သေခြင်းတရားကို လက်မခံသော စစ်နတ်ဘုရား
Vol. 31 Ch. 425
ဘုန်း
ကြယ်ဧကရာဇ်ချောင်က ဒူးထောက်ကျသွားပြီး ကောင်းကင်ဓားကို အားပြု၍ တဟားဟား ရယ်ကာ သူ့ဆီ လျှောက်လာသော ရန်သူတော်ကြီးအား ကြည့်နေသည်။ “လူသားဧကရာဇ်၊ မင်းနဲ့ငါက နတ်ဘုရားအစစ်တွေ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ်တွေသက်သက်ပဲ။ ငါတို့ကို မင်း ဒီမှာ တားတော့ရော ဘာလုပ်နိုင်မှာလဲ။ အထက်ကောင်းကင်ဘုံကနေ တစ်ဖွဲ့တည်း ထွက်လာတာမဟုတ်ဘူး။ အဖွဲ့နှစ်ဖွဲ့ ထွက်လာတာ။ ငါတို့က မင်းတို့ကို အာရုံလွှဲဖို့ ဒီရောက်လာတာပဲ။ မိုးလေဝသကောင်းကင်လက်နက်တွေကို တကယ်အသက်သွင်းမယ့်လူတွေက တခြားတစ်ဖွဲ့။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပျက်စီးရမယ့် ကံပါပြီးသား...”
ရွာလူကြီး၏ ကျောနောက်ရှိ မူလဝိညာဉ်သည် မီးတောက်မီးလျှံများ အလျှံတညီးညီး တောက်လောင်နေသော နတ်ဘုရားအသွင် ဖွဲ့တည်နေ၏။ သို့သော် ဤနတ်ဘုရားမှာ အလွန်အားနည်းနေပြီဖြစ်သည်။
နတ်ဘုရား၏ မီးတောက်မီးလျှံတို့က တဖြည်းဖြည်း မှိန်ကျသွားပြီး ဟုန်းခနဲ ပြန်တောက်လာသည်။ ဤသို့ မှိန်သွားလိုက်၊ လင်းလာလိုက် ဖြစ်နေရာ ဓားနတ်ဘုရားအဘိုးကြီးမှာ သူ၏နောက်ဆုံးလက်ကျန် ချီနှင့်သွေးဖြင့် အထွတ်အထိပ်ခွန်အားကို ထိန်းချင်နေကြောင်း ထင်ရှားပေသည်။
“ကြယ်ဧကရာဇ်ချောင်၊ နောက်တစ်ဖွဲ့က ဘယ်မှာလဲ” ရွာလူကြီးက တိုက်ပွဲကွင်းပြင်ထက်ရှိ ကျန်သူများကို လျစ်လျူရှုကာ လျှောက်လာသည်။ သူ၏အကြည့်က ကြယ်ဧကရာဇ်ချောင်ကို မှိတ်မသုန် စူးစိုက်လျက်ရှိသည်။ “မင်းနဲ့ငါက ရန်သူတွေ၊ အခု ငါတို့နှစ်ယောက်လုံး သေရတော့မှာပဲ။ အပြစ်မဲ့သူတွေကို ထောက်ထားညှာတာပေးပါ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အပြစ်မဲ့ပြည်သူတွေ သေမှာကို မင်း တကယ် မြင်ချင်လို့လား”
ကြယ်ဧကရာဇ်ချောင်၏ ခန္ဓာကိုယ်အတွင်းထဲမှ ဝုန်းခနဲ ပြိုကျပျက်စီးသွားသံ ထွက်ပေါ်လာသည်။ ချောမောခံ့ညားသော နတ်ဘုရားမှာ သေမင်း၏အရိပ်အောက်သို့ ရောက်နေပြီဖြစ်သော်လည်း ဟက်ခနဲ ရယ်လိုက်သည်။ “အဆင့်နိမ့်သတ္တဝါတွေရဲ့ အသက်က ငါနဲ့ ဘာဆိုင်လို့လဲ” သူက ကောင်းကင်ကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့ရဲ့ ကြယ်ဟာ နောက်ဆုံးတော့ ကြွေကျတော့မှာပါလား”
ဖျောက်
သူ့ဓားမှ ကွဲအက်သံ ခပ်ဖျော့ဖျော့ ထွက်လာပြီး နောက်တစ်သံ ထပ်ထွက်လာသည်။ အသံများက စိပ်လာကာ ဓားမျက်နှာပြင်တစ်လျှောက် အက်ကွဲကြောင်းများ ဖြာထွက်သွား၏။ သူ့ခန္ဓာကိုယ် ပျက်စီးပြိုကွဲနေသံကိုလည်း အားလုံး ကြားလိုက်ရသည်။
ရွာလူကြီး၏ အနောက်ရှိ မူလဝိညာဉ်မှာ ထပ်မံမှိန်ကျသွားပြီး သူက ချီနှင့်သွေးကို ထပ်မံလှုံ့ဆော်ကာ မူလဝိညာဉ်အား ထိပ်ဆုံးအခြေအနေသို့ ပြန်တင်ချင်သော်လည်း မတင်နိုင်ဖြစ်နေသည်။
ယခု သူမှာ လေများ စိမ့်ထွက်နေသော ပူဖောင်းတစ်လုံးနှင့် တူသည်။ အသက်ဓာတ်ကို ပြန်ထွန်းညှိချင်သော်လည်း သူ့ခန္ဓာကိုယ်မှာ ထောင်းထောင်းကြေနေပြီ ဖြစ်သည်။
သူ့တွင် ခြေရော၊ လက်ပါ မရှိခြင်းက ရုပ်ခန္ဓာခွန်အားနှင့် သိုင်းစွမ်းရည်အပေါ် ထိခိုက်မှုရှိသော်လည်း အဓိကအကျဆုံးက သူ အိုနေပြီဖြစ်သည်။
အိုမင်းလွန်းနေပြီဖြစ်၍ သက်တမ်းလည်း ကုန်ခါနီးချေပြီ။ သူ့တွင် တစ်နှစ်၊ နှစ်နှစ်သာ အချိန်ကျတော့သည့်အတွက် အေးအေးဆေးဆေး နေပြီး လုံ့လဝီရိယအပြည့်ဖြင့် ကြိုးစားကျင့်ကြံလျှင် မသေခင် ကောင်းကင်တံတားကို ဆက်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သေးသည်။
သို့သော် ဤတိုက်ပွဲက သူ၏နောက်ဆုံးလက်ကျန် ချီနှင့်သွေးကို ကုန်ခမ်းသွားစေ၏။
သူ့အတွက် အသက်ဓာတ်ကို ပြန်ထိန်းညှိစရာ နည်းလမ်းမရှိတော့ပေ။
“ငါ့ကို ပြောစမ်း၊ နောက်တစ်ဖွဲ့ ဘယ်သွားတာလဲ” ရွာလူကြီး အော်ဟစ်လိုက်သည်။ “ကြယ်ဧကရာဇ်ချောင်၊ မင်းက ဘယ်ကလဲ။ မင်းလည်း အဆင့်နိမ့်သတ္တဝါတစ်ကောင် ဖြစ်ခဲ့တာပဲမဟုတ်ဘူးလား။ မင်းလည်း ဒီလူတွေလိုပဲ မဟုတ်ဘူးလား”
ကြယ်ဧကရာဇ်ချောင်က သေမင်းကို စောင့်နေသကဲ့သို့ မျက်လုံးများ ပိတ်ထားသော်လည်း ရုတ်တရက် ခန္ဓာကိုယ် တုန်ခါသွားပြီး မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများသည် အသက်မဲ့နေ၏။ သူ့ကိုယ်ခန္ဓာပေါ်ရှိ ဓားဒဏ်ရာတစ်ခုပြီးတစ်ခု ပွင့်ထွက်လာသည်။
မမြင်ရသော ဓားတစ်လက်က သူ၏ရုပ်ခန္ဓာကို ဖြည်းဖြည်းချင်း လှီးဖြတ်နေသကဲ့သို့ ဓားဒဏ်ရာများက နက်သထက် နက်လာသည်။
ရွာလူကြီး၏ နောက်ဆုံးဓားချက်က သူ၏အသက်ဓာတ်ကို ဖြတ်တောက်ပစ်ခဲ့သည့်အတွက် ကောင်းကင်ရတနာများ ပြိုကွဲနေသည်။ ရုပ်ခန္ဓာလည်း အပိုင်းပိုင်း ပြတ်နေသည့်အတွက် သူ သေရပေတော့မည်။
“ပြောတော့ရော ဘာထူးမှာလဲ” ကြယ်ဧကရာဇ်ချောင်က ခေါင်းငုံ့သွားပြီး သူ့ကို သရော်တော်တော် ပြောသည်။ “မင်းမှာ သူတို့ကို တားနိုင်တဲ့ အစွမ်းအစရှိသေးလို့လား။ မင်းလည်း သေရတော့မှာပဲ မိတ်ဆွေကြီး။ ကိုယ့်နေရာကိုယ် သိပြီး ထိုင်နေစမ်းပါ။ ငါနဲ့အတူ သေရွာသွားကြတာပေါ့။ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်း အဝါရောင်စမ်းချောင်းဆီ သွားကြမယ်လေ..”
“ငါ့ကို ပြောစမ်းပါ၊ သူတို့ ဘယ်လမ်းကနေ သွားတာလဲ” ရွာလူကြီးက တင်းမာခက်ထန်စွာ မေးလိုက်သည်။
ကြယ်ဧကရာဇ်ချောင်က သူ့ကို မော့ကြည့်ပြီး သူ၏အသက်မဲ့နေသော မျက်လုံးများက မဟာမြို့ပျက်၏ အမှောင်ထုအား လှည့်ကြည့်လိုက်သည်။ ရုတ်တရက် သူ၏အသက်ရှူသံများ အလျင်မြန်လာ၏။ “သူတို့ ရောက်နေလောက်ပြီ.... အဟွတ် အဟွတ်။ မင်းမှာ အစွမ်းအစရှိသေးရင် သွား တားလေ”
ထိုစဉ်မှာပဲ သူ့မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ရွာလူကြီး၏ အဝတ်စများကို ကမန်းကတန်း လှမ်းဆွဲကာ အော်ဟစ်သည်။ “ငါ ငရဲမီးတွေကို မြင်လိုက်ရတယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူသေတွေက ငါ့ကို အသက်လျော်ကြေးပေးဖို့ တောင်းဆိုနေကြတယ်။ မလာကြနဲ့.. သွား ငါ့အနား မလာကြနဲ့။ ငါ့အမှား မဟုတ်ဘူး။ ငါက အမိန့်အတိုင်း လုပ်ရုံသက်သက်ပဲ။ အားလုံးရဲ့ ပူဆွေးသောကတွေအတွက် တာဝန်ရှိတဲ့လူတွေသပ်သပ် ရှိတယ်။ ငါက မင်းတို့အားလုံး သေစေချင်နေတဲ့လူ မဟုတ်ဘူး”
ရွာလူကြီးက သူ့လက်များကို ခါထုတ်ကာ ခပ်သုတ်သုတ် ထွက်သွားသည်။
ကြယ်ဧကရာဇ်ချောင်၏ သူငယ်အိတ်များက ကျုံ့သထက် ကျုံ့လာပြီး အလွန်ချောက်ချားဖွယ်ရာ မြင်ကွင်းကို မြင်နေရဟန်တူသည်။ သူက သွေးရူးသွေးတန်း အော်ဟစ်နေ၏။ “ငါ့အမှားမဟုတ်ဘူး။ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ငါ့ဆီက အသက်လျော်ကြေး မတောင်းကြနဲ့
“စက္ကူလှေတွေ အများကြီးပဲ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ အမှောင်ထုထဲကို စက္ကူလှေတွေ မျောလွင့်လာနေတယ်... ဘုရားဘုရား အဲ့ဒါ ဘာကြီးလဲ။ မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုတွေ... ငရဲ.. ဒါ ငရဲပဲ
“ငါ့ကို ကယ်ပါဦး။ အစစ်အမှန်နတ်ဘုရားတို့၊ ငါ့ကို စောင့်ကြည့်နေတဲ့ အစစ်အမှန်နတ်ဘုရားတို့ ဘယ်ရောက်နေလဲ။ မင်းတို့တွေ မြေအောက်ဘုံအရှင်သခင် ငါ့ကို ခေါ်မသွားစေရဘူးလို့ ကတိပေးခဲ့ကြတယ်လေ... ကယ်ကြပါဦး...”
တခဏကြာသော် ကြယ်ဧကရာဇ်ချောင်က အလွန်တုန်လှုပ်ချောက်ချားနေသော မျက်နှာထားဖြင့် အသက်ရှူရပ်သွားသည်။
ဖောက်
သူ့လက်ထဲရှိ ကောင်းကင်ဓားမှာ အမှုန့်များအဖြစ် မြေပြင်ပေါ် ပြန့်ကြဲကျသွားသည်။ ကြယ်ဧကရာဇ်ချောင်၏ အသက်မဲ့နေသည့် ခန္ဓာကိုယ်က ရှေ့သို့ ထိုးလဲသွားပြီး ဓားဒဏ်ရာအားလုံး ပွင့်ထွက်လာကာ သူ၏အလောင်းကို အပိုင်းပိုင်း လှီးဖြတ်လိုက်သည်။
ရွာလူကြီးက မဟာမြို့ပျက်၏ အမှောင်ထုထဲသို့ တဟုန်ထိုး ပြေးနေသည်။ သူ၏မူလဝိညာဉ်က လင်းလိုက်၊ မှိန်လိုက် ဖြစ်နေ၏။ သူက နောက်ဆုံးသွေးလက်ကျန်ကို အတတ်နိုင်ဆုံး လှုံ့ဆော်ကာ သူ၏ရုပ်ခန္ဓာ မချုပ်ငြိမ်းအောင်၊ သူ၏စိတ်ဓာတ် မပြိုလဲအောင် ကြိုးစားနေသည်။
သေမင်း၏ ခေါ်သံကို သူ ခံစားနေရသည့်အပြင် သူ၏ရုပ်ခန္ဓာမှာ ဝိညာဉ်ကို ဆွဲထားရန် ခက်ခဲလာသည်။ သေမင်းက ချဉ်းကပ်လာနေပြီဖြစ်သည်။
သူ့နောက်မှ တစ်ယောက်ယောက် လိုက်လာနေသည်ကို သူ ခံစားနေရသည်။ အမှန်အတိုင်း ပြောရလျှင် ဤနှစ်များအတွင်း ယခုလို မကြာခဏ ခံစားခဲ့ရ၏။ ခေါ်သံက ယိုတုကမ္ဘာမှ ခေါ်သံ ဖြစ်နိုင်သည်။ ယိုတု၏ လောကဥပဒေက သူ့ကို ချုပ်နှောင်ကာ သူ့ဝိညာဉ်ကို ယူသွားချင်နေသည်။
ရုပ်ခန္ဓာကိုယ် တဖြည်းဖြည်း သေဆုံးလာသည်နှင့်အမျှ ချုပ်နှောင်မှုက တင်းကြပ်လာသည်။ အမှောင်ဘုံ၏ ခေါ်သံသည်လည်း တစတစ အားကောင်းလာ၏။
ဤသည်မှာ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ဖြစ်သည်။ လူတိုင်း မွေးဖွားလာကတည်းက ဤပဋိညာဉ်ကို ရေးထိုးခဲ့ကြရ၏။ ရုပ်ခန္ဓာ သေလျှင် ဝိညာဉ်က မြေအောက်ဘုံအရှင်သခင်၏ အပိုင် ဖြစ်သွားပြီး ယိုတုကမ္ဘာထဲတွင် တိတ်ဆိတ်စွာ နေထိုင်သွားရလိမ့်မည်။
ရုပ်ခန္ဓာကို အသက်ရှင်အောင် ဆွဲထားခြင်းက ပဋိညာဉ်ကို ချိုးဖောက်ရာကျသည်။ သိုင်းပညာရှင်များအနေဖြင့် မူလဝိညာဉ်များကို ကောင်းကင်တံတားအား ကျော်ဖြတ်စေလိုက်လျှင် ရုပ်ခန္ဓာများလည်း နတ်ဘုရားသဖွယ် ဖြစ်လာပြီး မြေအောက်ဘုံအရှင်သခင်၏ ပဋိညာဉ်မှ လွတ်မြောက်သွားနိုင်သည်။
ရွာလူကြီးတွင် ဤအခွင့်အရေး ရှိခဲ့သော်လည်း ကြယ်ဧကရာဇ်ချောင်က မသေခင် ထိုအခွင့်အရေးကို ဖျက်စီးသွားခဲ့၏။
ရွာလူကြီးမှာ ကပ်ဘေးလွှတ်ရန် ဆင်းလာသည့် နတ်ဘုရားနောက်တစ်ဖွဲ့ကို ရှာတွေ့ရန် မျှော်လင့်နေသော်လည်း ရှာတွေ့လျှင်ပင် ဆက်လက်တိုက်ခိုက်ရန် ခွန်အားရှိသေးရဲ့လား သူ မသိပေ။
“ငါ တကယ် အိုနေပြီပဲ”
သူ၏ချီနှင့်သွေးများ ခမ်းခြောက်လာ၍ မူလဝိညာဉ်အား မဆွဲထားနိုင်တော့ပေ။ ၎င်းက ပြင်းပြင်းထန်ထန် လှုပ်ခါရင်း သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားချင်နေသော်လည်း ရွာလူကြီးက ပြေးနေသည်ကို မရပ်။ ရပ်လိုက်ပါက သူ ထာဝရ လဲကျသွားလိမ့်မည်။
သူ ကမူးရှူးထိုး ပြေးနေပြီး အမှောင်ထုထဲ၌ ကျက်စားနေသည့် မကောင်းဆိုးဝါးများကလည်း သူ့နောက် လိုက်လာသည်။ သူတို့က သူ သေမည့်အချိန်ကို စောင့်နေကြသည်။
သူ လဲကျသွားသည်နှင့် သူ့ကို ဝိုင်းအုံပြီး အရိုးပင်မကျန်အောင် စားပစ်ကြလိမ့်မည်။
ရွာလူကြီး တဖြည်းဖြည်း နှေးလာသည်။ ခြေလက်များ မရှိသည့် သူ့ခန္ဓာကိုယ် လေးသထက် လေးလာသည်ကို သူ ခံစားလာရ၏။ ဝမ်းနည်းမှုက သူ့ရင်ထဲတွင် လှိုက်၍တက်လာပြီး သူ ခါးသက်သက် ရယ်ကာ ရပ်လိုက်ချင်မိသည်။ “ငါ တကယ် သေတော့မယ် ထင်တယ်”
ထိုအခိုက်အတန့်တွင် ငှက်ကြီးတစ်ကောင် တောင်ပံတဖျပ်ဖျပ်ခတ်လျက် အမှောင်ထုထဲမှ ပျံသန်းလာသည်ကို သူ မြင်လိုက်ရသည်။ ငှက်ကြီးက သူ့အရှေ့သို့ ပျံသန်းလာပြီး တောင်ထိပ်တစ်ခုအပေါ်တွင် နားလိုက်၏။ တောင်ပံများကို ရုတ်လိုက်သည့်အခါ ၎င်းက ငှက်ခေါင်း၊ လူကိုယ်ရှိသော နတ်ဘုရားတစ်ပါးအသွင် ပြောင်းသွားသည်။ သူက နှုတ်သီးကြီးဖြင့် ငှက်မွှေးများအား အသာအယာ ထိုးဆိတ်လိုက်သည်။
“အချိန်စေ့ပြီ” နှုတ်သီးဆီမှ လူသံ ထွက်လာသည်။
ရွာလူကြီးက လမ်းလျှောက်နေသည်ကို မရပ်ပေ။
“ခဏလေး အချိန်ပေးပါ” မိုင်တစ်သောင်းအကွာမှ လာနေသကဲ့သို့ ဝေဝါးပြီး လုံးထွေးနေသော သူ့အသံသူ ပြန်ကြားလိုက်ရသည်။ “ခဏလေးပါပဲ။ ငါ လုပ်စရာ ကိစ္စလေး ရှိသေးလို့”
ငှက်ခေါင်းနတ်ဘုရားက သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာ ထပ်ပြောသည်။ “အချိန်စေ့ပြီ”
“ကျေးဇူးပြုပြီး စောင့်ပေးပါ” ရွာလူကြီးအသံက ရှိုက်သံပါလာသည်။ “ကျေးဇူးပြုပြီး ခဏလေးပဲ စောင့်ပေးပါ။ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ငရဲမဖြစ်စေချင်ဘူး။ ငါ တိုက်ခိုက်နိုင်သေးတယ်။ ငါက ဒီနယ်မြေရဲ့ လူသားဧကရာဇ်မဟုတ်လား။ ငါ့မှာ ဝာာဝန်နဲ့ ဝတ္တရားတွေ ရှိသေးတယ်...”
ငှက်ခေါင်းနတ်ဘုရားဆီမှ လှောင်ရယ်လိုက်သံ ထွက်လာ၍ ရွာလူကြီး အမျက်တချောင်းချောင်း ထွက်သွား၏။ “မင်း ငါ့ကို ရယ်ရဲတယ်ပေါ့။ ငါက အိုနေပြီဆိုပေမယ့် ငါ့ရဲ့ ရည်မှန်းချက်တွေက ဘယ်တော့မှ မပြောင်းလဲဘူးကွ”
ငှက်ခေါင်းနတ်ဘုရားက တောင်ပံတဖပ်ဖပ် ခတ်လျက် ပျံတက်ကာ အမှောင်ထုထဲရှိ မကောင်းဆိုးဝါးများအား မောင်းထုတ်လိုက်သည်။ သူက တစ်ပတ်ပျံဝဲပြီးနောက် အနားရှိ သစ်ကိုင်းအပေါ်၌ နားလိုက်သည်။ “ငါက ခွန်အားတစ်စက်မှ မရှိတာတောင် ခေါင်းမာမာနဲ့ ဝမ်းနည်းပြနေတဲ့ စစ်သည်တော်တစ်ယောက်ကို ရယ်နေတာ”
ရွာလူကြီးက သူ့ကို လျစ်လျူရှု၍ ဒယိမ်းဒယိုင် ဆက်လျှောက်သွားသည်။ တခဏကြာသော် ငှက်ခေါင်းနတ်ဘုရား သူ့အရှေ့၌ လာရပ်သည်ကို မြင်တွေ့လိုက်ရသည်။ “အချိန်စေ့ပြီ။ မင်း မသွားရင် မရဏတမန်တော် ရောက်လာလိမ့်မယ်။ ဖုန်းတုမှာ မင်းကို စောင့်နေတဲ့ မိတ်ဆွေဟောင်းတစ်ယောက် ရှိနေသေးတယ်”
“ငါ တိုက်ခိုက်နိုင်သေးတယ်...”
ရွာလူကြီး သူ့မျက်နှာ မည်းမှောင်နေသည်ကို သတိထားမိလိုက်ပြီး သေမင်းအခိုးအငွေ့များက သူ့ခေါင်းအထိ ပျံ့နှံလာကာ ဦးနှောက်ဆီသို့ ရွေ့လျားလာနေသည်ကို ခံစားလိုက်ရသည်။
သူ၏ကောင်းကင်တံတားက စတင်ပြိုကျလာသော်လည်း မူလဝိညာဉ်က ချီချယ့်တံတားအပေါ်တွင် ရပ်နေဆဲရှိသည်။ တံတားအောက်တွင် အမှောင်ထုကြီးက မျက်စိတစ်ဆုံးပြည့်နှက်နေသည်။
သူ၏ကောင်းကင်တံတား ကောင်းကင်ရတနာထဲသို့ အပြင်လောကမှ အရာများ ရောက်မနေသင့်သော်လည်း အမှောင်ထုက ကျူးကျော်ဝင်ရောက်လာ၏။ ၎င်းက ယိုတုကမ္ဘာဖြစ်သည်။
သူ၏ရုပ်ခန္ဓာကိုယ်က သေဆုံးနေပြီဖြစ်သည့်အတွက် ယိုတုကမ္ဘာက သူ
ကောင်းကင်ရတနာမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနေသည်။
အဆုံးမဲ့အမှောင်ထုထဲမှ စက္ကူလှေတစ်စင်းသည် သူ့ကောင်းကင်ရတနာဆီသို့ ကူးခတ်လာပြီး မူလဝိညာဉ်နှင့် နီးကပ်လာနေ၏။
သူ သွားသင့်ပြီဖြစ်သည်။ မသွားလျှင် မြေအောက်ဘုံအရှင်သခင်က သူ၏မူလဝိညာဉ်ကို ယူသွားလိမ့်မည်။
မူလဝိညာဉ်က ချီချယ့်တံတား၏ တစ်ဖက်ရှိ လျှို့ဝှက်ဆန်းကြယ်တံတားအား ငေးကြည့်နေသည်။ သို့သော် တံတားနှစ်စင်းအကြား အတော်လေး ဝေးကွာပြီး ကောင်းကင်ဖြတ်သန်းခြင်းတံတားကို ကျင့်ကြံမှ ထိုအကွာအဝေးအား ကျော်ဖြတ်ကာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည်။
သို့တိုင်အောင် သူ၏ချီနှင့်သွေးမှာ တစ်စက်မကျန် ခမ်းခြောက်သွားပြီဖြစ်၍ ချီစွမ်းအင်သည် သေဆုံးနေသော ခန္ဓာကိုယ်ထဲသို့ မစီးဆင်းနိုင်တော့ပေ။ သူ့အတွက် ကောင်းကင်ဖြတ်သန်းခြင်းတံတားအား ဖွဲ့တည်ရန် မဖြစ်နိုင်ပေ။
“လူသားဧကရာဇ်အနေနဲ့ ငါ တိုက်ခိုက်ချင်သေးတယ်”
သူ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူ့အသံသူ မကြားရတော့ပေ။ ထိုအခိုက်အတန့်တွင် အမှောင်ထုကို ထိုးခွင်းလာသည့် သင်္ဘောတစ်စင်းအား သူ မြင်လိုက်ရသည်။
ထိုသင်္ဘောက တောင်များဖြင့် တည်ဆောက်ထားသော ခြေသုံးချောင်းဖားတစ်ကောင်နှင့် တူပြီး လရောင်ခြည်များ ဖြန့်ကျက်နေသည်။ သင်္ဘောအပေါ်တွင် လူ့ဘီလူးကြီးတစ်ကောင်က လတစ်ခြမ်းပဲ့ကြီးကို လွှဲယမ်းကာ နတ်ဘုရားတစ်ပါးအား ရိုက်ချလိုက်၏။ နတ်ဘုရားမှာ တစ်ချက်တည်းဖြင့် ကျိုးကြေလုနီးပါး ဖြစ်သွားသည်။
ရွာလူကြီး တအံ့တဩ ရပ်လိုက်မိသည်။
လသင်္ဘော
ဤသင်္ဘောကို သူ တစ်ခါ မြင်ခဲ့ဖူးသည်။ သူ ရွှင်ပျော်ပျော်ကို သွားရှာတုန်းက ချင်မူက လသင်္ဘောကို ထိန်းချုပ်၍ အမှောင်ထုကို ထိုးခွင်းကာ သူ့အား လိုက်ရှာခဲ့ဖူးသည်။
ထပ်မံတွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သင်္ဘောက အထက်ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးအား တိုက်ခိုက်နေသည်။ ယန်ကျင့်ကျင့်နှင့် ယှဉ်လျှင် ချင်မူက ကြမ်းလွန်း၏။ သူက အကျိုးဆက်များကို မစဉ်းစားဘဲ လကြီးကို လွှဲယမ်း၍ ရန်သူအား ရိုက်ချပစ်လိုက်သည်။
သူ့အပြင် သင်္ဘောအပေါ်တွင် နဂါးချီလင်လည်း ရှိနေပြီး နဂါးချီလင်၏ ကျောပေါ်၌ မြေခွေးလေးနှင့် စစ်ယွင်ရှန်းတို့ ထိုင်နေကြသည်။ အထက်ကောင်းကင်ဘုံမှ နတ်ဘုရားနောက်တစ်ပါးနှင့် တိုက်ခိုက်နေသော ကောင်းကင်ရေနဂါးမင်းလည်း ရှိနေ၏။
“မူအာ....”
ရွာလူကြီး၏မျက်လုံးများမှ မျည်ရည်များ လိမ့်ဆင်းလာပြီး သူ စိတ်အေးသွား၏။ သူ့နှလုံးကား တဖြည်းဖြည်း ခုန်နေခြင်း ရပ်သွားသည်။
ငှက်ခေါင်းနတ်ဘုရားက သူ့ကို ကြည့်ကာ ပြောလိုက်သည်။ “အခု စိတ်အေးပြီလား။ ငါနဲ့ လိုက်ခဲ့တော့ ယမမင်းက မင်းကို စောင့်နေတယ်”
ရွာလူကြီး၏ နှလုံးက နောက်ဆုံးအကြိမ် ခုန်သွားပြီး သူ ပြုံးလိုက်သည်။ “ငါ ဇရာကို အရှုံးမပေးနိုင်ဘူး”
သူ၏မူလဝိညာဉ်သည် ချီချယ့်တံတားမှ ခုန်ပြီး တစ်ဖက်ကမ်းရှိ ကောင်းကင်နတ်ဘုံဆီသို့ တရှိန်ထိုး ပြေးသွား၏။
“ငါက စစ်နတ်ဘုရားအဖြစ် မွေးဖွားလာတာ။ သေခြင်းတရားကို ဘယ်တော့မှ လက်မခံဘူး”
သူ၏မူလဝိညာဉ်က တဟားဟား အော်ရယ်ပြီး ဓားချီများ အဟန့်အတားမရှိ စီးမျောလာကာ ထိန်လင်းတောက်ပနေသည့် ကောင်းကင်နတ်ဘုံဆီသို့ ပျံသန်းသွားကြသည်။
သို့သော် သူ၏ရုပ်ခန္ဓာမှာ လဲကျသွား၏။
ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်သည့်အခါ ရွာလူကြီး ကျောက်ရုပ်တုတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ခဲသွားပြီး ကောင်းကင်ယံမှ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။