များစွာသောအင်အားစုများ
Vol. 23 Ch. 324
ညကောင်းကင်အောက်တွင် ဝိညာဥ်မျှော်စင်က အလင်းရောင်ဖျော့ဖျော့ တောက်ပနေသည်။ ၎င်း၏ထိပ်ဖျားက ကောင်းကင်သို့မြင့်တက်နေပြီး ခေါင်းကို အဆုံးထိမော့ကြည့်လျှင်ပင် မမြင်နိုင်ချေ။
ဝိညာဥ်မျှော်စင်၏အပြင်ဘက်တွင် ကျင့်ကြံသူများနှင့် ကောင်းကင်သားရဲများ စုဝေးနေကြပြီး မြေပြင်နှင့်သစ်ပင်များပေါ်တွင် နေရာယူထားကြသည်။ ကျင့်ကြံသူများတွင် အနိမ့်ဆုံးက မြေဝိဇ္ဇာအဆင့်တစ်ဖြစ်ပြီး မှော်သားရဲများစွာကလည်း တစ်နေရာတွင် စုဝေးနေကြသည်။
လူသားများနှင့်သားရဲများကို စုပေါင်းလိုက်လျှင် အရေအတွက်က သိန်းချီနေပြီး ဝိညာဥ်မျှော်စင်သို့ ပထမဆုံးဝင်မည့် အသုတ်ဖြစ်သည်။
ယဲ့ချန်က သာမန်ကျင့်ကြံသူများကြားတွင် ပုန်းအောင်းနေခဲ့သည်။
"ကြည့်စမ်း ဟိုမှာ မိုးကြိုးသားရဲတွေကွ"
"မိုးကြိုးသားရဲတွေက မွေးမွေးချင်း အဆင့်တစ်ဆယ်ကို ရောက်နေကြပြီကွ။ လေးငါးနှစ်လောက်ကျင့်ကြံရုံနဲ့ သူတို့က မြေအဆင့်ကို လွယ်လွယ်လေးတက်နိုင်ကြတယ်။ အရွယ်ရောက်ပြီး မိုးကြိုးသားရဲတစ်ကောင်က ကောင်းကင်အဆင့်ရောက်ပြီး ပိုသန်မာတဲ့ကောင်တွေက ဆန်းကျယ်အဆင့်ကိုတောင် ရောက်နိုင်ကြတယ်။ မိုးကြိုးသားရဲတွေထဲမှာ နတ်ဝိဇ္ဇာတွေအများကြီးရှိပြီး မျိုးနွယ်စုတွေထဲမှာ အစွမ်းအထက်ဆုံးသားရဲတွေ ဖြစ်ကြတယ်"
"ဒီမိုးကြိုးသားရဲတွေက မျိုးပွားဖို့ခက်ခဲနေလို့ တော်သေးတယ်။ မဟုတ်ရင် အလယ်အင်ပါယာကို ဒီကောင်တွေ ကြီးစိုးနေလိမ့်မယ်"
ယဲ့ချန်သည် သူ၏ဘေးတွင် ဆွေးနွေးနေကြသော ကျင့်ကြံသူများ ညွှန်ပြသည့်နေရာသို့ လိုက်ကြည့်နေခဲ့သည်။ ထိုနေရာတွင် အေးစက်စက်မျက်နှာထားကိုယ်စီနှင့် ကျင့်ကြံသူနှစ်ဆယ်ကျော် ထိုင်နေကြသည်။ သူတို့အားလုံးက အရပ်နှစ်မီတာမြင့်ပြီး အလွန်အမင်းတုတ်ခိုင်သန်မာသောကြောင့် လူများကြားတွင် ထင်ပေါ်နေသည်။ သူတို့၏အရေပြားများက အနက်ရောင်တောက်ပနေပြီး သံမဏိရုပ်တုကြီးများပမာ ထင်မှတ်ရလေသည်။
"ဆရာခြင်္သေ့ မိုးကြိုးသားရဲတွေကရော ရှေးဟောင်းမျိုးနွယ်ကလား"
ယဲ့ချန်က ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးထံ မေးလိုက်ခြင်းဖြစ်သည်။
"မိုးကြိုးသားရဲတွေလား။ အတိတ်မှာတုန်းက ဒီကောင်တွေရဲ့ အသန်မာဆုံးသားရဲတောင် ယင်ကောင်တစ်ကောင်ထက် မပိုဘူး။ မဟာအရှေ့ပိုင်းတိုက်ကြီးမှာ ဒီကောင်တွေက အစွမ်းအထက်ဆုံးမျိုးနွယ်တဲ့လား။ လခွမ်း ရယ်စရာကြီးကွာ။ ဒီကောင်တွေက သန်မာတဲ့ရုပ်ခန္ဓာပိုင်ဆိုင်တာကလွဲရင် ရိုးရှင်းတဲ့မိုးကြိုးကျင့်စဥ်တွေလောက်သာ အသုံးပြုနိုင်တာပါကွာ"
ခြင်္သေ့ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ယဲ့ချန်သည် သူ၏စကားကြောင့် ရှေးခေတ်တွင် အစွမ်းထက်ကျင့်ကြံသူများစွာရှိခဲ့ပြီး မျက်မှောက်ခေတ်တွင် ပျောက်ကွယ်နေကြောင်း သိလိုက်ရသည်။
"ဒါပေမယ့် မိုးကြိုးသားရဲတွေကို မင်းရဲ့လက်ရှိအဆင့်နဲ့မနိုင်ဘူး။ သူတို့ကို ရန်သွားမစမိစေနဲ့။ ငါသာထွက်လာရင် ဒီကောင်တွေအားလုံးကို နှာတစ်ချက်မှုတ်ရုံနဲ့ သတ်ပစ်လိုက်နိုင်တယ်။ မင်းကတော့ ဆန်းကျယ်အဆင့် မိုးကြိုးသားရဲတစ်ကောင်ကိုတောင် နိုင်မှာမဟုတ်ဘူး"
ခြင်္သေ့ကြီးက သတိပေးလိုက်သည်။ သူ့အတွက် မိုးကြိုးသားရဲများက ယင်ကောင်သာသာဖြစ်သော်လည်း ယဲ့ချန်အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေခဲ့သည်။ အရှေ့မဟာကုန်းမြေတွင် အသန်မာဆုံးဖြစ်သော သားရဲဧကရာဇ်ပိုမဲက မဟာသာလွန်အဆင့် သားရဲတစ်ကောင်ဖြစ်သည်။
"မိုးကြိုးသားရဲတွေမှာ ရှေးဟောင်းသွေးမျိုးဆက်ရှိပေမယ့် မင်းအဝတ်အစားတွေထဲက တောင်ပံမြွေနဂါးလေးကိုတောင် မယှဥ်နိုင်ဘူး"
ဤကား အမှန်တရားဖြစ်သည်။ ရှောင်ရိမွေးဖွားချိန်တွင် ခန္ဓာကိုယ်က နတ်ဘုရင်အဆင့်သို့ ရောက်နေပြီးဖြစ်သောကြောင့် မိုးကြိုးသားရဲများ မယှဥ်နိုင်ချေ။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်မထားဘဲ နားကိုသာအသုံးပြု၍ ပတ်ဝန်းကျင်ရှိစကားများကို အာရုံခံနေခဲ့သည်။ ဝိညာဥ်မျှော်စင်အတွင်း မဝင်ရောက်ခင် ရနိုင်သမျှသတင်းများကို စုဆောင်းထားရပေလိမ့်မည်။
သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်မထားသော်လည်း အာရုံငါးပါးက ထက်ရှနေသောကြောင့် မီတာသုံးဆယ်အချင်းအတွင်း အသံမှန်သမျှကို ကြားနိုင်နေသည်။ တစ်ဖက်လူက ခပ်တိုးတိုးပြောလျှင်ပင် ယဲ့ချန်က စကားလုံးတိုင်းကို ပီသပြတ်သားစွာ ကြားနေရလေသည်။
"ဒါက သမာဓိကောင်စီအဖွဲ့ ဖြစ်မယ်ထင်တယ်။ ဒီတစ်ခေါက် သူတို့ကို စန်းလုဆိုတဲ့ မဟာအကြီးအကဲတစ်ယောက် ဦးဆောင်လာတယ်။ သမာဓိကောင်စီမှာ ခေါင်းဆောင်သုံးယောက်နဲ့ မဟာအကြီးအကဲခုနစ်ယောက်ရှိပြီး အကုန်လုံးက နတ်ဝိဇ္ဇာနဲ့နတ်အဆင့်တွေဖြစ်ကြတယ်။ ရှေးဟောင်းမျိုးနွယ်တွေ ပေါ်မလာသေးတာ အံ့သြစရာကောင်းနေတယ်။ သူတို့က ပြိုင်ဘက်တွေဆိုတော့ ပြပွဲကောင်းကောင်းလေး ကြည့်ရနိုင်တယ်"
"အဲ့ဒီလူတွေက ဘယ်သူတွေလဲ"
လူတစ်ယောက်က အဝေးရှိရွှေရောင်စစ်သည်တော်များကို ညွှန်ပြ၍ မေးလိုက်သည်။
"သူတို့က စစ်နတ်ဘုရားကျောင်းတော်က ဖြစ်လိမ့်မယ်။ စစ်နတ်ဘုရားကျောင်းတော်ကလည်း အစွမ်းထက်ပြီး အလယ်အင်ပါယာရဲ့ မြောက်ပိုင်းတောင်တန်းတွေမှာ တည်ရှိတယ်။ စစ်သည်တော်တိုင်းက စစ်ပွဲတွေရဲ့မိဘမဲ့တွေဖြစ်ပြီး ခက်ခက်ခဲခဲလေ့ကျင့်ရတယ်။ အယောက်တစ်သောင်းမှ တစ်ယောက်တည်းအသက်ရှင်ပြီး ရှေးဟောင်းကျင့်စဥ်တွေကို ကျင့်ကြံခွင့်ရှိတယ်။ သူတို့အားလုံးက ဆန်းကျယ်ဝိဇ္ဇာအဆင့်အောက် မနိမ့်ဘူး။ ဒါပေမယ့် စစ်နတ်ဘုရားကျောင်းတော်က ပေါ်လာခဲတယ်။ ဒီတစ်ခေါက် သူတို့ လူမြင်ကွင်းရှေ့ရောက်လာတာ အံ့သြစရာကောင်းတယ်"
"သမာဓိကောင်စီ မိုးကြိုးမျိုးနွယ် စစ်နတ်ဘုရားကျောင်း ဒီနေရာမှာ ဘာတွေဖြစ်လာမှာလဲ"
ယဲ့ချန်က တင်ပျဥ်ခွေထိုင်၍ မျက်လုံးမှိတ်ကာ စဥ်းစားနေသည်။ ဝိညာဥ်မျှော်စင်သို့ အစွမ်းထက်အင်အားစုများစွာ ရောက်နေသောကြောင့် ဖိအားကပိုကြီးလာသည်။ သို့သော်လည်း ၎င်းက သူအဆင့်တက်နိုင်စေရန် အခွင့်အရေးတစ်ခုပေးနိုင်သောကြောင့် နောက်ဆုတ်၍မရပေ။ သူသာ အဆင့်တက်သွားလျှင် ဝိညာဥ်စစ်သည်တော်က နတ်ဝိဇ္ဇာအဆင့်သို့ ရောက်သွားမည်ဖြစ်သောကြောင့် မုန်တိုင်းအိမ်တော်ကိုရင်ဆိုင်ရာတွင် အထောက်အကူဖြစ်ပေလိမ့်မည်။ သူက လက်ရှိကျင့်ကြံဆင့်မှမတက်နိုင်လျှင် အန္တရာယ်များကျရောက်လာပါက အမွေးပွလေး၊ လော့အာ၊ ရှောင်ရိ၊ ယဲ့မျိုးနွယ်စသောချစ်ခင်ရသူများကို ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
ကျင့်ကြံခြင်းက တစ်လမ်းသွားဖြစ်၍ ရှေ့သို့သာ ဆက်တိုးနေရမည်ဖြစ်ကာ နောက်ပြန်ဆုတ်၍မရချေ။ ထိပ်ဆုံးသို့မရောက်မချင်း သူက ဆက်သွားနေရမည်သာဖြစ်လေသည်။
ယဲ့ချန်က အဝေးတွင် ရင်းနှီးသောပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူက ဖုယုကို ချက်ချင်းမှတ်မိနိုင်ခဲ့သည်။ အတိတ်တွင် ကောင်းကင်သိုင်းချီအတွက် တိုက်ခိုက်စဥ်က ဖုယုမှာ ထန်တိုက်လင်ကြောင့် ဒဏ်ရာရသွားပြီး ထွက်ပြေးလိုက်ရသည်။ သို့သော်လည်း ဤမျှမြန်မြန်ပြန်ကောင်းလာမည်ဟု မျှော်လင့်မထားပေ။
သို့သော် သမာဓိကောင်စီကဲ့သို့ အစွမ်းထက်အင်အားစုကြီးတစ်ခုအတွက် ကောင်စီခွဲခေါင်းဆောင်ဖြစ်သော ဖုယုကိုကုသပေးရန်မှာ မခက်ခဲကြောင်း ယဲ့ချန်က တွေးမိလိုက်သည်။ အမှန်တကယ်တွင် ထန်တိုက်လင်၏ အဓိကထိခိုက်စေသော တိုက်ကွက်မှာ ဖုယု၏ဝိညာဥ်ကို ဒဏ်ရာရစေခဲ့ခြင်းဖြစ်သည်။ ဖုယုက ယဲ့ချန်နှင့် ခြေလှမ်းအနည်းငယ်အကွာတွင်ရှိနေပြီး ယဲ့ချန်ကိုမမှတ်မိပေ။ အကယ်၍တွေ့သွားလျှင် သေချာပေါက် လာသတ်ပေလိမ့်မည်။
ယဲ့ချန်က ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး လူအုပ်ကြားတွင် ရောနှောနေသည်။ သူ၏ပတ်လည်တွင် အမျိုးမျိုးသောအဝတ်အစားများ ဝတ်ဆင်ထားသည့် ကျင့်ကြံသူများစွာရှိနေကြသည်။ ထို့ကြောင့် သူက အခြားလူများကြားတွင် ရောနှောသွားပြီး ထင်ပေါ်ခြင်းမရှိပေ။
ဖုယုက နောက်လိုက်နှစ်ယောက်နှင့်အတူ လူအုပ်ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။ သူက သာမန်ကျင့်ကြံသူများကို အထင်သေးဟန်ဖြင့် အေးစက်စက်ဝေ့ကြည့်ခဲ့သည်။
"ဒီလူက ဘယ်သူလဲ"
ကျင့်ကြံသူတစ်ယောက်က ခပ်တိုးတိုးမေးသည်။
"သူက တိမ်ပြာကောင်စီခွဲရဲ့ခေါင်းဆောင် နတ်ဝိဇ္ဇာဖုယုလေ။ ကောလဟာလတွေအရ သူက စဦးအဆင့်လား အလယ်အဆင့်လား မကွဲပြားဘူး"
"ဒီလောက်မောက်မာနေတဲ့ မျက်နှာကိုကြည့်တာနဲ့ သမာဓိကောင်စီမှန်း သိသာပါတယ်ကွာ"
လူတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။
"သမာဓိကောင်စီကို ဝေဖန်ရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ"
အကွာအဝေးက မကြီးမားသောကြောင့် ဖုယုက စကားလုံးတိုင်းကို ပီသစွာကြားလိုက်ရ၏။ သူက အင်္ကျီလက်ကို ယမ်းလိုက်သောအခါ ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ စကားပြောလိုက်သူက အနောက်မီတာသုံးဆယ်အထိ လွင့်ထွက်သွားခဲ့သည်။ သူက ပါးစပ်မှသွေးများစီးကျလာ၍ ခေါင်းကို ငုံ့ထားလိုက်ရသည်။ သူက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်သာဖြစ်သောကြောင့် ဖုယုကိုမယှဥ်နိုင်ပေ။ ထို့အပြင် သူက တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်သောကြောင့် သမာဓိကောင်စီကို မလွန်ဆန်ရဲချေ။
"တစ်ယောက်ယောက်က သမာဓိကောင်စီအကြောင်း ပါးစပ်သရမ်းရင် ဒီလောက်လွယ်လွယ်ပြီးမယ် မထင်နဲ့"
ဖုယုက ကျင့်ကြံသူအုပ်စုကို သတိပေးလိုက်သည်။ လူတိုင်းက ခွန်းတုံ့မပြန်ရဲသောကြောင့် ခေါင်းကိုသာ ဆက်တိုက်ငုံ့ထားကြရ၏။
အဝေးတွင်ရှိသော မိုးကြိုးမျိုးနွယ်က တစ်ချက်ကြည့်၍ အကြည့်လွှဲလိုက်ကြသည်။ ဖုယုက နာမည်မရှိ နောက်ခံမရှိသော ကျင့်ကြံသူတစ်ယောက်ကိုသာ အပြစ်ပေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်သာဆိုလျှင် ကိစ္စများက အလွယ်တကူပြီးသွားမည်မဟုတ်ပေ။ နောက်ခံမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ဒေါသကိုမျိုသိပ်ထားရုံသာ တတ်နိုင်လေသည်။
"သမာဓိကောင်စီက မဟာအရှေ့ပိုင်းတိုက်ကြီးကို မျှမျှတတအုပ်ချုပ်ခဲ့တယ်။ မင်းတို့က ဝိညာဥ်မျှော်စင်ထဲမှာ ရတနာတစ်ခုခုရလာရင် ငါတို့ကိုရောင်းချပါ။ မင်းတို့ တန်ရာတန်ကြေးရစေရမယ်လို့ ငါ ကတိပေးတယ်"
ဖုယု၏အသံက ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာထွက်ပေါ်လာ၏။
ဖုယု၏စကားက ရှင်းလင်းပြတ်သားသည်။ ဝိညာဥ်မျှော်စင်အတွင်း ရတနာတွေ့သူတိုင်းက သမာဓိကောင်စီကို ရောင်းချရပေမည်။ တန်ရာတန်ကြေး ပေးမည်မပေးမည်ကို သမာဓိကောင်စီက ဆုံးဖြတ်ပေလိမ့်မည်။ သာမန်ကျင့်ကြံသူများက ထိုအုပ်စုနှင့်ညှိုနှိုင်းနိုင်သော စွမ်းအား မရှိကြပေ။
ဖုယု၏စကားကိုကြားသောအခါ မိုးကြိုးမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်း၊ ဆေးဘုရင်မြို့တော်နှင့် ရှေးဟောင်းမျိုးနွယ်ကြီးများက လှောင်ပြုံးပြုံးလိုက်ကြသည်။ သူတို့က သမာဓိကောင်စီနှင့် ရန်သူများဖြစ်သော်လည်း ပေါ်တင်ရန်စမလိုသောကြောင့် တစ်ခွန်းမှဝင်မပြောခဲ့ပေ။
အရူးတစ်ယောက်ဖြစ်နေမှသာလျှင် ရတနာကို သမာဓိကောင်စီသို့ ရောင်းပေလိမ့်မည်။ ဝိညာဥ်မျှော်စင်အတွင်းမှ ရတနာတိုင်းက မြို့တစ်မြို့ကိုပင် ဝယ်ယူနိုင်လောက်အောင် အဖိုးတန်သည်။ သို့သော်လည်း နောက်ခံမရှိသူတို့က အသက်စွန့်တိုက်ခိုက်လာခဲ့သော ရတနာများကို ကာကွယ်ထိန်းသိမ်းထားနိုင်စွမ်းလည်း မရှိကြပေ။ အစွမ်းထက်မျိုးနွယ်တွင် မွေးဖွားမလာခဲ့သော ကံကြမ္မာကိုသာ အပြစ်တင်ကြရတော့သည်။
"သေသေချာချာ စဥ်းစားကြစမ်းပါ။ မင်းတို့က ရတနာကိုရခဲ့ရင်တောင် ထိန်းသိမ်းထားနိုင်ဖို့ ခွန်အားလိုတယ်။ မင်းတို့က သမာဓိကောင်စီကို ရောင်းမယ်ဆိုရင် ဆေးလုံးနဲ့ဝိညာဥ်လက်နက်တွေအပြင် ကောင်စီဝင်ခွင့်ကိုပါ ပေးမယ်"
ဖုယုက တိတ်ဆိတ်နေသော တစ်ကိုယ်တော်ကျင့်ကြံသူများကို မက်လုံးပေးလိုက်ပြန်သည်။ သူတို့အားလုံးက မကျေနပ်ကြသော်လည်း နတ်ဝိဇ္ဇာတစိယောက်ကို မယှဥ်နိုင်သောကြောင့် ပါးစပ်ပိတ်နေခဲ့ကြရသည်။ အားလုံးက ဆန်းကျယ်အဆင့် ကျင့်ကြံသူများဖြစ်ကာ လျှို့ဝှက်ကျင့်စဥ်များကို မတတ်မြောက်ထားသဖြင့် မျိုးနွယ်ကြီးများမှ အဆင့်တူချင်းကိုပင် မယှဥ်နိုင်ကြပေ။
"ပြောစရာရှိတာကို ပြောပြီးပြီ။ သေခြင်းနဲ့ရှင်ခြင်းက မင်းတို့ရွေးချယ်မှုပဲ"
ဖုယုက စကားကိုအဆုံးသတ်၍ လှည့်ထွက်သွားခဲ့သည်။
"ဒါက သမာဓိကောင်စီပေါ့"
တစ်ချိန်လုံးခေါင်းငုံ့ထားသော ယဲ့ချန်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
မီတာရာချီအဝေးတွင်ရှိနေသော ဖုယုက နေရာတွင် ချက်ချင်းရပ်တန့်သွားကာ လူအုပ်ကို လည်ပြန်ကြည့်လိုက်မိသည်။
"ခေါင်းဆောင် ဘာဖြစ်တာလဲ"
ဖုယု၏နောက်လိုက်တစ်ဦးက မေးမြန်းလိုက်ခြင်းဖြစ်သည်။ ထိုလူကလည်း သမာဓိကောင်စီတွင် ရာထူးမြင့်သူတစ်ယောက်ဖြစ်သည်။
ဖုယုက တစ်ကိုယ်တော်ကျင့်ကြံသူများထံမှ ရင်းနှီးသော အရှိန်အဝါတစ်ခုကို ဖြတ်ခနဲအာရုံခံမိလိုက်သည်။ သူ၏ရှေ့တွင် ထောင်ချီသော ကျင့်ကြံသူများရှိနေပြီး အဝတ်အစားမျိုးစုံကို ဝတ်ဆင်ထားသောကြောင့် အချိန်ကြာမြင့်စွာ ရှာဖွေသည့်တိုင်အောင် ထိုလူကို မတွေ့ခဲ့ပေ။
"ဘာမှမဟုတ်ဘူး။ သွားကြစို့"
ဖုယုက အာရုံမှားခြင်းဖြစ်သည်ဟု သတ်မှတ်ကာ ခေါင်းယမ်း၍ နောက်လိုက်နှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ ကံကောင်းစွာဖြင့် ယဲ့ချန်ရှေ့တွင် ခန္ဓာကိုယ်ကြီးမားသော ကျင့်ကြံသူတစ်ယောက် ကွယ်နေသောကြောင့် ဖုယုက ရှာမတွေ့သွားခြင်းပင်။
"ယဲ့ချန် ဝိညာဥ်မျှော်စင် ပွင့်တော့မယ်။ အထဲရောက်ရင် ငါ့စကားကိုနားထောင်"
ခြင်္သေ့ကြီးက သတိပေးလိုက်သည်။
"ကောင်းပြီ။ ဆရာခြင်္သေ့က အထဲကိုရောက်ဖူးလား"
ယဲ့ချန်က ခေါင်းညိတ်၍ ပြန်မေးလိုက်သည်။
"ရောက်ဖူးတာပေါ့ကွ။ ငါက မြေပေါ်၇၂ထပ်နဲ့ မြေအောက်၃၅ထပ်အထိ ရောက်ဖူးတယ်"
ခြင်္သေ့ကြီးက ဂုဏ်ယူစွာဖြေလိုက်သည်။
"၇၂ထပ် ဟုတ်လား။ ဝိညာဥ်မျှော်စင်မှာ တပ်ဆင်ထားတဲ့ရတနာတွေက အဲ့အထပ်ကို တစ်ယောက်ယောက်ရောက်လာရင် လင်းလက်ကြတယ်တဲ့။ ဆရာက ၇၂ထပ်အထိရောက်ဖူးရင် ဘာကြောင့် အထပ်၇၀ရဲ့ကျောက်မျက်တွေကသာ လင်းနေတာလဲ"
ယဲ့ချန်က စပ်စုလိုက်သည်။
"ဒီကျောက်မျက်တွေက ဝိညာဥ်မျှော်စင်ရဲ့အပြင်နံရံမှာ ဘယ်လိုရောက်နေတာလဲ ငါ မသိဘူး။ အတိတ်တုန်းက ဒီကျောက်မျက်ရတနာတွေ မရှိဘူး"
ခြင်္သေ့ကြီးက ခေါင်းယမ်း၍ ဖြေလိုက်လေသည်။