သဘောကောင်းသော အမကြီး
Vol. 24 Ch. 335
မူကွဲဝိညာဥ်သားရဲ၏ ဦးနှောက်အတွင်းမှ ထွက်ရှိလာသည်မှာ ယဲ့ချန် ယခင်ကရဖူးသော လျှို့ဝှက်ကျင့်စဥ် ကျောက်စိမ်းတစ်ခုဖြစ်နေခဲ့သည်။ ၎င်းက အစစ်အမှန်ဟုတ်မဟုတ်ကို ခြင်္သေ့ကြီးက ခွဲခြားပေးနိုင်ပြီး ပြင်ပအသွင်အပြင်အရ များစွာဖြစ်နိုင်လေသည်။
"ဆရာခြင်္သေ့ ဒါက လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းလား"
ယဲ့ချန်က ကျောက်စိမ်းကို ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း လျှို့ဝှက်ပို့ဆောင်၍ မေးမြန်းလိုက်သည်။
"အေး ဟုတ်တယ်ကွ"
ခြင်္သေ့ကြီးက ၎င်းကိုမြင်သောအခါ မျက်နှာက ချက်ချင်းလေးနက်သွား၍ ခေါင်းညိတ်ဖြေကြားလိုက်သည်။ မူလတွင် ဝိညာဥ်သားရဲများ၏ခေါင်းအတွင်း ထျန်းယွမ်ဒင်္ဂါးများသာ ထွက်ပေါ်လာဖူးသော်လည်း လက်ရှိတွင် အဖိုးတန် လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းတစ်ချပ် ထွက်ပေါ်လာခဲ့သည်။ ဤကိစ္စများက သူတွေးနိုင်သည်ထက် ပို၍ထူးဆန်းနေကြောင်း ခြင်္သေ့ကြီးက စတင်ခံစားလာရသည်။ အကယ်၍ ပိုလင်းသာ ဤအလောင်းအတွင်း၌ ကျင့်စဥ်ကျောက်စိမ်းရှိကြောင်းသိလျှင် သူမ၏သဘောထားပင် ချက်ချင်းပြောင်းလဲသွားနိုင်သည်။ ယဲ့ချန်သည် ဒုတိယတစ်ကြိမ်ရရှိလာသော လျှို့ဝှက်ကျင့်စဥ်ကို ကျင့်ကြံ၍ရမရ သိရှိလိုနေခဲ့သည်။
"လျှို့ဝှက်ကျင့်စဥ်တွေကို အဆင့်နိမ့်၊ အလယ်အဆင့်နဲ့ အဆင့်မြင့်ဆိုပြီး သုံးမျိုးခွဲခြားထားတယ်။ မင်းမြင်ဖူးတဲ့ ရေဝိညာဥ်ဓားသိုင်းနဲ့ မုန်တိုင်းချပ်ဝတ်တို့လို မုန်တိုင်းအိမ်တော်ရဲ့ လျှို့ဝှက်ကျင့်စဥ်တွေက အဆင့်နိမ့်သာဖြစ်တယ်။ မင်းရဲ့လိပ်နက်ဒိုင်းကာကလည်း အဆင့်နိမ့်ဖြစ်လောက်တယ်။ ဒီကျောက်စိမ်းနှစ်ခုထဲမှာ ဘယ်အဆင့်ကျင့်စဥ်တွေပါနေမလဲ ငါလည်းသိချင်တယ်။ ကျင့်စဥ်ကျောက်စိမ်းကို အပြင်ပန်းကကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရဘူး။ လျှို့ဝှက်ကျင့်စဥ်တွေက အမျိုးမျိုးကွဲပြားပြီး မင်းကကံကောင်းလို့ အသုံးဝင်တဲ့ အလယ်အဆင့်ကျင့်စဥ်တစ်ခုရမယ်ဆိုရင် ခွန်အားက အဆများစွာတိုးတက်လာလိမ့်မယ်။ မင်းရဲ့ကံက ဒီထက်ပိုကောင်းပြီး အဆင့်မြင့်ကျင့်စဥ်တစ်ခုဖြစ်နေရင်တော့ အဆင့်ကျော်တိုက်ခိုက်နိုင်ဖို့ဆိုတာ စိတ်ကူးသက်သက်မဟုတ်တော့ဘူး။ ဒီကျောက်စိမ်းပြားတွေက ရှေးဟောင်းခေတ်ရဲ့ အမွေတွေဖြစ်တယ်"
ခြင်္သေ့ကြီး၏အသံက အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။
"လျှို့ဝှက်ကျင့်စဥ်တွေက ဒီလောက်အစွမ်းထက်တာလား"
ယဲ့ချန်က အလွန်အံ့သြနေခဲ့သည်။ ခြင်္သေ့ကြီး၏စကားအရ ဤကျောက်စိမ်းများ၏တန်ဖိုးက ခန့်မှန်းမရနိုင်လောက်အောင် မြင့်မားနေပြီဖြစ်သည်။ အကယ်၍ အဆင့်မြင့်ကျင့်စဥ်တစ်ခုသာဆိုလျှင် တန်ဖိုးဖြတ်မရဟုပင် ဆိုနိုင်လေသည်။
"ဆရာ ကျောက်စိမ်းပြားတွေရဲ့အဆင့်ကို ဘယ်လိုခွဲခြားရမှာလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ဒီကိစ္စက မရိုးရှင်းဘူးကွ။ ဆရာသခင်အဆင့် ပန်းပဲဆရာတစ်ယောက် လိုအပ်တယ်။ မင်းတို့ခေတ်မှာ ဆရာသခင်အဆင့်ရောက်တဲ့ ပန်းပဲဆရာ ဘယ်လောက်ကျန်ရစ်မလဲဆိုတာတော့ မပြောတတ်ဘူး။ ပန်းပဲဆရာတွေ ပျောက်ကွယ်သွားမှာကို ငါ စိုးရိမ်တယ်"
ခြင်္သေ့ကြီးက ခါးသီးစွာပြုံး၍ ဖြေလိုက်သည်။ ယဲ့ချန်ကလည်း ခဏတာမင်သက်သွားပြီး ကျောက်စိမ်းပြားနှစ်ချပ်ကို ဂရုတစိုက်ထိန်းသိမ်းခြင်းက လက်ရှိတွင် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ဝိညာဥ်မျှော်စင်အတွင်း ရတနာများစွာရှိနေပြီး သူတို့က ငါးထပ်သို့ ဦးတည်နေကြသည်။ ယဲ့ချန်က အရှေ့မှသွားနေသော ပိုလင်းကိုကြည့်ကာ သူမ၏နောက်တွင် လိုက်ပါနေသော ကိုယ့်ကိုကိုယ် အစိတ်အပိုင်းသေးသေးလေးတစ်ခုပမာ ထင်မှတ်လိုက်မိသည်။
"မောင်လေး မင်းရဲ့ကျင့်ကြံဆင့်က အခုမှ ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်လား"
ထိုအချိန်တွင် ပိုလင်းက နောက်လှည့်လာပြီး အံ့သြစွာမေးမြန်းလိုက်သည်။ သူမက ယဲ့ချန်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်ရာ ဤအချက်ကို တွေ့ရှိခဲ့ရသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က နတ်ဘုရင်အဆင့်သို့ရောက်နေပြီး မူရင်းခန္ဓာက ဆန်းကျယ်ဝိဇ္ဇာ စဦးအဆင့်တွင်ရှိနေခြင်းက မဖြစ်နိုင်ပေ။ သို့သော်လည်း ယဲ့ချန်၏အရှိန်က သူမနှင့်ယှဥ်လျှင် ခရုတစ်ကောင်ပမာ နှေးကွေးနေသောကြောင့် ဤအချက်ကစစ်မှန်ကြောင်း သက်သေပြနေသည်။ ပိုလင်းသည် ယဲ့ချန်၏ဝိညာဥ်က အလွန်အစွမ်းထက်နေခြင်းအတွက် လျှို့ဝှက်ချက်တစ်ခုရှိရမည်ဟု ထင်မှတ်ကာ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က အမှန်အတိုင်းဖြေလိုက်သည်။
"မောင်လေး မင်းမြန်မြန်မလာရင် အဘိုးကြီးစန်းလု ရောက်လာတော့မယ်။ ဒါဆိုရင် ငါးထပ်မြောက်ရဲ့ရတနာတွေကို သူနဲ့အတူ လုယူနေရလိမ့်မယ်။ မမက မင်းကို သယ်သွားပေးရမလားဟင်"
ပိုလင်းက တစ်ချက်ပြုံး၍ မေးမြန်းလိုက်သည်။
"မလိုပါဘူး။ ကျုပ် ရှောင်ရိအပေါ်က လိုက်ခဲ့မယ်"
ယဲ့ချန်က လျင်မြန်စွာဖြေကြား၍ ရှောင်ရိ၏ကျောပေါ်သို့ ချက်ချင်းခုန်တက်လိုက်သည်။ ပိုလင်းက ပြိုင်ဘက်ကင်းလှပပြီး တေးသီငှက်ပမာ ချိုသာအေးမြသော အသံကိုပိုင်ဆိုင်ထားသော်လည်း ယဲ့ချန်က သတိမပေါ့ဆရဲပေ။ ပိုလင်းထံတွင် အကြံအစည်တစ်ခုရှိနေနိုင်ကြောင်း သူက ခံစားနေရသည်။
"တော်တော်ကျေးဇူးမသိတဲ့ ကောင်လေး မမ ဝမ်းနည်းသွားပြီ။ ဒါပေမယ့် မင်းတို့နှေးနေတော့ လျှို့ဝှက်ကျင့်စဥ်တစ်ခု သုံးပေးလိုက်မယ်"
ပိုလင်း၏လက်ချောင်းများက လက်ဟန်အချို့ပြုလုပ်၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။
"မိုးကြိုးမျိုးနွယ်လျှို့ဝှက်ကျင့်စဥ် လျှပ်တပြက်မိုးကြိုး"
သူမ၏စကားအဆုံးတွင် ယဲ့ချန်နှင့်ရှောင်ရိကို လျှပ်စီးများလွှမ်းခြုံလာသည်။ လျှပ်ပြက်သကဲ့သို့ လျင်မြန်သောအရှိန်မျိုးဖြင့် သူတို့နှစ်ယောက်က ကီလိုမီတာငါးဆယ်အကွာသို့ ချက်ချင်းရောက်သွားခဲ့သည်။
"မြန်လှချည်လား"
ယဲ့ချန်၏နားအတွင်း လေတိုးသံများ ကြားနေရသည်။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ထားခြင်းမရှိလျှင် ပျံသန်းနေသောအရှိန်ကြောင့် ပတ်ဝန်းကျင်ကိုပင် မြင်နိုင်မည်မဟုတ်ချေ။
"ဝိုး တကယ်မြန်တယ်"
ရှောင်ရိကလည်း ပျော်ရွှင်စွာအော်ဟစ်၍ ပျံသန်းလိုက်သည်။ ဤမျှလျင်မြန်သော အရှိန်ကို သူက ပထမဆုံးအကြိမ် ပိုင်ဆိုင်ဖူးခြင်းဖြစ်၍ စူးစမ်းပျော်ရွှင်နေခဲ့သည်။
ပိုလင်းက လျှပ်စီးတစ်ခုပမာ သူတို့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
"မောင်လေးတို့ ငါးထပ်မြောက်ကို ဝင်တော့မယ်။ မမနောက်က အမီလိုက်ခဲ့ကြ"
သူမကတစ်ချက်ရယ်မော၍ ငါးထပ်မြောက်၏ဝင်ပေါက်အတွင်း ဝင်ရောက်သွားခဲ့သည်။ ထိုနေရာသို့ ရောက်သည်နှင့်တပြိုင်နက် သူမ၏ဝိညာဥ်အသိစိတ်က တစ်ထပ်လုံးသို့ ပျံ့နှံ့သွားလေသည်။ ပိုလင်း၏ ဝိညာဥ်အသိစိတ်ထွက်ပေါ်လာချိန်တွင် သောင်းချီသောဝိညာဥ်များက သူမကို ရန်လိုစွာထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးက ဆန်းကျယ်ထိပ်ဆုံးအဆင့်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ငါးထပ်မြောက်၏ ဝိညာဥ်သားရဲများတွင် ကောင်းကင်သားရဲများကဲ့သို့ ဝိညာဥ်အသိစိတ်ကို ပိုင်ဆိုင်ထားကြလေသည်။
"နိမ့်ကျတဲ့ ဆန်းကျယ်အဆင့် ဝိညာဥ်လေးတွေက မောက်မာရဲတယ်။ သေစမ်း"
ပိုလင်းက တစ်ချက်ကြုံးဝါးလိုက်ပြီး ဝိညာဥ်အသိစိတ်နှင့် တိုက်ခိုက်လိုက်သောအခါ ထောင်သောင်းချီသောဝိညာဥ်များ လေထဲ၌ တဘုန်းဘုန်းပေါက်ကွဲကုန်သည်။ ထို့နောက် ဝိညာဥ်သားရဲများက နာကျင်စွာအော်ဟစ်မြည်တမ်း၍ မြေပြင်သို့ တစ်ကောင်ပြီးတစ်ကောင် လဲပြိုကျကုန်သည်။ ငါးထပ်တစ်ခုလုံး သနားစဖွယ်အော်သံများ ပြည့်နှက်သွားခဲ့သည်။ ပိုလင်းနောက်မှ လိုက်ပါလာသော ယဲ့ချန်နှင့်ရှောင်ရိက ဤမြင်ကွင်းကြောင့် မင်သက်သွားကြသည်။ ဤအမျိုးသမီးက အလွန်ကြမ်းတမ်းပြီး တစ်ချက်တည်းဖြင့် ငါးထပ်တစ်ခုလုံးကို အပြတ်ရှင်းလိုက်ပုံပေါ်သည်။ နေရာတိုင်းတွင် အလောင်းများတောင်လိုပုံနေပြီး တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်သွားခဲ့လေသည်။
ကောင်းကင်သားရဲများနှင့် လူသားများကြားတွင် တိုက်ခိုက်မှုပုံစံက အလွန်ကွဲပြားသည်။ အကွာအဝေးတစ်ခုသို့ တိုက်ခိုက်ရာတွင် လူသားများ၏ကောင်းကင်ချီထက် ကောင်းကင်သားရဲများ၏ ဝိညာဥ်အသိစိတ်က ပို၍အကျိုးသက်ရောက်ပေသည်။
"မမလင်းက အစွမ်းထက်လိုက်တာ"
ရှောင်ရိက တအံ့တသြချီးကျူးလိုက်သည်။ သူက ဤမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်နေသည်။ ဤနေရာတွင် အလောင်းပေါင်းသောင်းချီ ပြန့်ကြဲနေခဲ့သည်။
"ရှောင်ရိလေးက မြှောက်ပြောနေပါပြီ။ မမကြောင့် ကြောက်သွားကြတာလားဟင်။ တကယ်တော့ မမက အရမ်းသိမ်မွေ့တာပါကွယ်"
ပိုလင်းက ညင်သာစွာ ရယ်မောလိုက်သောအခါ တစ်လောကလုံးရှိအလှတရားများ မှိန်ဖျော့သွားခဲ့သည်။ သူမက ယဲ့ချန်ကိုလည်း တစ်ချက်ငဲ့ကြည့်လိုက်ပြီး စနောက်လိုက်ပြန်သည်။ သို့သော်လည်း ယဲ့ချန်က သူ၏စိတ်ကို တင်းမာထားခဲ့သည်။ ပိုလင်းက အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသူတစ်ယောက်ဖြစ်သည်။ သူက ပိုလင်းနှင့်သူ့ကြားတွင် မည်မျှကွာခြားကြောင်း သိလာပြီးနောက် ပို၍သတိကြီးနေခဲ့သည်။ အကယ်၍ သူမသာ သေစေလိုလျှင် အတွေးတစ်ချက်တည်းနှင့် ယဲ့ချန်က သေရပေလိမ့်မည်။ သူ၏အသက်ကို အခြားလူတစ်ယောက်လက်အတွင်း ဝကွက်အပ်ထားရခြင်းက အလွန်ကသိကအောက်ဖြစ်စရာပင်။
ပိုလင်းက ယဲ့ချန်နှင့်ရှောင်ရိကို စနောက်နေစဥ် ဝိညာဥ်မျှော်စင်၏ငါးထပ်ရှိ နေရာအနှံ့မှ နတ်ဘုရင်အဆင့် ဝိညာဥ်ခြောက်ခု ထွက်ပေါ်လာပြန်သည်။ ၎င်းတို့က သားရဲကြီးများကဲ့သို့ ကျယ်လောင်စွာအော်ဟစ် ဟိန်းဟောက်နေကြသည်။
"ပိုးစုန်းကြူးတွေက လမင်းကို လာပြိုင်ချင်နေကြတယ်"
ပိုလင်းက နှာခေါင်းရှုံ့လိုက်ပြီး ဝိညာဥ်အသိစိတ်ကို ခြောက်ပိုင်းခွဲကာ ထိုအရပ်မျက်နှာများသို့ စေလွှတ်လိုက်သည်။
"ဝုန်း"
အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ဤကြောက်မက်ဖွယ်ပေါက်ကွဲသံကြီးက နားအနီးတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထင်မှတ်ရသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်ပင်လျှင် ဤတိုက်ပွဲကြောင့် တုန်ယင်သွားလေသည်။
ထို့နောက် ဝိညာဥ်မျှော်စင်၏ငါးထပ်တွင် နာကျင်စွာ ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာသည်။ ထိုအသံများက နာကျင်လွန်းသဖြင့် ဝိညာဥ်၏အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာပုံပေါ်သည်။ ပိုလင်းက နတ်ဘုရင်ခြောက်ကောင်ကို တပြိုင်နက်အနိုင်ယူလိုက်သော်လည်း သူမ မဟုတ်ကဲ့သို့ ပေါ့ပေါ့ပါးပါးရှိနေသည်။ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲခြောက်ကောင်၏အစွမ်းက သူမ၏ဝိညာဥ်အသိစိတ်ကို ခြစ်ရာပင် မထင်နိုင်စေခဲ့ပေ။
"ငါးထပ်မှာရှိသမျှ ဝိညာဥ်သားရဲတွေ ဒဏ်ရာရကုန်ပြီ။ မမက ရတနာတွေ သွားရှာလိုက်ဦးမယ်။ မောင်လေးတို့က ကြိုက်တာသာရွေးယူကြ။ ဒါက မမရဲ့လက်ဆောင်ပေါ့"
ပိုလင်းက ငါးထပ်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့်စစ်ဆေးကာ တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"တကယ်လား။ ဒါဆိုရင် အသားကင်တွေ အများကြီးရတော့မယ်"
ရှောင်ရိက အပျော်လွန်သွားပြီး နေရာမှ လှစ်ခနဲပြေးထွက်သွားခဲ့သည်။
"ကဲ မမသွားပြီ မောင်လေးတို့ရေ။ ခြောက်ထပ်ကိုသွားမယ့် အချိန်ကျရင် ဆက်သွယ်လိုက်မယ်"
ပိုလင်းက လေပေါ်တွင် ဖြတ်ခနဲပျံသန်းသွားလိုက်သည်။ သူမက တစ်စုံတစ်ခုကို ရှာတွေ့ထားပုံပေါ်သည်။ ယဲ့ချန်က သူမထွက်သွားသော အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်သောအခါ လျှပ်စီးကြောင်းတစ်ခုကိုသာ ခပ်ရေးရေးမြင်လိုက်ရလေသည်။
ယဲ့ချန်က အတွေးနက်နေသည်။ ပိုလင်းက သူ့ကိုနှစ်သက်ဟန်ဖြင့် ဆက်တိုက်ဆွဲဆောင်နေသော်လည်း အကွာအဝေးတစ်ခု၌သာ နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူက ပိုလင်းကို ရန်သူမိတ်ဆွေ မခွဲခြားနိုင်ပေ။ သူမက သူ၏လျှို့ဝှက်ချက်များကို စိတ်ဝင်စားနေပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် ပိုလင်းအကြောင်းတွေးနေရန် အချိန်မရှိပေ။
"ဝိညာဥ်သားရဲအလောင်းတွေကို မြန်မြန်ယူလိုက်။ မင်းရဲ့လက်မောင်းကာထဲမှာ မဆံ့ရင် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ထဲကို ပို့လိုက်"
ခြင်္သေ့ကြီးက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ဤသားရဲခြောက်ကောင်၏ ခေါင်းအတွင်း၌လည်း မူကွဲဝိညာဥ်သားရဲကဲ့သို့ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းများ ရှိနေနိုင်သည်။
"ဟုတ်ကဲ့"
ယဲ့ချန်က တောင်တောင်အီအီ အတွေးများမနေတော့ဘဲ ဝိညာဥ်သားရဲတစ်ကောင်၏ အလောင်းရှိရာအရပ်ထံ ပျံသန်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ပိုလင်း၏လျှို့ဝှက်ကျင့်စဥ်က အကျိုးသက်ရောက်နေဆဲဖြစ်သောကြောင့် အလွန်မြန်ဆန်နေခဲ့သည်။ သူက လေဟာနယ်ကိုဖြတ်သန်း၍ အလောင်းကြီးထံ ခဏအတွင်း ရောက်ရှိသွားသည်။ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲကြီးမှာ ဝိညာဥ်ပျက်စီးသွားပြီဖြစ်သောကြောင့် နောက်ဆုံးထွက်သက်ကို ရှူထုတ်ပြီးဖြစ်သည်။
"လာစမ်း"
ယဲ့ချန်က ၎င်းကို ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက အနည်းငယ်ပင်တုံ့ဆိုင်းမနေဘဲ နောက်ထပ်အလောင်းတစ်ခုထံ ပျံသန်းသွားခဲ့သည်။ သုံးမိနစ်အတွင်း ယဲ့ချန်က ဝိညာဥ်သားရဲအလောင်းသုံးခုကို သိမ်းဆည်းနိုင်ခဲ့ပြီး အလောင်းသုံးခုကိုထမ်းလာသော ရှောင်ရိနှင့် ပြန်ဆုံလိုက်သည်။ ကံကောင်းစွာဖြင့် ပိုလင်းက ဤအလောင်းများ၏ခေါင်းအတွင်း၌ လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းများရှိကြောင်း သိမနေခဲ့ပေ။ သို့မဟုတ်လျှင် သူမက ဤအလောင်းများကို ယဲ့ချန်အား ယူဆောင်ခွင့်ပေးရန် လုံးဝမဖြစ်နိုင်ချေ။