← Chapters

မုန်တိုင်းအိမ်တော်သခင်လေး

Vol. 24 Ch. 326

မုန်တိုင်းအိမ်တော်သခင်လေး

Vol. 24 Ch. 326

"ဒါ...ဒါက ထျန်းယွမ်ငွေပြားဖြစ်တယ်"

ခြင်္သေ့ကြီး၏အသံက တအံ့တသြ ထွက်ပေါ်လာခဲ့သည်။

"ထျန်းယွမ်ဒင်္ဂါးက ဘယ်လိုရတနာမျိုးလဲ"

ယဲ့ချန်က မင်သက်သွားပြီး ပြန်မေးလိုက်သည်။

"ဒီဒင်္ဂါးပြားတွေက ထျန်းယွမ်ရှေးဟောင်းမြို့တော်ရဲ့ ငွေကြေးစနစ်ဖြစ်တယ်။ ဒါတွေကို အဖိုးတန်သတ္တုတွေနဲ့သွန်းလုပ်ထားပြီး အဲ့ဒီသတ္တုကို လက်နက်လုပ်မယ်ဆိုရင် ဝိညာဥ်အဆင့်ရှစ်လက်နက်တောင် လုပ်လို့ရတယ်။ ဒါကြောင့် ဒင်္ဂါးတစ်ပြားစီတိုင်းက အလွန်အဖိုးတန်တယ်"

"ဒါတွေက ဝိညာဥ်သားရဲတွေဆီကနေ ဘာလို့ပေါ်လာရတာလဲ"

"ငါလည်း သေချာမသိဘူး။ ဝိညာဥ်သားရဲတွေရဲ့ခေါင်းထဲမှာ အဖိုးတန်သတ္တုတစ်မျိုးရှိတာကို ငါသိပေမယ့် ထျန်းယွမ်ငွေပြားထွက်လာမယ်လို့တော့ မထင်ထားဘူး။ မင်းအနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မရဘူး။ ထျန်းယွမ်ဒင်္ဂါးပြားတွေကို ရနိုင်သလောက်ယူစမ်းကွာ"

ခြင်္သေ့ကြီးက ညွှန်ကြားလိုက်သည်။

သူ၏စကားအဆုံးတွင် ယဲ့ချန်ကတုံ့ဆိုင်းမနေဘဲ ရေဝိညာဥ်ဓားသိုင်းကိုထုတ်ဖော်၍ လမ်းတလျှောက်ရှိ မိုးပျံသားရဲများကို သတ်ဖြတ်လိုက်သည်။ ခေါင်းဖြတ်ခံလိုက်ရသော ဝိညာဥ်သားရဲများအတွင်းမှ ရွှေရောင်အလင်းများထွက်ပေါ်လာပြီး သူက ဘယ်လက်ဖြင့် မရပ်မနားလှုပ်ရှားကာ ငွေပြားများကို စုဆောင်းလိုက်၏။ ခဏအတွင်း ယဲ့ချန်လက်အတွင်း၌ ဒင်္ဂါးပေါင်းရာချီ ရောက်ရှိလာခဲ့သည်။

ယဲ့ချန်က ကြယ်ပျံတစ်လုံးကဲ့သို့ တဟုန်ထိုးရှေ့ဆက်နေသည်။

သူ၏နောက်တွင်ရှိသည့် ဖုဇီနှင့်အခြားကျင့်ကြံသူများက လျင်မြန်လွန်းသောအရှိန်ကြောင့် အံ့သြနေကြသည်။ ယဲ့ချန်က ဝိညာဥ်သားရဲများကို သတ်ဖြတ်ထိုးဖောက်သွားပြီး အပြာရောင်ဓားအလင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မုန်တိုင်းအိမ်တော်မှဖြစ်နိုင်သည်ဟု အခြားကျင့်ကြံသူများက ထင်မှတ်လိုက်ကြသည်။ ၎င်းက ရှည်လျားသောသမိုင်းကြောင်းကို ပိုင်ဆိုင်ထားသည့် အင်အားစုတစ်ခုဖြစ်သော်လည်း မိုးကြိုးမျိုးနွယ်က အလေးအနက်မထားဖူးပေ။ လက်ရှိတွင် မုန်တိုင်းအိမ်တော်၏လူငယ်မျိုးဆက်၌ အစွမ်းထက်ပါရမီရှင်တစ်​ယောက် ထွက်ပေါ်လာပုံရသည်။

ကျင့်ကြံသူများက မိုးပျံသားရဲများကို ဆက်လက်သတ်ဖြတ်နေပြီး ပိုမိုများပြားသောကျင့်ကြံသူများက ဒုတိယထပ်သို့ ရောက်လာကြသည်။ ထို့ကြောင့် ကျင့်ကြံသူများနှင့် မိုးပျံဝိညာဥ်သားရဲများကြားတွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ပထမထပ်တွင် မပျံသန်းနိုင်သော မြေအဆင့်ကျင့်ကြံသူများက ကောင်းကင်သို့ မနာလိုအားကျစိတ်များဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့က ပထမထပ်ရှိ ဝိညာဥ်သားရဲများကိုသာ သတ်ဖြတ်နိုင်ပြီး လမ်းတလျှောက် ရှေ့ဆက်နေကြရသည်။ သူတို့က ဝိညာဥ်သားရဲများ၏အသားကိုစားလျှင် ကောင်းကင်ဝိဇ္ဇာအဆင့်သို့ တက်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

မြေဝိဇ္ဇာတစ်ယောက်က အဆင့်နှစ်လက်နက်ဖြင့် ဝိညာဥ်သားရဲတစ်ကောင်၏ခေါင်းကို ဖြတ်ချလိုက်သည်။ ထို့နောက် ခေါင်းပြတ်အတွင်းမှ ရွှေရောင်အလင်းတစ်ခု ထူးဆန်းစွာထွက်ပေါ်လာခဲ့သည်။

"ဒါကဘာလဲ"

ထိုကျင့်ကြံသူက ဝိညာဥ်သားရဲ၏အသားကို စုဆောင်းနေရာမှ ခေါင်းပြတ်အတွင်း ရှာဖွေလိုက်သည်။ သူ၏လက်တွင်းသို့ ဆန်းကျယ်သော ရုန်းများထွင်းထားသည့် ခပ်ဝိုင်းဝိုင်းသတ္တုပြားတစ်ချပ် ရောက်ရှိလာခဲ့သည်။

ပထမထပ်၏နေရာတိုင်းတွင် ကျင့်ကြံသူများက ဝိညာဥ်သားရဲများ၏ခေါင်းကိုဖြတ်ကာ သတ္တုပြားများကို ရရှိခဲ့ကြသည်။

"ဒီအရာကို အကြီးအကဲဆီယူသွားကြ"

"ဂိုဏ်းချုပ်ကို မြန်မြန်သတင်းပို့ကြ"

"အရှင်မင်းကြီးဆီကို ပို့လိုက်ကြဟေ့"

ထျန်းယွမ်ဒင်္ဂါးများကို သယ်ဆောင်လာသော လူအချို့က ဝိညာဥ်မျှော်စင်အပြင်ဘက်သို့ ပြေးထွက်လာကြသည်။

သမာဓိကောင်စီ၏ ပင်မတဲကြီးအတွင်း၌ မဟာအကြီးအကဲစန်းလုက ဒင်္ဂါးပြားတစ်ချပ်ကို စိတ်လှုပ်ရှားစွာဖြင့် အသေအချာစစ်ဆေးနေသည်။

"မဟာအကြီးအကဲ ဒါကဘာများလဲ"

ဖုယုနှင့် နောက်လိုက်များက စပ်စုလိုက်ကြသည်။

"ငါသာမမှားရင် ဒါ...ဒါက နေဦး အဆင့်ငါးလက်နက်တစ်ခု မြန်မြန်ယူလာစမ်း"

စန်းလုက စကားကိုဆုံးအောင်မပြောဘဲ နောက်လိုက်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ကျင့်ကြံသူတစ်​ယောက်က ခေါင်းညိတ်၍ အဆင့်ငါးဓားရှည်တစ်လက်ကို စန်းလုထံ ချက်ချင်းကမ်းပေးလိုက်သည်။ စန်းလုက ဒင်္ဂါးပြားကိုမြေတွင်ချ၍ ဓားရှည်ဖြင့်ခုတ်ချလိုက်သည်။ ထန်ဟူသောအသံတစ်ခု ကျယ်လောက်စွာထွက်ပေါ်လာပြီး ငွေပြားက ထိခိုက်ခြင်းမရှိဘဲ အဆင့်ငါးဓားရှည်သည်သာ ကျိုးပဲ့သွားလေသည်။

"မဟာအကြီးအကဲ ဒါကဘာလဲ။ အဆင့်ငါးလက်နက်နဲ့တောင် ဖျက်ဆီးလို့မရဘူး"

နောက်လိုက်များက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

"ဟား ဟား ငါခန့်မှန်းတာ မှန်နေပြီ။ ဒါက ဒဏ္ဍာရီလာ ထျန်းယွမ်ဒင်္ဂါးပြားဖြစ်ရမယ်။ ဒါကို အထူးသတ္တုတစ်မျိုးနဲ့ သွန်းလုပ်ထားတာဖြစ်တယ်။ အဲ့ဒီသတ္တုကို လက်နက်လုပ်မယ်ဆိုရင် အဆင့်ရှစ်အထိရနိုင်တယ်။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း။ ဆန်းကျယ်အဆင့်အောက်ကလူတိုင်း ဝိညာဥ်မျှော်စင်ထဲကိုဝင်ပြီး ဒါတွေကို စုဆောင်းကြရမယ်။ ဒါတွေကို ရောင်းချင်တဲ့သူရှိရင်လည်း ဘယ်စျေးဖြစ်ဖြစ် ဝယ်လိုက်ကြ"

စန်းလုက အမိန့်ပေးလိုက်သည်။

"မဟာအကြီးအကဲ ထျန်းယွမ်ငွေပြားတွေက ဘာလို့ဝိညာဥ်သားရဲတွေခေါင်းထဲက ထွက်ပေါ်လာရတာလဲ။ ဒီကိစ္စက သံသယဝင်စရာကောင်းနေတယ်"

ဖုယုက ပြောလိုက်ခြင်းဖြစ်သည်။

"ငါလည်း မသိဘူး။ ဒီကိစ္စက ထျန်းယွမ်ရှေးဟောင်းမြို့တော်ရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သက်နေနိုင်တယ်။ ဒဏ္ဍာရီအရဆိုရင် ရှေးခေတ်ကျင့်ကြံသူတွေဟာ မဟာမိစ္ဆာတစ်ကောင်ကိုတိုက်ခိုက်ဖို့ ထျန်းယွမ်ရှေးဟောင်းမြို့တော်ကိုထွက်သွားပြီး လုံးဝပြန်ပေါ်မလာခဲ့ကြဘူး။ ဒီငွေပြားတွေပေါ်လာတာမို့ ကိစ္စကြီးတစ်ခု ဖြစ်လာတော့မယ်ထင်တယ်။ ဒါက ငါတို့အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်နိုင်လို့ မင်းတို့အားလုံး အသင့်ပြင်ထားရမယ်။ ကျန်အင်အားစုတွေက နတ်အဆင့်တွေဝင်ပြီဆိုတာနဲ့ ငါတို့လည်း သွားကြမယ်။ အခြားလူတွေ ဒီအခွင့်အရေးကို ရသွားလို့မဖြစ်ဘူး"

စန်းလု၏မျက်နှာထက်တွင် အလွန်လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်နေသည်။

မိုးကြိုးမျိုးနွယ်၏စခန်းအတွင်း၌ အလွန်ကျက်သရေရှိသော မိန်းမလှတစ်ဦးက ငွေပြားတစ်ခုကို စစ်ဆေးနေသည်။ မိုးကြိုးမျိုးနွယ်က ရှေးဟောင်းခေတ်မှ ဆင်းသက်လာသောကြောင့် ထျန်းယွမ်ဒင်္ဂါးဖြစ်ကြောင်းကို သူမက လျင်မြန်စွာသိသွားခဲ့သည်။ သူမက ပိုလင်းဟုခေါ်သော မိုးကြိုးမျိုးနွယ်၏ အကြီးအကဲတစ်ဦးဖြစ်ကာ မဟာသာလွန်အဆင့် အဆုံးမဲ့အဆင့်ငါး ကျင့်ကြံသူတစ်​ယောက်ဖြစ်ပေသည်။ သူမက အလွန်လှပသည့်အပြင် ကောက်ကြောင်းများပေါ်လွင်နေသော ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။

"သားရဲဧကရာဇ်ကို ဝိညာဥ်မျှော်စင်မှာ ထျန်းယွမ်ငွေပြားတွေပေါ်လာကြောင်း သတင်းပို့လိုက်"

ပိုလင်းက လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

သမာဓိကောင်စီနှင့် မိုးကြိုးမျိုးနွယ်သာမကဘဲ အခြားအင်အားစုကြီးများကလည်း ခဏအတွင်း ဤသတင်းကို ရလိုက်ကြသည်။ အဆင့်နိမ့်ဂိုဏ်းများသာလျှင် ထျန်းယွမ်ငွေပြားများ၏အမည်နှင့် သရုပ်မှန်ကို နားမလည်နိုင်ဘဲ ရှိနေကြသည်။ ထျန်းယွမ်ငွေပြားများက အဓိကဂိုဏ်းကြီးများနှင့် အင်အားစုများအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့လေသည်။

ဝိညာဥ်မျှော်စင် ဒုတိယထပ်၏အလယ်တွင် ယဲ့ချန်က ဆက်လက်ပျံသန်းနေသည်။ ထိုအချိန်တွင် အဝေး၌ အဖြူရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာ၍ ပတ်ဝန်းကျင်သို့ ဆက်တိုက်ပြန့်ထွက်လာနေခဲ့သည်။ အလင်းတန်းကြီးအတွင်း၌ အဖြူရောင်သလင်းကျောက်များက စုစုစည်းစည်း လွင့်မျောနေကြသည်။

"ဆရာခြင်္သေ့ ဒါက ဘာတွေလဲ"

ယဲ့ချန်က အဝေးမှကြည့်နေရင်း မေးလိုက်ခြင်းဖြစ်သည်။ အဖြူရောင်အလင်းက တောက်ပလွန်းသဖြင့် မျက်လုံးအထက်တွင် လက်ဖြင့်အုပ်ကာ၍ ကြည့်နေရသည်။

"ငါ့ကောင်ရေ မြန်မြန်သွားယူဟ။ ဒါက အာကာသကျောက်တုံးတွေ။ စုစုပေါင်း၂၆ခုရှိတယ်။ မင်းနောက်ကျသွားရင် ငိုနေရလိမ့်မယ်"

ခြင်္သေ့ကြီးက အလျင်အမြန်တိုက်တွန်းလိုက်သည်။ ပတ်ဝန်းကျင်တွင် အင်အားစုအသီးသီးမှ ဆန်းကျယ်ဝိဇ္ဇာများက အရေအတွက်ရာချီအောင်ရှိနေခဲ့သည်။ အာကာသကျောက်တစ်ခုက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက် ဖန်တီးပေးနိုင်သောကြောင့် ဤကျောက်နှစ်ဆယ်ကျော်ကိုရလျှင် အင်အားစုတစ်ခု ဖြစ်ပေါ်လာနိုင်သည်။

"ဆရာခြင်္သေ့ ခင်ဗျားပြောတော့ အာကာသကျောက်တွေက ရှားပါးတယ်ဆို။ ဘာလို့ အခုနှစ်ဆယ်ကျော်က တပြိုင်နက်ပေါ်လာရတာလဲ"

ယဲ့ချန်ကအရှိန်မြှင့်၍ အလင်းတန်ကြီးထံ ပျံသန်းသွားရင်း မေးခွန်းထုတ်လိုက်သည်။

"ငါလည်းမသိဘူး။ ရှေးဟောင်းခေတ်မှာ အာကာသကျောက်အများစုကို အသုံးပြုပြီးဖြစ်တယ်။ နှစ်ပေါင်းတစ်သိန်းလောက်ကြာပြီဆိုတော့ အာကာသကျောက်တွေ ထပ်ဖန်တီးဖို့မဖြစ်နိုင်ဘူး။ ထျန်းယွမ်ငွေပြားတွေနဲ့ အာကာသကျောက်တွေက ဘာလို့ရုတ်တရက်ပေါ်လာရတာလဲ။ ဘာဖြစ်ဖြစ် ဒါတွေကို အရင်ရအောင်ယူကွာ"

ခြင်္သေ့ကြီးသည်လည်း ဤကိစ္စကို အဖြေမထုတ်နိုင်သောကြောင့် အလွန်စိတ်ရှုပ်နေပုံပေါ်သည်။

ကြီးမားလာသော အလင်းတန်းကြီးက အခြားကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်နေသဖြင့် အားလုံးက ၎င်းထံ ဦးတည်လာနေကြသည်။ ခြေတစ်လှမ်းဦးနေသော ယဲ့ချန်က အာကာသကျောက်များထံ ရောက်သွားပြီး တစ်ချက်တည်းဖြင့် ခြောက်ခုကို ရယူလိုက်သည်။ ၎င်းတို့ကို လက်မောင်းကာအတွင်း သိမ်းဆည်းပြီးနောက် သူက ရှေ့ဆက်သွားလိုက်သည်။ ကျင့်ကြံသူများက အဖြူရောင်အလင်းအတွင်းတည်ရှိနေသော ကျောက်များကိုမြင်သောအခါ မျက်လုံးများ ပြူးကျယ်ကုန်သည်။

"အာကာသကျောက်တွေဟေ့။ ဒီစောက်ကလေးကို အကုန်ယူမသွားစေနဲ့"

"ရွှစ် ရွှစ် ရွှစ်"

ဆန်းကျယ်ဝိဇ္ဇာများက တိုက်ခိုက်လိုက်သောကြောင့် များစွာသောဓားအလင်းများက ယဲ့ချန်ကို ပစ်မှတ်ထား ထွက်ပေါ်လာခဲ့သည်။

"မင်းတို့က နှေးလွန်းတယ်"

ယဲ့ချန်က လှောင်ပြုံးကလေးဖြင့် ဓားအလင်းများကိုရှောင်တိမ်းပြီး နောက်ထပ်အာကာသကျောက်ခုနစ်တုံးကို တစ်ချက်တည်းရယူလိုက်ပြန်သည်။

"ဘန်း"

ထိုအချိန်တွင် ဓားအလင်းများက အဖြူရောင်အလင်းတန်းပေါ်သို့ ကျရောက်သွားခဲ့သည်။ ၎င်းက ချက်ချင်းကြေမွသွားပြီး အာကာသကျောက်တုံးများသည်လည်း နေရာအနှံ့သို့ လွင့်ပျံသွားကြသည်။ ယဲ့ချန်က နောက်ထပ်သလင်းကျောက်များကို သိမ်းယူခါနီးတွင် ၎င်းတို့က အဝေးသို့လွင့်ထွက်သွားကြသည်။ အဖြူရောင်အလင်းက အာကာသကျောက်များကို သံလိုက်ကဲ့သို့ စုစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းက ဖျက်ဆီးခံလိုက်ရသောအခါ အာကာသကျောက်များလည်း တကွဲတပြား လွင့်စင်သွားခဲ့ခြင်းဖြစ်သည်။

"အာကာသကျောက်တွေကို ​မြန်မြန်လိုက်ဖမ်းကြ"

ဆန်းကျယ်ဝိဇ္ဇာများက အာကာသကျောက်များနောက်သို့ ချက်ချင်းပြေးလိုက်သွားကြသည်။

"ဒီကလေးကိုသတ်ကြစမ်း။ သူ့ဆီမှာ အာကာသကျောက်တွေ အများကြီးရှိတယ်"

စစ်နတ်ဘုရားကျောင်းတော်၏ စစ်သည်တော်ဆယ်ယောက်ကျော်က ယဲ့ချန်ထံ ပြိုင်တူပျံသန်းလာနေကြသည်။

"မင်းတို့ကများ ငါ့ကို သတ်ချင်တယ်ပေါ့။ ငါက မုန်တိုင်းအိမ်တော်သခင်လေးကွ။ ငါ့ကိုထိရဲလား"

ယဲ့ချန်က အာကာသကျောက်များကို လက်လွှတ်လိုက်ရသည်နှင့် အဝေးသို့ ချက်ချင်းရှောင်တိမ်းလိုက်သည်။

"ဟား ဟား မုန်တိုင်းအိမ်တော်သခင်လေး ဟုတ်လား။ စစ်နတ်ဘုရားကျောင်းတော်ကို အဆင့်နိမ့်မုန်တိုင်းအိမ်တော်က တိုက်ခိုက်ရဲမှာလား"

စစ်သည်တော်များက လှောင်ပြောင်အော်ဟစ်၍ ယဲ့ချန်ကို အနီးကပ်ပျံသန်း လိုက်လာနေကြသည်။

မိုးကြိုးသားရဲများကမူ အာကာသကျောက်များနောက်သို့ လိုက်ဖမ်းနေကြသည်။ ဖုဇီသည် စစ်နတ်ဘုရားကျောင်းတော်က ယဲ့ချန်ကို လိုက်ဖမ်းနေသော မြင်ကွင်းအား ကြည့်ရှုနေသည်။

"အစ်ကိုဖု ငါတို့လည်း ဒီကလေးကို တိုက်ခိုက်ကြမလား"

မိုးကြိုးမျိုးနွယ်ဝင်တစ်ယောက်က ဖုဇီကို အကြံတောင်းလိုက်သည်။

"စစ်နတ်ဘုရားကျောင်းတော်က ဒီကိစ္စကို လက်ဦးသွားပြီ။ ငါတို့ဝင်ရှုပ်လိုက်ရင် ပြဿနာပိုကြီးသွားလိမ့်မယ်။ ကျန်တဲ့အာကာသကျောက်တွေကို ငါတို့လူတွေ လိုက်ယူနေကြပြီမလား။ ဘာဆက်ဖြစ်မယ်ဆိုတာကို စောင့်ကြည့်ကြတာပေါ့"

ဖုဇီကခေါင်းယမ်း၍ ဖြေလိုက်သည်။ သူ၏စိတ်ထဲတွင် မုန်တိုင်းဓားကိုင်ဆောင်ထားသော ယဲ့ချန်ကို အရူးတစ်ယောက်ဟု သတ်မှတ်လိုက်သည်။ ထိုလူငယ်က စစ်နတ်ဘုရားကျောင်းတော်နှင့် အခြားအင်အားစုကြီးများရှိ ဆန်းကျယ်ဝိဇ္ဇာများကို ရန်စနေခြင်းက ပြက်လုံးတစ်ခုပမာဖြစ်သည်။

"သေချာကြည့်စမ်း။ မုန်တိုင်းဓားကို မြင်နေတာတောင် ငါ့ကို တိုက်ခိုက်ရဲသေးလား။ မုန်တိုင်းအိမ်တော်က စစ်နတ်ဘုရားကျောင်းတော်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဖျက်ဆီးပစ်လိုက်လိမ့်မယ်"

စစ်သည်တော်များ၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံရသောအခါ ယဲ့ချန်က ဓားကိုမြှောက်၍ အော်ဟစ်ခြိမ်းခြောက်လိုက်သည်။

စစ်နတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူများက ယဲ့ချန်အနီးသို့တိုးကပ်လာပြီး သေလူတစ်ယောက်ဟု သဘောထားနေကြသည်။ သူတို့၏အမြင်တွင် ယဲ့ချန်က သေခါနီးသွေးရူးသွေးတန်းဖြစ်နေသည်ဟု ထင်မှတ်ထားကြသည်။ မုန်တိုင်းဓားက အစွမ်းထက်သော်လည်း များစွာသောဆန်းကျယ်ဝိဇ္ဇာများကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

"စောက်ကလေး မင်း တော်တော်ဉာဏ်များတယ်။ မုန်တိုင်းအိမ်တော်ကတော့ ငါးပါးမှောက်တော့မယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို ချီးကျူးလိုက်သည်။

"ဒီသခင်လေးက မင်းတို့နဲ့ မကစားတော့ဘူး။ နှုတ်ဆက်ခဲ့ပါတယ်"

"ရှောင်ရိဝိညာဥ်ပုလဲထဲကိုဝင်လိုက်"

မုန်တိုင်းအိမ်တော်က သူ၏ရန်သူဖြစ်သောကြောင့် ယဲ့ချန်က အခြားအင်အားစုများနှင့် ရန်တိုက်ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက ဝိညာဥ်ပုလဲကိုပိုက်ကာ ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ချက်ချင်းဝင်ရောက် ပျောက်ကွယ်သွားလေသည်။

All Chapters