သိမ်းကြုံးရယူခြင်း
Vol. 24 Ch. 337
မူလတွင် ယဲ့ချန်သည် ပိုလင်းကို ကျေးဇူးတင်မိသော်လည်း စန်းလုရောက်ရှိလာသောအခါ ကျေးဇူးတင်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။ လက်ရှိတွင် ပိုလင်းက အာကာသကျောက်အားလုံးကို သူမကိုယ်တိုင်သိမ်းယူနိုင်လျှင် ဤမျှရက်ရောမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ အာကာသကျောက်နှစ်ဆယ်က အင်အားစုကြီးများအတွက် မက်မောစရာပင်ဖြစ်သည်။
သူမ၏လက်ထဲတွင် အာကာသကျောက် ခုနစ်ဆယ်ကျော်ရောက်ရှိနေပြီးချိန်၌ စန်းလု ရောက်ရှိလာကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။ ဝိညာဥ်အသိစိတ်က မိုးကြိုးသားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းသွား၍ စန်းလုကို ခုန်အုပ်လိုက်သည်။ စန်းလု၏လက်ဝါးချက်နှင့် သားရဲပုံရိပ် ထိမှန်သွားသောအခါ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ယဲ့ချန်သည် တစ်ကီလိုမီတာအဝေးတွင်ရှိနေသော်လည်း တိုက်ပွဲ၏ တန်ပြန်အားလှိုင်းများ သူ့ထံပြန့်လာနေကြောင်း သိလိုက်ရသည်။ သူက မြေပြင်ကို လက်ဝါးဖြင့်ရိုက်ချလိုက်သော် လိပ်နက်ဒိုင်းကာထွက်ပေါ်လာပြီး ရှောင်ရိကိုပါ ကာကွယ်ပေးခဲ့သည်။
"ဘုန်း"
လိပ်နက်ဒိုင်းကာက ကျယ်လောင်စွာ ပေါက်ကွဲသွားသော်လည်း ယဲ့ချန်နှင့်ရှောင်ရိကို ဘေးကင်းလုံခြုံစေနိုင်ခဲ့သည်။
"ပြေး"
ယဲ့ချန်က အော်ဟစ်လိုက်ပြီး ရှောင်ရိနှင့်အတူ ထွက်ပြေးလိုက်သည်။ ခဏအတွင်း သူတို့က ကီလိုမီတာများစွာအဝေးသို့ လှစ်ခနဲရောက်ရှိသွားကြသည်။
"အစ်ကိုကြီး သူတို့က အစွမ်းထက်လိုက်တာ"
ရှောင်ရိက ရေရွတ်လိုက်သည်။ ယဲ့ချန်ကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။ အဆုံးမဲ့အဆင့်ကျင့်ကြံသူနှစ်ယောက်၏တိုက်ပွဲက အလွန်ပြင်းထန်နေသောအခါ ထူးကဲအဆင့်နှင့်ကြီးမြတ်မှုအဆင့်များဆိုလျှင် မည်မျှပြင်းထန်နေမည်ကို တွေးပင်မရချေ။ အကယ်၍ ပိုလင်းသာ ယဲ့ချန်နှင့်ရှောင်ရိ၏အလျင်ကို လျှပ်တပြက်မိုးကြိုးဖြင့် မြှင့်တင်ပေးထားခြင်းမရှိလျှင် တိုက်ပွဲစက်ကွင်းအတွင်း အပြင်းအထန်ဒဏ်ရာ ရနေကြပေလိမ့်မည်။
"ပိုလင်း မင်းတောင်မှ အဆုံးမဲ့အဆင့်ငါးကို ရောက်နေပြီပေါ့။ ဒါပေမယ့် ငါက အဆင့်ခုနစ်ကိုရောက်နေပြီဖြစ်လို့ မင်း မယှဥ်နိုင်ဘူး။ မင်းမှာရှိသမျှ ရတနာတွေကို လက်လွှဲပေးစမ်း။ ဒါဆိုရင် မိုးကြိုးမျိုးနွယ်ကိုထောက်ထားပြီး အသက်ချမ်းသာပေးမယ်"
စန်းလုက ခြိမ်းခြောက်လိုက်သည်။ သူ၏ပတ်ဝန်းကျင်၌ ကောင်းကင်ချီများက ဧရာမဓားကြီးတစ်လက်သဏ္ဍာန် စုဝေးနေခဲ့သည်။
"ဒီစောက်အဘိုးကြီးက ဘာလို့အဆင့်တက်သွားရတာလဲ"
ပိုလင်းက ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။
"စီနီယာစန်းက ကျွန်မလိုမိန်းမလှလေးကို ရက်ရက်စက်စက် တိုက်ခိုက်တော့မှာလား။ ကျေးဇူးပြုပြီး ညှင်သာပါရှင်"
သို့သော်လည်း သူမက သိမ်မွေ့စွာ ပြောလိုက်သည်။
"ပိုလင်း ဒီနည်းလမ်းက အခြားလူတွေအပေါ် အလုပ်ဖြစ်ရင်ဖြစ်လိမ့်မယ်။ ငါက အတွင်းစိတ်ငြိမ်းချမ်းမှုကို နားလည်ထားပြီးပြီ။ ဘယ်လိုအလှတရားကမှ ငါ့ကို မဖြားယောင်းနိုင်ဘူး"
စန်းလုက အေးစက်စက်ကြုံးဝါး၍ လက်သည်းဖြင့် ကုတ်ချလိုက်သည်။
"စီနီယာစန်းက အတော်ကြမ်းကြုတ်တာပါလား။ ကျွန်မက အဆင့်ငါးဆိုတော့ ရှင့်ကို မယှဥ်နိုင်ပါဘူးလေ။ ဒီလိုလုပ်ရအောင် ရတနာတွေအကုန်ပေးမယ်ဆိုရင် မတိုက်ခိုက်ဘူးမလား"
ပိုလင်းက လှပစွာပြုံး၍ ကမ်းလှမ်းလိုက်သည်။
စန်းလု၏လက်သည်းအလင်းက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။ အကယ်၍ သူမသာ ရတနာများလက်လွှဲပေးမည်ဆိုလျှင် သူက တိုက်ခိုက်စရာမလိုချေ။ သူသာ ပိုလင်းကိုသတ်ဖြတ်လိုက်လျှင် မိုးကြိုးမျိုးနွယ်က ဤကိစ္စကို အလွယ်တကူလွှတ်ပေးမည်မဟုတ်ပေ။ သို့သော် ထိုအချိန်တွင် ပိုလင်း၏ဝိညာဥ်က စန်းလု၏နောက်ကျောဘက်တွင် ရုတ်တရက်ပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"မင်း ငါ့ကို လှည့်စားရဲတယ်"
ကျောဘက်မှစွမ်းအားကို ခံစားမိသောအခါ စန်းလုက ချက်ချင်းမျက်နှာပျက်သွားခဲ့သည်။
"စစ်ပွဲမှာ အရာရာတရားတယ်ဆိုတဲ့ စကားပုံကို ရှင် မကြားဖူးဘူးလား"
ပိုလင်းက တခစ်ခစ်ရယ်မောနေသော်လည်း သူမ၏တိုက်ကွက်က အညှာအတာမဲ့ရက်စက်လှသည်။
သို့သော် စန်းလု၏နောက်ကျောဘက်တွင် မြေချီများစုဝေးလာပြီး နံရံတစ်ခု ဖြစ်တည်လာသည်။ မိုးကြိုးဝိညာဥ်၏လက်ဝါးက ၎င်းအပေါ်သို့ ဘုန်းခနဲ ကျရောက်သွားခဲ့သည်။
"မြေနံရံကျင့်စဥ်"
ပိုလင်း၏ မျက်နှာထက်တွင် အံ့သြသော အရိပ်အယောင်တစ်ခု ဖြစ်တည်လာသည်။
"မှန်တယ်။ ဒါက မြေအမျိုးအစား လျှို့ဝှက်ကျင့်စဥ် မြေနံရံဖြစ်တယ်။ မင်းမှာ အမြင်ကောင်းရှိသားပဲ"
စန်းလုက နှာခေါင်းရှုံ့လိုက်ပြီး ပိုလင်း၏ပတ်ဝန်းကျင်တွင် မြေနံရံကြီးများ ဖန်တီးလိုက်သည်။ သူမက လှုပ်ရှားရန်ကြိုးစားလိုက်သော်လည်း မြေနံရံကြီးများခြံရံထားသော လှောင်အိမ်ကြီးတစ်ခုအတွင်း ပိတ်မိသွားပြီဖြစ်သည်။
"စီနီယာစန်းက မြေနံရံကျင့်စဥ်ကို ထုတ်သုံးမယ်လို့ မထင်ထားဘူး။ တကယ့်ကိုအံ့သြမိပါတယ်ရှင်"
.
ပိုလင်း၏မျက်နှာထက်တွင် လှပသောအပြုံးတစ်ခု တည်ရှိနေဆဲပင်ဖြစ်သည်။ ခွန်အားအရာတွင် စန်းလုက ပိုလင်းထက် ပို၍အစွမ်းထက်ပေသည်။
"မိုးကြိုးမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်တွေက အစွမ်းထက်တယ်လို့ ကြားဖူးတယ်။ ငါ့ကို ထုတ်ပြစမ်းပါ"
စန်းလု၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တစ်ခု ထင်ဟပ်နေသည်။ သူက မြေသားများကို လှံတံကြီးများသဖွယ်ဖန်တီးပြီး ပိုလင်းထံ ပစ်ခတ်လိုက်သည်။
"မိုးကြိုးမျိုးနွယ်က လျှို့ဝှက်ကျင့်စဥ်တွေရှိပေမယ့် ငါက စီနီယာစန်းရှေ့မှာ ဘယ်လိုလုပ်အသုံးပြုရဲပါ့မလဲ။ တကယ်စိတ်မကောင်းပါဘူးရှင်။ ငါက အရင်ဆုံးဝင်နိုင်ခဲ့တာဆိုတော့ ဒီအဖိုးနည်းရတနာလေးတစ်ခု ရထားခဲ့တယ်"
ပိုလင်းက အေးစက်စက်ပြုံးလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းများ လွှမ်းခြုံလာသည်။ ထို့နောက် ခရမ်းရောင်ချပ်ဝတ်တစ်စုံက တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့သည်။ မြေလှံတံကြီးများက ပိုလင်းကိုထိမှန်၍ တဘုန်းဘုန်းပေါက်ကွဲသွားကြသော်လည်း သူမက လုံးဝထိခိုက်ခြင်းမရှိပေ။
"ခရမ်းရောင်နတ်ဆိုးချပ်ဝတ်"
စန်းလုက အလန့်တကြားရေရွတ်လိုက်သည်။ သူမဝတ်ဆင်ထားသော ခရမ်းရောင်ချပ်ဝတ်၏ အစိတ်အပိုင်းများက အနည်းဆုံးအဆင့်ကိုးရှိသည်။ ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ အဆင့်တစ်ဆယ် အဆုံးမဲ့ကျင့်ကြံသူက အစွမ်းကုန်တိုက်ခိုက်လျှင်ပင် ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
"ဟုတ်တာပေါ့။ ဒါက နတ်ဆိုးချပ်ဝတ်ပါ။ စီနီယာစန်းမှာ အမြင်ကောင်းရှိတာပဲ"
ပိုလင်းက တစ်ချက်ပြုံးပြလိုက်သည်။ သူမက စန်းလုအောက် နှစ်ဆင့်နိမ့်သော်လည်း တည်ငြိမ်စွာရှိနေခြင်းမှာ ဤနတ်ဆိုးချပ်ဝတ်ဟူသော ဝှက်ဖဲကြောင့်ဖြစ်သည်။ အကယ်၍ စန်းလုသာ သူမထက် အရင်ဝင်ရောက်နိုင်ခဲ့လျှင် ဤရတနာက သူမလက်အတွင်း ရောက်လာမည်မဟုတ်ချေ။
စန်းလုသည်လည်း နတ်ဆိုးချပ်ဝတ်၏အစွမ်းကို သိထားသည်။ သူ၏လက်ရှိခွန်အားဖြင့် ၎င်းကို လုံးဝမထိုးဖောက်နိုင်ချေ။
"မောင်လေးတို့ မမက ဒီအဘိုးကြီးကို ထိန်းထားလိုက်မယ်။ အာကာသကျောက်တွေကို သွားယူလိုက်"
ပိုလင်း၏ဝိညာဥ်အသိစိတ်က ယဲ့ချန်ထံ သတင်းစကားတစ်ခု ပို့ပေးလိုက်သည်။ သူမက နတ်ဆိုးချပ်ဝတ်၏ခုခံမှုကြောင့် စန်းလုကို ရင်ဆိုင်နိုင်နေသော်လည်း ထွက်သွားနိုင်ခြင်းမရှိပေ။ သူမက မိုးကြိုးသားရဲဝိညာဥ်နှင့် စန်းလုကိုသတ်ဖြတ်ရန် ကြိုးစားနေသော်လည်း ထိခိုက်နိုင်စွမ်းမရှိခဲ့ပေ။
"ဘုန်း ဘုန်း ဘုန်း"
စန်းလု၏လက်သီးချက်များက ပိုလင်းကို ထိမှန်နေသော်လည်း နတ်ဆိုးချပ်ဝတ်ထက်တွင် ခြစ်ရာတစ်ခုပင် ဖြစ်ပေါ်မလာခဲ့ချေ။ ယဲ့ချန်နှင့်ရှောင်ရိက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လက်ရှိတွင် စန်းလုကို ပိုလင်းက အချိန်ဆွဲပေးထားသောကြောင့် သူတို့အတွက် အာကာသကျောက်များကိုသိမ်းယူရန် အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်နေသည်။
"ဝှစ် ဝှစ်"
ယဲ့ချန်တို့က လျှပ်တပြက်မိုးကြိုးကျင့်စဥ်နှင့် အဖြူရောင်အလင်းတန်းထံ တဟုန်ထိုးပြေးသွားလိုက်ကြသည်။ သူတို့က ညာလက်ကိုဆန့်ထုတ်၍ ဆွဲယူလိုက်သောအခါ အာကာသကျောက်များ ပါလာခဲ့သည်။
"ဒီခွေးကောင်တွေ"
စန်းလုသည် ယဲ့ချန်နှင့်ရှောင်ရိက အာကာသကျောက်များကို သိမ်းယူနေကြောင်း မြင်သောအခါ ဒေါသတကြီးဖြစ်သွားခဲ့သည်။ သူက ပိုလင်းကို ထားရစ်ခဲ့ပြီး အလင်းတန်းထံ ပြေးထွက်လာခဲ့၏။ စန်းလုက ယဲ့ချန်တို့ကို အာရုံစိုက်နေပြီး အဖြူရောင်အလင်းတန်းအနီးရောက်ချိန်တွင် ပိုလင်း၏ခန္ဓာကိုယ်၌ လျှပ်စီးကြောင်းများ ဝန်းရံလာသည်။
"ကောင်းကင်မိုးကြိုးလက်ဝါးသိုင်း"
ပိုလင်း၏လက်မှ မိုးကြိုးတစ်စင်း ထွက်ပေါ်လာခဲ့သည်။ ၎င်း၏အစွန်းတစ်ဖက်က သူမ၏လက်ဝါးတွင် တည်ရှိနေဆဲဖြစ်ကာ ကျန်တစ်ဖက်က စန်းလု၏ကျောကို ထိမှန်သွားခဲ့သည်။
"ဝုန်း"
သူ၏နောက်ကျောက မီးလောင်ခံရသကဲ့သို့ မည်းနက်သွားကာ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ဤမိုးကြိုးအလင်းက စန်းလုကို အတွင်းဒဏ်ရာများ မရစေနိုင်ခဲ့သော်လည်း အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။ သူက ယဲ့ချန်နှင့်ရှောင်ရိ၏လုပ်ရပ်ကို မြင်သောအခါ ဒေါသူပုန်ထသွားသဖြင့် ပတ်ဝန်းကျင်ကို မေ့လျော့နေသည်။ ထိုအချိန်ကို အခွင့်ကောင်းယူ၍ ပိုလင်းက လျှို့ဝှက်ကျင့်စဥ်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူက ကောင်းကင်ချီဖြင့် ခန္ဓာကိုယ်ကို အချိန်မီကာကွယ်နိုင်ခဲ့သော်လည်း အဝေးသို့ လွင့်ထွက်သွားခဲ့ရသည်။
"ဘုန်း"
စန်းလုက မီတာရာချီအဝေးရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောကြောင့် မြေကြီးများ ပေါက်ကွဲကုန်သည်။ ခဏအကြာတွင် စုတ်ပြတ်ပေရေနေသော စန်းလုက ကောင်းကင်သို့ ပျံတက်လာခဲ့သည်။
"မင်းက မိုးကြိုးမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်ကို မသုံးဘူးလို့ ပြောလိုက်တယ်မလား"
စန်းလုက ဒေါသတကြီး မေးမြန်းလိုက်သည်။ ပိုလင်းမှာ မြေလှောင်အိမ်အတွင်း ပိတ်မိနေဆဲပင်ဖြစ်သည်။
"ဒီလိုပြောမိလို့လား။ ရှင်နားကြားမှားသွားတာ ဖြစ်မယ်။ ရှင်က ကျွန်မလိုမိန်းမလှလေးကို လျှို့ဝှက်ကျင့်စဥ်နဲ့ တိုက်ခိုက်တယ်ဆိုမှတော့ ကျွန်မလည်း မသုံးလို့မဖြစ်ဘူးလေ။ တစ်ယောက်ယောက်ကို အဆုံးအဖြတ်ပေးခိုင်းကြမလား"
ပိုလင်းက အပြစ်ကင်းစင်ဟန်ဖြင့် စောဒကတက်လိုက်သည်။ မိုးကြိုးမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်များအပြင် နတ်ဆိုးချပ်ဝတ်ပါရှိနေသောအခါ သူမက စန်းလုကို မကြောက်ပေ။ စန်းလုမှာ ပိုလင်း၏တားမြစ်မှုကြောင့် အလင်းတန်းအနီး မချဥ်းကပ်နိုင်သောအခါ ယဲ့ချန်နှင့်ရှောင်ရိက အာကာသကျောက်များယူနေသည်ကို စိတ်ပျက်စွာကြည့်နေရုံသာ တတ်နိုင်ပေသည်။
"ဖုယုနဲ့လျူမင်က ဘာလို့မရောက်ကြသေးတာလဲ"
စန်းလု၏မျက်နှာက လုံးဝမည်းနက်နေသည်။ အကယ် သူ၏နောက်လိုက်နတ်ဝိဇ္ဇာများသာရှိနေလျှင် ဤကိစ္စကို တားမြစ်နိုင်ပေလိမ့်မည်။
ပိုလင်းက မြေနံရံကို လက်ဝါးဖြင့်ရိုက်ချလိုက်သောအခါ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၍ ဘန်းခနဲပြိုကျသွားခဲ့သည်။
"ဒါဆိုရင် နတ်ဆိုးချပ်ဝတ်က တော်တော်အစွမ်းထက်တာပဲ"
ပိုလင်းက အလွန်ကျေနပ်နေသည်။ ဤနတ်ဆိုးချပ်ဝတ်၏ အစွမ်းနှင့်ဆိုလျှင် စန်းလုက သူမထက် ငါးဆင့်ပိုမြင့်သည့်တိုင်အောင် ကြောက်စရာမလိုချေ။ စန်းလုသည် သူ၏လျှို့ဝှက်ကျင့်စဥ်ဖြင့် ဖန်တီးထားသောမြေလှောင်အိမ်က တစ်ချက်တည်း ဖျက်ဆီးခံလိုက်ရသောအခါ ယမ်းပုံမီးကျ ဒေါသထွက်သွားခဲ့သည်။ သူက အဆများစွာ ပို၍ထူထပ်သော မြေနံရံတစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။
အာကာသကျောက်များကို မရပ်မနားသိမ်းယူနေသော ယဲ့ချန်နှင့် ရှောင်ရိ၏လက်ထဲတွင် အရေအတွက်က နှစ်ဆယ်ကျော်ပြီဖြစ်သည်။
"မင်းတို့ကောင်တွေ နှေးလွန်းတယ်။ ခဏကြာရင် ဝိညာဥ်မျှော်စင်ရဲ့ခြောက်ထပ်ကို တခြားကျင့်ကြံသူတွေ ရောက်လာတော့မယ်။ အဲ့အချိန်ကျရင် မင်းတို့ လက်ဗလာဖြစ်သွားမှာပဲ"
ခြင်္သေ့ကြီး၏သတိပေးသံက ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ဒါဆိုရင် ကျုပ် ဘယ်လိုလုပ်ရမလဲ ဆရာ"
ယဲ့ချန်က အကူအညီတောင်းလိုက်သည်။
"မင်းရဲ့ဝိညာဥ်အသိစိတ်ကိုသုံးပြီး တံဆိပ်ကို နည်းနည်းဖွင့်လိုက်"
ခြင်္သေ့ကြီးက သက်ပြင်းတစ်ချက်ချ၍ ညွှန်ကြားလိုက်သည်။
ယဲ့ချန်က တံဆိပ်၏ တားမြစ်အစီအရင်တွင် အက်ကြောင်းတစ်ခု ဖန်တီးလိုက်သည်။ ခြင်္သေ့ကြီးက ပါးစပ်ကိုဟ၍ လေများရှူသွင်းလိုက်သောအခါ ပြင်းထန်သော စုပ်ဝဲတစ်ခု ဖြစ်ပေါ်လာသည်။ အဝေးရှိအာကာသကျောက်များက ယဲ့ချန်၏လက်ဝါးရှိ ဝဲထံ ချက်ချင်းစုပ်ယူခံလိုက်ရကာ တံဆိပ်၏နေရာလပ်အတွင်း ရောက်ရှိသွားကြသည်။
ယဲ့ချန်က လျှပ်တပြက်မိုးကြိုးကျင့်စဥ်နှင့် လျင်မြန်စွာပျံသန်းရင်း ၎င်းတို့ကို ဆက်တိုက်စုပ်ယူနေသည်။
"အံ့သြစရာကောင်းလိုက်တာ။ များလိုက်တဲ့ အာကာသကျောက်တွေ။ ထျန်းယွမ်မြို့တော်က အဘိုးကြီးတွေ ဘာတွေတွေးနေကြတာလဲ။ ငါတို့လက်ထဲမှာ အာကာသကျောက်တွေက သုံးရာ့နှစ်ဆယ်အထိ ရောက်နေပြီ။ မြန်မြန်လုပ်စမ်း"
ခြင်္သေ့ကြီးက အလောတကြီး တိုက်တွန်းလိုက်လေသည်။