မာတီရာဂိုဏ်း
Vol. 7 Ch. Chapter 28
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 28 - မာတီရာဂိုဏ်း
မစ်ရှင်စတင်ပါပြီ။
နျူရေတို့အုပ်စုက မြို့ထဲမှာလျှောက်သွားနေရင်းနဲ့ မာဖီးယားတွေ စုတတ်တဲ့နေရာလိုက်ရှာဖို့ကြိုးစားရတယ်။ ဒါပေမဲ့ ဒီမြို့လေးက သူတို့ဖြတ်လာတဲ့နေရာနဲ့ယှဥ်ရင် နည်းနည်းပိုငြိမ်းချမ်းသလိုထင်ရပါတယ်။ မနက်ပိုင်းပေမဲ့ လမ်းပေါ်မှာ လူသွားလူများပြီး ရန်ပွဲတို့ အုပ်စုဖွဲ့လျှောက်သွားနေတဲ့ မာဖီးယားတွေတို့မတွေ့ရသေးပါဘူး။
"ဗင်းဆင့်၊ ဒီမြို့က ပုံမှန်ထက် ငြိမ်းချမ်းနေတယ်လို့
မထင်ဘူးလား။"
နျူရေက မေးလိုက်တော့ ဗင်းဆင့်လည်း စဥ်းစားပြီးပြန်ဖြေတယ်။ သူ့သဘောထားကတော့ ရိုးရှင်းပါတယ်။ "စာဖိုမှုးမိုက်ရူးရဲပြောတဲ့အတိုင်းဆိုရင် ဒီမြို့ရဲ့ဂိုဏ်းခေါင်းဆောင်က ဦးနောက်ကြီးတဲ့သူမလား။ သူ့လူတွေမြို့အနှံလျှောက်သွားပြီး သောင်းကျန်းနေမှာကို ခွင့်လွှတ်မယ်မထင်ဘူး။ ဒါမှ သာမန်မြို့သားတွေ သူ့ကိုဆန့်ကျင်တာမျိုးမလုပ်မှာလေ။"
နျူရေလည်း နားထောင်ရင်းခေါင်းညိတ်လိုက်ပါတယ်။ တချို့လူမိုက်ဂိုဏ်းတွေက ပေါ်တင်ပြဿနာရှာတာမျိုး မလုပ်တတ်ပါဘူး။ အဲဒီအစား သာမန်လူတွေလိုမျိုး ပြုမူဖို့ကြိုးစားတတ်ကြတယ်။ ဒါမှသာအရပ်သားတွေကြားထဲ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မှာဖြစ်ပြီး သူတို့ခေါင်းဆောင်တွေလည်း မြို့မျက်နှာဖုံး လူကြီးလူကောင်းတွေအဖြစ် နေလို့ရမှာပါ။
"နျူရေ၊ ငါတို့နေရာတစ်ခုရှာတွေ့ပြီထင်တယ်။" ဘယ်လာက တစ်နေရာကို လက်ညိုးထိုးပြလိုက်တယ်။ ဘယ်လာက အရက်ဆိုင်တစ်ခုကို ညွန်ပြလိုက်တယ်။ အနောက်တိုင်းဝတ်စုံကို သန့်ပြန့်နေအောင်ဝတ်ထားပြီး ဦးထုပ်ဝိုင်းဆောင်းထားတဲ့ လူတချို့က ဆိုင်ထဲမှာအေးဆေးစွာ သောက်စားနေကြတယ်။
"ဒီအတိုင်းကြည့်မယ်ဆိုရင် တကယ့်လူကြီးလူကောင်းတွေလိုထင်ရတာပဲ။ အယ်ကာပုန်းရဲ့ဂိုဏ်းသားတွေလည်း အဲဒီလိုပဲဖြစ်ခဲ့တာမဟုတ်လား။" ဗင်းဆင့်က ပြောလိုက်တယ်။ နျူရေကလည်း ခေါင်းညိတ်လိုက်ပြီး
"ငါတို့က ငယ်သေးတော့ အဲဒီဆိုင်က ငါတို့ကိုဝင်ခွင့်ပေးမယ်မထင်ဘူး။ ဗင်းဆင့်၊ နင့်ကိုယ်ပျောက်နာရီက ငါတို့သုံးယောက်လုံးကို ဖျောက်ပေးလို့ရလား။"
ဗင်းဆင့်က ဒီစကားကိုကြားကြားချင်းပဲ 'ငါ့ကိုအားကိုးလိုက်'ဆိုတဲ့ပုံစံမျိုးနဲ့ သူ့ရင်ဘတ်ကိုသူ ပုတ်ပြလိုက်ပြီး လက်နှစ်ဖက်ကို ကောင်မလေးတွေဆီ ဆန့်ပေးလိုက်တယ်။ ဟိုနှစ်ယောက်က သူ့ကိုရွံစရာပိုးကောင်တစ်ကောင်ကို ကြည့်သလိုမျိုးကြည့်လိုက်တယ်။
"ဘာလဲ၊ နင်တို့နှစ်ယောက် ငါ့ကိုကိုင်ထားမှ ငါနင်တို့ကို ကိုယ်ဖျောက်ပေးလို့ရမှာလေ။"
"ဟုတ်ပါပြီ၊ ပေါက်ကရတွေတွေးနေလို့ကတော့ နင့်ညီလေးကို ခရစ်စတယ်နဲ့အစားထိုးပစ်မယ်။" ဘယ်လာက ခြိမ်းခြောက်မယ့်လေသံနဲ့ပြောလိုက်ပြီး ဗင်းဆင့်လက်ကို ကိုင်လိုက်တယ်။ နျူရေလည်း လေပူတွေကို မှုတ်ထုတ်လိုက်ပြီး ဗင်းဆင့်လက်ကိုကိုင်တယ်။
....
တစ်ဖက်မှာတော့ အီဗန်တို့ကလည်း အလားတူဆိုင်တစ်ဆိုင်မှာထိုင်နေတဲ့ မာဖီးယားတစ်စုကိုတွေ့တယ်။
အီဗန်က ဂိုးလ်နဲ့ဂရေဟမ်ကို လှည့်ကြည့်ပြီးမေးလိုက်တယ်။
"မင်းတို့ဘာလုပ်ဖို့ စဥ်းစားထားလဲ။ ဒီကောင်တွေက ငါတို့ကို လွယ်လွယ်နဲ့အညံ့ခံမယ်မထင်ဘူးနော်။"
ဂိုးလ်ကတော့ သူ့လက်ဝါးကိုလက်သီးနဲ့ထိုးလိုက်ရင်း ပြောလိုက်ပါတယ်။ "ငါတို့လိုချင်တဲ့ သတင်းကိုမပေးရင် အကုန်လုံးကို ရိုက်သတ်ပစ်မယ်လေ။"
အီဗန်နဲ့ဂိုးလ်က ဂရေဟမ်ကို ဂရုတောင်မစိုက်ဘဲ ဘားထဲကို တိုက်ရိုက်လျှောက်သွားတယ်။ ဂရေဟမ်က သူတို့လူမဟုတ်တာကြောင့် အီဗန်တို့က သူရှိတာမရှိတာကို သိပ်ဂရုမစိုက်ဘူး။ ဂရေဟမ်ကလည်း ဒီလိုအခွင့်အရေးမျိုးကို ချောင်းနေတာပါ။ နျူရေရှိနေရင် သူလုပ်ချင်တိုင်းလုပ်ဖို့ခက်ပါတယ်။
"တော်တော်တုံးတဲ့ကောင်တွေ၊ ဆိုင်ထဲကကောင်တွေကို တည့်သွားပြီးပြဿနာရှာရင် သူတို့လူတွေအများကြီးရောက်လာပြီး မင်းတို့ကိုသမကြမှာ။ ငါတော့ လစ်ပြီးလုပ်ချင်ရာလုပ်တော့မယ်။ မင်းတို့ဘာသာမင်းတို့ ဒုက္ခခံကြ။"
ဂရေဟမ်က သူ့လက်က နာရီထဲကို မမ်မိုရီစတစ်လေးတစ်ခုထိုးထည့်လိုက်တယ်။ နာရီက သူ့တည်နေရာကိုပြနေတဲ့ အချက်ပြရပ်သွားပြီး သူ့ရဲ့အမှန်တကယ်တည်နေရာကို မဖော်ပြတော့ဘူး။ "ငါ့ဘာသာလှုပ်ရှားလို့ဆိုပြီး အမှတ်တော့အလျှော့မခံနိုင်ဘူးလေ။" ဆရာမဘရီဆာက တမင်ရည်ရွယ်ပြီး သူ့ကိုသတိပေးထားပြီးသား။
သူ့တည်နေရာကို ကျောင်းGPSစနစ်ပေါ်က ဖျောက်ပြီးတဲ့နောက်တော့ နောက်ထပ်စတစ်အပြာရောင်ကို နာရီနဲ့ထပ်ချိတ်လိုက်တယ်။ သူ့တစ်ကိုယ်လုံး ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်သွားပြီး ကိုယ်ယောင်ပျောက်သွားတယ်။
"ဟားဟား၊ ငါ့ရဲ့နည်းပညာကူးတဲ့နည်းလမ်းရှိနေသမျှ ကျန်တဲ့နည်းပညာအတန်းကကောင်တွေရဲ့ပစ္စည်းတွေကို ငါပုံတူကူးလို့ရတယ်။" အဲဒီနောက်တော့ ဂရေဟမ်က အားလုံးနဲ့ဆန့်ကျင်ဘက်ကို စပြေးတယ်။
....
သစ်တောထဲမှာတော့ ဓာတ်ပုံဆရာက သမင်လေးတစ်ကောင် သူ့သားလေးကို လျှာနဲ့ယက်ပေးနေတဲ့ပုံကို အမိအရရိုက်ကူးလိုက်နိုင်တယ်။ သူက ပျော်လွန်းလို့ အရယ်ကိုမရပ်နိုင်တော့ဘူး။ သဘာဝသက်ရှိတွေကို ဓာတ်ပုံရိုက်ချင်တဲ့ဝါသနာက သူ့ဘဝကိုပုံဖော်ပေးခဲ့တာဖြစ်ပြီး အခုလိုအခွင့်အရေးမျိုးက ရတောင့်ရခဲဖြစ်ပါတယ်။
မြူတန့်ခေတ်မစတင်ခင်ကာလတုန်းက လူတွေဟာ တကယ့်တောနက်ကြီးတွေထဲအထိသွားပြီး ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတာပါ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ မြူတန့်သားရဲတွေများပြားလာမှုကြောင့် တောတွေက စိတ်မချရတော့ဘဲ သာမန်ဓာတ်ပုံဆရာတွေ သွားနိုင်တဲ့နေရာမျိုးမဟုတ်တော့ဘူး။ ဒါကြောင့်မလို့
ဓာတ်ပုံဆရာက ဝေးဝေးလံလံမဟုတ်တဲ့ ပန်ဆာဗေးနီးယားပြည်နယ်တောအုပ်မှာပဲ သမင်ဓာတ်ပုံရိုက်နေရတာပေါ့။
ဝီ....
ရုတ်တရက် အတောင်ပံခတ်သံကျယ်ကျယ်ကြားရတဲ့အတွက် ဓာတ်ပုံဆရာပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်မိတယ်။ အရိပ်မည်းနှစ်ခု သူ့အထက်ကနေ ဖြတ်ပျံသွားတာကို သတိထားမိလိုက်လို့ပါ။
"မြူတန့်သားရဲတွေများဖြစ်နေမလား။" သူ့စိတ်ထဲမှာ နည်းနည်းတွေးပူမိပေမဲ့ ခေါင်းခါလိုက်မိတယ်။ ပန်ဆာဗေးနီးယားသစ်တောက အများပြည်သူအမဲလိုက်ခွင့်ရှိတဲ့နေရာပါ။ တစ်နည်းအားဖြင့် အင်အားကြီးမြူတန့်သားရဲတွေမရှိဘူးဆိုတာသေချာတယ်။
"ဒါဆိုရင်... ငါခုနက ဘာမြင်လိုက်ရတာလဲ။" ဓာတ်ပုံဆရာရဲ့စိတ်ထဲမှာ စူးစမ်းချင်စိတ်က ဖြစ်ပေါ်လာတယ်။ အတောင်ပံခတ်သံက နည်းနည်းဝေးသွားပေမဲ့ သူ့နားထဲမှာ ကြားနေရဆဲပါ။ သိချင်စိတ်က ဆင်ခြင်တုံတရားကို ဖုံးလွှမ်းသွားပြီး နောက်က လိုက်ကြည့်ဖို့ သူဆုံးဖြတ်လိုက်ပါတယ်။
...
အီဗန်တို့အုပ်စုက လူမိုက်တွေရှေ့မှာ ရပ်လိုက်တယ်။
ဒီက လူမိုက်တွေက ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ လူမိုက်တွေဖြစ်ပြီး လမ်းမှာတွေ့ခဲ့တဲ့ ဆိုင်ကယ်လမ်းသရဲတွေနဲ့မတူပါဘူး။
"မင်းတို့က မာတီရာရဲ့လူတွေလား။" အီဗန်က တည့်ပဲမေးလိုက်တယ်။ ဇာတ်ကားတွေထဲကလို ဗျူဟာတွေနဲ့လှုပ်ရှားတာက အီဗန်ရဲ့ပုံစံမဟုတ်ပါဘူး။ မာဖီးယားတွေထဲကတစ်ယောက်က ကလေးနှစ်ယောက်ကို မော့ကြည့်ပြီးခေါင်းညိတ်ပြလိုက်တယ်။
"ညီလေးတို့ ဘာကိစ္စရှိလို့ အစ်ကိုကြီးတို့ဆီလာတာလဲမသိပေမဲ့ မစ္စတာမာတီရာက အစ်ကိုတို့ဘော့စ်ပါ။
သူက ဒီမြို့လေးကို စောင့်ရှောက်ဖို့အတွက် အစ်ကိုတို့ကို ငှားထားတာလေ။"
ဆိုင်ထဲကလူတွေရဲ့ခေါင်းဆောင်ဖြစ်ပုံပေါ်က ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့သူက ပြောလိုက်တယ်။ သူက စားပွဲခုံမှာလွတ်နေတဲ့ ထိုင်ခုံနှစ်ခုံကိုညွန်ပြရင်း ပြောလိုက်ပါတယ်။
"ထိုင်ပါဦး...." အီဗန်က ဆိုင်ထဲကို မျက်လုံးကစားလိုက်တယ်။ သူတို့ကို ဝိုင်းကြည့်နေတဲ့ မျက်လုံးတွေ အများကြီးရှိနေပြီး ဂိုဏ်းဝင်ဦးရေက အနည်းဆုံး နှစ်ဆယ်ကျော်ပါတယ်။ ဒါပေမဲ့ သာမန်လူတွေလည်းရှိနေပုံရပြီး သူတို့မျက်လုံးတွေအရ ပြဿနာဖြစ်မှာကို ကြောက်နေကြပုံပဲ။ ဂိုးလ်က အီဗန်ကို ပြောလိုက်ပါတယ်။
"ငါတို့က တည့်ဝင်လာတာဆိုပေမဲ့ ဒီမှာသာမန်စားသုံးသူတွေရှိနေပုံပဲ။ တိုက်ပွဲဖြစ်လာရင် မကောင်းဘူး။"
အီဗန်လည်း ခေါင်းညိတ်လိုက်တယ်။ ဟီးရိုးဖြစ်လာဖို့ လေ့ကျင့်နေသူတွေအနေနဲ့ သာမန်ပြည်သူတွေကို မထိခိုက်အောင်လည်း ဂရုစိုက်ဖို့လိုပါတယ်။ အီဗန်က ခေါင်းညိတ်လိုက်ပြီး ခုံမှာဝင်ထိုင်ကာ မာဖီးယားကို ကြည့်ပြောလိုက်တယ်။
"ကျုပ်တို့ဒီကိုလာတာ ခင်ဗျားတို့ဂိုဏ်းအတွက်မှန်း သိပါတယ်နော်။"
ဂိုဏ်းသားက ခေါင်းညိတ်လိုက်တယ်။ သူက တစ်ဆက်တည်းဆိုသလိုပဲ ဧည့်ခံတဲ့လေသံနဲ့ပြောလိုက်ပါတယ်။
"မင်းတို့မြို့ထဲဝင်လာကတည်းက ငါတို့သတိထားမိပြီးသားပါ၊ ဒီလိိိုမှမဟုတ်ရင် အခုလိုသာမန်ဘားတစ်ခုမှာ လူတွေမြင်အောင် ငါတို့ထိုင်နေပါ့မလား။ မင်းတို့ နယူးယောက်က လာတယ်ဆိုတာလည်းသိတယ်။ ငါတို့အတွက်ဆိုတာလည်းသိတယ်။ ငါတို့က မင်းတို့နဲ့ ပြဿနာမဖြစ်ချင်ရုံပဲ။"
အီဗန်နဲ့ဂိုးလ်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ သူတို့က အတွေ့အကြုံနည်းပြီးနုံအတဲ့ အလုပ်သင်တွေမှန်းကိုယ့်ကိုယ်ကိုယ်သိပေမဲ့ တစ်ဖက်လူတွေက ထင်တာထက် ပိုပြီးထက်မြက်နေကြပုံပဲ။
"မားဒေါ့ခ်က ငါတို့ကိုဆန့်ကျင်နေတာကြာပြီ၊ သူ့ကို ငါတို့လွှတ်ထားမယ်ထင်လို့လား။" ခေါင်းဆောင်က သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
ခေါင်းဆောင်စကားဆုံးတော့ ဂိုဏ်းသားတချို့က ထိုင်ရာကနေ ထလာပြီး သူတို့ခါးမှာချိတ်ထားတဲ့ လက်နက်တွေကို ထုတ်ပြလိုက်တယ်။ ပုဆိန်နဲ့သေနတ်ကို ပေါင်းစပ်ထားတဲ့ D အဆင့်နည်းပညာအကူလက်နက်တွေပါ။ အဆင့်နိမ့်ပေမဲ့ သူတို့လူအုပ်က များတာမလို့ ရဲတွေတောင် သူတို့ကိုတော်ရုံရင်မဆိုင်ရဲတာ ကျိန်းသေတယ်။ ဂိုဏ်းသားတချို့ကတော့
ဆိုင်ထဲက သာမန်ပြည်သူတွေကို ထွက်သွားခိုင်းတယ်။
"ငါ့ညီတို့၊ ငါတို့က ဂိုဏ်းစတားပေမဲ့ တိရစ္ဆာန်တွေမဟုတ်ဘူး။ မင်းတို့လိုပဲ သာမန်ပြည်သူတွေကို မထိခိုက်စေချင်ဘူး။ ဒါကြောင့်မလို့ ဒီမြို့က မင်းတို့ဖြတ်လာတဲ့ တခြားဂိုဏ်းပိုင်မြို့တွေထက် အေးချမ်းနေတာပေါ့။ မာတီရာက သူပိုင်တဲ့မြို့ကို ဒီလိုဖြစ်စေချင်ခဲ့တာလေ။"
"အီဗန်ရေ။" ဂိုးလ်က သူတို့ကိုဝိုင်းထားတဲ့ လူအုပ်ကိုကြည့်ပြီး အီဗန်ကိုကြည့်လိုက်တယ်။ မာတီရာဂိုဏ်းသားတွေက စပိတ်ဂိုဏ်းနဲ့ယှဥ်ရင် ပိုကောင်းမွန်တဲ့ လက်နက်တွေရှိပြီး သေချာလေ့ကျင့်ထားပုံပေါ်တယ်။ ဂိုးလ်က C rank မြူတန့်တစ်ယောက်ဖြစ်ပေမဲ့ ဒီအဆင့်လူအုပ်ကို ရင်ဆိုင်ဖို့ယုံကြည်ချက်မရှိသေးဘူး။ အီဗန်လည်း စိတ်ထဲလေးသွားတယ်။
"နေစမ်းပါဦး၊ ဟိုကောင်ဂရေဟမ်ရော။" အခုလို အခက်အခဲထဲကျမှ ဂရေဟမ်ပျောက်နေတာကို သူသတိထားမိသွားတယ်။ သုံးယောက်အားနဲ့ဆိုရင် ဒီလူအုပ်လောက်ကို ဘာပြဿနာမှမရှိဘဲ နိုင်နိုင်ပေမဲ့ ဂရေဟမ်ရှိမနေရင်တော့ သူအားကုန်ထုတ်ရမှာပါ။ ပြီးတော့ အုပ်စုခေါင်းဆောင်က ဘယ်အဆင့်မှန်းသူမသိဘူး။
"ကောင်လေးတွေ သိပ်မကြောက်ပါနဲ့ကွ။ မင်းတို့လည်း တာဝန်နဲ့လာမှန်းသိပါတယ်ကွ။ ဒီတော့ ဒီလိုလုပ်ရအောင်။ မင်းတို့မှာ ရွေးချယ်စရာနှစ်ခုရှိမယ်။ ငါတို့ကျွေးတဲ့မနက်စာကို အေးအေးချမ်းချမ်းစားပြီး မြို့ကနေထွက်သွားမလား၊ ဒါမှမဟုတ် မြို့ထဲမှာပဲ အသေခံမလား။"
ဒီစကားကိုပြောနေတဲ့အချိန်မှာပဲ ခေါင်းဆောင်ရဲ့B အဆင့်အရှိန်အဝါက ဖြာထွက်လာတယ်။ သူ့ပါးစပ်ထဲကနေ ခရမ်းရောင်အခိုးအငွေ့တချို့ထွက်လာပြီး အဆိပ်မြူတန့်ဆိုတာကို သက်သေခံနေတယ်။ ခက်ခဲမယ့် ပြိုင်ဘက်တစ်ယောက်ဖြစ်တာကြောင့် သူ့ကိုအီဗန်အနေနဲ့ အလွယ်လေးအနိုင်မယူနိုင်မှန်း သေချာသွားတယ်။
"စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ မနက်စာစားပြီးပြီဗျ။" အီဗန်က ပြောပြောဆိုဆိုနဲ့ နာရီပေါ်ကခလုတ်တစ်ခုကို ဖိချလိုက်ပြီး ခြေထောက်ကိုမြှောက်လိုက်တယ်။ စားပွဲခုံက သူ့ခြေထောက်ကန်ချက်ကြောင့် တစ်စစီကျိုးပဲ့သွားပြီး ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ အုပ်စုခေါင်းဆောင်ရဲ့ပေါင်ဂွကြားကို ကန်မိလျက်သားဖြစ်သွားတယ်။
"အား...." ခေါင်းဆောင်သူ့ပေါင်ဂွကြားကို ဆုပ်ကိုင်ထားရင်း ဒူးထောက်ကျသွားတယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ တခြားဂိုဏ်းသားတွေက ပုဆိန်တွေကိုဆွဲထုတ်ပြီး ဂိုးလ်နဲ့အီဗန်ကို ဝိုင်းတိုက်ဖို့လုပ်ပါတယ်။ အီဗန်က ဓားကိုဆွဲထုတ်လိုက်ပြီး ဂိုးလ်ရဲ့လက်တစ်ဖက်က ကြီးလာတယ်။
"ရမလားကွ...." ဂိုးလ်က မြေပြင်ကို လက်သီးနဲ့အားကုန်ထိုးချလိုက်တယ်။ ဆိုင်ကြမ်းပြင်က ချက်ချင်းအက်ကွဲသွားပြီး ကျောက်စကျောက်နတွေချက်ချင်းမြောက်တက်လာပါတယ်။ ဂိုဏ်းသားအများစု အခြေပျက်သွားပြီး အီဗန်လက်ထဲက ဓားကလည်း အမြန်လှုပ်ရှားသွားတယ်။
ထန်း... ထန်း... ထန်း....
အီဗန်ရဲ့ဓားချက်ကြောင့် ဂိုဏ်းသားတစ်ဝက်ကိုင်ထားတဲ့ ပုဆိန်သေနတ်တွေ အပိုင်းပိုင်းပြတ်ကျကုန်တယ်။ တစ်ဝက်လောက်ကတော့ လက်နက်ရှိနေသေးပေမဲ့ ရန်သူ့အုပ်စုရဲ့တိုက်စစ်စွမ်းအားက ထက်ဝက်ကျသွားပါပြီ။ ခေါင်းဆောင်က ဒေါသတကြီးအော်လိုက်တယ်။
"မလောက်လေးမလောက်စားတွေကများ။"
"ဂိုးလ်၊ ဆိုင်ထဲကထွက်မယ်။" အီဗန်က ရန်သူ့ခေါင်းဆောင် လှုပ်ရှားဖို့ပြင်တာတွေ့တာနဲ့ ဂိုးလ်နဲ့အတူ ဆိုင်ထဲကနေ ခုန်ထွက်လိုက်တယ်။ အဆိပ်မြူတန့်ကို အလုံပိတ်ဆိုင်ခန်းထဲမှာ ရင်ဆိုင်ရင်ဉာဏ်မရှိရာကျတယ်။
လမ်းပေါ်ရောက်တော့ ဂိုးလ်နဲ့အီဗန်က ကျောချင်းယှဥ်ရပ်လိုက်တယ်။ သူတို့ကို အနီးအနားက ဂိုဏ်းသားတွေ ဝိုင်းထားပြီးပြီ။ B rank ဂိုဏ်းစတားကလည်း ဆိုင်ထဲကနေ ဖြည်းဖြည်းချင်းထွက်လာပါတယ်။
"ဒီမြို့မှာ ငါတို့ဂိုဏ်းသားတင် တစ်ထောင်ကျော်ရှိတာ၊ မင်းတို့ဟီးရိုးလေးတစ်ယောက်နှစ်ယောက်ကို ကြောက်ဖို့လိုမယ်ထင်နေတာလား။ ငါ့ညီအစ်ကိုတွေရောက်လာတာနဲ့ မင်းတို့သေပြီပဲ။"
"တကယ်လား၊ ငါလည်း ငါ့ညီအစ်ကိုတွေကိုခေါ်ထားပြီးပြီ။" အီဗန်က ဓားနဲ့သေနတ်ကို တစ်ပြိုင်နက်တည်း ပြောင်းကိုင်လိုက်ပြီးပြောတယ်။ သူ့မျက်လုံးတွေက အနီရောင်ပြောင်းနေပြီဖြစ်ပြီး တိုက်ပွဲဝင်ဖို့အသင့်ပါ။
....
တစ်ဖက်ဘားမှာတော့ နျူရေတို့အုပ်စုက သူတို့နာရီတွေကို ငုံကြည့်ရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ အီဗန်ရဲ့အချက်ပြကို သူတို့ရကြပါတယ်။ "ကြည့်ရတာ ဟိုဘက်မှာတိုက်ပွဲဖြစ်နေပြီး အတော်ပြင်းထန်ပုံပဲ။ သွားကူကြရအောင်။"
သုံးယောက်လုံး ခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲက ပြန်ထွက်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ သူတို့ရောက်နေတဲ့ ဆိုင်ထဲက အုပ်စုခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ အဖြူရောင်အနောက်တိုင်းဝတ်စုံနဲ့ဦးထုပ်ဝိုင်းဆောင်းထား
တဲ့မိန်းကလေးက ဘာမှမရှိတဲ့တစ်နေရာကို ကြည့်ပြီးရယ်လိုက်တယ်။ နောက်တော့ သူ့ခါးမှာချိတ်ထားတဲ့ ပုဆိန်ကိုဖြုတ်ပြီး လှမ်းပစ်လိုက်တယ်။
ဒုတ်...
ပုဆိန်က ဆိုင်နံရံမှာသွားစိုက်တယ်။ ဘယ်လာက သူ့ကိုထိမှန်စိုးတဲ့အတွက် ရှောင်လိုက်ပေမဲ့ ဗင်းဆင့်နဲ့လက်ချင်းချိတ်ထားတာကနေလွတ်သွားပြီး လူတိုင်းရှေ့မှာပေါ်လာတယ်။ ဝတ်စုံဖြူဝတ်မိန်းမဆီကနေ ဆွဲဆောင်မှုအပြည့်နဲ့ရယ်သံထွက်လာတယ်။
"ကိုယ်ဖျောက်ထားရုံနဲ့တင် နင်တို့အသက်ရှုသံနဲ့စကားသံတွေကို မကြားရတော့ဘူးထင်နေလား။ ကောင်လေးတွေ၊ သူတို့ကိုဖမ်းပြီး မာတီရာဆီပို့ကြရအောင်။"
"ဟုတ်ကဲ့မမ။" ဂိုဏ်းသားတွေက ခေါင်းဆောင်ဆီကနေ အမိန့်ရတာနဲ့ပုဆိန်တွေကိုဆွဲထုတ်ပြီး နျူရေတို့ဆီ ပြေးလာတယ်။ နျူရေလည်း အခြေအနေမဟန်တာ သတိထားမိသွားပြီး လေချွန်လိုက်တယ်။
ဘွန်း... ဘွန်း... ဘရွန်း....
မောင်းသူမဲ့ဆိုင်ကယ်ပျံက လေထုကိုဖြတ်သန်းလာပြီး ဆိုင်မှန်ချပ်ကြီးတစ်ခုကို တည့်တည့်တိုးဝင်ကာ နျူရေတို့အနားရောက်နေတဲ့ ဂိုဏ်းသားတွေကိုဝင်တိုက်ပစ်လိုက်တယ်။ နျူရေကတော့ ဗင်းဆင့်နဲ့ဘယ်လာကို ဆွဲခေါ်ပြီးဆိုင်ကယ်ပေါ်တက်တယ်။
"ကျုပ်ရောက်လာတာ စောပေလို့ပဲ၊ မဟုတ်ရင်မစ်တို့ အမဲဖြတ်ခံနေရလောက်ပြီ။" ဆိုင်ကယ်ဉာဏ်ရည်တုက သူတို့ကိုနောက်ရင်း လမ်းပေါ်တက်တယ်။ ဂိုဏ်းသားတွေက နောက်ကအသည်းအသန်ပြေးလိုက်ကြတာပေါ့။
"မစ်၊ ကျုပ်ဘယ်ကိုမောင်းရမလဲ။"
"အီဗန်တို့ဆီကိုမောင်း၊ ငါတို့အတူတူဆိုရင် ပိုပြီးအခွင့်အရေးရှိတယ်။"
"အမိန့်အတိုင်းပါ။"
....
မြို့ရဲ့သောက်သုံးရေစင်ကြီးပေါ်မှာတော့ ငွေရောင်စစ်သည်တော်က လက်ပိုက်ပြီး မြို့ထဲမှာဖြစ်နေတဲ့ တိုက်ပွဲကို ဝတ်စုံကင်မရာအမြင်နဲ့ချဲဲ့ကြည့်နေပါတယ်။
"မူးယစ်ဂိုဏ်းတွေက ဗီလိန်တွေလောက်မဆိုးဘူးလို့ထင်ရင်တော့ မှားသွားလိမ့်မယ်နော်၊ ကောင်လေးတွေ။ ဒီကောင်တွေက လူ့အဖွဲ့အစည်းရဲ့အမှောင်ဘက်ခြမ်းမှာ ကျင်လည်နေကျမလို့ အဆိုးယုတ်ဆုံးဗီလိန်တွေတောင်မှ သူတို့လောက်ဗျူဟာချမတော်ကြဘူး။"
မက်ဒါနာက ငွေရောင်စစ်သည်ဝတ်စုံထဲ ပြန်ဝင်နေပြီးတဲ့နောက် သူ့ရဲ့မိန်းကလေးဆန်မှုတွေအားလုံး ချက်ချင်းပျောက်သွားတယ်။ သူ့ကိုယ်သူ စစ်သည်တော်တစ်ယောက်လို့ ခံစားနေရပြီး အဲဒီခံစားချက်က ကြီးမားလွန်းလို့ သူ့ကိုယ်သူမိန်းကလေးဖြစ်နေတာကြာပြီဆိုတာကိုပါ မေ့သွားစေတယ်။ ပြီးတော့...
"ဟား... အရင်အချိန်တွေကိုတောင် ပြန်သတိရလာပြီ။ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ခေါင်းကိုကိုင်ပြီး နံရံနဲ့နောက်ဆုံးဆောင့်ပြီးသတင်းနှိုက်ခဲ့တဲ့ နောက်ဆုံးအကြိမ်က ဘယ်တုန်းကပါလိမ့်။"
မထင်ထားပေမဲ့ ငွေရောင်စစ်သည်တော်ရဲ့အမည်နာမက နယူးယောက်မြို့ရဲ့မူးယစ်ဂိုဏ်းမှန်သမျှကို ကျင်ကြီးကျင်ငယ်ပါပါချစေတဲ့အထိ လွှမ်းမိုးမှုရှိခဲ့တာပါ။ နှိမ်နင်းရမယ့်ဗီလိန်မရှိရင် မူးယစ်ဂိုဏ်းတွေကိုပဲ လိုက်အမဲဖြတ်နေခဲ့တာကိုး။
"ဟမ်...." ငွေရောင်စစ်သည်တော်ရဲ့အကြည့်က တခြားနေရာတစ်ခုကိုရောက်သွားတယ်။ မြို့စွန်တောစပ်နားမှာ ထူးခြားတဲ့လှုပ်ရှားမှုတစ်ခုကို တွေ့ရလို့ပါတယ်။ ဘေးပတ်ဝန်းကျင်မှာ လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေ့ပေမဲ့ ဘာဆိုဘာမှမမြင်ရတာကြောင့် အပူလှိုင်းအမြင်ကိုပြောင်းလိုက်မှ ကောင်လေးတစ်ယောက် တောစပ်ထဲကိုကိုဝင်ဖို့လုပ်နေမှန်းတွေ့လိုက်ရတယ်။
"ဂရေဟမ်ပါလား၊ ကြည့်ရတာ ဒီကောင်သူ့ဘာသာခွဲပြီး မစ်ရှင်လုပ်ဖို့ကြံနေတာနေမယ်။ ဗင်းဆင့်ရဲ့နည်းပညာကို ပုံတူကူးထားတာတော့ ချီးကျူးရမယ်။"
ငွေရောင်စစ်သည်က သောက်သုံးရေစင်ကြီးပေါ်မှာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကျောကအတောင်ပံတွေကို ဖွင့်လိုက်တယ်။ "ဂရေဟမ်က ကျောင်းသားအုပ်စုထဲမှာ ဗျူဟာချအတော်ဆုံးပဲ။ သူတောစပ်ကိုသွားနေတာဆိုတော့ မြို့ထဲမှာ ဂိုဏ်းစတားတွေရဲ့ဆေးချက်စက်ရုံ မရှိဘူးဆိုတဲ့သဘောပဲ။"
"လိုက်ကြည့်ရသေးတာပေါ့။" ငွေရောင်စစ်သည်က အတောင်တစ်ချက်ခတ်လိုက်ရုံနဲ့တင် နေရာကနေ ပျောက်သွားတယ်။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့အတိုင်းပဲ။