← Chapters

နတ်ဘုရင်အဆင့်တက်ခြင်း

Vol. 24 Ch. 327

နတ်ဘုရင်အဆင့်တက်ခြင်း

Vol. 24 Ch. 327

"လျှို့ဝှက်တည်နေရာပြောင်း ကျင့်စဥ်လား"

စစ်နတ်ဘုရားကျောင်းတော်၏ စစ်သည်များက ပျောက်ကွယ်သွားသော ယဲ့ချန်ကြောင့် မင်သက်သွားကြသည်။

"သေချာပေါက်ဖြစ်နိုင်တယ်။ လူတိုင်း ဒီကောင့်မျက်နှာကို မှတ်ထားကြ။ နောက်တစ်ခေါက်ပြန်တွေ့ရင် အ​သေသတ်စမ်း။ သူ့မှာ အာကာသကျောက် အနည်းဆုံးဆယ်ခုကျော်လိမ့်မယ်"

ချွန်းယုက ဒေါသတကြီး အမိန့်ပေးလိုက်သည်။ သူက စစ်သည်တော်အုပ်စုတစ်ခုကို ဦးဆောင်ရသူဖြစ်ကာ အလွန်အမင်းစိတ်ပျက်နေခဲ့သည်။ သူတို့အဖွဲ့က ယဲ့ချန်၏အာကာသကျောက်များကို လုယူနိုင်ခဲ့လျှင် အကြီးအကဲများ၏ ရက်ရက်ရောရောဆုပေးခြင်းကို ခံရပေလိမ့်မည်။ လက်ရှိတွင် မျက်တောင်တစ်ခတ်အတွင်း ဤအခွင့်အရေးက ပျောက်ကွယ်သွားခဲ့လေသည်။

သူတို့၏ခွန်အားအရ လွင့်စင်သွားသော အာကာသကျောက်များကို လိုက်လံဖမ်းယူလျှင် အနည်းဆုံး အရေအတွက်တစ်ခုရနိုင်သည်။ သို့သော်လည်း အလိုကြီးအရနည်း ဖြစ်သွားခဲ့သည်။

"မုန်တိုင်းအိမ်တော် စစ်နတ်ဘုရားကျောင်းတော်က မကြေဘူးကွ"

ချွန်းယုက အံကြိတ်၍ ကြုံးဝါးလို​က်သည်။

ဤဖြစ်ရပ်ကို အဝေးမှ အစအဆုံးမြင်တွေ့ခဲ့သော ဖုဇီ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကံကောင်းစွာဖြင့် မိုးကြိုးမျိုးနွယ်က ယဲ့ချန်၏အာကာသကျောက်များကို လျစ်လျူရှုခဲ့ပြီး လူခွဲကာ အခြားကျောက်များကို လိုက်လံဖမ်းယူနိုင်ခဲ့သည်။ သူတို့က ငါးတုံးအထိရယူနိုင်ခဲ့သောကြောင့် အခြားအင်အားစုများကြားတွင် အများဆုံးရိတ်သိမ်းနိုင်ခဲ့သည်။ ကျန်အာကာသကျောက်များကိုလည်း အခြားအင်အားစုများက ကိုယ်စီရယူနိုင်ခဲ့သောကြောင့် စစ်နတ်ဘုရားကျောင်းတော်တစ်ခုတည်းသာလျှင် လက်ဗလာဖြစ်ခဲ့ရသည်။

အာကာသကျောက်များ ထွက်ပေါ်လာသော အလင်းတန်းထွက်ပေါ်လာရာ မြေပြင်ကို ကျင့်ကြံသူများက စစ်ဆေးခဲ့သော်လည်း မည်သည်ကိုမှ ရှာမတွေ့ကြပေ။ စစ်နတ်ဘုရားကျောင်းတော်က ကြွယ်ဝမှုကိုရှာဖွေခဲ့သော်လည်း အလဟဿဖြစ်ခဲ့ရသည်။ အင်အားစုကြီးများက အာကာသကျောက်များကို ဝိညာဥ်မျှော်စင်အပြင်သို့ လူအချို့နှင့် ပို့ဆောင်လိုက်ပြီး ရတနာများ ဆက်လက်ရှာဖွေလိုက်ကြသည်။

ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း၌ ယဲ့ချန်သည် ခြင်္သေ့ကြီးနှင့်ခြင်္သေ့မလေးရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။ ခြင်္သေ့မောင်နှံက ကျီစယ်နေသဖြင့် ပတ်ဝန်းကျင်တွင် အချစ်စိတ်များ ပြည့်နှက်နေသည်။

"ဆရာခြင်္သေ့ တည်နေရာပြောင်းကျင့်စဥ်ဆိုတာက ဘာလဲ"

"ဒီကျင့်စဥ်က ကျင့်ကြံသူတစ်ယောက်ကို အကွာအဝေးတစ်ခုဆီ ချက်ချင်းနေရာပြောင်းပေးနိုင်တယ်"

"ဒါကိုသင်ချင်ရင် ဘယ်လိုလုပ်ရမလဲ"

ယဲ့ချန်က မေးလိုက်သည်။ တည်နေရာပြောင်းကျင့်စဥ်က ရတနာများလုယူရာတွင် အကောင်းဆုံးကျင့်စဥ် ဖြစ်ပေသည်။

"တည်နေရာပြောင်းကျင့်စဥ်တွေက အလွန်ရှားပါးပြီး ကျင့်ကြံဖို့ခက်ခဲတယ်။ ပြီးတော့ ဘေးထွက်ဆိုးကျိုးကလည်း ပြင်းထန်တယ်။ တည်နေရာပြောင်းကျင့်စဥ်ကို အသုံးပြုလိုက်တိုင်း ကောင်းကင်ချီတွေ ပမာဏများစွာကုန်ဆုံးရတဲ့အပြင် ရုပ်ခန္ဓာလည်း ပြင်းထန်စွာထိခိုက်လိမ့်မယ်"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။

ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ အစွမ်းထက် လျှို့ဝှက်ကျင့်စဥ်တိုင်းတွင် ဘေးထွက်ဆိုးကျိုးရှိပုံပေါ်သည်။

"မင်း အာကာသကျောက်တုံး ဘယ်လောက်ရလာခဲ့လဲ။ အနည်းဆုံး ဆယ်ခုကျော်တယ်မလား"

ခြင်္သေ့ကြီးက ယဲ့ချန်ကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဆယ့်သုံးတုံး"

ယဲ့ချန်က လက်မောင်းကာအတွင်းစစ်ဆေး၍ ဖြေလိုက်သည်။

"မင်း တော်တော်ချမ်းသာနေပြီကွ။ ငါ့ကို နည်းနည်းလောက်ပေးစမ်းပါ။ မင်းကိုတော့ ဓားပြမတိုက်ပါဘူးကွာ။ မင်းအတွက် လျှို့ဝှက်ကျင့်စဥ်တစ်ခု လျော်ကြေးပေးမယ်"

ခြင်္သေ့ကြီးက စိတ်လှုပ်ရှားစွာဖြင့် ရှေ့တက်ပြီး တောင်းဆိုလိုက်သည်။

"ရော့ဗျာ ငါးခုယူလိုက်။ ခင်ဗျားက အချင်းချင်းကို အားနာနေပြန်ပြီ"

ယဲ့ချန်က အာကာသကျောက်ငါးတုံးကို ခြင်္သေ့ကြီးထံ ကမ်းပေးလိုက်သည်။

"မင်း ဒီကျောက်တုံးတွေရဲ့တန်ဖိုးကို သေချာသိတယ်မလား။ ဒါတွေက မင်းရဲ့ကျင့်ကြံဆင့်ကို အများကြီးမြှင့်တင်ပေးနိုင်တယ်နော်"

ခြင်္သေ့ကြီးက ယဲ့ချန်ပေးလာသော အာကာသကျောက်ငါးတုံးကို လက်ခံပြီး တည်ကြည်စွာပြန်မေးလိုက်သည်။ သူ၏ဘေးတွင်ရှိနေသော ခြင်္သေ့မလေးက အာကာသကျောက်များကိုမြင်သော်လည်း ခေါင်းကို နှိမ့်ချထားခဲ့သည်။ သူမက ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သောကြောင့် ကိုယ့်နေရာကိုယ် သိရပေလိမ့်မည်။ ခြင်္သေ့ကြီးကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်တွင် ကိုယ်လုပ်တော်ပေါင်းထောင်ချီရှိနိုင်သောကြောင့် သူမအနေဖြင့် မျက်နှာပေးခံရရန် အခွင့်အရေးမရှိချေ။

"ကျုပ်သိပါတယ်။ ဆရာခြင်္သေ့ကြောင့်သာမဟုတ်ရင် ဝိညာဥ်မျှော်စင်ကိုရောက်လာပြီး အာကာသကျောက်တွေယူနိုင်မှာ မဟုတ်ဘူး"

ယဲ့ချန်က ခြင်္သေ့ကြီး၏ကျေးဇူးကို သိတတ်စွာဖြင့် ဖြေလိုက်သည်။

"မင်းက လူကောင်းတစ်ယောက်ဆိုတော့ ငါ လူရွေးမမှားခဲ့ဘူး။ အနာဂတ်မှာ မင်းအကူအညီလိုရင် ငါ ကူညီပေးမယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို ချီးကျူးလိုက်သည်။

"ဆရာခြင်္သေ့ အာကာသကျောက်တွေကို ဘယ်လိုအသုံးပြုရမလဲ"

ယဲ့ချန်က အကူအညီတောင်းလိုက်သည်။

"မင်းက အာကာသကျောက်ရဲ့စွမ်းအင်ကို ခန္ဓာကိုယ်ထဲစုပ်ယူရမယ်။ အာကာသကျောက်တစ်တုံးက မင်းကို ဆန်းကျယ်ဝိဇ္ဇာအဆင့်ရောက်အောင် လုပ်ပေးနိုင်တယ်။ မင်းရဲ့ဝိညာဥ်အသိစိတ်လည်း နတ်ဘုရင်အဆင့်ကို ရောက်သွားလိမ့်မယ်"

ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။

"အလှလေး မင်းအတွက်"

သူက ယဲ့ချန်ကိုရှင်းပြနေရင်း အာကာသကျောက်တစ်တုံးကို ခြင်္သေ့မလေးထံပစ်ပေးလိုက်ပြီး သုံးတုံးကို သိမ်းဆည်းလိုက်သည်။ သူမက ခြင်္သေ့ကြီးကို တအံ့တသြမော့ကြည့်လိုက်မိသည်။ ပျော်ရွှင်မှုကြောင့် သူမ၏မျက်လုံးများက တောက်ပနေပြီး ခြင်္သေ့ကြီး၏လက်ဆောင်ကို လက်ခံလိုက်သည်။ ခြင်္သေ့မလေးက နိမ့်ကျသောအဆင့်တစ်ဆယ်သားရဲဖြစ်ပြီး ခြင်္သေ့ကြီးက အစွမ်းထက်တည်ရှိမှုတစ်ခုဖြစ်သောကြောင့် သူမအနေဖြင့် လက်ဆောင်ရရန် မျှော်လင့်မထားခဲ့ပေ။

ယဲ့ချန်က တစ်ယောက်ကိုတစ်ယောက် အချစ်စိတ်များဖြင့်စိုက်ကြည့်နေကြသော ဤစုံတွဲကို ဆက်ကြည့်မနေနိုင်ဖြင့် ကျောပေးလိုက်ရသည်။ သူက အာကာသကျောက်ကိုစစ်ဆေးလိုက်ပြီး အဘယ်ကြောင့် ကျင့်ကြံသူတစ်ယောက်ကို ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ရောက်စေသော စွမ်းအင်များထောက်ပံ့ပေးနိုင်ခြင်းကို သိလိုခဲ့သည်။

အာကာသကျောက်တုံးက မကြီးမားဘဲ အဖြူရောင်ဖျော့ဖျော့တောက်ပနေကာ ဆန်းကျယ်သော အာကာသစွမ်းအင်ကို သိမ်းဆည်းထားသည်။ သူက ၎င်းကို ညာလက်ဝါးပေါ်တွင်ထား၍ ဖြည်းညှင်းစွာစုပ်ယူလိုက်သည်။ အာကာသစွမ်းအင်က သူ၏လက်ဝါးအတွင်း ဝင်ရောက်လာသောခဏတွင် ကောင်းကင်ချီများ လှိုင်းထသွားခဲ့သည်။ အာကာသချီ၏ သေးငယ်သောပမာဏလေးတစ်ခုသည် ယဲ့ချန်၏ကိုယ်တွင်း ရောက်ရှိလာသောအခါ ညာလက်က လျင်မြန်စွာခြောက်သွေ့လာသည်။

"ဘာတွေဖြစ်နေတာလဲ။ အာကာသချီက ဘာလို့ ငါ့လက်ကို ခြောက်သွေ့သွားစေတာလဲ"

ယဲ့ချန်က ထိတ်လန့်သွားသော်လည်း ခဏအတွင်း သူ၏ညာလက်က သွေးရောင်ပြန်လွှမ်းလာပြီး မူလထက်ပင် ပို၍တောက်ပလာခဲ့သည်။ ၎င်းက အသစ်ပြန်မွေးဖွားလာသကဲ့သို့ ထင်မှတ်ရပြီး အာကာသချီ ဖြတ်သန်းသွားရာတလျှောက်တွင် ခန္ဓာကိုယ်က စတင်ပြောင်းလဲလာခဲ့သည်။

အာကာသချီက ယဲ့ချန်၏ခန္ဓာကိုယ်ကို သန့်စင်ပေးခဲ့ပြီး သူ၏ဒန်တန်ပင် ပြောင်းလဲသွားကာ ကြယ်တာရာအမြုတေများက ပို၍တောက်ပဘလာကြသည်။ သူ၏စိတ်အတွင်းရှိဓားပျံက တုန်ခါလာပြီး ဒန်တန်အတွင်း ကောင်းကင်ချီများကို ရေတံခွန်တစ်ခုပမာ သွန်ချပေးလိုက်သည်။

နောက်ဆုံးတွင် ယဲ့ချန်သည် ခြင်္သေ့ကြီးပြောပြခဲ့သော ရေခွက်ဥပမာကို နားလည်သွားခဲ့သည်။ ကျင့်ကြံသူတစ်​ယောက်၏ခန္ဓာကိုယ်က ပို၍သန်မာလေလေ ကောင်းကင်ချီများကို ပို၍သိမ်းဆည်းနိုင်လေလေဖြစ်သည်။ သာမန်ဆေးလုံးများက ခွက်ကိုဖြည့်ပေးရုံသာ တတ်နိုင်သော်လည်း အာကာသကျောက်တုံးက ခွက်ကို အဆင့်မြှင့်ပေးနိုင်လေသည်။

"တော်တော်အဖိုးတန်တဲ့ ရတနာပါလား"

ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော် နတ်ဘုရင်အဆင့် တက်ရောက်နိုင်ရေးအတွက် အစွမ်းကုန်ကျင့်ကြံခဲ့သည်။ သူ၏ဝိညာဥ်အဆင့်တက်သွားလျှင် သူက နတ်ဘုရင်အဖြစ် ဟန်ဆောင်နေရန်မလိုတော့ပေ။ ထို့အပြင် သူ၏ချစ်ခင်ရသူများကို ကာကွယ်ပေးနိုင်သော စွမ်းအားမျိုး ရှိလာပေလိမ့်မည်။

အာကာချီ၏အစွမ်းအောက်တွင် ယဲ့ချန်သည် ကျင့်ကြံဆင့်အတားအဆီးက ပါးလွှာလာကြောင်း ခံစားနေရသည်။ သူက ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ရောက်ရန် စက္ကူပါးတစ်ချပ်သာ ခံနေခဲ့သည်။

"ဝုန်း"

ယဲ့ချန်၏လက်ဝါးရှိ ကောင်းကင်သိုင်းချီက ရုတ်တရက် အသံထွက်ပေါ်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်က အလန့်တကြားငုံ့ကြည့်လိုက်သောအခါ သူ၏လက်ဝါးပေါ်ရှိ အာကာသကျောက်တွင် အက်ကြောင်းများဖြစ်ပေါ်လာ၍မှေး မှိန်သွားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် ၎င်းက စွမ်းအင်များကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ သာမန်ကျောက်တစ်တုံးပမာ ပြုတ်ကျသွားခဲ့သည်။

အာကာသကျောက်တစ်တုံး၏စွမ်းအားကို စုပ်ယူနေသော ခြင်္သေ့ကြီးက ယဲ့ချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ယဲ့ချန်က အာကာသကျောက်၏စွမ်းအင်အားလုံးကို စုပ်ယူခဲ့သော်လည်း အဆင့်မတက်နိုင်သောကြောင့် သူပင် အံ့သြသွားရသည်။

ထိုအချိန်တွင် ယဲ့ချန်သည် သူ၏ခန္ဓာကိုယ်ကိုစစ်ဆေးရာ၌ နစ်မျောနေသည်။ ကောင်းကင်သိုင်းချီက တောက်ပနေပြီး နောက် အာကာသချီလှိုင်းနှစ်ခုကို ထုတ်ပေးလာသည်။ ၎င်းက အာကာသချီပမာဏများစွာကို စုပ်ယူထားပြီး ယဲ့ချန်၏ခန္ဓာကိုယ်အတွက် အစိတ်အပိုင်းတစ်ခုသာ ပြန်လည်ထုတ်လုပ်ပေးခဲ့သည်။ ၎င်းတို့က ယဲ့ချန်၏သွေးကြောများမှတဆင့် ဒန်တန်သို့ စီးဝင်သွားခဲ့သည်။

ဒန်တန်က ဘုန်းခနဲမြည်ဟီးပေါက်ကွဲသွားကာ ကောင်းကင်ချီများ စတင်လည်ပတ်လာကြသည်။ ကန့်သတ်ဒေသတွင် ကျင့်ကြံခဲ့သော ယင်နှင့်ယန်ချီများက လျင်မြန်စွာများပြားလာသည့်အပြင် ယဲ့ချန်၏ခန္ဓာကိုယ်အတွင်း ပြင်းထန်စွာလှုပ်ခါလာကြသည်။ ထို့နောက် ဤစွမ်းအင်နှစ်ခုက အချင်းချင်းထိတွေ့သွားကြပြီး စတင်ပေါင်းစပ်လာကြသည်။ စွမ်းအင်နှစ်ခုက ပြင်းထန်စွာထိမှန်ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော နာကျင်မှုကြောင့် ယဲ့ချန်က နဖူးကြောများပင် ရှုံ့လိုက်မိသည်။

နာရီဝက်သာ ကြာမြင့်သော်လည်း ယဲ့ချန်အတွက် နာကျင်မှုကို အချိန်ကြာမြင့်စွာခံစားခဲ့ရသယောင် ထင်မှတ်မိသည်။ ယင်နှင့်ယန်က ပြည့်စုံစွာပေါင်းစပ်သွားချိန်တွင် ကြယ်အမြုတေကိုးခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ဒန်တန်က အဆုံးမရှိသော ကောင်းကင်တစ်ခုပမာ ကျယ်ပြန့်လာပြီး အမြုတေကိုးခုက ပတ်လမ်းကိုယ်စီရှိသော ကြယ်များအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့လည်ပတ်နေသည့် လှုပ်ရှားမှုပုံသဏ္ဍာန်က မတူကွဲပြားသော်လည်း အချင်းချင်းဆက်နွယ်နေ၍ ဟန်ချက်ညီမှုတစ်ခုကို ထုတ်ဖော်နေသည်။ ယဲ့ချန်သည် သူ၏ဒန်တန်က ဤမျှကျယ်ဝန်းသော နယ်မြေတစ်ခုဖြစ်လာမည်ကို အိပ်မက်ပင်မမက်ဖူးချေ။ လက်ရှိတွင် သူက ယခင်ထက် ကောင်းကင်ချီဆယ်ဆကျော် ပိုမိုထိန်းသိမ်းလာနိုင်ပြီဖြစ်သည်။

ယဲ့ချန်သည် သူ၏ကျင့်ကြံဆင့်ကလည်း ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်သို့ ရောက်နေကြောင်း သိလိုက်ရသဖြင့် အံ့သြသွားခဲ့သည်။

"နောက်ဆုံးတော့ အဆင့်တက်ပြီကွ"

ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်ကို စစ်ဆေးရန် မစောင့်နိုင်တော့ပေ။ ဝိညာဥ်စစ်သည်တော် ထွက်ပေါ်လာသောအခါ ၎င်းက ဆယ်မီတာကျော်မြင့်ပြီး ပို၍သန့်စင်မြင့်မြတ်လာခဲ့သည်။ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်သံချပ်ကာကလည်း ပိုမိုတောက်ပလာသည့်အပြင် ထူထဲလာခဲ့သည်။ လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားနေရာတွင် ကြီးမားသော လှံပုဆိန်ကြီးတစ်လက် ပြောင်းလဲနေရာယူထားခဲ့သည်။

"ယဲ့ချန် မင်းရဲ့ဝိညာဥ်အသိစိတ်က တော်တော်ထူးဆန်းတယ်။ ဘယ်လိုလုပ် ရုပ်သွင်ပြောင်းလဲနိုင်နေရတာလဲ။ ဒါက ဒဏ္ဍာရီလာရှေးဦးဝိညာဥ်နဲ့လည်း မတူပါဘူး။ ဘယ်လိုဖြစ်ဖြစ် မင်းရဲ့အစွမ်းက နတ်ဘုရင်တစ်ယောက်အောက် မနိမ့်ကျတော့ဘူး။ ဒါပေမယ့် ဝိညာဥ်စစ်သည်တော်က ဝိညာဥ်ကျင့်စဥ်တွေမတတ်မြောက်ထားလို့ နတ်ဘုရင်တစ်​ယောက်နဲ့တိုက်ခိုက်ရင် အောက်စည်းကို ရောက်နေလိမ့်မယ်။ မင်းကိုယ်မင်း ကာကွယ်နိုင်စွမ်းတော့ ရှိလာပြီ။ ငါ့မှာလည်း မင်းနဲ့သင့်တော်တဲ့ ဝိညာဥ်ကျင့်စဥ်မရှိတာ ဆိုးတယ်ကွာ"

ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ကိုကြည့်ကာ ခြင်္သေ့ကြီးပင် ထိတ်လန့်အံ့သြသွားရသည်။

"ဝိညာဥ်ကျင့်စဥ်"

ယဲ့ချန်က တစ်ချက်စဥ်းစား၍ ခေါင်းညိတ်ပြလိုက်သည်။ နတ်ဘုရင်အဆင့်သို့ရောက်လျှင် ရုပ်ခန္ဓာအပြင် ဝိညာဥ်ကလည်း ကျင့်စဥ်များ ကျင့်ကြံနိုင်စွမ်းရှိလာသည်။ အကယ်၍ သူက ဝိညာဥ်ကျင့်စဥ်တစ်ခု ကျင့်ကြံလိုလျှင် ကိုယ်တိုင်ရှာဖွေရပေလိမ့်မည်။

All Chapters