းက အပြည့်စုံဆုံးဖြစ်နေလိမ့်မယ်။ နောက်ဆုံးအဆင့်နဲ့ တတိယအဆင့်ကို ကြီးမြတ်မှုအဆင့်လို့ခေါ်တယ်။ ဒီအဆင့်ကိုရောက်ရင် မင်းတို့က နတ်ဘုရားဖြစ်မယ့်လမ်းကြောင်းနဲ့ သိပ်မဝေးတော့ဘူး။ ငါတောင်မှ ဒီအဆင့်ကို မရောက်သေးဘူး"
"အဆင့်တစ်ခုချင်းစီမှာ အဆင့်ငယ်ဆယ်ဆင့်စီ ထပ်ခွဲထားတယ်။ ငါက အဆုံးမဲ့အဆင့်မှာ နှစ်ပေါင်းသုံးဆယ်တစ်ဆို့နေခဲ့ပြီး အဆင့်မတက်နိုင်သေးဘူး။ သမာဓိကောင်စီမှာ အသန်မာဆုံးက ထူးကဲအဆင့်သုံးဖြစ်ပြီး အဆင့်နှစ်ကိုရောက်နေတာ လေးငါးယောက်လောက်ရှိတယ်။ မဟာအရှေ့ပိုင်းကုန်းမြေမှာ အစွမ်းအထက်ဆုံးလို့ပြောနိုင်တဲ့ သားရဲဧကရာဇ် ပိုမဲကိုယ်တိုင်တောင် ထူးကဲအဆင့်သုံးသာရှိတယ်"
"ရှေးဟောင်းဒဏ္ဍာရီထဲက ကျင့်ကြံသူတွေကလွဲရင် ကြီးမြတ်မှုအဆင့်ကို ရောက်နိုင်တဲ့လူမရှိတာ နှစ်ပေါင်းသောင်းချီကြာနေပြီ"
စန်းလုက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။
"မိုင်တစ်ထောင်အတွင်းက သက်ရှိတွေကို သတ်ဖြတ်နိုင်တယ်လား။ ထန်တိုက်လင် ကျွန်တော့်ကိုတိုက်ခိုက်တုန်းက မိုင်ရာချီအဝေးကနေ တိုက်ခိုက်လိုက်တာဖြစ်တယ်။ သူမကရော သိုင်းလမ်းစဥ်မှာ ထူးကဲအဆင့်ကိုရောက်နေတာများလား"
ဖုယုက သံသယဖြင့် မေးလိုက်သည်။
"ဒီကိစ္စကို ပင်မကောင်စီဆီကို မြန်မြန်သတင်းပို့လိုက်။ ထန်တိုက်လင်က ပင်လယ်မိစ္ဆာမျိုးနွယ်ထဲမှာ တစ်သန်းမှတစ်ယောက်ပေါ်တဲ့ ပါရမီရှင်ဖြစ်တယ်။ ကျင့်ကြံမှုအမြန်နှုန်းက အသက်နဲ့ယှဥ်ရင် မြန်လွန်းနေတယ်။ အသက်ငယ်ငယ်နဲ့ မြောက်ပင်လယ်ဘုရင်မတောင် ဖြစ်နေပြီ။ ဒါပေမယ့် သူမက အဆုံးမဲ့အဆင့်တစ်ဆယ်ကို ရောက်နေရင်တောင် ထူးကဲအဆင့်ကို တက်နိုင်ဖို့မလွယ်ဘူး။ အချိန်တိုအတွင်း အတားအဆီးကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ထန်တိုက်လင်ကို ဆက်ပြီးအစွမ်းထက်ခွင့်ပေးထားလိုက်ရင် သမာဓိကောင်စီအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်"
စန်းလုက မျက်မှောင်ကြုတ်လိုက်သည်။
"သူမက ဒီလောက်အစွမ်းထက်တာလား"
နတ်ဝိဇ္ဇာသုံးယောက်က ထိတ်လန့်သွားကြသည်။
"မင်းတို့ဘယ်လောက်အစွမ်းထက်ထက် မင်းတို့အထက်မှာ တစ်ယောက်ယောက်ရှိတယ်ဆိုတာကို မမေ့ကြနဲ့။ ကျင့်ကြံသူတွေရဲ့ရွှေခေတ် ကုန်ဆုံးသွားတာ နှစ်ပေါင်းသောင်းချီကြာနေပြီ။ အဲ့အချိန်မှာဆိုရင် ကြီးမြတ်မှုအဆင့် ကျင့်ကြံသူတွေတောင် ပေါများကြတယ်။ ထန်တိုက်လင်က ရှေးခေတ်ဟောင်းရဲ့ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ရထားတာဖြစ်လိမ့်မယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာပဲ။ ဒီလိုဆိုရင် ထန်တိုက်လင်ဆီကနေ ကျင့်စဥ်ကိုရအောင် တောင်းယူကြတာပေါ့"
စန်းလု၏မျက်လုံးများက လောဘစိတ်ကြောင့် တောက်ပလာသည်။
နတ်ဝိဇ္ဇာသုံးယောက်က ထိုစကားကြောင့် မျက်လုံးများ အရောင်လက်လာကြသည်။ အကယ်၍ ထန်တိုက်လင်၏ကျင့်စဥ်ကိုသာ သူတို့ရယူနိုင်လျှင် ပြိုင်ဘက်ကင်းဝိဇ္ဇာအဆင့်သို့ပင် တက်ရောက်ကောင်းတက်ရောက်နိုင်ပေလိမ့်မည်။
"ဒီကိစ္စကို ပင်မကောင်စီဆီ သတင်းပို့ဖို့ တစ်ယောက်ယောက်လွှတ်လိုက်မယ်။ မနက်ဖြန်ကျရင် ဝိညာဥ်မျှော်စင်ပွင့်လာလိမ့်မယ်။ ပထမဆုံးနေ့မှာ ဂိုဏ်းတွေရဲ့အဓိကအင်အားဖြစ်တဲ့ နတ်ဝိဇ္ဇာတွေနဲ့နတ်ဘုရင်တွေ ဝင်ကြမှာမဟုတ်ဘူး။ သူတို့သေသွားရင် ဆုံးရှုံးမှုက ကြီးမားတယ်။ ငါတို့လည်း ကောင်းကင်ဝိဇ္ဇာ၊ဆန်းကျယ်ဝိဇ္ဇာနဲ့ကောင်းကင်အဆင့်သားရဲတွေကို အရေအတွက်များများ စေလွှတ်ရမယ် ။မင်းတို့အားလုံး အသေအချာဂရုစိုက်ထားပြီး လက်နက်ဖြစ်ဖြစ် ကျင့်စဥ်ဖြစ်ဖြစ် အာကာသကျောက်ဖြစ်ဖြစ် လွတ်သွားလို့မရဘူး။ ပင်မကောင်စီက ဒီကိစ္စကိုအလေးထားနေလို့ အမှားမလုပ်ကြနဲ့"
စန်းလုက လေးလေးနက်နက် သတိပေးလိုက်သည်။
"ဂိုဏ်းတွေက ရတနာတွေကိုရသွားရင်ရော ဘယ်လိုလုပ်ရမလဲဗျ"
ဖုယုက အကြံတောင်းလိုက်သည်။
"လူလွှတ်ပြီး လုလိုက်ကြပေါ့ကွာ။ သမာဓိကောင်စီလက်ချက်ဆိုတာ လူမသိရင်ပြီးတာပဲ။ သိရင်လည်း ပြဿနာမရှိပါဘူး။ ဒီကောင်တွေက ငါတို့သမာဓိကောင်စီကို ဒေါသထွက်ရဲမှာလား။ ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး"
စန်းလုက အထင်သေးစွာ ညွှန်ကြားလိုက်သည်။
စန်းလု၏စကားကို ကြားသောအခါ နတ်ဝိဇ္ဇာသုံးယောက်၏မျက်နှာထက်တွင် ဆိုးယုတ်သော အပြုံးကိုယ်စီ ထွက်ပေါ်လာပေသည်။
ဂိုဏ်းများစွာက ဝိညာဥ်မျှော်စင်ဝင်ပေါက်တွင် နေရာယူထားကြပြီး စေလွှတ်ရမည့်သူများကို ရွေးချယ်နေကြသည်။
ထိုအချိန်၌ ယဲ့ချန်သည်လည်း တဲတစ်ခုအတွင်းရောက်နေပြီး ရုပ်ဖျက်ထားလိုက်သည်။ သူက မှန်တွင်ကြည့်လိုက်ပြီး အခြားလူများမမှတ်မိနိုင်ကြောင်း အတည်ပြုလိုက်သည်။
"ရှောင်ရိ သွားဖို့ပြင်ထားတော့။ ဝိညာဥ်မျှော်စင်နားကို ဒီညသွားကြမယ်။ မင်းက မြွေအသွင်ပြောင်းပြီး ငါ့အဝတ်အစားတွေထဲကို ဝင်နေလိုက်။ ဝူစီကိုတော့ ဝိညာဥ်ပုလဲထဲ ထည့်လိုက်"
ယဲ့ချန်က ညွှန်ကြားလိုက်သည်။ ရှောင်ရိက အသက်ငါးနှစ်အရွယ်ကလေးဖြစ်သောကြောင့် ရန်သူများမှတ်မိရန် လွယ်ကူနေသည်။
"ဟုတ်"
ရှောင်ရိက အိပ်မှုန်စုံမွှားဖြင့် ခေါင်းညိတ်ကာ မြွေအသွင်ပြောင်း၍ ယဲ့ချန်၏အဝတ်အစားများကြား တိုးဝင်လိုက်သည်။ ဝူစီကလည်း ဝိညာဥ်ပုလဲအတွင်း ဝင်ရောက်သွားသည်။
ယဲ့ချန်က ဦးထုပ်ကို အနည်းငယ်ပြင်လိုက်ပြီး တဲအပြင်ရှိအမှောင်ထုထံ ဦးတည်လိုက်လေသည်။