← Chapters

သာရိပုတ္တ

Vol. 31 Ch. 424

သာရိပုတ္တ

Vol. 31 Ch. 424

နတ်ဘုရားများနှင့် ထိပ်သီးသိုင်းပညာရှင်တို့၏ စစ်မြေပြင်က မိုင်ပေါင်းများစွာ ရှည်လျားပြီး တိုက်ပွဲကွင်းပြင်ငယ်များအဖြစ် အပိုင်းပိုင်းကွဲနေသည်။ သို့သော် အားလုံးက နတ်သက်ကြွေတောင်ကြောအတိုင်း တစ်တန်းတည်း တန်းနေ၏။

မိစ္ဆာနတ်မင်းငါးပါး၊ ဘုရင်ခွန်၊ ဘုရင်မရီ၊ အဘိုးကြီးမာ၊ သားသတ်သမား၊ ရွှေအ၊ နားကန်း၊ ဧကရာဇ်အတိုင်ပင်ခံ၊ ရွာလူကြီး၊ အဘွားစစ်၊ တာအိုသခင်၊ တထာဂတနှင့် ရသေ့ကြီးချင်းယိုတို့က ပြိုင်ဘက်ကိုယ်စီဖြင့် တိုက်ခိုက်နေကြသည်။ သူတို့သည် မျိုးနွယ်အသီးသီး၏ သန်မာအားကောင်းဆုံး သိုင်းပညာရှင်များဖြစ်၍ လက်ရည်တူပြိုင်ဘက်နှင့် ဆုံတွေ့ရလေ့မရှိခဲ့ပေ။ သို့သော် အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများနှင့် ယှဉ်ပြိုင်ရသည့်အခါ အဆင့်တစ်ဆင့် နိမ့်ကျနေကြသေး၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ထုရှင်းဖုန်းမှာ ထိပ်တန်းသိုင်းသမားများ ဖြစ်ကြသည်။ ဧကရာဇ်အတိုင်ပင်ခံက အစွမ်းကုန် ရုန်းကန်၍ မျက်လုံးတစ်လုံးနတ်ဘုရားအား သတ်နိုင်ခဲ့သော်လည်း သူလည်း ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ထုရှင်းဖုန်း၏ တိုက်ပွဲမှာတော့ နှစ်ဦးနှစ်ဖက် ပျက်စီးမှုဖြင့် အဆုံးသတ်သွားခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားများနှင့် သိုင်းသမားတို့၏ သိုင်းစွမ်းရည်ကွာဟမှုက သိသာပေသည်။

မိစ္ဆာနတ်မင်းငါးပါးနှင့် အဘွားစစ်မှာ အတန်ငယ် သိုင်းစွမ်းရည်နိမ့်ကျသော်လည်း လှည့်ကွက်များစွာ အသုံးချ၍ တိုက်ပွဲကွင်းပြင်တစ်လျှောက် ပြေးလွှားရင်း ကောင်းကင်းနတ်သိုင်းများ ထုတ်လွှတ်နေကြသည်။ သို့ရာတွင် ရန်သူတို့၏ စွမ်းရည်က အလွန်အားကောင်းသန်မာသည့်အတွက် သူတို့ ခြေကုန်လက်ပန်း ကျလာကြသည်။

ယန်ကျင့်ကျင့်က အချိန်ကိုက်ရောက်လာခြင်းဖြစ်၏။ နေသင်္ဘော ရောက်လာသည်နှင့် အဝါနတ်မင်းက သူ့ကျောပေါ်ရှိ အိတ်ကို ဖွင့်လိုက်သည်။ အိတ်ထဲမှ အဝါရောင်အခိုးအငွေ့များ တငွေ့ငွေ့ ထွက်လာသည့်အခါ ရန်သူမှာ အူအသည်းကလီစာ အပိုင်းပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ အော်ဂလီဆန်လာပြီး တဝေါ့ဝေါ့ ထိုးအန်မိတော့သည်။

ရန်သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို စုပ်ယူရန် အဝါနတ်မင်း ပြေးသွားလိုက်သော်လည်း ရန်သူ၏ ဖိချခြင်းခံလိုက်ရသည်။

တစ်နေရာတွင် မိုးမခနတ်မင်းက နဂါးစိမ်းနှင့် ခပ်ဆင်ဆင်တူသော ဧရာမမြွေစိမ်းကြီး အသွင်ဖြင့် နှင်းဖုံးတောင်ထိပ်တစ်ခုကို ရစ်ပတ်ထားသည်။ သူမ၏ပြိုင်ဘက်ကလည်း ပုံသဏ္ဍာန်အစစ်အမှန်ကို ဖော်ပြထား၏။ သူ၏အရပ်က တောင်တစ်လုံးကဲ့သို့ မြင့်မားပြီး တစ်ကိုယ်လုံး အဖြူရောင်အမွှေးများ ဖုံးလွှမ်းနေသည်။ မီးလုံးကဲ့သို့ နီစွေးနေသော မျက်လုံးကြီးနှစ်လုံးက အမှောင်ထုထဲတွင် တောက်ပနေသည်။ မိုးမခနတ်မင်းမှာ ထပ်ခါတလဲလဲ ထိုးနှက်ခံနေရသဖြင့် သွေးတစ်ပွက်ပွက် အန်နေရကာ သူမ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ အဆက်မပြတ် စီးကျနေသည်။

အဖြူနတ်မင်း ၊ ကြွက်နတ်မင်းနှင့် မြေခွေးနတ်မင်းတို့လည်း ဒဏ်ရာရထားကြသည်။ အဘွားစစ်တစ်ယောက်တည်းသာ နေရာရွှေ့ပြောင်းအလံနှင့် မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းကို အသုံးချကာ ရန်သူ၏ တိုက်ကွက်များကို ရှောင်နေနိုင်သေး၏။

မိစ္ဆာနတ်မင်းငါးပါးက များသောအားဖြင့် ရန်သူတစ်ယောက်တည်းကိုသာ အတူတူ တိုက်ခိုက်တတ်သော်လည်း လူအင်အားမရှိသောကြောင့် နတ်ဘုရားနှစ်ပါးဖြင့် တိုက်ခိုက်နေရရာ အထိနာလာကြသည်။ အဘွားစစ်ကြောင့် ဖိအားက အတန်ငယ် လျော့နည်းသွားသော်လည်း နတ်ဘုရားနှစ်ပါးနှင့် ယှဥ်ရန် မလုံလောက်သေးပေ။

အခြားတစ်ဖက်တွင် တာအိုသခင်၏ တာအိုဓားက ဆယ့်လေးခန်းမြောက် တာအိုဓားအထိ ထုတ်ဖော်ခဲ့ပြီးပြီဖြစ်သည်။ ဓားကွက်က တောင်တန်းမြေပြင်များကို ထိုးခွဲလိုက်သော်လည်း သူ့အနေဖြင့် ဆယ့်လေးခန်းမြောက် တာအိုဓားကွက်ကို အပြည့်အဝမကျင့်ကြံရသေးပေ။ ရန်သူက သူ့ဓားကွက်ထဲရှိ ဟာကွက်ကို လျင်မြန်စွာ တွေ့ရှိသွား၏။ ကောင်းကင်အလင်းတန်းတစ်တန်းက တာအိုဓားရိပ်များကို ထိုးခွင်းကာ တာအိုသခင်အား တောင်စောင်းနံရံ၌ ထိုးချိတ်လိုက်သည်။

“တာအိုဓားက ... ဘာမှလည်း မဟုတ်ပါလား” နတ်ဘုရား၏ လက်ဝါးကြီးက တောင်စောင်း၌ ချိတ်နေသော တာအိုသခင်ဆီသို့ ရိုက်ချရန် ကျလာသည်။

တထာဂတက မဟာယနသုတ္တန်၏ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်လုံးကို ဖွဲ့တည်ထားပြီး သူ၏ခန္ဓာကိုယ်က ဧရာမဗုဒ္ဓရှင်တော်မြတ်ကြီးပမာ တောက်ပနေ၏။ ဗုဒ္ဓတစ်သောင်းက တထာဂတရှင်တော်မြတ်ကို ဝန်းရံတော်မူထားပြီး တထာဂတက ရန်သူကို အားအဟုန်ဖြင့် ထိုးချလိုက်သည်။ သို့ရာတွင် သူလည်း အခြေအနေမဟန်ပေ။ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်လုံး ပျက်စီးသွားသည်။

သူ တိုက်ခိုက်နေသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရားက တထာဂတ၏ လက်သီးကို လက်သီးဖြင့် ပြန်တုံ့ပြန်သည်။ များစွာမကြာလိုက်ဘဲ တထာဂတ၏ခန္ဓာကိုယ်တွင် သွေးကွက်များ ဖုံးလွှမ်းသွားပြီး သူ၏မျက်ခုံးမွှေးဖြူဖြူများလည်း သွေးစွန်းထင်းသွား၏။

တထာဂတသည် အိုမင်းနေပြီဖြစ်၍ ချီစွမ်းအင်နှင့် သွေးတို့မှာ ငယ်ရွယ်စဉ်တုန်းကလို အားအင်ပြည့်ဖြိုးခြင်းမရှိပေ။ သူ၏ရုပ်ခန္ဓာမှာလည်း မသန်မာတော့။

အတိတ်တုန်းကဆိုလျှင် မဟာယနသုတ္တန်၏ စွမ်းအားဖြင့် မနားမနေ တိုက်ခိုက်နိုင်ခဲ့သည်။ သူ၏ အားအင်ပြည့်ဖြိုးနေသော ချီနှင့်သွေးတို့က ကောင်းကင်နတ်သိုင်းများ၏ စွမ်းအားကို အဆများစွာ မြှင့်တင်ပေးနိုင်သည်။ သို့ရာတွင် ယခုတော့ မသန်စွမ်းတော့ရာ အရေးနိမ့်နေလေသည်။

အဘိုးကြီးမာက သူ့အခြေအနေကို အရိပ်တကြည့်ကြည့် ကြည့်နေပြီး သွားကယ်ချင်သော်လည်း ရန်သူက အမြဲကာဆီးနေသည့်အတွက် မကူညီနိုင်ဖြစ်နေသည်။ သူလည်း မဟာယနသုတ္တန်၏ နောက်ဆုံးအဆင့်၊ ဗြဟ္မာဘုံအထိ ကျင့်ကြံထားသာကြောင့် နတ်ဘုရားများနှင့် ဗုဒ္ဓများက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ဖြင့် သူ့ကို ဝန်းရံလျက် ရှိသည်။

သို့သော် အဘိုးကြီးမာသည် ငယ်ရွယ်သေး၏။ သူ၏ခန္ဓာကိုယ်က တောင့်တင်းခိုင်မာသည်။ တထာဂတမှာမူ ချီနှင့်သွေးတို့ ခမ်းခြောက်နေပြီဖြစ်၍ ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။

“သာရိပုတ္တ.... ရူပက္ခန္ဓာဟုခေါ်သော ရုပ်သည် သုညတဟူသော မရှိခြင်းနှင့် မခြားနားပါ။ ထို့ကြောင့် ရုပ်သည် မရှိခြင်းဖြစ်ပြီး မရှိခြင်းသည်လည်း ရုပ်ပင်ဖြစ်သည်”

တထာဂတ၏ နှုတ်တော်မှ တရားစာရွတ်ဖတ်သံများ ထွက်လာပြီး သူ၏ချီနှင့်သွေးတို့သည် တမုဟုတ်ချင်း အားအင်ပြည့်ဖြိုးလာ၏။ သူ့သိုင်းကွက်များ၏ စွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းလာပြီး ရန်သူကို စိုးမိုးဖိနှိပ်နိုင်လာသည်။

အဘိုးကြီးမာ စိတ်နှလုံးလှုပ်ခတ်သွားပြီး အော်ဟစ်လိုက်သည်။ “ဆရာ”

တထာဂတက သူ့ကို လှည့်ကြည့်ကာ ပြုံးတော်မူသည်။ “ငါ့တပည့်၊ ဆရာ ဗုဒ္ဓလမ်းစဉ်ကို မင်းလက်ထဲ အပ်ခဲ့ပါတယ်။ ဆရာ့အတွက် သာသနာဆက်လက် ဖြန့်ပွားပေးပါ”

“ဝေဒနက္ခန္ဓာဟုခေါ်သော အာရုံခံစားမှု၊ သဉာက္ခန္ဓာဟုခေါ်သော မှတ်သားမှု၊ သင်္ခါရက္ခန္ဓာဟုခေါ်သော ပြုပြင်မှု၊ ဝိဉာဏက္ခန္ဓာ ဟုခေါ်သော သိမှုတို့သည်လည်း ၎င်းနည်းအတိုင်းပင် ဖြစ်လေသည်”

တထာဂတ၏ ဟဒယသုတ်တော်ရွတ်ဖတ်သံက ပျံလွင့်လာသည်။ ဗုဒ္ဓအရောင်အဝါက တောက်ပကွန့်မြူးလာပြီး တထာဂတနှင့် သူ၏ပြိုင်ဘက်ကို လွှမ်းခြုံသွားသည်။

မျက်ကန်း၏ တိုက်ခိုက်ပုံက တစ်မျိုးကွဲပြားသည်။ သူက တိုက်ပွဲကွင်းပြင်များအကြား ပျံသန်းရင်း သူ၏ကောင်းကင်စိတ်မျက်လုံးဖြင့် ရန်သူ၏ဟာကွက်များကို ကြည့်ကာ အလစ်တိုက်ကွက်များ ပစ်လွှတ်နေသည်။ သို့ရာတွင် နတ်ဘုရားများ၏ ချက်ကောင်းကို ထိအောင် မလုပ်နိုင်ဘဲ သူ့လူများ၏ အသက်ကိုသာ ကယ်ပေးနေရသည်။

သားသတ်သမားနှင့် သူ၏ပြိုင်ဘက်ကြယ်ဧကရာဇ်ယန်မှာ စိတ်ရူးဖောက်နေသည်ဟု ဆိုရလိမ့်မည်။ သူတို့က တစ်လောကလုံးတွင် သူတို့နှစ်ယောက်တည်းသာ ရှိတော့သည့်အလား အပြင်းအထန် တိုက်ခိုက်နေကြသည်။ ဓားမများ ဆွဲထုတ်လိုက်သည့်အချိန်ကတည်းက သူတို့၏အဖော်က ဓားမသာ ဖြစ်သည်။

လူတစ်ယောက် ဓားတစ်လက်။

ဒဏ်ရာမည်မျှပြင်းထန်စေကာမူ ၊ ပြိုင်ဘက်၏ဓားချက်များ မည်မျှအားကောင်းလာစေကာမူ သူတို့က ဓားမများကို ကိုင်စွဲလျက် စိတ္တဇအရူးများပာ ခုတ်ထစ်နေကြဆဲဖြစ်သည်။

ရွှေအ၏ ကျောပေါ်ရှိ မီးဖိုကြီးက ကောင်းကင်မီးလျှံများ အလျှံတညီးညီး တောက်လောင်နေပြီး သေတ္တာထဲရှိ ငွေရောင်စက်လုံးများက ကောင်းကင်လက်နက်အသွင်မျိုးစုံအဖြစ် အဆက်မပြတ် ပြောင်းလဲနေသည်။ ရွှေအ၏ တျန်းထျန်နေရာတွင် ဧရာမမီးဖိုကြီးတစ်လုံး၏ အနှိုင်းမဲ့သော စွမ်းအင် ကိန်းဝပ်နေသည့်အလား ထင်ရပြီး သူက မီးဖိုကြီးနှစ်လုံးဖြင့် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းသော ခွန်အားကို ပိုင်ဆိုင်ထား၏။

နားကန်းက စုတ်တံတစ်လက်ဖြင့် ပန်းချီရေးခြယ်နေသည်။ သူက နှင်းဖုံးတောင်တန်းများနှင့် ကုန်းမြေကို ရေးဆွဲထားပြီး သူ့ပန်းချီများကို ကမ္ဘာအစစ်နှင့် ထပ်နေစေသည်။ ပန်းချီများက တောင်တန်းမြစ်ချောင်းများထဲတွင် ငုပ်လျှိုးပုန်းကွယ်ကာ ထူးဆန်းစွာ လှပနေသော ကမ္ဘာတစ်ခုကို ဖော်ကျူးထားသည်။ သူက သူ၏ပြိုင်ဘက်ကို ပန်းချီများနှင့် ကမ္ဘာအစစ်အကြား ကူးလူးသွားလာနေရအောင် လှည့်စားထားပြီး ကိုယ်တိုင်မတိုက်ခိုက်ပေ။ ထိပ်တိုက်ရင်ဆိုင်ပါက သူ့အနေဖြင့် မည်သို့မျှယှဉ်နိုင်မည်မဟုတ်။

ယခုအခိုက်အတန့်တွင် သူ၏စုတ်တံက မိုင်တစ်ရာရှည်လျားသော တောင်တန်းမြစ်ပြင်များကို ရေးဆွဲပြီးသွားသည်။ ပန်းချီကားထဲတွင် ပန်းချီကားနောက်တစ်ခု ရှိ‌နေ၍ ကမ္ဘာတစ်ခုထဲတွင် နောက်ကမ္ဘာတစ်ခု ဖွဲ့တည်နေသကဲ့သို့ ဖြစ်နေသည်။ သူ၏ပြိုင်ဘက်မှာ ပန်းချီကားထဲ မျက်စိလည်လမ်းပျောက်နေပြီး ထွက်လမ်းကို ရှာမတွေ့တော့ပေ။

နားကန်း ပန်းချီကားထဲမှ အပြင်သို့ ခုန်ထွက်ပြီး ပန်းချီထဲရှိ ကမ္ဘာနှင့်အတူ တောင်တန်းမြစ်ပြင်များကို ဖျက်စီးရန် တွေးနေသည့်အချိန် ဓားရောင်တစ်ချက်က ပန်းချီကားထဲမှ ပျံထွက်လာပြီး သူ့ရင်ဘတ်ဆီ ပြေးဝင်လာသည်။

နားကန်း တရှိန်ထိုး နောက်ဆုတ်ကာ ရှိသမျှ အားကုန်ဖြင့် စုတ်တံကို ထုတ်လိုက်သည်။ စုတ်ချက်တစ်ချက်ကြောင့် မိုင်တစ်ရာရှည်လျားသော တောင်တန်းများ တစ်ခုပြီးတစ်ခု ပြိုကျလာပြီး ကြောက်မက်ဖွယ်ရာစွမ်းအင်ဖြင့် ပေါက်ကွဲသွား၏။

“သေမျိုးလူသားတစ်ယောက်မှာ နတ်ဘုရားစွမ်းအား မရှိသင့်ဘူး”

ပျက်စီးနေသော ပန်းချီကမ္ဘာထဲမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်လာပြီး သွေးသံရဲရဲ လက်ဝါးကြီးတစ်ဖက်က နောက်ဆုတ်ပျံသန်းနေသော  နားကန်းကို လှမ်းဆွဲလိုက်သည်။

ဘုရင်မရီနှင့် ဘုရင်ခွန်က ပုံစံအစစ်အမှန်များဖြင့် ပင်လယ်ပြင်နှင့် ကောင်းကင်ယံတွင် ကူးလူးဖြတ်သန်းနေကြသည်။ သူတို့သည် ပြိုင်ဘက်ကင်းသော သားရဲနတ်ဘုရားများနှင့် တူပြီး သူတို့၏ဟိန်းသံများက နားကန်းလုအောင် ကျယ်လောင်၏။ ဧရာမသားရဲကြီးများ နတ်ဘုရားများနှင့် ဝင်တိုက်လိုက်သည့်အခါ ကောင်းကင်မှာ ထက်ခြမ်းကွဲထွက်သွားပြီး ပထဝီမြေပြင်တစ်ခုလုံး သိမ့်သိမ့်ခါအောင် လှုပ်ခတ်သွားသည်။ တိမ်မည်းတိမ်လိပ်များက လမင်းကြီးကို ဖုံးလွှမ်းထားသော်လည်း တစ်ချက်တစ်ချက် နှစ်ခြမ်းကွဲထွက်သွားတတ်၏။ ထိုအခါမှ လရောင်က ဖြာကျလာတတ်သည်။

ဘုရင်ခွန်နှင့် ဘုရင်မရီတို့နှစ်ယောက်လည်း ဒဏ်ရာဒဏ်ချက်များ ဖုံးနေသော်လည်း ရုန်းကန်တိုက်ခိုက်လိုစိတ်များ ပြည့်သျှံနေဆဲဖြစ်သည်။ ဘုရင်မရီက ဧရာမငှက်ကြီးအသွင်ဖြင့် တောင်ပံ တဖျပ်ဖျပ် ခတ်ကာ ပင်လယ်ပြင်တစ်လျှောက် ပျံသန်းသွားသည်။ သူမက လေထဲတွင် သွက်လက်ပေါ့ပါးစွာ လှည့်လည် ပျံဝဲလျက် ဓားမတစ်လက်ကို ပစ်လွှတ်ကာ ဘုရင်ခွန်အား နင်းထားသည့် နတ်ဘုရားကို ခုတ်ပိုင်းပစ်တတ်၏။

သူမ၏ဓားမရောင် ကောင်းကင်ကို ခုတ်ပိုင်းလိုက်သည့်အခါ ဖြာကျလာသည်ကား လရောင်မဟုတ်။ နေလုံးကြီးတစ်လုံးက သူမ ခုတ်ပိုင်းလိုက်သော တိမ်တိုက်များကြားမှ ကျဆင်းလာသည်။

မည်သည့်အရာ ဖြစ်ပျက်သွားမှန်း ဘုရင်မရီ မသိပေ။ သို့သော် ဓားမကို ထုတ်လွှတ်လိုက်ပြီဖြစ်သည့်အတွက် ပြန်ဆွဲခေါ်ရခက်သည်။ သူမအနေဖြင့် ဘုရင်ခွန်ကို နင်းထားသည့် နတ်ဘုရားကိုသာ အားကုန်ပိုင်းချလိုက်နိုင်၏။

ထိုအခိုက်အတန့်တွင် အနက်ရောင်တိမ်တိုက်များ နှစ်ခြမ်းကွဲသွားပြန်ပြီး ခက်ထန်ကြမ်းကြုတ်သော မျက်နှာအမူအရာရှိသည့် နတ်ဘုရားတစ်ပါး ထွက်လာသည်။ သူ၏လက်ချောင်းငါးချောင်းက တောင်ကြီးငါးလုံးပမာ ဘုရင်မရီ ရှိရာသို့ ကျဆင်းသွားသည်။

တိမ်တိုက်ထဲ၌ ပုန်းနေသော နတ်ဘုရားလည်း ကျဆင်းလာသည့်‌ နေလုံးကြီးကို မြင်လိုက်ရ၍ အတန်ငယ် မှင်သက်သွားသည်။ သူ ဇဝေဇဝါ ဖြစ်သွားမိ၏။

“ဒါ ဘာကောင်းကင်နတ်သိုင်းလဲ”

နေလုံးကြီးက တရှိန်ထိုး ကျဆင်းလာပြီး အလွန်စူးရှသော နေအလင်းတန်းများက သူ့အပေါ်သို့ မိုးရွာကျသည့်အလား ဖြာကျလာသည်။

သူတစ်ယောက်တည်းမဟုတ်။ အထက်ကောင်းကင်ဘုံ၏ ကျန်နတ်ဘုရားများလည်း အပူဒဏ်ကို ခံစားလိုက်ကြရသည်။ ရွှေရောင်အလင်းတန်းများက မယုံနိုင်လောက်အောင် စူးရှပြီး နတ်ဘုရားအားလုံး၏ ခန္ဓာကိုယ်များကို တန်းတန်းမတ်မတ် ထိုးဖောက်သွားကြသည်။

ယန်ကျင့်ကျင့်သည် ချင်မူ့လို မကြမ်းတမ်းပေ။ ချင်မူက နေသင်္ဘော၏ နေလုံးကြီးဖြင့် ရန်သူကို အသေရိုက်ခွဲပစ်ခဲ့သည်။ ထိုနည်းလမ်းက နေလုံးကြီးကို အလွယ်တကူ ပျက်စီးသွားစေနိုင်၏။ ချင်မူ ထိုသို့ လုပ်ခဲ့သော အကြောင်းရင်းမှာ နေကို မည်သို့ထိန်းချုပ်ရမှန်း မသိသည်ကတစ်ကြောင်း၊ နေစွမ်းအားကို မည်သို့ထုတ်လွှတ်ရမှန်း နားမလည်သည်ကတစ်ဖုံ ဖြစ်သည်။ သို့ရာတွင် နေစောင့်ရှောက်သူအဖြစ် ယန်ကျင့်ကျင့်သည် နေသင်္ဘောကို ထိန်းချုပ်၍ အမှောင်ထုထဲတွင် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ဖူးသည်။ နေသင်္ဘောနှင့် နေလုံးကြီးကို သူမ နှိုက်နှိုက်ချွတ်ချွတ် နားလည်သောကြောင့် လွတ်လပ်စွာ ထိန်းချုပ်နိုင်သည်။

သူမလက်ထဲတွင် နေသင်္ဘောသည် နေလုံးကြီးထိခိုက်နိုင်ခြေကို အသေးငယ်ဆုံးအထိ လျှော့ချပြီး အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်နိုင်၏။

ထိုအချိန်တွင် နတ်သက်ကြွေတောင်ကြော၏ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်လာသည်။ ပင်လယ်ထဲရှိ ဘုရင်ခွန်က သူ့ကို နင်းနေသော နတ်ဘုရား၏ ခန္ဓာကိုယ်အောက်ပိုင်းကို ရွှေရောင်ချိုကြီးဖြင့် ထိုးသွင်းကာ ပင်လယ်မျက်နှာထက်သို့ ကော်ထုတ်လိုက်သည်။ နတ်ဘုရားမှာ ရှောင်ရန် အချိန်မရလိုက်ဘဲ နေရောင်အောက်တွင် ကြေမွသွားတော့သည်။

နားကန်းကို လှမ်းဆွဲထားသော သွေးသံရဲရဲ လက်ကြီးလည်း နေရောင်အောက်တွင် ပြိုကွဲသွားပြီး တာအိုသခင်ကို ရိုက်တော့မည့် လက်ဝါးကြီးလည်း နေအလင်းတန်းများကြောင့် အပေါက်ဖြစ်သွားသည်။ နေရောင်အောက်တွင် နတ်ဘုရားများ၏မျက်နှာ ထင်းလင်းလာ၏။

ဗုဒ္ဓရောင်ခြည်တော်များက အလွန်အားကောင်းသော်လည်း ၎င်းတို့ပင်လျှင် နေ‌ရောင်၏ တွန်းဖယ်ထုတ်ခြင် ခံလိုက်ရပြီး မတ်မတ်ရပ်နေသော အရိပ်နှစ်ခုကို ဖော်ပြလိုက်သည်။ တထာဂတကား နတ်ဘုရားကို သူနှင့်အတူ သေရွာခေါ်သွားနိုင်ခဲ့ချေပြီ။

နေလုံးကြီးဆီမှ အလင်းတန်းများက မြင့်မားမတ်စောက်သော နှင်းတောင်တန်းများအား လင်းထိန်သွားစေသည်။ မိုးမခနတ်မင်း ရပ်နေသော တောင်မှာ သွေးချင်းနီရဲလျက်ရှိသည်။ နဂါးစိမ်းနှင့် ခပ်ဆင်ဆင် တူသည့် ဧရာမြွေစိမ်းကြီးမှာ တောင်ပေါ်မှ လျှောကျသွား၏။ အဝါနတ်မင်း၏အိတ်မှာ ဇကာပေါက်ကဲ့သို့ ဖြစ်နေသည်။ အိတ်ပိုင်ရှင်က နတ်ဘုရား၏ ခြေဖဝါးအောက်တွင် ပြားကပ်နေပြီး ထိုနတ်ဘုရားမှာ အဖြူနတ်မင်း၏ ငွေအပ်များကြောင့် ဖြူကောင်တစ်ကောင်နှင့် တူနေသည်။

နေရောင်က အဝေးအထိ ဆက်လက်ပျံ့နှံ့သွားပြီး တိုက်ပွဲကွင်းပြင်အားလုံးအပေါ် ဖြာကျသွားသည်။ သားသတ်သမားနှင့် ကြယ်ဧကရာဇ်ယန်က လေလယ်တွင် တိုက်ခိုက်နေသည့်အချိန် ရသေ့ကြီးချင်းယိုနှင့် ပန်းဧကရီက ကောင်းကင်ထက်မှ ပြုတ်ကျလာနေသည်။

နေရောင်များ ဆက်လက်ဖြာထွက်သွားအခါ ဓားပန်းချီ၏ နဝမဓားကွက်အား မြင်လိုက်ရသည်။ ဓားကွက်က ကြယ်ဧကရာဇ်ချောင်နှင့် နတ်ဘုရားတစ်ပါးကို ခြုံလွှမ်းသွားသည်။

နေသင်္ဘောအောက်တွင် ခေါင်းသုံးလုံးနတ်ဘုရား၏ ခေါင်းနှစ်လုံးက ထော့ကျိုးနှင့် ဆေးဆရာကို ဒဏ်ရာအပြင်းအထန် ရသွားစေ၏။ ခေါင်းနှစ်လုံးမှ မီးနှင့်ရေလှိုင်းကြောင့် သူတို့နှစ်ယောက်လုံး မြောက်တက်သွားကြသည်။ ထိုအချိန်တွင် ဆေးဆရာ၏ခန္ဓာကိုယ်ထဲမှ ပိုးကောင်တစ်ကောင် ပျံထွက်လာကာ ပိုးချည်များ ထွေးထုတ်၍ ဧကရာဇ်အတိုင်ပင်ခံအား ရစ်ပတ်လိုက်သည်။

ဘုန်း

ခေါင်းသုံးလုံးနတ်ဘုရားက သူ၏ခေါင်းနှစ်လုံးကို ပြန်ခေါ်ကာ သင်္ဘောပေါ် ဆင်းသက်လိုက်၍ နေသင်္ဘောမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ သူက တိုင်လေးတိုင်၏အလယ်ရှိ ယန်ကျင့်ကျင့်ဆီသို့ တရှိန်ထိုး ပြေးဝင်လာ၏။ နေထိန်းကျောင်းသူခေါင်းဆောင်နှင့် ကျန်ရှိသူများ မျက်နှာအကြီးအကျယ် ပျက်သွားကြပြီး သူ့ကို တားရန် ကြိုးစားကြသည်။ မရေမတွက်နိုင်သော နေထိန်းကျောင်းသူများ လွင့်ထွက်သွားကြသည့်တိုင် သူ့အရှိန်ကို လျော့အောင်ပင် မလုပ်နိုင်ပေ။

တိုက်ပွဲကွင်းပြင်အပေါ် နေသင်္ဘော၏ သက်ရောက်မှုက ကြီးမားသောကြောင့် ယန်ကျင့်ကျင့်သာ ဆက်လက်တိုက်ခိုက်နေလျှင် အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများ အပြတ်အသတ် ရှုံးနိမ့်သွားနိုင်သည်။

ယန်ကျင့်ကျင့်က နေသင်္ဘောဟု ခေါ်သော ရှေးဟောင်းကောင်းကင်လက်နက်ကို ထိန်းချုပ်‌နေခြင်းဖြစ်သည်။ နေသင်္ဘော၏ စွမ်းအားသည် လူတိုင်းကို ခြိမ်းခြောက်နိုင်သည်အထိ ပြင်းထန်အားကောင်း၏။ သို့သော် ယန်ကျင့်ကျင့်မှာ နေသင်္ဘောကို ထိန်းချုပ်နေရ၍ လွတ်လွပ်လပ်လပ် မလှုပ်ရှားနိုင်ရာ သူမအတွက် အန္တရာယ်ဖြစ်လာသည်။ တစ်ယောက်ယောက် အနားကပ်လာပါက သူမ မည်သို့မျှ တတ်နိုင်မည်မဟုတ်ပေ။

နေသင်္ဘော ထွက်လာတုန်းက ခေါင်းသုံးလုံးနတ်ဘုရားက အနားပတ်ဝန်းကျင်ရှိ ထော့ကျိုးနှင့် ဆေးဆရာနောက် အသည်းအသန် ပြေးလိုက်နေခဲ့သည်။ သူက နေသင်္ဘောနှင့် အနီးဆုံးဖြစ်သော်လည်း ပစ်မှတ်ကို အလွှတ်ပေးပြီး သင်္ဘော‌ပေါ် ခုန်တက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

နေထိန်းကျောင်းသူခေါင်းဆောင်က နေခေါင်းလောင်းကို မြှောက်၍ ကျယ်လောင်စွာ တီးလိုက်သော်လည်း ရန်သူ့တိုက်ကွက်ကို မဟန့်တားနိုင်သေးပေ။ ထိုအချိန်တွင် နတ်ဘုရားက ကောင်းကင်တိုင်လုံးများအနား ရောက်လာခဲ့ပြီဖြစ်သည်။ ခေါင်းနှစ်လုံးက ထပ်မံပျံထွက်လာပြီး နေထိန်းကျောင်းသူခေါင်းဆောင်ကို ရှောင်ကာ ပစ်မှတ်ကို တိုက်ခိုက်လိုက်သည်။ ခေါင်းတစ်ခေါင်းက ယန်ကျင့်ကျင့်ဆီသို့ ရေလှိုင်းထွေးထုတ်လိုက်ပြီး ကျန်တစ်ခေါင်းက မီးလှိုင်းမှုတ်ထုတ်လိုက်၏။

ယန်ကျင့်ကျင့် သွေးအန်ပြီး ကာကွယ်ရန် လက်ဆန့်ထုတ်လိုက်ရသည်။ နေစွမ်းအားမှာ တမုဟုတ်ချင်း လျော့ကျသွားသည်။

ထိုအချိန်တွင် အခြားတစ်ဖက်တွင် ဓားပန်းချီ၏ နဝမဓားကွက်စွမ်းအား အလုံးစုံ ထုတ်လွှတ်ပြီးသွားသည်။ တလက်လက်တောက်ပနေသော ဓားရောင်များက နေအလင်းရောင်ကို ခြုံလွှမ်းကာ လင်းထိန်သွား၏။ သို့သော် များစွာမကြာလိုက်ဘဲ မှိန်ကျသွားသည်။

ကြယ်ဧကရာဇ်ချောင်က မတ်မတ် ရပ်နေသည်။ သူက အခြားတစ်ဖက်တွင် ရပ်နေသော သူ၏မဟာရန်သူတော်ကြီး လူသားဧကရာဇ်ကို အေးစက်စက် ကြည့်နေသည်။

“မင်း အိုနေပြီ”

ကြယ်ဧကရာဇ်ချောင် ရွာလူကြီးကို အထင်သေးစွာ ကြည့်နေစဉ် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ အက်ကွဲကြောင်းတစ်ကြောင်း ပျံ့နှံ့လာသည်။ “မင်းသာ အားအကောင်းဆုံးအချိန်မှာဆို ဒီဓားကွက်ကြောင့် ငါ သေချာပေါက် သေသွားလိမ့်မယ်။ ဒါပေမဲ့ အခု မင်းရဲ့ ချီနဲ့သွေးတွေ ကုန်ခမ်းခါနီးနေပြီ။ ဒီဓားကွက်က ငါ့အသက်ကို မနုတ်နိုင်ဘူး..”

သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူက ဟက်ခနဲ ရယ်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့အသက်ဓာတ်ကို မင်း ဖျက်စီးနိုင်ခဲ့တယ်။ ဒါမဲ့ ငါလည်း မဆိုးလှပါဘူး။ ငါနဲ့အတူ မင်းကို သေရွာခေါ်သွားနိုင်တယ်”

သူနှင့် အတူ ဓားနတ်ဘုရားအဘိုးကြီးကို တိုက်ခိုက်နေသော နတ်ဘုရားမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး အသားတုံးများက မြေကြီးပေါ် တဘုတ်ဘုတ် ပြုတ်ကျသွားသည်။

All Chapters