← Chapters

ဝိညာဥ်မျှော်စင်အတွင်း ဝင်ရောက်ခြင်း

Vol. 24 Ch. 325

ဝိညာဥ်မျှော်စင်အတွင်း ဝင်ရောက်ခြင်း

Vol. 24 Ch. 325

ခြင်္သေ့ကြီး၏လမ်းညွှန်မှုဖြင့်ဆိုလျှင် ယဲ့ချန်က ဝိညာဥ်မျှော်စင်အတွင်း ရည်ရွယ်ချက်မဲ့စွာ လျှောက်သွားနေရန် မလိုချေ။ အဝေးရှိကောင်းကင်တွင် အရုဏ်ဦးနေရောင် ကျဆင်းလာချိန်တွင် ကျင့်ကြံသူများက ဝိညာဥ်မျှော်စင်၏ ဝင်ပေါက်ကိုကြည့်ပြီး ပြင်ဆင်လိုက်ကြသည်။

ဝိညာဥ်မျှော်စင်၏ဝင်ပေါက်တွင် ဧရာမအနက်ရောင် တံခါးပေါက်ကြီးတစ်ခုရှိနေပြီး တစ်ချိန်တည်းတွင် လူဆယ်ယောက်ကျော် ဝင်နိုင်သည်အထိ ကျယ်ဝန်းသည်။

"မကြာခင် ဝိညာဥ်မျှော်စင် ပွင့်လာတော့မယ်"

ဂိုဏ်းအသီးသီး၏ ကျင့်ကြံသူများက ထရပ်လိုက်ကြပြီး ဝင်ပေါက်ထံ ဦးတည်သွားကြသည်။ ကျင့်ကြံသူလှိုင်းလုံးကြီးထဲတွင် လူသားများ၊ လူအသွင်ပြောင်းထားသော ကောင်းကင်သားရဲများနှင့် မှော်သားရဲများ ပါဝင်နေသည်။ မှော်သားရဲများ၏အရေအတွက်က လူသားများထက် လေးငါးဆပို၍ များပြားနေသည်။

"ကျွီ ကျွီ"

အနက်ရောင်တံခါးကြီးက ဖြည်းညှင်းစွာပွင့်လာ၍ တံခါးနောက်ရှိ ပကတိအမှောင်ထုကြီး ထွက်ပေါ်လာသည်။

"ပွင့်ပြီကွ"

ကျင့်ကြံသူတိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး တံခါးက လူတစ်ကိုယ်စာပွင့်သွားသည်နှင့်တပြိုင်နက် တစ်​ယောက်ပြီးတစ်ယောက် အလျင်အမြန်ပြေးဝင်သွားကြသည်။ နေရောင်က ဝိညာဥ်မျှော်စင်ပေါ်သို့ ကျရောက်လာချိန်တွင် တံခါးကြီးက အပြည့်အဝပွင့်သွားကာ ကျင့်ကြံသူများက မြစ်ကြီးတစ်စင်းပမာ စီးဝင်နေခဲ့သည်။

ဝိညာဥ်မျှော်စင်အတွင်းရောက်သည်နှင့် ကျင့်ကြံသူများက ထောင့်များပါမကျန်အောင် စေ့စပ်စွာရှာဖွေလိုက်ကြသည်။ သိန်းချီသော ကျင့်ကြံသူများက တံခါးဝရှေ့တွင် အတန်းလိုက်​ပြေးဝင်နေကြပြီး ယဲ့ချန်က ကံကောင်းစွာဖြင့် ရှေ့ဆုံးမှဝင်ရောက်နိုင်ခဲ့သည်။ သူက လူအုပ်နှင့်အတူ ဝိညာဥ်မျှော်စင်အတွင်းရောက်သောအခါ သူ့ကိုယ်သူ ကျယ်ဝန်းသော အနက်ရောင်ပတ်ဝန်းကျင်တစ်ခုအတွင်း ရောက်နေကြောင်း သိလိုက်ရသည်။ ဝင်ပေါက်မှဝင်ရောက်လာသူတိုင်းက ရတနာများကို စတင်ရှာဖွေလိုက်ကြသည်။

"မိုးကြိုးသားရဲတွေ ငါနဲ့အတူ လိုက်ခဲ့ကြ"

လူသန်ကြီးတစ်ယောက် အသွင်ပြောင်းထားသော ဆန်းကျယ်အဆင့် မိုးကြိုးသားရဲတစ်ကောင်က အမိန့်ပေးလိုက်သည်။ ထို့နောက် ဒါဇင်ချီသောကျင့်ကြံသူများက သူ့နောက်သို့ ချက်ချင်းပြေးလိုက်သွားကြသည်။

ဝိညာဥ်မျှော်စင် ပထမထပ်၏အရှေ့ပိုင်းတွင် အနီရောင်အလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"ရတနာပေါ်လာပြီဟေ့။ သမာဓိကောင်စီအဖွဲ့ဝင်တွေ လိုက်လာခဲ့ကြ"

သမာဓိကောင်စီ၏အဖွဲ့ဝင်များအပြင် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အခြားဂိုဏ်းများမှ ကျင့်ကြံသူများလည်း အနီရောင်အလင်းရှိရာထံ ပြေးထွက်သွားကြသည်။

"ဆရာခြင်္သေ့ ကျုပ်တို့သွားသင့်လား"

ယဲ့ချန်သည် အနီရောင်အလင်းတန်းထံ ပြေးသွားနေသော ထောင်ချီသည့်ကျင့်ကြံသူများကိုကြည့်ကာ ခြင်္သေ့ကြီးထံ အကြံတောင်းလိုက်သည်။ ဝိညာဥ်မျှော်စင်အတွင်း အမှောင်ထုမှလွဲ၍ မည်သည့်မှမရှိသောကြောင့် သစ်ပင်များလည်း မပေါက်ရောက်နိုင်ပေ။

"ဒီအလင်းက အဆင့်ငါးဝိညာဥ်လက်နက်လေးပါကွာ။ သူတို့ဘာသာလုကြပါစေ။ မြောက်ဘက်ကို မြန်မြန်သွား"

ခြင်္သေ့ကြီး၏အသံက ယဲ့ချန်၏စိတ်အတွင်း ထွက်ပေါ်လာသည်။

ယဲ့ချန်က မြောက်စူးစူးသို့ ဦးတည်ပျံသန်းလိုက်သည်။

ဝိညာဥ်မျှော်စင်ပွင့်သည်နှင့်တပြိုင်နက် ဂိုဏ်းချုပ်များနှင့်ခေါင်းဆောင်များက အဆုံးမရှိသောကျင့်ကြံသူများကို အပြင်ဘက်တွင် နေရာချထားလိုက်ကြသည်။ အစွမ်းထက်ကျင့်ကြံသူများမဟုတ်လျှင် ဝိညာဥ်မျှော်စင်အတွင်းမှ ထွက်နိုင်သော်လည်း လွတ်မြောက်မည်မဟုတ်ပေ။ ရတနာများရရှိလာသော တစ်ကိုယ်တော်ကျင့်ကြံသူများ ထွက်ပြေးနိုင်မည် မဟုတ်ချေ။ ဝိညာဥ်မျှော်စင်၏အပြင်ဘက်တွင် အင်အားစုများစွာ စောင့်ကြပ်နေသောကြောင့် သံမဏိလှောင်အိမ်ကြီးတစ်ခုပမာတူညီနေပြီး အပြင်လူများပင် ရတနာရှာဖွေရန် ဝင်ရောက်နိုင်ခြင်းမရှိပေ။ ငှက်များက အစာရှာဖွေရင်းသေရသကဲ့သို့ လူများက ရတနာနှင့်ကြွယ်ဝမှုနောက်သို့လိုက်ရင်း သေဆုံးကြရသည်။ ဝိညာဥ်မျှော်စင်အတွင်းမှ ရတနာများနှင့် ရှေးဟောင်းလျှို့ဝှက်ချက်များကို ခေါင်းတုံးပေါ်ထိပ်ကွက်လုယူရန် ဂိုဏ်းကြီးများက စီစဥ်ထားခဲ့ကြလေသည်။

ဝိညာဥ်မျှော်စင်၏အရှေ့ပိုင်းတွင် အနီရောင်အလင်းအပြင် အခြားအလင်းတန်းငါးခု ထပ်မံထွက်ပေါ်လာသည်။

"သမာဓိကောင်စီလက်ထဲကနေ ရတနာကို လုယူချင်သူမှန်သမျှ သေရမယ်"

သမာဓိကောင်စီ၏ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က အော်ဟစ်ကြုံးဝါးလိုက်သည်။ သူက ဓားတစ်ချက်ယမ်းလိုက်သောအခါ ထွက်ပေါ်လာသည့် ဓားအလင်းနှင့်အတူ ခေါင်းပြတ်နှစ်လုံး မြောက်တက်လာသည်။ ထို့နောက် အနီရောင်အလင်းကို သူက ဆုပ်ကိုင်လိုက်သောအခါ အနီရောင်ကျာပွတ်တစ်ချောင်း ဖြစ်နေခဲ့သည်။

ရတနာအတွက် တိုက်ပွဲများက နေရာအနှံ့ဖြစ်ပျက်နေခဲ့သည်။ ဝိညာဥ်မျှော်စင်ပထမထပ်၏ နေရာတိုင်းတွင် အဆင့်ငါးနှင့်အဆင့်လေး ဝိညာဥ်လက်နက်များ ထွက်ပေါ်လာနေသည်။ အတိတ်တွင် ဤသို့လုံးဝမဖြစ်ပျက်ဖူးပေ။ ပထမထပ်အတွင် အများဆုံးပေါ်လာဖူးသည်မှာ ဝိညာဥ်လက်နက်တစ်ခုနှစ်ခုသာ ဖြစ်သည်။

"အဖွဲ့တစ် ဒီမှာနေခဲ့။ တစ်ယောက်က အပြင်ကိုသွားပြီး လူထပ်လိုတယ်လို့ အကြီးအကဲဆီ သတင်းသွားပို့စမ်း။ ကျန်တဲ့လူတွေ ငါနဲ့အတူ ဒုတိယထပ်ကိုလိုက်ခဲ့ကြ"

သမာဓိကောင်စီအဖွဲ့ဝင်က အော်ဟစ်အမိန့်ပေးလိုက်သည်။

အရှိန်ပြည့်ပျံသန်းနေသော ယဲ့ချန်၏ဘေးမှ ရတနာအချို့ ဖြတ်သန်းသွားခဲ့သည်။

"ဒီဟာတွေက အများဆုံးမှ အဆင့်ငါးဖြစ်လိမ့်မယ်။ ဂရုစိုက်မနေနဲ့။ ထျန်းယွမ်ရှေးဟောင်းမြို့တော်ကကောင်တွေ ရူးနေကြပြီထင်တယ်။ ပထမထပ်မှာ ရတနာတွေ ဒီလောက်အများကြီးပေါ်လာတာ တစ်ခုခုဖြစ်လာတော့မယ်။ ဒီနေရာမှာတောင် ရတနာတွေ ဒီလောက်များနေရင် နောက်အထပ်တွေမှာဆိုရင် ပိုပြီးအဖိုးတန်တာတွေ ရှိလိမ့်မယ်။ ဒီနေရာမှာ တိုက်ခိုက်ပြီး အလုပ်ရှုပ်ခံမနေနဲ့"

စိတ်လှုပ်ရှားမှုကို ထိန်းထားရပုံပေါ်သော ခြင်္သေ့ကြီး၏အသံ ထွက်ပေါ်လာသည်။ ဝိညာဥ်မျှော်စင်တွင် ဤကိစ္စမျိုး အတိတ်၌မဖြစ်ပျက်ခဲ့ဖူးပေ။ အတွင်းသို့ရောက်နေသော ကျင့်ကြံသူများမှာ လေထဲတွင်ပျံသန်းနေသော ရတနာများကိုလုယူရင်း ရူးသွပ်လုနီးပါးဖြစ်နေကြသည်။

ယဲ့ချန်သည် သူ၏ရှေ့တွင်ရှိသော အဖွဲ့သုံးခုက ရတနာများကိုလျစ်လျူရှုကာ ရှေ့ဆက်သွားနေကြောင်း သိလိုက်ရသည်။ သူ၏နောက်တွင်လည်း လိုက်ပါလာသော အဖွဲ့များရှိနေခဲ့သည်။

"သူတို့ကလည်း ဒုတိယထပ်ရဲ့ဝင်ပေါက်ကို သိနေနိုင်တယ်။ ဒီနေရာမှာ ဆန်းကျယ်ဝိဇ္ဇာတွေအများကြီးရှိပြီး တစ်ဖွဲ့က မိုးကြိုးသားရဲတွေဖြစ်တယ်။ ဒီကောင်တွေနဲ့ ထိပ်တိုက်မတွေ့စေနဲ့။ မဟုတ်ရင် မင်း ဘာရတနာကိုမှ ရမယ်မထင်ဘူး"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။

"နောက်တစ်ထပ်ကိုရောက်မှ ကြည့်လုပ်ကြတာပေါ့"

ယဲ့ချန်ကပြန်ဖြေ၍ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ မြောက်ဘက်သို့ဦးတည်နေသော ကျင့်ကြံသူထောင်ချီရှိနေပြီး သူက လူအုပ်ကြားသို့ ရောက်ရှိနေခဲ့သည်။ လူအုပ်ကြားတွင် ဆန်းကျယ်ဝိဇ္ဇာများစွာရှိနေသည်။

ယဲ့ချန်၏ဝတ်ရုံအတွင်း၌ ရှောင်ရိက ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ သို့သော်လည်း သူ၏မျက်လုံးများက တောက်ပစွာနှင့် ဘယ်မှညာရွေ့လျားနေသော ရတနာများကို လိုက်ကြည့်နေခဲ့သည်။

ယဲ့ချန်က မြေပြင်သို့ ငုံ့ကြည့်လိုက်သောအခါ မြေအောက်မှ ပထမထပ်သို့ အနက်ရောင်သားရဲများ တွားသွား၍တက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့က ခြင်္သေ့နှင့်ကျားသစ်ပေါင်းစပ်ထားသကဲ့သို့ ဆင်တူသော်လည်း ခန္ဓာကိုယ်ထက်တွင် အမွေးအမျှင်လုံးဝမရှိချေ။ အမွေးများအစား ဆန်းကျယ်သောရုန်းများက တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသည်။ မျက်လုံးများက အဆုံးမဲ့အမှောင်ထုကြီးပမာ နက်ရှိုင်းနေသည်။ ၎င်းတို့က ကောင်းကင်ရှိကျင့်ကြံသူများကို မော့ကြည့်၍ ဆက်တိုက်ဟိန်းဟောက်နေကြသည်။

"ဆရာခြင်္သေ့ ဒါက ဘာမှော်သားရဲအမျိုးအစားလဲ"

ယဲ့ချန်က စပ်စုလိုက်သည်။

"ဒါတွေက မှော်သားရဲမဟုတ်ဘူး။ ဝိညာဥ်သားရဲလို့ခေါ်တယ်"

"ဝိညာဥ်သားရဲ ဟုတ်လား။ နည်းနည်းရှင်းပြပါဦး"

ယဲ့ချန်က အနည်းငယ်အံ့သြနေသည်။

"ဝိညာဥ်သားရဲတွေက မှော်သားရဲတွေအောက် အသိဉာဏ်နိမ့်ပေမယ့် ပိုပြီးရက်စက်ကြမ်းကြုတ်ကြတယ်။ ဒီကောင်တွေသိတာက အသားကိုစားသောက်ဖို့ တစ်ခုတည်းပဲ။ သူတို့ ဘယ်လိုဖြစ်လာတယ်ဆိုတာတော့ ငါလည်းမသိဘူး။ ဝိညာဥ်သားရဲတစ်ကောင်စီက မြေအဆင့်ခွန်အားကို ပိုင်ဆိုင်ထားကြတယ်။ သူတို့အသားတစ်ကီလိုဂရမ်က ချီစုစည်းဆေးတစ်လုံးနဲ့ တန်ဖိုးချင်းတူတယ်။ ခေါင်းထဲကဦးနှောက်ကို ချီပြိုကွဲဆေးဆယ်လုံးထက်မနည်း အဖိုးတန်တဲ့ သတ္တုတစ်ခုဖြစ်အောင် လုပ်လို့ရတယ်။ တကယ်လို့ မင်းက အဆင့်မြင့်ဝိညာဥ်သားရဲတစ်ကောင်ကိုတွေ့ရင် သတ်သာပစ်လိုက်။ ဒီကောင်တွေ ခန္ဓာကိုယ်တစ်ခုလုံးက အဖိုးတန်တယ်"

ခြင်္သေ့ကြီးက အသေးစိတ်ရှင်းပြလိုက်သည်။

"အဆင့်မြင့်ဝိညာဥ်သားရဲလား"

ယဲ့ချန်က အဝေးသို့ကြည့်နေရင်း ရေရွတ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများတွင် ထွက်ပေါ်လာသော ဝိညာဥ်သားရဲများပြည့်နှက်နေသည်။ မြေဝိဇ္ဇာများက ကောင်းကင်တွင် ပျံသန်းနိုင်ခြင်းမရှိသောကြောင့် မြေပြင်၌သာ ဝိညာဥ်သားရဲများကို အမဲလိုက်နေကြသည်။ အစွမ်းထက်ဂိုဏ်းကြီးများက ဤသားရဲများ၏အလောင်းကို စိတ်ဝင်စားခြင်းမရှိသောကြောင့်သူတို့အား လာရောက်လုယူမည်ကို စိုးရိမ်နေစရာမလိုချေ။

"အစ်ကိုကြီး ဒီရတနာတွေကို ကျွန်တော်တို့ မလုသင့်ဘူးလား"

ရှောင်ရိက မချင့်မရဲပြောလိုက်သည်။

"ဒီရတနာတွေက အဖိုးမတန်သေးဘူး။ ပိုကောင်းတာတွေ့မှ လုကြမယ်"

ယဲ့ချန်က နှစ်သိမ့်လိုက်သည်။

နာရီဝက်ကြာအောင် ပျံသန်းပြီးနောက် သူက ဧရာမအနက်ရောင်တံခါးကြီးတစ်ခုထံ ရောက်ရှိလာခဲ့သည်။ တံခါးနောက်တွင် အမှောင်ထုသာကြီးစိုးနေသဖြင့် မည်သည့်နေရာသို့ဦးတည်နေကြောင်း မပြောနိုင်ပေ။

"ဒုတိယထပ်ဝင်ပေါက်ကို ရောက်ပြီ။ လမ်းနှစ်ခုက အပေါ်နဲ့အောက်ခွဲထားပြီး မင်းက အထက်ကိုတက်ရမယ်။ မြေအောက်အထပ်တွေမှာ အန္တရာယ်တွေပြည့်နှက်နေပြီး ရတနာတွေလည်း နည်းတယ်။ အပေါ်တက်တာက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်တယ်"

ခြင်္သေ့ကြီးက ညွှန်ကြားလိုက်သည်။

"နားလည်ပြီ"

ယဲ့ချန်က ခေါင်းညိတ်လိုက်ချိန်တွင် လူများစွာက တံခါးအတွင်း သူ့အရင်ဝင်ရောက်သွားပြီဖြစ်သည်။ သူလိုက်ပါသွားသောအခါ လေတိုးသံများနှင့် အမှောင်ထု၏ ကြိုဆိုခြင်းခံလိုက်ရသည်။ သူ့ကိုယ်သူ ကျဥ်းမြောင်းသော လမ်းကြောင်းတစ်ခုအတွင်း ရောက်နေသည်ဟု ခံစားလိုက်ရသည်။

ယဲ့ချန်က လမ်းကြောင်းအတိုင်း အထက်သို့ပျံတက်လိုက်ပြီး ထွက်ပေါက်မှတဆင့် ထွက်လိုက်သောအခါ ကျယ်ဝန်းသည့်ပတ်ဝန်းကျင်တစ်ခုသို့ ရောက်လာပြန်သည်။ ရှေ့မှတက်သွားသော ကျင့်ကြံသူအုပ်စုသုံးခုက လေထဲတွင် ရပ်နေကြသည်။

ယဲ့ချန်က တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသဖြင့် ထောက်လှမ်းလိုက်သောအခါ ကြောက်မက်ဖွယ်ရာတစ်ခုကို မြင်လိုက်ရသည်။ ကောင်းကင်တွင် မိုးပျံဝိညာဥ်သားရဲများပြည့်နှက်နေပြီး ဟောင်းလောင်းပေါက်မျက်လုံးများက အနက်ရောင်ကောင်းကင်ရှိ ကြယ်များကဲ့သို့ တောက်ပနေကြသည်။

"မကြောက်နဲ့။ အကုန်လုံးက မြေအဆင့်တွေချည်းပဲ။ ဘယ်လောက်အရေအတွက်များများ မင်းကို အန္တရာယ်ပေးနိုင်မှာမဟုတ်ဘူး။ အနောက်ဘက်ကိုသွား"

ခြင်္သေ့ကြီးက အမိန့်ပေးလိုက်သည်။ ယဲ့ချန်ကလည်း ခေါင်းညိတ်၍ အခြားလူများကိုလျစ်လျူရှုကာ အနောက်အရပ်သို့ ပျံသန်းလိုက်သည်။

"မိုးကြိုးသားရဲတွေ ငါ့နောက်က လိုက်ခဲ့ကြ။ လူမကွဲစေနဲ့"

မိုးကြိုးသားရဲများကြားမှ ဖုဇီဟုခေါ်တွင်သော ကျင့်ကြံသူတစ်ယောက်က အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ မိုးကြိုးမျိုးနွယ်တွင် သူက အဆင့်မြင့်ကျင့်ကြံသူတစ်ဦးဖြစ်ကာ ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်၊ နတ်ဝိဇ္ဇာအဆင့်သို့ရောက်လုနီးပါး ကျင့်ကြံသူဖြစ်သည်။ သူက အဆင့်တက်သွားလျှင် မိုးကြိုးမျိုးနွယ်၌ အကြီးအကဲတစ်ယောက်အဖြစ် အဆင့်အတန်း ပိုမြင့်လာပေလိမ့်မည်။

ဖုဇီသည် အနောက်အရပ်သို့ပျံသန်းသွားသော ယဲ့ချန်ကို တစ်ချက်ကြည့်ကာ နောက်မှလိုက်ပါလာခဲ့သည်။ ယနေ့တွင် ဝိညာဥ်မျှော်စင်အတွင်း၌ ဖြစ်ပျက်နေသည်များက အလွန်ထူးဆန်းနေသည်။ များပြားလှသော ဝိညာဥ်သားရဲများ ထွက်ပေါ်လာခြင်းအတွက်လည်း ဖြေရှင်းချက်မရှိပေ။ သူက လက်သီးဖြင့် မိုးပျံဝိညာဥ်သားရဲတစ်ကောင်ကို ထိုးချလိုက်သောအခါ တစ်ချက်တည်းဖြင့် ပေါက်ကွဲသွား၍ မြေအဆင့်ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းတို့က မိုးကြိုးသားရဲများအတွက် အန္တရာယ်မပေးနိုင်ပေ။

"အနောက်ဘက်ကို ဦးတည်ကြ"

"စစ်နတ်ဘုရားကျောင်းတော် လိုက်ခဲ့ကြ"

"သမာဓိကောင်စီ လိုက်ခဲ့ကြဟေ့"

ကျန်အဖွဲ့နှစ်ခုကလည်း မိုးကြိုးမျိုးနွယ်နောက်မှ ချက်ချင်းလိုက်ပါလာကြသည်။

ယဲ့ချန်၏လမ်းတွင် များပြားလှသောဝိညာဥ်သားရဲများက တောင်ပံများခတ်၍ တဟုန်ထိုးတိုးဝင်လာကြသည်။ သူက မုန်တိုင်းဓားကိုထုတ်ဖော်၍ ခုတ်ချလိုက်သောအခါ အပြာရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ သားရဲတစ်ကောင် အသက်ဆုံးသွားခဲ့သည်။

"ရေဝိညာဥ်ဓားသိုင်း"

ခဏအတွင်း ရေချီများမှဖြစ်ပေါ်လာသော ဓားအလင်းခြောက်ဆယ်ကျော် ထွက်ပေါ်လာကာ ယဲ့ချန်၏လမ်းတလျှောက်မှ ဝိညာဥ်သားရဲများကို မြေပြင်သို့ တဖြုတ်ဖြုတ်ပြုတ်ကျသွားစေသည်။

သူအသုံးပြုလိုက်သော ရေဝိညာဥ်ဓားသိုင်းက ကုန်းရီအသုံးပြုခဲ့သည်ထက် ပို၍အစွမ်းထက်နေသည်။ သူ၏သိုင်းကွက်တွင် ဓားအလင်းအရေအတွက် တိုးလာရုံသာမက ထက်ရှမှုမှာလည်း ပို၍အဆင့်မြင့်နေခဲ့သည်။

ရေဝိညာဥ်ဓားသိုင်းကို အသုံးပြုပြီးနောက် ယဲ့ချန်က ကောင်းကင်ဓားပျံများကို ပစ်ခတ်လိုက်သည်။ ၎င်းတို့က မရေမတွက်နိုင်သော ဝိညာဥ်သားရဲများကို သတ်ဖြတ်သွားသဖြင့် သွေးများ နေရာအနှံ့စွန်းထင်းကုန်သည်။

မိုးပျံသားရဲတစ်ကောင်က ခေါင်းပြတ်သွားပြီး နောက်တစ်ကောင်က အလယ်မှ ထက်ခြမ်းခွဲခံလိုက်ရသည်။ ထိုအချိန်တွင် အလင်းတန်းတစ်ခုက ယဲ့ချန်အနီးတွင် ရုတ်တရက်ပေါ်လာခဲ့သည်။

"ဒါက ဘာလဲ"

ယဲ့ချန်က အလင်းတန်းကို ဘယ်လက်ဖြင့် ဖမ်းယူလိုက်သည်။ ထို့နောက် လက်ဝါးဖြန့်ကြည့်လိုက်သောအခါ ဒင်္ဂါးပြားတစ်ခုနှင့်ဆင်တူသော သတ္တုအပိုင်းအစတစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏မျက်နှာပြင်တွင် ထူးဆန်းသောရုန်းများ ရေးထွင်းထားလေသည်။

All Chapters