← Chapters

အဆင့်သုံးခု

Vol. 24 Ch. 328

အဆင့်သုံးခု

Vol. 24 Ch. 328

နောက်ဆုံးတွင် နတ်ဘုရင်အတုမှ အစစ်ဖြစ်လာသောကြောင့် ယဲ့ချန်၏ရင်ထဲတွင် ဂုဏ်ယူစိတ်များ ပြည့်နှက်နေသည်။ အကယ်၍ သူက အစွမ်းထက်ကျင့်ကြံသူများနှင့်ရင်ဆိုင်ရလျှင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိလာသဖြင့် ကြောက်နေရန် မလိုတော့ပေ။

ဝိညာဥ်မျှော်စင်အတွင်း နတ်ဝိဇ္ဇာနှင့်နတ်ဘုရင်များ မရှိသောကြောင့် ယဲ့ချန်စိတ်ကြိုက် ပြုမူနိုင်ပြီဖြစ်သည်။

"ယဲ့ချန် ငါ မင်းကို ပြောစရာတစ်ခုရှိတယ်။ ကောင်းကင်ကြယ်တာရာတံဆိပ်က ပြိုင်ဘက်ကင်းမဟုတ်ဘူး။ ဆန်းကျယ်အဆင့်ကျင့်ကြံသူတွေရှေ့မှာ မင်းက ဝင်ပုန်းနိုင်ပေမယ့် နတ်ဘုရင်တစ်ယောက်နဲ့တွေ့ရင် သေချာပေါက်ဂရုစိုက်ရမယ်။ တစ်ဖက်လူက မင်းမပုန်းနိုင်ခင်မှာတင် အစွမ်းထက်ဝိညာဥ်ကျင့်စဥ်နဲ့ ချိတ်ပိတ်ပစ်လိုက်လို့ရတယ်။ နတ်ဝိဇ္ဇာတွေကိုတော့ စိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် ပြိုင်ဘက်ကင်းဝိဇ္ဇာနဲ့ မဟာသာလွန်အဆင့်တွေဆိုရင် မင်း သေချာပေါက်သတိထားရမယ်။ မင်းက ဒီလှည့်ကွက်ကို ဆက်တိုက်သုံးနေပြီး ပြိုင်ဘက်က ကြိုတင်ပြင်ဆင်ထားရင် ငိုစရာအချိန်တောင် ရှိမှာမဟုတ်ဘူး"

ခရမ်းမီးတောက်ကြယ်ခြင်္သေ့က သတိပေးလိုက်သည်။

"ကျုပ် နားလည်ပါပြီ"

သူ၏စကားကြောင့် ပျော်ရွှင်နေသော ယဲ့ချန်က တည်ငြိမ်သွား၍ လေးနက်စွာခေါင်းညိတ်လိုက်သည်။

"မင်းအနေနဲ့ ရှေ့ကို တစ်ကွက်ကြိုမြင်ရလိမ့်မယ်။ တကယ်လို့ မင်းပြိုင်ဘက်က မင်းအကြောင်းမသိထားရင် အဆင်ပြေပေမယ့် သူတို့က ကြိုတင်ပြင်ဆင်ထားရင် မင်းရဲ့မောက်မာမှုက မင်းကိုသတ်သွားလိမ့်မယ်။ မင်းအနေနဲ့ နတ်ဘုရင်အဆင့်ထက်က ကျင့်ကြံဆင့်တွေအကြောင်း မသိသေးလောက်ဘူး။ ဆန်းကျယ်အဆင့်နဲ့ နတ်အဆင့်မှာ စဦး၊ အလယ်နဲ့ ထိပ်ဆုံးဆိုပြီး ခွဲထားသလို အထက်အဆင့်မှာလည်း အဆုံးမဲ့၊ ထူးကဲနဲ့ ကြီးမြတ်မှုဆိုပြီး အဆင့်သုံးခုရှိတယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို ကျင့်ကြံခြင်း၏ အထက်အဆင့်များအကြောင်း ရှင်းပြလိုက်သည်။

"အဆုံးမဲ့၊ ထူးကဲနဲ့ ကြီးမြတ်မှု ဟုတ်လား"

ယဲ့ချန်က ဤအချက်ကို သိလိုက်ရသော​ကြောင့် အံ့သြသွားခဲ့သည်။

"ဒီအဆင့်တွေကိုလည်း အဆင့်ငယ်ဆယ်ခုစီခွဲထားလို့ စုစုပေါင်း အဆင့်သုံးဆယ်ရှိတယ်။ အဆင့်ငယ်တစ်ခု တက်နိုင်ဖို့ဆိုတာ ကောင်းကင်ကိုမတင်ရသလိုမျိုး ခက်ခဲတယ်။ ကျင့်ကြံသူတွေအများကြီးက ဒီဘဝမှာ တစ်ဆင့်တောင်မတက်နိုင်ဘဲ သေဆုံးခဲ့ကြရတယ်"

မဟာသာလွန်အဆင့်နှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာအဆင့်တွင် ကျင့်ကြံခြင်းက အလွန်ခက်ခဲနိုင်သည်။

"အဆုံးမဲ့အဆင့်က ခွန်အားကို ကိုယ်စားပြုတယ်။ ထူးကဲအဆင့်က လောကကြီးရဲ့ဟန်ချက်ညီမှုကို ကိုယ်စားပြုတယ်။ ဒီအဆင့်မှာ မင်းက ပိုင်နက်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ ထူးကဲအဆင့်ကတော့ ကံကြမ္မာနဲ့ကောင်းကင်ကို တွန်းလှန်နိုင်မယ်"

ခြင်္သေ့ကြီးက တစ်လုံးချင်း ပြောလိုက်သည်။

"ကောင်းကင်ကိုတွန်းလှန်မယ် ဟုတ်လား"

ယဲ့ချန်၏နှလုံးခုန်သံများ လျင်မြန်လာခဲ့သည်။ ကျင့်ကြံခြင်းက ကောင်းကင်ကို ရင်ဆိုင်တိုက်ခိုက်ရခြင်းဖြစ်ပြီး ကျင့်ကြံဆင့်မြင့်တက်လာခြင်းက မသေမျိုးအင်မော်တယ်အဖြစ်သို့ ခြေတစ်လှမ်း နီးကပ်လာခြင်းပင်။

"ဒီအဆင့်တွေကို မင်းကိုယ်တိုင် နားလည်အောင်လုပ်ရမယ်။ ငါ မင်းကိုပြောနိုင်တာက အဆုံးမဲ့အဆင့်တွေမှာ လျှို့ဝှက်ကျင့်စဥ်တွေမတတ်မြောက်ထားရင် မင်းက ဒီတံဆိပ်နဲ့ လွတ်မြောက်နိုင်တယ်။ ဒါပေမယ့် ထူးကဲအဆင့်တစ်ယောက်နဲ့တွေ့ရင် လွတ်မြောက်ဖို့ အလွန်ခက်ခဲနိုင်တယ်။ သူတို့ရဲ့စိတ်စွမ်းအင်က သန်မာပြီး ပိုင်နက်အတွင်းမှာ အရာအားလုံးကို ထိန်းချုပ်နိုင်ကြတယ်။ မင်းက ဝင်ပုန်းနိုင်ပေမယ့် သူတို့သိသွားနိုင်လို့ ကောင်းကင်ကြယ်တာရာတံ​ဆိပ်ကို မထိုးဖောက်နိုင်ရင်တောင် မင်းလည်း မလွတ်မြောက်နိုင်ဘူး။ မင်းနဲ့တွေ့ဖူးတဲ့ ရေသူမလေးက ပထမတစ်ခေါက်မှာ အဆုံးမဲ့အဆင့်ဖြစ်ပေမယ့် နောက်တစ်ခေါက်မှာ ထူးကဲအဆင့်ကို ရောက်နေပြီ။ နောက်တစ်ခေါက်ပြန်တွေ့ရင် သူ့ကို ရန်မစမိစေနဲ့။ သူလိုချင်တာမှန်သမျှပေးလိုက်ပြီး မင်းခန္ဓာကိုယ်ကိုလိုချင်ရင်တောင် မငြင်းနဲ့။ ရန်သူက ကြီးမြတ်မှုအဆင့်ကို ရောက်နေရင်တော့ မင်းသေပြီ။ ဒါပေမယ့် နှစ်တွေဒီလောက်ကြာနေပြီဆိုတော့ လောကကြီးမှာ အဲ့လိုကျင့်ကြံသူတွေရှိမရှိ ငါလည်း မသေချာဘူး"

ခြင်္သေ့ကြီးက လေးနက်စွာ သတိပေးလိုက်သည်။

ခြင်္သေ့ကြီး၏ပြက်လုံးကြောင့် ယဲ့ချန်က ဆွံ့အသွားရသည်။ ထန်တိုက်လင်ကဲ့သို့ အေးစက်သော ရေခဲဘုရင်မက ယောကျ်ားတစ်ယောက်ကိုစိတ်ဝင်စားရန် မဖြစ်နိုင်ချေ။ သို့သော်လည်း ခြင်္သေ့ကြီး၏ အခြားစကားများက အဆင့်တက်မှုကြောင့် စိတ်ကြီးဝင်နေသော ယဲ့ချန်ကို လှုပ်နှိုးလိုက်သည်။ တစ်တောင်ထက်မြင့်သော တောင်တစ်ခု အမြဲတမ်းရှိနေပြီး သူက နတ်ဘုရင်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားလျှင်ပင် မဆင်မခြင်နေနိုင်မည် မဟုတ်ပေ။

"ဝိညာဥ်မျှော်စင်ကို ကျင့်ကြံသူတွေ အများကြီးရောက်နေကြတာဆိုတော့ မင်း သတိထားရမယ်။ မဟာသာလွန်အဆင့်နဲ့​ ပြိုင်ဘက်ကင်းဝိဇ္ဇာတွေတောင် အပြင်ဘက်မှာ ရောက်နေကြပြီ။ ကံကောင်းတာက အားလုံး အဆုံးမဲ့အဆင့်တွေဖြစ်ကြတယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို သတင်းအချက်လက်တစ်ခု ပြောပြလိုက်သည်။

"ဝိညာဥ်မျှော်စင်ကို အစွမ်းထက်ကျင့်ကြံသူတွေ ရောက်နေရင်တောင် ကျုပ် မကြောက်ဘူး။ ရတနာတစ်ခုတွေ့ရင် အရင်ရအောင်ယူပြီး ကျန်တာနောက်မှစဥ်းစားမယ်"

ယဲ့ချန်က ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်သည်။ အကယ်၍ အရာအားလုံးကိုကြောက်နေလျှင် ကျင့်ကြံခြင်း၏ဘဝက အဓိပ္ပါယ် ပျောက်ဆုံးသွားပေလိမ့်မည်။

"ယဲ့ချန် မင်းစကားက ငါ့ခေါင်းကို ရှင်းလင်းသွားစေပြီ။ အတိတ်တုန်းက ငါအစွမ်းထက်ပေမယ့် ပိုပြီးအစွမ်းထက်တဲ့ ကျင့်ကြံသူတွေရှိကြတယ်။ ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ် သုတ်သင်ခံလိုက်ရတဲ့အချိန်မှာ ငါက သတိကြီးလွန်းပြီး အကြောက်လွန်နေလို့ နိမ့်ကျတဲ့ လက်အောက်ခံသားရဲတစ်ကောင် ​ဖြစ်လာခဲ့တယ်။ နောင်တရလိုက်တာကွာ။ ငါ မင်းပြောသလို လုပ်ခဲ့သင့်တယ်။ ကဲ ရတနာကိုတွေ့ရင် အရင်ရအောင်လုယူပြီး ကျန်တာ နောက်မှစဥ်းစားကြတာပေါ့။ ရတနာကြောင့် အစွမ်းထက်လာရင် ရန်သူတွေကိုယှဥ်နိုင်မှာ သေချာတယ်"

ယဲ့ချန်၏စကားကို ကြားသောအခါ ခြင်္သေ့ကြီးက ခဏတာမင်သက်သွားခဲ့သည်။ သူက ယဲ့ချန်ကို ကြောက်မက်ဖွယ်ကျင့်ကြံသူများအကြောင်း ပြောပြလိုက်ချိန်တွင် သတ္တိရှိရှိတုံ့ပြန်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက ခဏတာစဥ်းစားပြီးနောက် ဉာဏ်အလင်းပွင့်သွားဟန်ဖြင့် မျက်လုံးများ အရောင်တောက်လာခဲ့သည်။

"နိမ့်ကျတာလား"

ယဲ့ချန်က မေးခွန်းထုတ်လိုက်သည်။

"အဟွတ် အဟွတ် ဘာမှမဟုတ်ပါဘူးကွာ။ မင်းနဲ့တွေ့ရတာ ငါ အရမ်းပျော်တယ်။ ကျင့်ကြခြင်းမှာ မင်းက ငါ့အတွက် အကောင်းဆုံးအဖော်ဖြစ်လိမ့်မယ်။ သွားကြစို့ ငါတို့ရနိုင်သမျှ လုယူကြမယ်။ ဝိညာဥ်မျှော်စင်ရဲ့ဒုတိယထပ်မှာတောင် အာကာသကျောက်တွေ အများကြီးပေါ်လာရင် နောက်အထပ်တွေဆိုရင် ပိုကောင်းတဲ့ရတနာတွေ ရှိနေလိမ့်မယ်"

ခြင်္သေ့ကြီးက အရှက်ပြေရယ်မောလိုက်သည်။ ဤကား သူပြန်မတွေးချင်သော အတိတ်ဖြစ်၍ ရှေ့ဆက်သွားရန် ယဲ့ချန်ကို စကားလမ်းကြောင်းပြောင်းလိုက်ရသည်။

"ကောင်းပြီ"

ယဲ့ချန်ကလည်း အချိန်မဖြုန်းလိုသောကြောင့် တံဆိပ်အတွင်းမှ ချက်ချင်းထွက်ခွာလိုက်သည်။

ဝိညာဥ်မျှော်စင်၏ဒုတိယထပ်တွင် လေ့ယွင်အင်ပါယာ၏ ဆန်းကျယ်ဝိဇ္ဇာများ ဟိုမှသည်သွားလာနေကြသည်။ ရုတ်တရက်ထွက်ပေါ်လာသော ယဲ့ချန်ကိုမြင်သောအခါ လူတိုင်းက ခြေလှမ်းများ ရပ်တန့်သွားကြသည်။ သူတို့၏အမြင်တွင် ယဲ့ချန်က သရဲတစ်ကောင် သို့မဟုတ် တည်နေရာပြောင်းလာသူတစ်ယောက်ဟု သတ်မှတ်လိုက်ကြသည်။

ထိုလူများ သတိမဝင်နိုင်ခင်မှာပင် ယဲ့ချန်က အဝေးသို့ အလင်းတန်းတစ်ခုအသွင်နှင့် ပျံသန်းထွက်ခွာသွားခဲ့သည်။ ယဲ့ချန် အချိန်ကြာမြင့်စွာပျောက်ကွယ်နေသောကြောင့် စစ်နတ်ဘုရားကျောင်းတော်နှင့် အခြားအင်အားစုကြီးများက သုံးထပ်မြောက်သို့ တက်သွားခဲ့ကြပြီးဖြစ်သည်။ ယဲ့ချန်က ရတနာများအား အခြားသူများရသွားမည်ကို စိုးရိမ်သောကြောင့် အရှိန်မြှင့်လိုက်သည်။

ယဲ့ချန်က ပျံသန်းနေရင်း အာကာသကျောက်တစ်တုံးကို ဝိညာဥ်ပုလဲအနီး ထားပေးလိုက်သည်။ ထို့နောက် ၎င်းက ပုလဲအတွင်း ချက်ချင်းဝင်ရောက်သွားခဲ့သည်။

"ရှောင်ရိ မင်းအတွက်"

ယဲ့ချန်က ရှောင်ရိကို ပို၍အစွမ်းထက်လာစေလိုသောကြောင့် အာကာသကျောက်ကို ပေးလိုက်ခြင်းဖြစ်၏။

"ဒါကြီးက မာလိုက်တာ။ အရသာလည်းမရှိဘူး။ ကျွန်တော် သွားကျိုးတော့မယ်"

ရှောင်ရိကပါးစပ်ဟ၍ အာကာသကျောက်ကို ကိုက်စားလိုက်သောအခါ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့သည်။

"ဒါက စွမ်းအင်တွေ စုပ်ယူရမှာလေ။ စားရမှာမဟုတ်ဘူး"

ယဲ့ချန်က ခါးသက်သက်ပြုံး၍ ညွှန်ကြားလိုက်သည်။ ရှောင်ရိက မြင်သမျှအရာအားလုံးကို စားစရာဟု ထင်မှတ်နေပုံပေါ်သည်။

"ဟုတ်"

ရှောင်ရိက မြွေလေးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ အာကာသကျောက်ကိုရစ်ပတ်၍ စွမ်းအင်ကို စတင်စုပ်ယူလိုက်၏။

အဝေးတွင် ကျင့်ကြံသူများစွာ ပြေးဝင်နေကြသော အနက်ရောင်တံခါးကြီးတစ်ချပ် ရှိနေသည်။ ယဲ့ချန်ကလည်း ၎င်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ခဏအတွင်း သူက သုံးထပ်မြောက်သို့ရောက်သွားပြီး မြင်ကွင်းများ ပြောင်းလဲသွားကြသည်။ ဤနေရာတွင်ရှိသော ဝိညာဥ်သားရဲများက အောက်အထပ်များရှိသားရဲများနှင့် မတူညီပေ။ ၎င်းတို့တွင် ဆူးချွန်များပြည့်နှက်နေသော ရှေ့လက်နှစ်ချောင်းနှင့် ကျောဘက်တွင် တောင်ပံတစ်စုံရှိသောကြောင့် ဓားခုတ်ကောင်များနှင့် ဆင်တူနေသည်။ ၎င်းတို့က အချိန်ကြာမြင့်စွာမပျံသန်းနိုင်သော်လည်း အလွန်မြင့်မားစွာ ခုန်ပျံနိုင်ကြသည်။ ကောင်းကင်တွင် ကျင့်ကြံသူတစ်ယောက် ပျံသန်းနေသည်ကိုမြင်လျှင် တောင်ပံများကိုခတ်၍ မြေပေါ်ခုန်တက်လာကာ အလစ်ချောင်းတိုက်ခိုက်တတ်ကြသည်။

ဤသားရဲများက ကောင်းကင်အဆင့်စွမ်းအားသာ ပိုင်ဆိုင်ထားသော်လည်း ချုံခိုတိုက်ခိုက်မှုက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ဆန်းကျယ်အဆင့်ကျင့်ကြံသူများပင် ၎င်းတို့၏ရှေ့လက်များကြောင့် အပြင်းအထန်ဒဏ်ရာရသွားနိုင်သည်။

လက်ရှိတွင် ဝိညာဥ်စစ်သည်တော်က နတ်ဘုရင်စဦးအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် ယဲ့ချန်က ကြွက်တစ်ကောင်ကဲ့သို့ ပုန်းအောင်းမနေတော့ပေ။ သူက ဝိညာဥ်အသိစိတ်ကိုဖြန့်ကျက်၍ သုံးထပ်မြောက်တစ်ခုလုံးကိုစစ်ဆေးကာ ရတနာများ ရှာဖွေလိုက်သည်။

လေထဲတွင်ရှိနေကြသော ဆန်းကျယ်အဆင့်သားရဲများနှင့် ဆန်းကျယ်ဝိဇ္ဇာများက ကြောက်စိတ်ကြောင့် နေရာတွင် အေးခဲသွားကြသည်။ အစွမ်းထက်ဂိုဏ်းကြီးများ၌ ပထမအသုတ်တွင် ဆန်းကျယ်အဆင့်များကိုသာ စေလွှတ်ရမည်ဟူသော သဘောတူညီချက်တစ်ခုရှိသည်။ အင်အားစုတစ်ခုက ဤသဘောတူညီချက်ကို ချိုးဖောက်လိုက်ကြောင်း သူတို့အားလုံး ထင်မှတ်သွားကြသည်။ ဤနေရာတွင် အခြားနတ်အဆင့်များမရှိသောကြောင့် ထိုကျင့်ကြံသူက ဝိညာဥ်မျှော်စင်အတွင်း ပြိုင်ဘက်ကင်းနေပေလိမ့်မည်။

ယဲ့ချန်သည် မီတာသုံးဆယ်အဝေးတွင် ဓားခုတ်ကောင်များပြည့်နှက်နေသော တောင်ကုန်းလေးတစ်ခုကို အာရုံခံမိလိုက်သည်။ ၎င်းတို့က မြေအောက်တွင် အသိုက်တစ်ခုတည်ဆောက်ထားပြီး ထိုအသိုက်အတွင်း၌ ရွှေရောင်ဥများ တည်ရှိနေကြသည်။ ဥတစ်လုံးစီက ကျောက်တုံးကြီးများအရွယ်အစားရှိ၍ မျက်နှာပြင်ထက်တွင် ဆန်းကျယ်သောရုန်းများ ထင်ဟပ်နေသည်။

ယဲ့ချန်က ရတနာများဟု ထင်မှတ်သောကြောင့် ထိုနေရာသို့ ဦးတည်ပျံသန်းလိုက်သည်။

"ယဲ့ချန် တစ်ခုခု ရှာတွေ့လို့လား"

ခြင်္သေ့ကြီးက စိတ်လှုပ်ရှားနေသောအသံဖြင့် မေးမြန်းလိုက်သည်။

"ရွှေရောင်ဥတွေ တွေ့တယ်။ ဒါတွေက ဘာမှန်းမသိရပေမယ့် ဥခွံပေါ်မှာတော့ ရုန်းတွေရှိနေတယ်"

ယဲ့ချန်က ဥများ၏အသွင်ကို ခြင်္သေ့ကြီးအား ပြောပြလိုက်သည်။

"ရွှေရောင်ဥတွေနဲ့ ဆန်းကျယ်တဲ့ရုန်းတွေ"

ယဲ့ချန်၏စကားကို ကြားသောအခါ စိတ်လှုပ်ရှားနေသော ခြင်္သေ့ကြီး၏လေသံက လေးနက်လာသည်။

ရွှေရောင်ဥများနှင့်မနီးမဝေးတွင် ခရမ်းရောင်အလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်းကလည်း ရတနာဖြစ်နိုင်သောကြောင့် ယဲ့ချန်က စစ်ဆေးရန် ဆုံး ဖြတ်လိုက်သည်။ ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ်ပြောင်းလဲသွား၍ လှံပုဆိန်ကို တစ်ချက်ယမ်းလိုက်သောအခါ တောင်ကုန်းလေးပေါ်ရှိ ဝိညာဥ်သားရဲများအားလုံး သေဆုံးသွားကြသည်။ ဓားခုတ်ကောင်များတွင်လည်း ထျန်းယွမ်ဒင်္ဂါးများ ပါဝင်နေခဲ့သည်။ ရတနာများက ပို၍ရှားပါးလေလေ ပို၍အဖိုးတန်လေလေဖြစ်သောကြောင့် ဤငွေပြားများက အလွန်ပေါများလာသောအခါ တန်ဖိုးနိမ့်ကျသွားကြသည်။ ဝိညာဥ်မျှော်စင်၏အပြင်ဘက်တွင် ၎င်းတို့ကို ဝယ်ယူနိုင်ချေရှိသောကြောင့် အခြားရတနာများကိုသာ အာရုံစိုက်ရမည်ဖြစ်ပေသည်။

ယဲ့ချန်က ရွှေဥများဘေးတွင် ဆင်းသက်၍ ၎င်းတို့ကိုသိမ်းယူရန် ပြင်လိုက်သည်။

"ယဲ့ချန် အဲ့တာတွေကို မထိနဲ့"

ခြင်္သေ့ကြီးက အလန့်တကြားတားမြစ်လိုက်သည်။

"ဘာကြောင့်လဲ"

သူ၏လေသံကြောင့် ယဲ့ချန်ပင် စိတ်ရှုပ်သွားခဲ့သည်။ ခြင်္သေ့ကြီးကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင် ရွှေဥများကိုကြောက်နေရသော အကြောင်းအရင်းကို သူ နားမလည်ချေ။ သို့သော်လည်း သူက လက်ကို ချက်ချင်းပြန်ရုတ်လိုက်၏။

"မုန်တိုင်းဓားနဲ့ အကုန်ဖျက်ဆီးပစ်လိုက်။ ဒါတွေအားလုံးကိုဖျက်ဆီးပြီး တစ်ကောင်မှ အသက်မရှင်စေနဲ့။ မြန်မြန်လုပ်"

ခြင်္သေ့ကြီးက အလောတကြီးခိုင်းစေလိုက်သည်။

All Chapters