← Chapters

ငါ မင်းကို ကိုက်မစားပါဘူး

Vol. 24 Ch. 333

ငါ မင်းကို ကိုက်မစားပါဘူး

Vol. 24 Ch. 333

"ဝိညာဥ်အရိုးအ​ပြင် မူကွဲဝိညာဥ်သားရဲရဲ့ တစ်ကိုယ်လုံးကလည်း အဖိုးတန်တယ်။ ဒီကောင့်ရဲ့ခေါင်းထဲမှာလည်း အဖိုးတန်သတ္တုတစ်ခု ရှိရမယ်။ ထျန်းယွမ်ဒင်္ဂါးတွေထက် ပိုပြီးအဖိုးတန်လိမ့်မယ်"

ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က မင်သက်သွားခဲ့သည်။ မူကွဲဝိညာဥ်သားရဲတွင် အဖိုးအတန်ဆုံးမှာ ဧရာမဓားကြီးနှစ်လက်မဟုတ်ဘဲ ၎င်း၏ခန္ဓာကိုယ်ဖြစ်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူ၏လက်မောင်းကာအတွင်းရှိ နေရာလပ်က ၎င်း၏ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ထည့်သွင်းနိုင်ရန် လုံလောက်စွာ ကျယ်ဝန်းပေသည်။

"ရှောင်ရိ ဒီမူကွဲဝိညာဥ်သားရဲကို သတ်ကြစို့။ ပြီးရင် မင်းကို အသားကင်ကျွေးမယ်"

ယဲ့ချန်၏စကားအဆုံးတွင် ရှောင်ရိက အဝတ်အစားများကြားမှ တိုးထွက်လာခဲ့သည်။ ထို့နောက် သူက မီတာသုံးရာကျော်ရှည်လျားသော ဧရာမတောင်ပံမြွေနဂါးကြီးအဖြစ် အသွင်ပြောင်းလဲလိုက်သည်။ သူက အသားကင်ဟူသော စကားလုံးကိုကြားသောအခါ မျက်လုံးများ ချက်ချင်းတောက်ပလာ၍ မူကွဲဝိညာဥ်သားရဲကို သွားရည်တမြားမြားနှင့် စိုက်ကြည့်နေခဲ့သည်။

ရှောင်ရိ၏လောဘကြီးသော မျက်လုံးများနှင့် မူကွဲဝိညာဥ်သားရဲကို ပစ်မှတ်ထားနေပုံကို မြင်ရသောအခါ ယဲ့ချန်က အံ့သြသွားခဲ့သည်။ ရှောင်ရိမှာ အစားကြီးလွန်းသဖြင့် အလွန်အရုပ်ဆိုးသော ဝိညာဥ်သားရဲကိုပင် သွားရည်ကျနေခဲ့လေသည်။

"အစ်ကိုကြီး ကျွန်တော်သွားပြီ"

ရှောင်ရိက တောင်ပံများကိုခတ်၍ အဝေးရှိပစ်မှတ်ထံ လှစ်ခနဲပျံသန်းသွားခဲ့သည်။

"မီးဓားငရဲ"

အနက်ရောင်မီးများ တောက်လောင်နေသော သံမဏိဓားများက မိုးရွာသကဲ့သို့ တဖွဲဖွဲကျဆင်းလာသည်။ အပူလှိုင်းကြီးများထွက်ပေါ်လာ၍ ပတ်ဝန်းကျင်အပူချိန်က ချက်ချင်းမြင့်တက်လာပြီး အစွမ်းထက်အရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာသည်။ မူကွဲဝိညာဥ်သားရဲသည် ဖိအားကို အာရုံခံမိသောအခါ အော်ဟစ်ကြုံးဝါး၍ ဓားကြီးများနှင့် ရှောင်ရိကို ကြိုဆိုလိုက်သည်။

မရေမတွက်နိုင်သော သံမဏိဓားများက မူကွဲဝိညာဥ်သားရဲထံ ကျဆင်းလာသည်။ ၎င်း၏ကိုယ်ပေါ်ရှိ အနီရောင်မီးတောက်များကလည်း ကောင်းကင်သို့ ဝုန်းခနဲထိုးတက်လာခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

ရှောင်ရိနှင့် ဝိညာဥ်သားရဲတိုက်ပွဲကြောင့် ကောင်းကင်တွင် မီးတောက်များ လွင့်ပျံနေသည်။ အစွမ်းထက်သားရဲနှစ်ကောင် တိုက်ခိုက်မှုကြောင့် ဝိညာဥ်မျှော်စင်၏ လေးထပ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ထို့ကြောင့် ဆန်းကျယ်အဆင့်ကျင့်ကြံသူများက နေရာတွင် အေးခဲသွားကြပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ ဧရာမမြွေနဂါးကြီးတစ်ကောင်က မူကွဲဝိညာဥ်သားရဲကို တိုက်ခိုက်နေသည်အား မြင်လိုက်ကြသည်။

တစ်ကောင်ချင်းစီ၏အရှိန်အဝါက နတ်ဘုရင်အဆင့်နှင့် သက်ဆိုင်နေသည်။ ဖုဇီနှင့်အခြားကျင့်ကြံသူများက ကြောက်လန့်နေကြပြီဖြစ်သည်။ ဝိညာဥ်မျှော်စင်အတွင်း နတ်ဘုရင်တစ်​ယောက်ပေါ်လာကြောင်း သူတို့က သိထားသော်လည်း အနက်ရောင်ဝိညာဥ်သားရဲအကြောင်းကို မသိထားကြပေ။ ၎င်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည့်အပြင် သံမဏိဓားသွားများနှင့် မီးတောက်များ ထွက်ပေါ်နေသော တိုက်ပွဲမြင်ကွင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းလေသည်။

"ဘုန်း ဘုန်း ဘုန်း"

ရှောင်ရိနှင့် ဝိညာဥ်သားရဲက တိုက်ကွက်များ ဖလှယ်လိုက်သောအခါ ကောင်းကင်တွင် မိုးချုန်းသံများ ဆက်တိုက်ထွက်ပေါ်နေသည်။ သူတို့၏တိုက်ပွဲကြောင့် မြေပြင်က ပြားကပ်သွားသည်။ သာမန်ဝိညာဥ်သားရဲများမှာ ကျဆင်းလာသော သံမဏိဓားသွားများနှင့်ထိမိလျှင် ခန္ဓာကိုယ်များ ထက်ခြမ်းပြတ်ထွက်သွားကြသည်။ ထို့အပြင် အနက်ရောင်မီးတောက်များနှင့် ထိတွေ့မိသော သားရဲတိုင်းကလည်း ခဏအတွင်း ပြာကျသွားကြလေသည်။

ရှောင်ရိ၏ခွန်အားက မူကွဲဝိညာဥ်သားရဲထက် အနည်းငယ်နိမ့်ကျနေသောကြောင့် ၎င်း၏ဓားချက်များကို ဧရာမအမြှီးကြီးနှင့် ခုခံနေရသည်။ ဝိညာဥ်ပုလဲအတွင်း သူက ပုံရိပ်ယောင်သားရဲများနှင့် လေ့ကျင့်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ခိုက်ရာတွင် ပို၍ကျင်လည်လာခဲ့သည်။

"အချိန်ကျပြီ"

ယဲ့ချန်၏မျက်လုံးများက အေးစက်စက် လင်းလက်သွားသည်။ သူ၏ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားကာ ရန်သူ၏နောက်တွင် ရုတ်တရက်ထွက်ပေါ်လာသည်။

"မီးဓားသိုင်း မီးနဂါးနေကိုသတ်"

ဝိညာဥ်စစ်သည်တော်၏ လှံပုဆိန်ကြီးက ခရမ်းရောင်မီးတောက်များလွှမ်းခြုံ၍ ပစ်မှတ်၏ခေါင်းထံ ကျဆင်းလာခဲ့သည်။ အကယ်၍ ဤတိုက်ကွက်သာ ထိမှန်သွားလျှင် ၎င်းက ဒေါင်လိုက်နှစ်ခြမ်း ပြတ်ထွက်သွားနိုင်သည်။

ရှောင်ရိကို အသည်းအသန်တိုက်ခိုက်နေသော ဝိညာဥ်သားရဲက တစ်ခုခုထူးဆန်းနေသည်ကို အာရုံခံမိလိုက်သည်။ ၎င်းက ခရမ်းရောင်မီးတောက်များကို အလွန်ကြောက်လန့်နေဟန်ဖြင့် နောက်ဆုတ်လိုက်သည်။ ထိုအချိန်တွင် ရှောင်ရိကလည်း အမြှီးဖြင့် အချိန်ကိုက်ရိုက်ချလိုက်သောအခါ မူကွဲဝိညာဥ်သားရဲက ဘန်းခနဲလွင့်ထွက်သွားခဲ့သည်။ ရှောင်ရိ၏အမြှီးရိုက်ချက်နှင့် တစ်ချိန်တည်းမှာပင် ဝိညာဥ်စစ်သည်တော်၏လှံပုဆိန် ကျရောက်လာခဲ့သည်။

မူကွဲဝိညာဥ်သားရဲက အနက်ရောင်မြူခိုးအဖြစ် ရှောင်ပြေးချင်သော်လည်း ဝိညာဥ်စစ်သည်တော်၏ လှံပုဆိန်အောက်တွင် လက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်။ အနက်ရောင်သွေးများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေသည်။

ဤတိုက်ကွက်ကား ပြည့်စုံလွန်းသော ပေါင်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ သာမန်ဆိုလျှင် ယဲ့ချန်နှင့်ရှောင်ရိ ပူးပေါင်းလျှင်ပင် မူကွဲဝိညာဥ်သားရဲကို အနိုင်ယူရန် အနည်းဆုံး အချိန်နာရီဝက် ယူရပေလိမ့်မည်။ သို့သော် ယဲ့ချန်က ချုံခိုတိုက်ခိုက်ခြင်းဖြင့် မူကွဲဝိညာဥ်သားရဲကို တစ်ချက်တည်းနှင့် အပြင်းအထန်ဒဏ်ရာရစေခဲ့သည်။

လက်တစ်ဖက်ပြတ်သွားသော ဝိညာဥ်သားရဲက အဝေးသို့ ပျံသန်းထွက်ပြေးသွားခဲ့သည်။

"ရှောင်ရိ လိုက်ဖမ်းဟေ့"

ယဲ့ချန်က လက်ပြတ်ကြီးကို လက်မောင်းကာအတွင်းသိမ်းဆည်း၍ ရှောင်ရိကို အော်ပြောလိုက်သည်။

ရှောင်ရိနှင့်ယဲ့ချန်က ပစ်မှတ်နောက်သို့ ချက်ချင်းလိုက်ဖမ်းခဲ့ကြသည်။ သို့သော် ယဲ့ချန်က ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်သာဖြစ်သောကြောင့် ရှောင်ရိနှင့်ဝိညာဥ်သားရဲထက် ပို၍နှေးနေသောအခါ အနောက်တွင် ကျန်ရစ်ခဲ့ရသည်။

အဝေးတွင် ဤတိုက်ပွဲကို အစအဆုံးမြင်တွေ့ခဲ့သော ကျင့်ကြံသူများက ကြောက်လန့်တကြားဖြစ်နေကြသည်။ ဝိညာဥ်မျှော်စင်အတွင်းရှိနေသည်မှာ နတ်ဘုရင်တစ်ယောက်တည်းမဟုတ်ဘဲ ကောင်းကင်သားရဲတစ်ကောင်နှင့် မှော်သားရဲတစ်ကောင်ဖြစ်ကြောင်း သိလိုက်ကြရသည်။ ဝိညာဥ်သားရဲကလည်း နတ်ဘုရင်အဆင့်အစွမ်းကို ပိုင်ဆိုင်ထားသည့်တိုင်အောင် နတ်ဘုရင်နှစ်ယောက်၏လက်ချက်ဖြင့် ခဏအတွင်း လက်တစ်ဖက်ပြတ်သွားသည်။ နတ်ဘုရင်နှစ်ယောက်က အစွမ်းထက်သည့်အပြင် ပူးပေါင်းတိုက်ခိုက်ခြင်း၌လည်း ပြည့်စုံနေကြသည်။

ဤနတ်ဘုရင်များ၏ တိုက်ပွဲကြောင့် ကြားညှပ်မည်ကို စိုးရိမ်သောအခါ ဖုဇီက မိုးကြိုးမျိုးနွယ်ဝင်များအား ခေါ်ဆောင်ကာ အလျင်အမြန်ထွက်ခွာခဲ့သည်။

မူကွဲဝိညာဥ်သားရဲ ထွက်ပြေးနေသော လမ်းတလျှောက်တွင် လေတိုးသံများ ဆက်တိုက်ထွက်ပေါ်နေသည်။

"ဒီအတိုင်းဆိုရင် ပစ်မှတ်က လွတ်သွားတော့မယ်"

ယဲ့ချန်က တောင်စောင်းတစ်နေရာတွင် မတ်တပ်ရပ်၍ ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။

ပစ်မှတ်က ဆက်တိုက်ထွက်ပြေးနေသော်လည်း ၎င်း၏ရှေ့တွင် ဝိညာဥ်စစ်သည်တော်က ဘွားခနဲထွက်ပေါ်လာခဲ့သည်။

"နဂါးငွေ့တန်းလက်ဝါးသိုင်း"

ဝိညာဥ်စစ်သည်တော်၏ လက်ဝါးချက်က ခရမ်းရောင်မီးတောက်များခြံရံလျက် ကြယ်ကောင်းကင်တစ်ခုပမာ ကျဆင်းလာသည်။

"ဘုန်း"

မီးတောက်များက ဝိညာဥ်သားရဲကြီးအပေါ် ကျရောက်ပေါက်ကွဲသွားခဲ့သဖြင့် နာကျင်စွာအော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

"အသားကင်လေး မင်း ဘယ်ကိုပြေးမလို့လဲ"

ရှောင်ရိကလည်း ဝိညာဥ်သားရဲကို အချိန်ကိုက်ဝင်ရောက် တိုက်ခိုက်လိုက်သည်။

"ရေခဲငရဲ"

သူက ဤတိုက်ကွက်တွင် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ တိုက်ကွက်၏စွမ်းအား တစ်ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်နိုင်သော်လည်း အလွန်အစွမ်းထက်နေဆဲပင်​။ ပတ်ဝန်းကျင်အပူချိန်က ဆယ်ဆအထိ ကျဆင်းသွားပြီး လေထဲတွင် အဖြူရောင်မြူခိုးများပင် ထွက်ပေါ်လာသည်။ ရှောင်ရိ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အအေးလှိုင်းကြီးက မူကွဲဝိညာဥ်သားရဲထံ ကျရောက်သွားကာ ရေခဲတုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။

"ဘန်း"

ထိုအခိုက်တွင် ဝိညာဥ်စစ်သည်တော်၏ လှံပုဆိန်ကြီးက အေးခဲနေသော မူကွဲဝိညာဥ်သားရဲ၏ခေါင်းကို ထိမှန်သွားကာ အဆုံးသတ်ပေးလိုက်သည်။ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲက ရှောင်ရိနှင့်ယဲ့ချန်၏ ပူးပေါင်းတိုက်ကွက်ကြောင့် ခဏအတွင်း သတ်ဖြတ်ခံလိုက်ရသည်။ ၎င်းက အသိစိတ်ပိုင်ဆိုင်ထားခြင်းမရှိသောကြောင့် ဤမျှလွယ်ကူနေခြင်းဖြစ်သည်။ အကယ်၍ တစ်ဖက်လူက အစစ်အမှန်နတ်ဘုရင်တစ်​ယောက်ဖြစ်နေလျှင် တိုက်ပွဲက ဤမျှရိုးရှင်းမည်မဟုတ်ပေ။

ရှောင်ရိ၏ရေခဲငရဲက အလွန်အစွမ်းထက်ပြီး နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲကိုပင် ရေခဲတုံးအဖြစ် ပြောင်းလဲအေးခဲစေနိုင်ခဲ့သည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းခါနီးတွင် ဝိညာဥ်မျှော်စင်၏ လေးထပ်မြောက်တွင် ဝိညာဥ်အသိစိတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက အစွမ်းထက်လွန်းသောကြောင့် ဖိအားအောက်တွင် ဝိညာဥ်စစ်သည်တော်ပင် မလှုပ်ရှားနိုင်ခဲ့ပေ။ ယဲ့ချန်၏မျက်နှာက ကြောက်စိတ်ကြောင့် ဖြူရော်သွားသည်။ ဝိညာဥ်စစ်သည်တော်ကို နေရာတွင်ချုပ်နှောင်ထားနိုင်သည်မှာ မဟာသာလွန်အဆင့် ကျင့်ကြံသူတစ်ဦးသာ စွမ်းဆောင်နိုင်သောကြောင့်ဖြစ်သည်။

"အစ်ကိုကြီး ထွက်ပြေး"

ရှောင်ရိက အစွမ်းကုန်ရုန်းကန်နေရင်း စိုးရိမ်တကြီးသတိပေးလိုက်သည်။ သူ၏စိတ်အတွင်း ဝိညာဥ်စွမ်းအင်တစ်ခုက ဓားသွားပမာ ထိုးဖောက်ဝင်ရောက်နေသည်။ သူ့ကိုယ်သူသေပြီဟု ထင်မှတ်လိုက်ချိန်တွင် ဝိညာဥ်စွမ်းအင်က နေရာတွင် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ အကယ်၍ ဤစွမ်းအင်သာ ပေါက်ကွဲသွားလျှင် ရှောင်ရိက ချက်ချင်းသေဆုံးသွားနိုင်သည်။

အဝေးမှ လျှပ်စီးအလင်းတစ်ချက်က ယဲ့ချန်နှင့်ရှောင်ရိ၏ မြင်ကွင်းအတွင်း ချက်ချင်းဝင်ရောက်လာသည်။ ယဲ့ချန်က လျှပ်စီးကို အသေအချာမြင်ရသောအခါ ဆွဲဆောင်အားပြင်းသည့် မိန်းမလှတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ သူမက ဆံပင်ရှည်ရှည်နှင့် လှပသောကောက်ကြောင်းများကို ပိုင်ဆိုင်ထားပြီး ပြိုင်စံရှားလှပသူတစ်ယောက်ဖြစ်သည်။ ဝတ်ဆင်ထားသော အနီရောင်ဝတ်စုံက တင်းကျပ်လွန်းသဖြင့် မြင်ရသူအပေါင်းကို ညှို့ငင်နိုင်စွမ်းရှိနေသည်။

သူမက ယဲ့ချန်ရှိနေသော ဦးတည်ရာသို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ထွင်းဖောက်မြင်ရဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများက စကားဖြင့်ဖော်ပြမရနိုင်သော အလှတရားတစ်ခု ပိုင်ဆိုင်ထားသည်။

"ဒီနေရာမှာ နတ်ဘုရင်လေးနှစ်ယောက်ရှိနေမယ် မထင်ထားဘူး။ တစ်ယောက်က သန့်စင်တဲ့သွေးမျိုးဆက်နဲ့ ရှေးဟောင်းမြွေနဂါးမျိုးနွယ်ကဖြစ်တယ်။ နောက်တစ်ယောက်က ဝိညာဥ်အသွင်ဖြစ်တည်ခြင်းကိုသုံးနိုင်တဲ့ လူတစ်ယောက်ပါလား။ အံ့သြစရာပဲ"

မိန်းမပျိုက ခစ်ခနဲရယ်မောလိုက်သောအခါ ယောက်ျားများကို သေစေနိုင်သော သူမ၏ရင်အစုံက တသိမ့်သိမ့်တုန်သွားသည်။

ယဲ့ချန်မှာ ထိုမိန်းမကိုကြည့်၍ အကြံအိုက်နေခဲ့သည်။ သူ၏တစ်ကိုယ်လုံး ချွေးများစိုရွဲနေခဲ့သည်။ ထန်တိုက်လင်နှင့် ပထမဆုံးတွေ့ဆုံရချိန်တွင် အသိအမြင်နည်းပါးသောကြောင့် သူက မောက်မာခဲ့ဖူးသည်။ လက်ရှိတွင် မဟာသာလွန်အဆင့် မိန်းမတစ်ယောက်နှင့် ထပ်ကြုံရသောအခါ သူက အရိုးထိစိမ့်အောင် ကြောက်လန့်နေသည်။ အကယ်၍ သူမသာလှုပ်ရှားလိုလျှင် ယဲ့ချန်ရောရှောင်ရိပါ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

သူမက ယဲ့ချန်ကို တစ်ချက်ကြည့်ရုံဖြင့် သားရဲမဟုတ်ဘဲ လူသားတစ်ယောက်ဖြစ်ကြောင်း သိနိုင်ခဲ့သည်။ ထုံတန်ခြင်္သေ့ဘုရင်ပင် သူ၏ဟန်ဆောင်မှုကို ထိုးဖောက်မမြင်နိုင်ခဲ့ပေ။ သို့သော် သူ၏အရှေ့တွင်ရှိနေသော မိန်းမက ထုံတန်ကဲ့သို့ နတ်ဘုရင်မဟုတ်ဘဲ များစွာပို၍အစွမ်းထက်သော မဟာသာလွန်အဆင့်သို့ ရောက်ရှိနေသည်။

"ကောင်လေး ဘာကို ဒီလောက်ကြောက်နေရတာလဲ။ ငါ မင်းကို ကိုက်မစားပါဘူး"

မိန်းမလှက ယဲ့ချန်ကို လှပစွာပြုံးပြ၍ ပြောလိုက်သည်။ သူမက ဖိနပ်များဝတ်ဆင်ထားခြင်းမရှိဘဲ ခြေဗလာဖြင့် လေထဲတွင်ရပ်နေခဲ့သည်။ ကျောက်စိမ်းရောင် ခြေဖဝါးလေးများအနီးတွင် လျှပ်စီးပွင့်များတောက်ပနေပြီး ကြာပန်းများနှင့်ပင် ဆင်တူနေသည်။

ယဲ့ချန်သည် ဤမိန်းမ၏ မူလအသွင်သားရဲကို မခန့်မှန်းနိုင်ပေ။ သူမက သတ်ဖြတ်လိုစိတ်မရှိဘဲ အလွန်လှပသော်လည်း ယဲ့ချန်အနေဖြင့် သူတို့၏အသက်က သူမလက်ထဲသို့ရောက်နေကြောင်း သေချာပေါက်နားလည်ထားလေသည်။

All Chapters