← Chapters

ကတုံးပေါ် ထိပ်ကွက်သွားခြင်း

Vol. 24 Ch. 338

ကတုံးပေါ် ထိပ်ကွက်သွားခြင်း

Vol. 24 Ch. 338

စန်းလုသည် ပိုလင်း၏တားမြစ်မှုများမှ ရှောင်ထွက်ရန် ဆက်တိုက်ကြိုးစားနေသော်လည်း မိုးကြိုးမျိုးနွယ်၏ လျှို့ဝှက်ကျင့်စဥ်များကြောင့် မအောင်မြင်ခဲ့ပေ။ ကောင်းကင်သားရဲများ၏ဝိညာဥ်က အစွမ်းထက်သော်လည်း ရုပ်ခန္ဓာက အားနည်းချက်ဖြစ်သည်။ သို့သော် ပိုလင်း၏ခန္ဓာကိုယ်ကို နတ်ဆိုးချပ်ဝတ်မှ ကာကွယ်ပေးထားသောကြောင့် စန်းလုကို လုံးဝကြောက်စရာမလိုချေ။

စန်းလုသည် ပိုလင်းကို ထိခိုက်အောင် မလုပ်နိုင်ရုံသာမက ထိုးဖောက်၍လည်း မသွားနိုင်ပေ။ ထို့ကြောင့် သူမက စိုးရိမ်စိတ်ကင်းကင်းနှင့် တိုက်ခိုက်နေနိုင်သည်။ ယဲ့ချန်နှင့်ရှောင်ရိမှာလည်း သမာဓိကောင်စီ၏ ရန်သူများဖြစ်သောကြောင့် သူမ၏ကာကွယ်ပေးမှုကို လိုအပ်နေသည်။ နောက်ဆုံးတွင် ထိုနှစ်ယောက်က သိမ်းယူထားသမျှ အာကာသကျောက်များကို သူမထံ လိုလိုလားလားနှင့် ပေးအပ်လာရပေလိမ့်မည်။

ဝိညာဥ်မျှော်စင်၏ခြောက်ထပ်တွင် ယဲ့ချန်နှင့်ရှောင်ရိက သူမ၏ဝိညာဥ်အသိစိတ်လက်အောက်မှ မလွတ်မြောက်နိုင်ပေ။ ထို့အပြင် သူမက လျှပ်တပြက်မိုးကြိုးကျင့်စဥ်ကို သူတို့၏ခန္ဓာကိုယ်အပေါ် အသုံးပြုထားသည်။ ၎င်းက ရိုးရှင်းသော အရှိန်မြှင့်ကျင့်စဥ်တစ်ခု ဖြစ်သော်လည်း သူမ၏ဝိညာဥ်စွမ်းအား ပါဝင်နေသည်။ ထိုစွမ်းအား မပျောက်ကွယ်သေးသရွေ့ သူမက သူတို့နှစ်​ယောက်ကို ချက်ချင်းလိုက်ဖမ်းနိုင်သည်။

ထို့ကြောင့် ပိုလင်းမှာ စိတ်အေးလက်အေးဖြင့် တိုက်ခိုက်နေရင်း အဖြူရောင်အလင်းတန်းကြီးထံ တစ်ချက်ကြည့်လိုက်သည်။ ယဲ့ချန်က လျင်မြန်စွာပျံသန်းနေပြီး အာကာသကျောက်များက သူ့နောက်သို့ သံလိုက်ဖြင့်ဆွဲငင်ခံရသည့်ပမာ အုပ်စုလိုက်ပြေးဝင်နေကြသည်ကို မြင်လိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း သူက အာကာသကျောက်ရာချီကို သိမ်းပိုက်နိုင်ခဲ့သည်။

"ဒီမောင်လေးက တော်တော်အစွမ်းထက်တယ်"

ပိုလင်းက တအံ့တသြ ရေရွတ်လိုက်သည်။ သူမပင်လျှင် အာကာသကျောက်များကို အလွယ်တကူမသိမ်းဆည်းနိုင်ပေ။ ၎င်းတို့က ကျင့်ကြံသူများကိုတွန်းကန်ပြီး အနားသို့ချဥ်းကပ်လိုက်လျှင် အလိုအလျောက် ရှောင်တိမ်းထွက်ပြေးကြသည်ချည်းသာ ဖြစ်သည်။ သူမက အချိန်ကြာမြင့်စွာ ကြိုးစားခဲ့သော်လည်း အာကာသကျောက်ခုနစ်ဆယ်သာ သိမ်းပိုက်နိုင်ချိန်တွင် ယဲ့ချန်က ခဏအတွင်း ရာချီဖမ်းယူနိုင်ခဲ့သည်။

စန်းလုသည် ယဲ့ချန်၏အိတ်ကပ်အတွင်း အာကာသကျောက်များ တဖွဲဖွဲဝင်ရောက်နေသည်ကို မြင်သောအခါ သွေးအန်မတတ် ဒေါသထွက်နေခဲ့သည်။ အကယ်၍ သူသာ ပိုလင်းရှေ့မှဝင်ရောက်နိုင်ခဲ့လျှင် ခရမ်းရောင်နတ်ဆိုးချပ်ဝတ်နှင့်တကွ အာကာသကျောက်တုံးအားလုံးက သူ့အပိုင် ဖြစ်လာရပေလိမ့်မည်။

"ပိုလင်း သမာဓိကောင်စီက မင်းကိုသေတဲ့အထိ တိုက်ခိုက်မယ်"

စန်းလုက ဝမ်းခေါင်းသံကြီးနှင့် ကြုံးဝါးလိုက်သည်။

"စီနီယာစန်း ကျွန်မလို အားနွဲ့တဲ့ မိန်းမလှလေးတစ်ယောက်က သမာဓိကောင်စီကို ဘယ်လိုလုပ်ဆန့်ကျင်ရဲမှာလဲရှင်"

ပိုလင်းက မျက်တောင်ကော့ကြီးများကို တဖြတ်ဖြတ်ခတ်၍ ညုတုတုပြောလိုက်သည်။

စန်းလုမှာ နောက်တစ်ကြိမ် သွေးအန်မတတ် ဒေါသထွက်သွားပြန်သည်။ ထိုအချိန်တွင် သူ၏နောက်လိုက်ဖြစ်သော ဖုယုနှင့်လျူမင်က ဝိညာဥ်မျှော်စင်၏ခြောက်ထပ်သို့ ရောက်လာခဲ့ကြသည်။

"ဖုယု လျူမင် အဲ့ဒီကလေးကိုသတ်ပြီး အာ​ကာသကျောက်တွေ ယူလာစမ်း"

စန်းလုသည် နတ်ဝိဇ္ဇာနှစ်ယောက်ကို မြင်သောအခါ အော်ဟစ်အမိန့်ပေးလိုက်သည်။ ခြောက်ထပ်သို့ရောက်ရောက်ချင်း သူတို့နှစ်ယောက်က အဝေးရှိ ယဲ့ချန်နှင့်ရှောင်ရိကို သတိထားမိလိုက်သည်။ နှစ်ယောက်လုံးက လေးညှို့မှပစ်လွှတ်လိုက်သော မြှားများပမာ ပြေးထွက်သွားကြသည်။ ထို့နောက် အခြားနတ်အဆင့် ကျင့်ကြံသူများလည်း ခြောက်ထပ်မြောက်သို့ ဝင်ရောက်လာကြသော်လည်း ဖုယုနှင့်လျူမင်ထက် ခြေတစ်လှမ်း နောက်ကျနေခဲ့သည်။

ပိုလင်းသည် သမာဓိကောင်စီမှ နတ်ဝိဇ္ဇာနှစ်ယောက်ကိုမြင်သောအခါ ချက်ချင်းထိတ်လန့်သွားခဲ့သည်။ ယဲ့ချန်နှင့်ရှောင်ရိက နတ်ဘုရင်စဦးအဆင့်များ ဖြစ်သောကြောင့် နတ်ဝိဇ္ဇာအဆင့်တွင် နှစ်ပေါင်းဆယ်ချီရောက်နှင့်ပြီးဖြစ်သော ဖုယုနှင့်လျူမင်ကို ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။

"စီနီယာစန်း ဝိညာဥ်မျှော်စင်ကို လူတွေအများကြီး ရောက်လာနေကြတယ်။ ငါတို့တိုက်ပွဲကို ရပ်လိုက်ရအောင်"

ပိုလင်းက ပါးနပ်စွာ အကြံပြုလိုက်သည်။

"အခုမှရပ်ချင်ရင် နောက်ကျသွားပြီကွ။ ငါ့လူတွေက အာကာသကျောက်ကို အရယူလိမ့်မယ်"

စန်းလုက အေးစက်စက်နှာခေါင်းရှုံ့၍ သူ၏စိတ်အတွင်း ထိန်းချုပ်ထားရသော ဒေါသများကို ဖောက်ထုတ်လိုက်သည်။

"လျှပ်တပြက်မိုးကြိုး"

ပိုလင်းက တိုက်ပွဲအတွင်းမှ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"ဟမ့်ဘ မင်းတို့မိုးကြိုးမျိုးနွယ်က ဒီကျင့်စဥ်နဲ့ ငါတို့ကိုဒုက္ခပေးတာ များနေပြီ။ သမာဓိကောင်စီက ဒီအတိုင်းရပ်ကြည့်နေမယ် ထင်လို့လား"

"ရေချုပ်နှောင်ကျင့်စဥ်"

စန်းလုက မြေချီကျင့်စဥ်များကိုသာ အများဆုံးကျင့်ကြံသော်လည်း ရေကျင့်စဥ်အချို့ကိုလည်း နားလည်တတ်မြောက်ထားသည်။ ရေနဂါးများအဖြစ် အသွင်ပြောင်းထားသော ရေချီများက ပိုလင်းကို ရစ်ပတ်သွားသည်။ သူမ၏ဘေးတွင် ပတ်လည်ဝိုင်းနေသော လျှပ်စီးမိုးကြိုးများက ရေချီများကြောင့်တရှဲရှဲမြည်၍ ပျောက်ကွယ်သွားကြသည်။ ရေချုပ်နှောင်ကျင့်စဥ်က ပိုလင်းကို တားမြစ်နိုင်သော်လည်း ဒဏ်ရာရစေရန် တိုက်ခိုက်နိုင်စွမ်းမရှိပေ။

"ငါ့ကောင်ရေ သမာဓိကောင်စီရဲ့ နတ်ဝိဇ္ဇာနှစ်ယောက် ပြေးလာနေကြပြီ။ အာကာသကျောက် စုစုပေါင်း ငါးရာသုံးဆယ့်တစ်တုံး ရထားပြီးပြီ။ ဒါ အကုန်ပဲ။ မင်း ဘာဆက်လုပ်မလဲ"

ခြင်္သေ့ကြီးက မေးလိုက်ခြင်းဖြစ်သည်။ သမာဓိကောင်စီဖြစ်စေ မိုးကြိုးမျိုးနွယ်ဖြစ်စေ ဤမျှများပြားသော အရေအတွက်ကို လက်လွှတ်ခံမည်မဟုတ်ကြပေ။ လက်ရှိတွင် အာကာသကျောက်များက ယဲ့ချန်နှင့်ခြင်္သေ့ကြီးထံ ရောက်နေသောအခါ နှစ်ယောက်လုံးကထုတ်ပေးလိုစိတ် လုံးဝမရှိချေ။

"ရှောင်ရိ ဝိညာဥ်ပုလဲထဲကို ဝင်လိုက်"

ယဲ့ချန်က လှောင်ပြုံးကလေးဖြင့် ပြောလိုက်သည်။ ရှောင်ရိကခေါင်းညိတ်၍ ဝိညာဥ်ပုလဲအတွင်း ချက်ချင်းဝင်ရောက်သွားခဲ့သည်။ သူက ဝိညာဥ်ပုလဲကို ညာလက်ဖြင့်ကိုင်ဆောင်ပြီး လျှပ်တပြက်မိုးကြိုးကျင့်စဥ်နှင့် အဝေးသို့ လှစ်ခနဲ ထွက်ပြေးလိုက်သည်။

"မောင်လေး မြန်မြန်ပြေးနော်။ မမက အခု မင်းကိုမကူညီနိုင်သေးဘူး။ အာကာသကျောက်တွေကို ခဏသိမ်းထားပေး။ မိုးကြိုးမျိုးနွယ်ရဲ့စစ်ကူတွေ သိပ်မကြာခင် ရောက်လာတော့မယ်"

ပိုလင်းက ဝိညာဥ်အသိစိတ်ဖြင့် ယဲ့ချန်ကို ညွှန်ကြားလိုက်သည်။

ဤစကားကိုကြားသောအခါ ယဲ့ချန်က တစ်ခွန်းမှပြန်မပြောခဲ့ပေ။ သူက သမာဓိကောင်စီ၏လက်မှ လွတ်မြောက်သွားလျှင် အာကာသကျောက်များကို မိုးကြိုးမျိုးနွယ်ထံ ပြန်ပေးစရာအကြောင်း လုံးဝမရှိချေ။ ပိုလင်းသည်လည်း အရေအတွက်ငါးရာကျော်သော အာကာသကျောက်များကို သေချာပေါက်လုယူမည်ဖြစ်သည်။ သို့သော် ယဲ့ချန်ထံမှ ရတနာများကို လုယူချင်လျှင် လွယ်ကူမည်မဟုတ်ချေ။

ပိုလင်းက သူ့ကိုအထင်သေးထားပြီး သူမ၏ဝိညာဥ်စွမ်းအားကို ဖြေရှင်းနိုင်ခြင်းမရှိဟု ထင်မှတ်နေသည်။ ယဲ့ချန်က လှောင်ပြုံးပြုံးနေရင်း လျင်မြန်လှသောအရှိန်ကြောင့် ကီလိုမီတာတစ်ရာကျော်အကွာအဝေးသို့ ရောက်ရှိသွားသည်။ ဖုယုနှင့်လျူမင်က အလွန်နှေးသောကြောင့် သူ့နောက်တွင် များစွာပြတ်ကျန်နေခဲ့သည်။ ပုံမှန်အခြေအနေ၌ နှစ်ယောက်လုံးက ယဲ့ချန်ထက် မြန်သော်လည်း ပိုလင်း၏လျှို့ဝှက်ကျင့်စဥ်ကြောင့် ယဲ့ချန်က ပို၍မြန်ဆန်နေခြင်းဖြစ်သည်။

ပိုလင်းသည် စန်းလုနှင့်တိုက်ခိုက်နေသဖြင့် ယဲ့ချန်ကို ဝိညာဥ်အသိစိတ်ဖြင့် နောက်ယောက်ခံလိုက်မနေခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမ၏ဝိညာဥ်စွမ်းအင်က ယဲ့ချန်၏ကိုယ်ပေါ်တွင် တည်ရှိနေသည်။ သူက ကီလိုမီတာငါးရာအထိရောက်အောင် ထွက်ပြေးနိုင်လျှင်ပင် သူမက ချက်ချင်းရှာဖွေနိုင်သည်။ သူ့အတွက် တစ်ခုတည်းသောလွတ်လမ်းက ဝိညာဥ်မျှော်စင်၏ ခုနစ်ထပ်ဖြစ်သည်။

ယဲ့ချန်ကခု နစ်ထပ်၏ဝင်ပေါက်ရှေ့သို့ ရောက်သောအခါ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူက အတွင်းသို့ လုံးဝဝင်ရောက်မည်မဟုတ်ပေ။ ဝိညာဥ်မျှော်စင်အတွင်း အထပ်များမြင့်တက်လေလေ ဝိညာဥ်သားရဲများက ပို၍အစွမ်းထက်လေလေဖြစ်သည်။ ခြောက်ထပ်မြောက်၌ပင် မဟာသာလွန်အဆင့်နှင့် စွမ်းအားချင်းညီသော အရာများရှိနေသည်ဖြစ်ရာ ရှေ့ဆက်မသွားခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

"အမလင်းရေ နှုတ်ဆက်တယ်ဗျာ"

ယဲ့ချန်က ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဖြတ်ခနဲဝင်ရောက်လိုက်သည်။

"ဆရာ ကျုပ်ကိုယ်ပေါ်က စွမ်းအင်ကို ဖျက်ဆီးပေးပါဦး"

"မင်းမပြောရင်တောင် ငါ လုပ်ပေးပြီးပါပြီကွာ။ ညှို့ဓာတ်ပြင်းတဲ့ ဒီမိန်းမကတော့ သွေးအန်ရတော့မယ်။ အချစ်က ဒုက္ခပေးတတ်သကွာ"

ခြင်္သေ့ကြီးက ယဲ့ချန်ကိုစနောက်၍ ရယ်မောလိုက်သည်။

ယဲ့ချန်က လေထဲတွင် သဲလွန်စမကျန်အောင် လုံးဝပျောက်ကွယ်သွားသည်။ စန်းလုနှင့်တိုက်ခိုက်နေသော ပိုလင်းက ယဲ့ချန်၏အရှိန်အဝါကို အာရုံမခံနိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ယေဘူယျသဘောတရားအရ သူမ၏ဝိညာဥ်စွမ်းအင်က ကီလိုမီတာငါးရာအထိပင် ထောက်လှမ်းနိုင်သည်။ ယဲ့ချန်က ဤသို့ပျောက်ကွယ်သွားစရာ အကြောင်းမရှိချေ။

သို့သော်လည်း ပိုလင်းက ယဲ့ချန်ကို အမှန်တကယ် မထောက်လှမ်းနိုင်တော့ပေ။ သူမက ဝိညာဥ်အသိစိတ်ကို အဝေးသို့စေလွှတ်၍ ယဲ့ချန်ကို ရှာဖွေလိုက်သည်။ သူမက ဝိညာဥ်စွမ်းအား ပျောက်ကွယ်သွားသော နေရာကိုရှာဖွေလိုက်သော်လည်း ယဲ့ချန်၏တည်ရှိမှု လက္ခဏာကို လုံးဝမတွေ့ချေ။ အနီးတွင် ခုနစ်ထပ်၏ဝင်ပေါက်ရှိနေသောကြောင့် ယဲချန်က ရူးမိုက်စွာ ဝင်ရောက်သွားခြင်းဖြစ်နိုင်သည်။ ခြောက်ထပ်ရှိဝိညာဥ်သားရဲများက အလွန်အစွမ်းထက်နေသည်ဖြစ်ရာ ခုနစ်ထပ်၌ ပို၍အခြေအနေဆိုးနိုင်ကြောင်းကို ယဲ့ချန်လည်း သိထားပေလိမ့်မည်။

ဖုယုနှင့်လျူမင်ကလည်း ယဲ့ချန်ပျောက်ကွယ်သွားသော ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သို့သော်လည်း သဲလွန်စ တစ်ခုတလေကိုပင် မရှာနိုင်ခဲ့ကြပေ။ သူတို့က ဝိညာဥ်မျှော်စင် ခုနစ်ထပ်၏ဝင်ပေါက်ကို စိုက်ကြည့်လိုက်သော်လည်း ဝင်ရန်သတ္တိမရှိသောကြောင့် ပြန်လှည့်လာကြလေသည်။

All Chapters