← Chapters

ဒီရတနာကို ငါ လိုချင်တယ်

Vol. 24 Ch. 330

ဒီရတနာကို ငါ လိုချင်တယ်

Vol. 24 Ch. 330

"ခွေးကောင် မင်း ဒီတစ်ခေါက် ဘယ်ကိုထွက်ပြေးမလဲ"

ချီနန်၏မျက်နှာက ဒေါသထွက်လွန်းသဖြင့် အရောင်ပြောင်းနေခဲ့သည်။ သမာဓိကောင်စီ၏သင်္ဘော ဖျက်ဆီးခံလိုက်ရပြီးနောက် သူက ပင်လယ်သားရဲများလက်မှလွတ်အောင် အရာအားလုံးထုတ်သုံးကာ ငါးရက်ငါးညတိုင်တိုင် ရေကူးခဲ့ရသည်။ ဤငါးရက်တာက သူ့ဘဝတွင်မမေ့နိုင်သော နာကျင်ဖွယ် အမှတ်တရဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ကမ်းခြေသို့ရောက်သောအခါ သူက အားပြတ်သွားသဖြင့် လေးငါးရက်ကြာအောင် သတိလစ်ခဲ့ရသည်။ ဤအကြောင်းကို ပြန်တွေးမိသောအခါ ချီနန်သည် သူ၏အမုန်းတရားကို ဖြေဖျောက်ရန် ယဲ့ချန်၏အလောင်းကိုပင် အပိုင်းပိုင်းအစစ လုပ်ပစ်ချင်နေခဲ့သည်။

"အစ်ကိုကြီးဟုရန် ကျွန်တော်နဲ့ လင်ချိုး ကန့်သတ်ဒေသကို စုံစမ်းဖို့သွားတုန်းက ဒီကောင်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ သူက ပင်လယ်သားရဲတွေကိုထိန်းချုပ်ပြီး သမာဓိကောင်စီရဲ့လှေကို ဖျက်ဆီးခဲ့တဲ့အ​ပြင် စော်ကားခဲ့ပါသေးတယ်"

ချီနန်က သိုလှောင်အိတ်အတွင်းမှ ဓားရှည်တစ်လက်ကိုဆွဲထုတ်ရင်း တိုင်ကြားလိုက်သည်။

"သမာဓိကောင်စီကို ရန်စရဲတယ်ဆိုတော့ မင်းက သေချင်နေပြီထင်တယ်။ လာပြီးအသေခံစမ်း"

ဟုရန်လင်းက ဒေါသတကြီးဖြင့် ယဲ့ချန်ကိုစိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။

ပတ်ဝန်းကျင်ရှိ ဆန်းကျယ်ဝိဇ္ဇာများက ဤအဖြစ်ကို စောင့်ကြည့်နေကြသည်။ သမာဓိကောင်စီက စွမ်းအားအကြီးဆုံးအဖွဲ့တစ်ခု ဖြစ်သောကြောင့် ကြီးမားစွာလွှမ်းမိုးနိုင်သည်။ သာမန်အခြေအနေတွင် မည်သူမှ သမာဓိကောင်စီကို ရန်မစလိုပေ။

ယဲ့ချန်သည် ဤလူစုနှင့် အရေးမပါသော စကားများကိုပြောဆိုရန် ပျင်းရိနေခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်က ဝိညာဥ်မျှော်စင်၏သုံးထပ်တစ်ခုလုံး၌ ရတနာများ လိုက်လံရှာဖွေနေသည်။ ငါးကီလိုမီတာအချင်းဝက်အတွင်း အလင်းတန်းများစွာထွက်ပေါ်နေပြီး အများစုက အဆင့်ငါးလက်နက်များဖြစ်ကြသည်။ အားလုံးနီးပါးက ဓားရှည်အမျိုးအစား ဝိညာဥ်လက်နက်များဖြစ်ကာ အဝေးတွင် ခရမ်းရောင်အလင်းတန်းတစ်ခုလည်း တည်ရှိနေသည်။ ၎င်းက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်နိုင်လေသည်။

"ခွေးကောင် ဒီနေ့က မင်းရဲ့သေနေ့ပဲ။ အသက်ရှင်ချင်တယ်ဆိုရင် ငါ့ကိုတောင်းပန်စမ်း"

ယဲ့ချန်က သူ့ကိုလုံးဝဂရုမစိုက်သည့်အပြင် ကြောက်လန့်ခြင်းလုံးဝမရှိသောအခါ ချီနန်၏ဒေါသရေချိန်က မြင့်တက်လာသည်။ သူ၏နောက်တွင် ဆန်းကျယ်ဝိဇ္ဇာများရှိနေသောကြောင့် ထွက်ပြေးနိုင်မည်လည်း မဟုတ်ပေ။

"ငါမတိုက်ခိုက်ခင် ထွက်သွားစမ်း။ မင်းတို့နဲ့ အချိန်မဖြုန်းချင်ဘူး။ မင်းတို့ကိုယ်မင်းတို့ သမာဓိကောင်စီကဆိုပြီး မောက်မာမနေကြနဲ့။ သမာဓိကောင်စီကို အနှေးနဲ့အမြန် ငါ ဖျက်ဆီးပစ်မယ်"

ယဲ့ချန်က ချီနန်ကိုတစ်ချက်ကြည့်၍ အေးစက်စက် သတိပေးလိုက်သည်။

"ဒီကောင်က အသက်ဆက်မရှင်ချင်ဘူးထင်တယ်။ အစ်ကိုဟုရန် သူ့ကိုသတ်ရအောင်"

ချီနန်က ယမ်းပုံမီးကျ ဒေါသထွက်သွားခဲ့သည်။

အခြားဂိုဏ်းများမှ ကျင့်ကြံသူများက ယဲ့ချန်၏စကားကိုကြားသောအခါ အလွန်အံ့သြနေကြသည်။ လက်ရှိတွင် ဆန်းကျယ်ဝိဇ္ဇာများ ဝိုင်းထားခြင်းခံရသော်လည်း ယဲ့ချန်က ကြောက်လန့်မနေသည့်အပြင် ပြန်လည်ခြိမ်းခြောက်နေခဲ့သည်။ သူက အကြောက်လွန်၍ဟန်ဆောင်နေခြင်း သို့မဟုတ် မောက်မာရန် အမှန်တကယ်စွမ်းအားရှိခြင်းဖြစ်မည်ကို ဆက်လက်စောင့်ကြည့်ရပေလိမ့်မည်။

"ဒီကောင်က အချိန်ဆွဲနေတာ ဖြစ်ရမယ်။ သူ့စစ်ကူတွေရောက်လာမှ တိုက်ခိုက်မယ်ဆိုရင် နောက်ကျသွားလိမ့်မယ်"

ချီနန်က အလောတကြီးသတိပေးလိုက်သည်။

"သတ်ကြ"

ဟုရန်လင်း၏မျက်လုံးအတွင်း သတ်ဖြတ်လိုစိတ်တစ်ခု ထင်ဟပ်လာကာ အော်ဟစ်အမိန့်ပေးလိုက်သည်။

"ဝိညာဥ်အသွင်ဖြစ်တည်ခြင်း"

ယဲ့ချန်က အော်ဟစ်ကြုံးဝါးလိုက်သောအခါ ဝိညာဥ်အသိစိတ်က ရွှေရောင်စစ်သည်တော်ကြီးအဖြစ် ထွက်ပေါ်လာခဲ့သည်။ ၎င်းက ဆယ်မီတာမြင့်ပြီး လှံပုဆိန်ကြီးကိုဆွဲကိုင်ထားကာ ခန္ဓာကိုယ်ထက်တွင် ခရမ်းရောင်မီးများ တောက်လောင်နေသည်။ သူက ဝိညာဥ်မျှော်စင်အတွင်း ရတနာရှာဖွေရဦးမည်ဖြစ်သောကြောင့် ဤလူစုနှင့် အချိန်ကုန်မခံလိုပေ။

ပြင်းထန်သောစွမ်းအားကြီးတစ်ခုက ဝိညာဥ်စစ်သည်တော်ကို ဗဟိုပြု၍ထွက်ပေါ်လာသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။ တစ်ဖက်လူက နတ်ဘုရင်ဖြစ်နေသောအခါ ချီနန်၏မျက်နှာပေါ်၌ သွေးမရှိတော့ပေ။ အကယ်၍ သူက ယဲ့ချန်သာ နတ်ဘုရင်ဖြစ်ကြောင်းသိလျှင် သတ္တိဆယ်ဆရှိပါစေ ရန်စရဲမည်မဟုတ်ပေ။ ဟုရန်လင်းနှင့် နောက်လိုက်များလည်း မင်သက်သွားကြသည်။ ရှေးဟောင်းစစ်နတ်ဘုရားနှင့်တူညီသော ဝိညာဥ်စစ်သည်တော်က သူတို့ကိုကြောက်လန့်စေပြီး ခုခံနိုင်သောစွမ်းအား မရှိကြပေ။ ဝိညာဥ်များပင် ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။

"မဖြစ်နိုင်ဘူး။ ဒီနေရာမှာ နတ်ဘုရင်တစ်ယောက် ဘာလို့ရောက်နေရတာလဲ"

ဝိညာဥ်မျှော်စင်အတွင်းမဝင်ခင် အစွမ်းထက်အင်အားစုကြီးများက သဘောတူညီချက်တစ်ခု ပြုလုပ်ထားခဲ့သည်။ အတွင်းရှိအခြေအနေကို စစ်ဆေးရန် နတ်အဆင့်အောက်ကျင့်ကြံသူများကိုသာ စေလွှတ်ရမည်ဖြစ်ပြီး နောက်ပိုင်းတွင်မှ အစွမ်းထက်သူများ လိုက်ဝင်လာရမည်ဖြစ်သည်။ ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် နတ်ဘုရင်နှင့်နတ်ဝိဇ္ဇာများက ဝင်ပေါက်တွင်နေရစ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် နတ်ဘုရင်တစ်ယောက်က အောင်မြင်စွာခိုးဝင်နိုင်ခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာအရေအတွက် မည်မျှများပြားပါစေ နတ်ဘုရင်တစ်ယောက်ကို လုံးဝမယှဥ်နိုင်ချေ။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ကြောက်စိတ်ကြောင့် ယဲ့ချန်ကို လေးလေးစားစားဆက်ဆံလာခဲ့ကြသည်။

"အရှင် ကျွန်တော်တို့က အရှင့်ကိုမစော်ကားမိခဲ့ပါဘူး။ ကျေးဇူးပြုပြီး သနားညှာတာပါ"

မိုးကြိုးသားရဲမျိုးနွယ်မှ ကျင့်ကြံသူသုံးယောက်အနက် အစွမ်းအထက်ဆုံးဖြစ်သော ဖုခွန်းက လျှောက်တင်လိုက်ခြင်းဖြစ်သည်။ ကျန်ကျင့်ကြံသူနှစ်ယောက်မှာ ယဲ့ချန်ကို ကြောက်လွန်းသဖြင့် တဆတ်ဆတ်တုန်နေကြသောအခါ စကားပင်မပြောနိုင်ပေ။ ဖုခွန်းတစ်ယောက်တည်းသာလျှင် စကား​ပြောနိုင်စွမ်းရှိသောကြောင့် ယဲ့ချန်ကို အလျင်အမြန်အရိုအသေပေးကာ တောင်းပန်နိုင်ခဲ့သည်။

"ငါနဲ့ မိုးကြိုးမျိုးနွယ်ကြားမှာ ရန်ငြိုးရန်စမရှိဘူး။ မင်းတို့ထွက်သွားနိုင်တယ်"

ယဲ့ချန်က မိုးကြိုးမျိုးနွယ်ဝင်သုံးယောက်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ကျင့်ကြံသူသုံးယောက်က သက်ပြင်းကိုယ်စီချ၍ သူ့ကိုအရိုအသေပေးကာ ကောင်းကင်သို့ ချက်ချင်းပျံတက် ထွက်ပြေးသွားကြသည်။ အခြားဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကလည်း ဖိအားများလျော့ကျသွားသောကြောင့် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်လိုက်မိသည်။ ထို့နောက် အားလုံးက ယဲ့ချန်ကိုအရိုအသေပေးကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ အကယ်၍ ယဲ့ချန်သာသတ်လိုလျှင် မျက်တောင်တစ်ခတ်အတွင်း အားလုံးသေရမည်ဖြစ်သောကြောင့် မြန်နိုင်သမျှအမြန်ဆုံး ထွက်​ပြေးသွားကြလေသည်။

ယဲ့ချန်၏အကြည့်က သမာဓိကောင်စီဝင်များထံ ပြန်လည်ကျရောက်သွားပြီး ရန်လိုနေကြောင်း ထင်ရှားသည်။ ချီနန်နှင့်ဟုရန်လင်းဖြစ်စေ၊ ဖုယုဖြစ်စေ သမာဓိကောင်စီမှကျင့်ကြံသူများက သူ့အတွက် ဆူးငြောင့်ခလုတ်များပင်ဖြစ်သည်။

"ကျေးဇူးပြုပြီး သနားပါ အရှင်"

ချီနန်က ဝိညာဥ်စစ်သည်တော်ကိုကြည့်နေရင်း နဖူးမှ ချွေးတပေါက်ပေါက်စီးကျနေခဲ့သည်။ နတ်ဘုရင်တစ်ယောက်၏ အရှိန်အဝါက ဝိညာဥ်ကိုဖိအားပေးနေသဖြင့် သူတို့အားလုံး မခုခံနိုင်ခဲ့ပေ။ နတ်ဘုရင်ဆိုသည်က သမာဓိကောင်စီ၏ခေါင်းဆောင်များနှင့်ပင် ယှဥ်နိုင်သူများဖြစ်သောကြောင့် ချီနန်က အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။

"မင်း ငါတို့ကိုသတ်ရင် သမာဓိကောင်စီက လက်စားချေလိမ့်မယ်။ မင်းလိုနတ်ဘုရင် မပြောနဲ့၊ မဟာသာလွန်အဆင့်နဲ့ ပြိုင်ဘက်ကင်းဝိဇ္ဇာတွေကိုတောင် သမာဓိကောင်စီက အမဲလိုက်သတ်ဖြတ်နိုင်တယ်"

ဟုရန်လင်းက သမာဓိကောင်စီ၏နာမည်ကိုသုံးကာ ခြိမ်းခြောက်လိုက်သော်လည်း တုန်ယင်နေသောအသံကြောင့် အလွန်ကြောက်လန့်နေကြောင်း သိသာသည်။ ယဲ့ချန်၏ဖိအားအောက်တွင် သူ၏သွားများက တဂတ်ဂတ်ရိုက်ခတ်နေသည်။ သူ၏စိတ်ထဲတွင် သာမန်ကျင့်ကြံသူများက သမာဓိကောင်စီကိုမစော်ကားရဲဘဲ နတ်ဘုရင်ဖြစ်လျှင်ပင် နှစ်ခါပြန်တွေးရမည်ဟု ထင်မှတ်ထားသောကြောင့် ခြိမ်းခြောက်လိုက်ခြင်းဖြစ်လေသည်။

သို့သော်လည်း ကံဆိုးစွာဖြင့် တစ်ဖက်လူက သမာဓိကောင်စီကို လုံးဝဂရုမစိုက်သော ယဲ့ချန်ဖြစ်နေခဲ့သည်။ သူ၏အတွေးတစ်ချက်တွင် ဝိညာဥ်စစ်သည်တော်က ဧရာမညာလက်ဝါးဖြင့် ထိုလူများကို သိမ်းကျုံးရိုက်ထုတ်လိုက်သည်။ လက်ဝါးချက်၏အရှိန်ကြောင့် ပတ်ဝန်းကျင်တွင် မုန်တိုင်းတစ်ခုပင်ဖြစ်ပေါ်လာပြီး ခရမ်းရောင်မီးတောက်များလည်း လွင့်ပျံလာသည်။

ချီနန်တို့လူစုက ဆန်းကျယ်ဝိဇ္ဇာများဖြစ်သော်လည်း နတ်ဘုရင်တစ်ယောက်နှင့် ခွန်အားချင်း မိုးနှင့်မြေပမာ ကွာခြားနေသည်။ သူတို့ဝိညာဥ်များကလည်း ဖိအားကိုခံစားနေရသဖြင့် ခုခံနိုင်စွမ်းပင်မရှိကြပေ။ လက်ဝါးချက်ကျရောက်လာသောအခါ ခန္ဓာကိုယ်အတွင်းမှ အရိုးကျိုးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ဤခွန်အားအောက်တွင် သူတို့က လက်တစ်ချောင်းပင် မလှုပ်နိုင်ပေ။

"ဘန်း"

ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ချီနန်၊ ဟုရန်လင်းနှင့် ဆန်းကျယ်ဝိဇ္ဇာငါးယောက်က အဝေးသို့လွင့်ထွက်သွားကြပြီး မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ ဤရိုက်ချက်က သူတို့၏အသက်ကို သေချာပေါက်နုတ်ယူနိုင်သည်။ အကြောင်းမှာ နတ်ဘုရင်တစ်ယောက်၏ဝိညာဥ်က ရန်သူ၏ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခရမ်းရောင်မီးတောက်များ လောင်ကျွမ်းခြင်းခံရသောအခါ သမာဓိကောင်စီဝင်ခုနစ်ယောက်၏ ဝိညာဥ်များက ပြာကျသွားပြီဖြစ်သည်။ နတ်ဘုရင်တစ်ယောက်အတွက် ဆန်းကျယ်ဝိဇ္ဇာများက ပုရွက်ဆိတ်များပမာ အားနည်းနေခဲ့သည်။

တတိယထပ်၏အရှေ့ပိုင်းတွင် ကျင့်ကြံသူပေါင်းနှစ်ဆယ်ကျော်က အဆင့်ငါးဓားရှည်နှစ်လက်နှင့် ရှေးဟောင်းစာအုပ်တစ်အုပ်အတွက် အပြင်းအထန်တိုက်ခိုက်နေကြသည်။ စာအုပ်ကို အမျိုးအမည်မသိရသော ကုန်ကြမ်းဖြင့်ပြုလုပ်ထားပြီး ဆန်းကျယ်ဝိဇ္ဇာများ၏ ဆက်တိုက်လုယူခြင်းခံနေရသော်လည်း စုတ်ပြဲမသွားခဲ့ပေ။

"ဘန်း ဘန်း ဘန်း"

ကောင်းကင်ထက်တွင် ချီစွမ်းအင်များ ပြည့်နှက်နေပြီး သိုင်းကွက်ပေါင်းစုံ ထွက်ပေါ်နေသည်။

"သမာဓိကောင်စီကို ဘယ်သူတိုက်ခိုက်ရဲလဲ"

သမာဓိကောင်စီ၏ ကျင့်ကြံသူသုံးယောက်က စာအုပ်ကိုလုယူ၍ ထွက်ပြေးရန် ပြင်လိုက်သည်။

"နှင်းအရိပ်မျိုးနွယ် လိုက်ဖမ်းကြစမ်း"

ဆန်းကျယ်ဝိဇ္ဇာငါးယောက်က ဒေါသတကြီးကြုံးဝါး၍ သူတို့နောက်သို့ ချက်ချင်းလိုက်ပါလာသည်။ သမာဓိကောင်စီက အစွမ်းထက်သော်လည်း ရှေးဟောင်းမျိုးနွယ်များက ကြောက်လန့်ခြင်းမရှိပေ။ သူတို့က သမာဓိကောင်စီဝင်သုံးယောက်ကို ဝိုင်းလိုက်ပြီး တိုက်ခိုက်နေကြသည်။

လူတိုင်းက ရှေးဟောင်းစာအုပ်ကို လိုချင်နေသောကြောင့် အခြားဂိုဏ်းများလည်း တိုက်ပွဲအတွင်း ဝင်ရောက်လာကြသည်။ ၎င်း ပထမဆုံးထွက်ပေါ်လာချိန်တွင် ရွှေရောင်အလင်းကြီးတစ်ခု တောက်ပစွာဖြစ်တည်လာသည်။ အလင်းတန်းပျောက်ကွယ်သွားချိန်တွင် စာအုပ်တစ်အုပ် ထွက်ပေါ်လာသောကြောင့် သေချာပေါက်အဖိုးတန်မည်ဟု အားလုံးက တွက်ဆထားကြသည်။ စာအုပ်၏ပိုင်ရှင်က အချိန်တိုင်း​ပြောင်းလဲနေပြီး ဤတိုက်ပွဲအတွင်း ဆန်းကျယ်ဝိဇ္ဇာဆယ်ယောက်ကျော် သေဆုံးပြီးဖြစ်သည်။

ထိုအချိန်တွင် အစွမ်းထက်ဖိအားကြီးတစ်ရပ် ကျရောက်လာသည်။ ကျင့်ကြံသူများက နတ်ဘုရင်တစ်ယောက်ရောက်လာကြောင်း ခံစားမိသဖြင့် မျက်နှာပျက်သွားကြသည်။ သူတို့က ဖိအားအောက်တွင်သည်းခံ၍ မော့ကြည့်လိုက်သောအခါ ကောင်းကင်ထက်တွင် ရွှေရောင်ဝိညာဥ်စစ်သည်တော်ကို တွေ့လိုက်ကြရသည်။ ၎င်းက သူတို့ကို ပုရွက်ဆိတ်များပမာ အထင်သေးစွာ ငုံ့ကြည့်နေခဲ့သည်။

"ဒီရတနာကို ငါ လိုချင်တယ်။ သမာဓိကောင်စီရဲ့ မောက်မာတဲ့ကောင်တွေကတော့ သေရမယ်"

ဝိညာဥ်စစ်သည်တော်က လက်ဝါးဖြန့်လိုက်သောအခါ ရှေးဟောင်းစာအုပ်သည် သံလိုက်ဖြင့်ဆွဲငင်ခံရသော သံစပမာ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။ ထို့နောက် ၎င်း၏လက်ချောင်းတစ်ချောင်းက ကျင့်ကြံသူများထံ ကျရောက်လာခဲ့လေသည်။

All Chapters