အိမ်မှာနေတဲ့ သရဲမလေး
Vol. 6 Ch. 1
Ghost Girl in My House
Chapter 1 - မြို့စွန်က အိမ်ဟောင်းလေး
"ကိုနိုင်၊ တကယ်ရောအဆင်ပြေရဲ့လား။ မြို့စွန်က အိမ်ဆိုတော့လေ၊ သွားရလာရတာ အဆင်မပြေဘူး။ လေကောင်းလေသန့်ရတာတော့ မှန်ပါတယ်။ ဒါပေမဲ့တစ်ခုခုဖြစ်လာရင် အနားမှာကူညီမယ့်လူမရှိဘူးလေ။"
ကိုနိုင်ဆိုတာက အသက်နှစ်ဆယ်ကျော်ပြီဖြစ်တဲ့ ဘွဲ့ရခါစ လူငယ်လေးတစ်ယောက်။ ကိုယ့်အားကိုယ်ကိုးပြီး နေဖို့ ဆုံးဖြတ်ပြီးသူတစ်ယောက်မလို့ မိဘအိမ်က ဆင်းလာခဲ့သည်။
မိဘတွေက ပြည့်စုံပေမဲ့လည်း ကိုနိုင်အတွေးကတော့ဒီလို၊ မိဘချမ်းသာတာက ကိုယ်ချမ်းသာတာမဟုတ်ဘူး။ အနည်းဆုံးတော့ သူတတ်ထားသည့် ပညာနှင့် အလုပ်တစ်ခုခုလုပ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းကြည့်ချင်ပါသေးသည်။
"အင်း... မြို့စွန်မှာဆိုပေမဲ့ ပတ်ဝန်းကျင်သန့်ပါတယ်ကွ၊ ရှုပ်ရှုပ်ယှက်ယှက် သိပ်မရှိဘူးလေ။ မောင်ကောင်း၊ မင်းကလည်း ငါ့အကြောင်းသိနေတာပဲကွာ။ ငါက လူများတဲ့နေရာတွေနဲ့ သိပ်အဆင်မပြေဘူးလေ။"
"...." မောင်ကောင်းလည်း ဆက်မပြောတော့။ ငယ်ငယ်ကတည်းက ခင်လာသည်မလို့ ကိုနိုင်အကြောင်းကို 'က'အစ 'အ'အဆုံးသိသည်။ ကိုနိုင်က introvertဆန်သူမလို့ သူငယ်ချင်းအနည်းငယ်သာရှိပြီး လူရှုပ်သည့်နေရာများကို သဘောမကျပါ။ အေးအေးဆေးဆေးနေပြီး သူ၏အနုပညာအလုပ်ကိုသာ အာရုံစိုက်ပြီးလုပ်ချင်သူဖြစ်သည်။
"အေးပါ၊ မင်းအဆင်ပြေရင် ပြီးတာပဲလေ။ တစ်ခုခုအခက်အခဲရှိရင် ပြောသာပြော။" မောင်ကောင်းဖုန်းချသွားသည်။ ကိုနိုင်ကတော့ အိမ်ပြောင်းသည့်ကားနောက်ခန်းမှ မြေပေါ်သို့ ခုန်ချလိုက်၏။ ပြောင်းလာသည့်အိမ်ကိုတော့ ရောက်လေပြီ။
အိမ်က နည်းနည်းရှေးဆန်သည်။ ခြံဝင်းထဲတွင် သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိပြီး နေ့လယ်ပိုင်းဖြစ်သည့်တိုင် နေရောင်မထိုးပေ။ ခြံဝင်းအလယ်မှ ဗီလာလိုလိုအိမ်လေးကို ခန့်ခန့်ညားညားနှင့် လှမ်းမြင်နေရသည်။
"ဆရာလေး... ဒီပန်းချီပစ္စည်းတွေကို ဘယ်နားချမှာလဲ။" အိမ်ပြောင်းရွှေ့ဝန်ဆောင်မှုလုပ်ငန်းမှ ဦးလေးကြီးက ကိုနိုင်ကိုမေးလိုက်သည်။ ဆွဲလက်စပန်းချီကင်းဘတ်စနှင့် စုတ်တံမျိုးစုံတို့က ကိုနိုင်ယူလာသည့် ပစ္စည်းတစ်ရာရာခိုင်နှုန်းတွင် ငါးဆယ်လောက်နေရာယူထား၏။
ကိုနိုင်က အိမ်လေးကို သေချာကြည့်လိုက်သည်။ ဒုတိယထပ်တွင် လသာဆောင်နှင့်တွဲထားသည့် အခန်းလေးတစ်ခန်းကိုတွေ့ရသည်။ အိမ်က နှစ်ထပ်ခွဲဖြစ်ပြီး မြေညီထပ်၊ ဒုတိယထပ်နှင့်ထပ်ခိုးလေးတစ်ခုရှိ၏။
လူငယ်လေးက ထိုနေရာကို လက်ညိုးထိုးပြလိုက်ရင်း "အဲဒီနေရာမှာ ထားမယ်လေ။"
....
အိမ်အတွင်းပိုင်းက တော်တော်လေးအိုဟောင်းနေပြီဖြစ်သည်။ အိမ်မငှားခင်က အိမ်ရှင်ဖက်က သေချာသန့်ရှင်းရေးလုပ်ပေးထားသော်လည်း အောက်သိုးသိုးလေမှာ အိမ်တွင်းတွင် အောင်းနေဆဲဖြစ်၏။ ဟောင်းနွမ်းနေသည့် နံရံအိမ်သုတ်ဆေးတချို့မှာ အရောင်လွင့်ပြယ်နေပြီး တချို့နေရာများ၌ ကလေးတစ်ယောက်လျှောက်ခြစ်ထားသလို အရုပ်များကို မြင်နေရသည်။
ကိုနိုင်က နံရံတစ်နေရာတွင် ရေးခြစ်ထားသည့် အရုပ်လေးတစ်ရုပ်နားကို တိုးသွားပြီး ကြည့်လိုက်၏။ တုတ် ချောင်းပုံစံများဖြင့် လူပုံစံပေါ်အောင် ရေးခြစ်ထားခြင်းဖြစ်ကာ ယောက်ျားတစ်ယောက်၊ ကလေးမလေးတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်၏ပုံဖြစ်သည်။ ထူးဆန်းစွာဖြင့် အမျိုးသား၏လက်ထဲတွင် အချွန်တစ်ခုနှင့်ပုလင်းတစ်လုံးကို ကိုင်ထားသည့်ပုံစံမျိုး ဆွဲထား၏။
'ခလွမ်း....' ရုတ်တရက် မှန်ကျကွဲသံကြောင့် ကိုနိုင်နောက်သို့ လှည့်ကြည့်လိုက်သည်။ ရေခဲသေတ္တာသယ်လာသည့် အလုပ်သမားကောင်လေးနှစ်ယောက်က တံခါးဘောင်ကို ဝင်တိုက်မိခဲ့ပုံပေါ်၏။
ဦးလေးကြီးက လှမ်းမေးလိုက်သည်။ "ဘာဖြစ်သွားသေးလဲ၊ ခိုက်မိကြသေးလား။"
"လူတော့မထိမိပါဘူးဦးလေး၊ တံခါးဘောင်ကိုတိုက်မိပြီး အပေါ်ထပ်က ချောင်နေတဲ့ မှန်တစ်ချပ်ပြုတ်ကျလာတယ် ထင်တာပဲ။"
ဝန်ထမ်းအငယ်လေးနှစ်ယောက်က ပြုတ်ကျလာသော မှန်ချပ်ကို လက်ညိုးထိုးပြလိုက်သည်။ သို့သော် ဖြစ်နေကျကိစ္စတစ်ခုမလို့ သူတို့က ဂရုမစိုက်တော့ဘဲ လုပ်စရာရှိသည်များကို ဆက်လုပ်သည်။ ဦးလေးကြီးက ပန်းချီပစ္စည်းများထည့်ထားသည့် စက္ကူပုံးကိုကိုင်ထားရင်း အပေါ်ထပ်သို့ထပ်သွား၏။ ခဏနေတော့ သူက အောက်ပြန်ဆင်းလာပြီး ကိုနိုင်ကို မေးလိုက်သည်။
"ကောင်လေး၊ သော့ဖွင့်ပေးဦးလေ။ မင်းပြောတဲ့အခန်းက သော့ခတ်ထားတယ်။"
.....
"အိမ်ရှင်ပေးလိုက်တဲ့ သော့တွေထဲမှာ ဒီအခန်းဖွင့်တဲ့သော့ မပါဘူးပဲ။ သော့ကလည်း တော်ရုံဖျက်လို့ရတဲ့ အမျိုးအစားမျိုးမဟုတ်ဘူး။"
အိမ်ရွှေ့ပြောင်းဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများပြန်သွားပြီဖြစ်သည်။ ကိုနိုင်က သော့တွဲများကိုကြည့်ရင်း ဝရန်တာနှင့်တွဲထားသည့် အခန်းကိုကြည့်လိုက်၏။ အခန်းကို သစ်သားနံရံဖြင့်ကာထားခြင်းဖြစ်ကာ အိုဟောင်းနေသည့်တိုင်အောင် ခိုင်မာနေသေးသည်။ သူသော့ခလောက်ကို ကိုင်ကြည့်ပြီး ပြန်ချလိုက်သည့်အချိန်တွင် အတွင်းထဲမှ သက်ရှိတစ်ကောင်ကောင် လှုပ်ရှားသွားသည့်အသံကို ကြားလိုက်ရ၏။
"ဘယ်သူလဲ... လူလား...။"
ကိုနိုင်လည်း အတွေးများစွာဖြင့် တံခါးကြားဟနေသည့်နေရာမှ ချောင်းကြည့်လိုက်သည်။ တစ်ခုခုလှုပ်ရှားသွားသည်မှာ သိသာသော်လည်း ဘာမှန်းတော့မသိရပေ။ ကြားဟနေသည့်နေရာမှ အတွင်းထဲမှ ကုတင်အဟောင်းကြီးတစ်လုံးနှင့် ထွေလီကာလီ ရှုပ်ပွနေသည့်ပစ္စည်းများ၊ စားကြွင်းစာကျန်များကိုသာ တွေ့ရ၏။
"ကြွက်ဖြစ်မှာပါ၊ ဒီအခန်းကို ဘာလို့သူတို့ဝင်မရှင်းတာလဲမသိဘူး။"
...
ဒီလိုနှင့် နှစ်ပတ်လောက်ကြာပြီးသည့်နောက် ထိုအခန်းအကြောင်းကို ကိုနိုင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ သူ့နေ့စဥ်ဘဝကတော့ မိဘအိမ်မှာနေခဲ့သည်နှင့် ဘာမှမခြားပေ။ မနက်ပိုင်းအလုပ်သွားပြီး ညနေဆိုပြန်လာသည်။ အားသည့်အချိန်လေးတွင် ရရင်ရသလို ပုံဆွဲ၏။ ရေဆေးပန်းချီကားသမားတစ်ယောက်အနေဖြင့် ကိုနိုင်က ဒီလောက်ကြီး နာမည်မကြီးပါ။ သို့သော်လည်း ပြခန်းများတွင် ပြသနိုင်သည်အထိတော့ အသိမှတ်ပြုမှုရထားသည်။
တစ်နေ့ သူရုံးကအပြန် ကြက်ဥကတ်ကလေးကိုဆွဲကာ အိမ်ပြန်လာခဲ့သည်။ စိတ်ထဲမှာကတော့ ကြက်ဥဆန်းဝှစ်လေး လုပ်ကြည့်မယ်လို့ပေါ့။ ဒါပေမဲ့ ရေခဲသေတ္တာဖွင့်ကြည့်သောအခါ ဆန်းဝှစ်လုပ်ဖို့ဝယ်ထားသည့် ပေါင်မုန့်တို့ ရှိမနေတော့ပေ။
"အယ်... ငါမနက်က စားပစ်ပြီး မေ့သွားတာများလား။"
ခါတိုင်းလည်း မနက်ပိုင်းဆို ပေါင်မုန့်ကြက်ဥကြော်လုပ်စားတတ်သူမလို့ အခုလို သူသတိမထားမိဘဲ ပေါင်မုန့်ကုန်သွားတာမျိုးက မကြာခဏဖြစ်တတ်သည်။ ထို့ကြောင့် ကိုနိုင်သံသယမဝင်ခဲ့မိ။ သို့သော် ခဏခဏဖြစ်လာချိန်တွင်တော့....
နောက်တစ်နေ့...
"အယ်... ငါ့ရဲ့စတော်ဘယ်ရီယိုပုလင်းလေး၊ ဘယ်ရောက်နေတာလဲ။"
..
နောက်တစ်နေ့ရဲ့နောက်တစ်နေ့...
"ငါထားခဲ့တဲ့ ကျွဲရိုင်းပုလင်းလေးရော။"
....
နောက်တစ်နေ့ရဲ့နောက်တစ်နေ့ရဲ့နောက်တစ်နေ့...
"အယ်... ငါပန်းချီဆွဲပြီးရင်စားဖို့တင်ထားတဲ့ အားလူးပေါင်းပန်းကန်ရယ်ရောက်သွားတာလဲ။"
စားစရာများသာ ပျောက်သည်မဟုတ်ဘဲ စားစရာများထည့်သည့် ပန်းကန်များ၊ ဇွန်းများပါ ပျောက်လာချိန်တွင်တော့ ကိုနိုင်သံသယဝင်လာသည်။ တစ်နေ့တော့ သူအပေါ်ထပ်ကို ပန်းချီပစ္စည်းများ ပြန်ထားရင်း ယိုပုလင်းအခွံလေးတစ်ခု အပေါ်ထပ်ရှိ သစ်သားထိုင်ခုံအိုကြီးတစ်ခုအောက်တွင် ကျနေသည်ကို သူတွေ့လိုက်ရ၏။
"....." ထို့နောက်တွင်တော့ ကိုနိုင်အပေါ်ထပ်ကို မတက်ရဲတော့ပေ။ သူမဟုတ်သည့် အခြားတစ်ယောက်ယောက်က သူ့စားစရာများကို ယူစားနေသည်ဆိုသော ကိစ္စကို စဥ်းစားမိလိုက်တိုင်း ကျက်သီးထလာမိသည်။
....
"ဟယ်လို... ငကောင်းရေ၊ ငါတော့ သရဲခြောက်တဲ့အိမ်ကြီးကိုမှ မှားရွေးပြီးငှားမိပြီထင်တယ်။"
ကိုနိုင်ထံမှ ရုတ်တရက်ဖုန်းဝင်လာပြီးနောက် ကြားလိုက်ရသည့် စကားများကြောင့် မောင်ကောင်းထိုင်ခုံပေါ်မှ ပြုတ်ကျသွားတော့မလိုဖြစ်သွား၏။
"ငလူး၊ မင်းငါ့ကို အေပရယ်ဖူးလုပ်နေတာလား။"
"ဟျောင့်၊ အခုက စက်တင်ဘာလကြီးကွ။ မင်းကိုငါနောက်စရာလား။"
ကိုနိုင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ မောင်ကောင်းကလည်း ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း ပြန်မေးလိုက်၏။
"ဆိုစမ်းပါဦး၊ သရဲက မင်းကို ဘယ်လိုခြောက်တာတုန်းကွ။ တီဗီထဲကနေ သရဲမချောချောလေး တွားသွားပြီးထွက်လာတာမျိုးလား။ ဒါမှမဟုတ် ရေတွင်းထဲကနေ သရဲမလေးတက်လာတာမျိုးလား။"
"....." မောင်ကောင်း၏ပေါက်ကရ စိတ်ကူးများကြောင့် ကိုနိုင်စိတ်ညစ်သွားသည်။ မောင်ကောင်းကလည်း သူ့လိုပင် အပေါင်းအသင်းနည်းသူတစ်ယောက်ဖြစ်ပြီး ပန်းချီဆွဲဝါသနာပါသူဖြစ်၏။ သို့သော် မောင်ကောင်းက ရုပ်ပြဖက်ကို ပိုအားသန်ပြီး မန်ဂါများဖတ်လေ့ဖတ်ထရှိသူဖြစ်သည်။
"ငကောင်းရေ၊ မင်းဒိုဂျင်ရှီတွေဖတ်ပြီး စိတ်ကူးယဥ်နေတာ ရပ်လိုက်လို့ရမလား။ ဒီမှာ ငါတကယ်ညစ်နေတာနော်။"
"ဆိုပါဦး၊ သရဲက မင်းကိုဘယ်လိုခြောက်လိုက်လို့လဲ။ မည်းမည်းအကောင်းကြီးတစ်ကောင် ထွက်လာပြီးတော့ မင်းကိုအိမ်ခေါင်မိုးပေါ် ခေါ်သွားလို့လား။"
"မဟုတ်ဘူးကွ၊ ခုထိ အကောင်အထည်မတွေ့ရဘူး။ ဒါပေမဲ့ ငါစားမယ့်စားစရာတွေ တစ်ခုပြီးတစ်ခု ပျောက်ပျောက်သွားတယ်ကွ။"
"ဟေ... လေထဲမှာတင် ပျောက်သွားတာမျိုးလား။"
"အဲဒီလိုမျိုးလည်း မဟုတ်ဘူးကွ။ ရေခဲသေတ္တာထဲထည့်ထားရင်း ပျောက်သွားတာတို့၊ စားပွဲပေါ်တင်ထားပြီး ပြန်လာရင် မရှိတော့တာတို့လေ။"
မောင်ကောင်းက ကိုနိုင်၏စကားကြောင့် ရယ်မောလိုက်သည်။ ကိုနိုင်ကတော့ ခြံထဲမှာ ဖုန်းပြောနေရင်း ရှေ့က ကျောက်တုံးကိုတောင် ပြေးကန်ချင်စိတ် ပေါက်လာ၏။ သူက အတည်ပြောနေသော်လည်း ဟိုကောင်က ရယ်စရာဟာသလို သဘောထားနေသည်ကိုး။
"မင်းဘာသာ စားပစ်ပြီး မေ့နေတာ ဖြစ်မှာပါကွာ။"
ကိုနိုင်က မောင်ကောင်းထံမှအဖြေစကားကြောင့် ခေါင်းခါလိုက်သည်။
"ငါ့ကောင်ရ၊ မင်းပြောသလောက်လွယ်နေရင် ဖုန်းဆက်ပြီး ဘယ်ပြောတော့မတုန်းကွ။ အခုက ဟင်းထည့်တဲ့ ပန်းကန်တွေ ဇွန်းတွေပါ ပျောက်နေတာဟ။"
"ဘုန်း...." သူဖုန်းပြောနေသော အိမ်ကြီးထဲမှ ပစ္စည်းအလေးကြီးတစ်ခု ပြုတ်ကျသည့်အသံ ထွက်ပေါ်လာသည်။ ကိုနိုင်အိမ်ထဲသို့ အပြေးဝင်လာပြီး ကြည့်လိုက်သောအခါ အိမ်အောက်ထပ်မှ ရေခဲသေတ္တာနှင့်တွဲလျက် ဗီဒိုကြီးတစ်လုံး လဲကျနေတာသည်ကို တွေ့လိုက်ရ၏။
"ကိုနိုင်... ဘာဖြစ်တာလဲ..."
"မသိဘူး၊ ငါခြံထဲမှာ ရှိနေတုန်း အိမ်ထဲက ဗီဒိုကြီး သူ့ဘာသာ လဲကျသွားလို့လေ။"
ကိုနိုင်က ဖုန်းကိုလည်ပင်းကြားထဲညှပ်ကာ ဗီဒိုအလေးကြီးကို ပြန်မကာ ထောင်လိုက်သည်။ ကျွန်းသားဗီဒိုကြီးမလို့ အတော်လေးသော်လည်း ကိုနိုင်က အားကစားပုံမှန်လုပ်လေ့ရှိသူမလို့ ပြန်မတ်လိုက်နိုင်၏။
"ငါ့ကောင်ရ၊ မင်းဖြစ်နေတာတွေကို ငါနားထောင်ရင်းနဲ့တောင် လန့်လာပြီ။ ဒီလိုလုပ်ကွာ၊ မင်းအဲဒီရပ်ကွက်ထဲမှာ အိမ်ကြီးအကြောင်း လိုက်မေးကြည့်ပါလား။ ဒေသခံတွေကတော့ သိမှာပဲလေကွာ။"
"အင်း...အဲဒါလည်း ဟုတ်တာပဲ။"
...
ကိုနိုင်ရောက်နေသည့် မြို့ငယ်လေးက လူသူကျဲပါးသည်မလို့ လူနေသည့် တစ်အိမ်နှင့်တစ်အိမ်မှာ အတော်ဝေးသည်။ သို့သော်လည်း မြို့သားများက ခင်တတ်သောကြောင့် ကိုနိုင်စကားစရန် ဒုက္ခမတွေ့ခဲ့ပါ။ ပြဿနာက အိမ်ကြီးမှာ အလွန်သက်တမ်းကြာပြီဖြစ်သဖြင့် မည်သူမှ ကောင်းကောင်းမမှတ်မိကြတော့ပေါ့။ အိမ်ပိုင်ရှင်မှာလည်း ထိုအိမ်ကို သူများရောင်း၍သာ ဝယ်ထားခြင်းဖြစ်ပြီး တစ်ခါတရံတောင် အိမ်ကိုမလာဖူးပါ။
အိမ်အကြောင်းသိသူကို လိုက်ရှာနေသည့်အချိန်တွင်ပင် စားစရာများက ပျောက်နေဆဲဖြစ်သည်။ ကိုနိုင်လည်း စားစရာများပျောက်နေသည့်တိုင်အောင် တခြားပြဿနာများ မဖြစ်သောကြောင့် တဖြည်းဖြည်း အကြောက်ပြေလာ၏။ တစ်နေ့တွင်တော့ အိမ်အကြောင်းအနည်းငယ်သိသည့် ဦးကြီးတစ်ယောက်ကို သွားရှာတွေ့သည်။
ဦးကြီးက... "အဲဒီအိမ်ကလေးက ကြာပြီကွဲ့၊ ဦးတို့ငယ်ငယ်ကတည်းက ရှိခဲ့တာလေ။ နောက်ဆုံးနေသွားတဲ့သူတွေက သားအမိသားအဖသုံးယောက်ပဲ။ ၂၀၀၀ ခုနှစ်လောက်က ဖြစ်မလားပဲ။ နှစ်နှစ်ဆယ်နီးနီးကြာပြီဆိုတော့ ဦးတို့လူကြီးတွေတောင် သိပ်မမှတ်မိကြတော့ဘူးလေ။"
ဦးလေးကြီးက အိမ်၏ယခင်ပိုင်ရှင်များအကြောင်းကို ဖြည်းဖြည်းချင်းရှင်းပြသည်။ ယခင်ပိုင်ရှင်များက လူများနှင့် သိပ်အဆက်အဆံမရှိလှသော မိသားစုဖြစ်၏။ ဖခင်ဖြစ်သူက အမြဲမူးနေတတ်ပြီး အမျိုးသမီးဖြစ်သူကလည်း အင်မတန်ထူးဆန်းသည်။ ရပ်ကွက်ထဲမှလူများနှင့် သိပ်အဖက်မလုပ်ပေ။ ကလေးရှိသော်လည်း ထိုကလေးမလေးကို အိမ်အပြင်တွင် မြင်ဖူးသည်က တော်တော်ရှားသည်။ စကားပြောသည်ကိုပင် တစ်ခါမှ မကြားဖူးကြပါ။
တစ်နေ့တွင်တော့ ထိုအိမ်သားများ အကြီးအကျယ်ရန်ဖြစ်ခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်သူက မိန်းမဖြစ်သူကို ဓားနှင့်ထိုးသတ်လိုက်သည်။ မိန်းမဖြစ်သူကလည်း မသေခင် ယောက်ျားဖြစ်သူသောက်နေသည့် အရက်ပုလင်းဖြင့် ရိုက်နှက်ခဲ့ပြီး နှစ်ယောက်လုံးသေဆုံးသွား၏။ ကလေးမလေးဘာဖြစ်သွားလဲတော့ မည်သူမှ မသိကြပေ။
ထူးဆန်းသည့် ကောလာဟလတချို့သာ ရှိပေသည်။ ဖခင်ဖြစ်သူက အရက်ကြောင်ကြောင်ပြီး သမီးဖြစ်သူကို သတ်ပစ်လိုက်သဖြင့် လင်မယားရန်ဖြစ်ကြသလိုလို၊ တချို့ကလည်း မိခင်ဖြစ်သူက သတ်သည်ဟုဆိုသည်။ သို့သော်လည်း ကလေးမလေးအလောင်းကို မည်သူမှ မတွေ့ကြသလို အိမ်သားနှစ်ဦးလုံး သေဆုံးသွားပြီဖြစ်သဖြင့် မည်သူမှလျှို့ဝှက်ချက်က်ု မသိရတော့ပေ။ ရဲတပ်ဖွဲ့ကတော့ သော့ခတ်ထားသောအခန်းတစ်ခန်းကို တွေ့ခဲ့ပြီး ဝင်စစ်ခဲ့သော်လည်း ဘာကိုမှမတွေ့ခဲ့ကြပါ။ ရဲများက ထိုအခန်းကိုသော့ပြန်ခတ်ခဲ့ပြီး သော့ကိုသက်သေအဖြစ် ယူသွားကြ၏။
နောက်ပိုင်းတွင်တော့ ကလေးမလေးတစ်ယောက်ကို ခြံဝင်းထဲ ရိပ်ခနဲဖြတ်ခနဲ တွေ့ရသလို ကောလာဟလများရှိသော်လည်း မည်သူမှ အတည်မပြုနိုင်ကြပေ။
....
"ကိုနိုင်၊ မင်းပြောတဲ့အတိုင်းဆိုရင် သရဲဖြစ်ချင်မှဖြစ်မှာကွ။"
မောင်ကောင်း၏တက်ကြွနေသောစကားကြောင့် ကိုနိုင်မျက်ခုံးပင့်မိလိုက်သည်။ သူ့ခေါင်းထဲမှာ ပုံမှန်မဟုတ်သည့် အတွေးများ ပြည့်နေတတ်သည်မဟုတ်လား။
"မင်းစဥ်းစားကြည့်လေကွာ၊ ကလေးမလေး ပျောက်နေတယ်။ ဘယ်သူမှ သေသလားရှင်သလားမသိရဘူး။ ငါမင်းကို မက်ဆေ့ဂျာကနေ သတင်းတစ်ပုဒ်ပို့ပေးမယ်။ ဖတ်ကြည့်ကြည့်...."
ကိုနိုင်က အင်တာနက်ဖွင့်လိုက်ပြီး မက်ဆေ့ဂျာထဲဝင်လိုက်သည်။ သတင်းပုံSSလေးကို မောင်ကောင်းက လှမ်းပို့ပေးလိုက်ခြင်းဖြစ်၏။
"ကြည့်ကြည့်... ၂၀၁၅ ခုနှစ်တုန်းက မိဘတွေက ကလေးကို အခန်းထဲမှာ လနဲ့ချီပြီး သော့ခတ်ထားခဲ့လို့ အိမ်နီးချင်းတွေက ရဲတိုင်ပြီးကယ်ခဲ့ရတဲ့သတင်းရှိတယ်။ မင်းပြောတဲ့ အိမ်ရှင်ဟောင်းတွေက သူတို့ကလေးကို အဲဲဒီလို ပိတ်လှောင်ထားခဲ့တာများ ဖြစ်နေမလား။"
ကိုနိုင်ကတော့ ခေါင်းကိုခါယမ်းလိုက်သည်။ သူက လက်နှစ်ချောင်းကို လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး မောင်ကောင်းကို စာပြန်၏။
"ငါ့ကောင်၊ ငါပြောတာကို မင်းသေချာ နားမထောင်လိုက်ဘူးလား။ သော့ခတ်ထားတဲ့အခန်းထဲကို ရဲတွေဝင်ကြည့်သေးတယ်။ ဘာမှမရှိဘူးတဲ့။ မင်းစိတ်ကူးယဥ်တာတွေ ခဏဘေးချိတ်ထားကွာ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကတည်းက သော့ခတ်ထားခဲ့ရိုးမှန်ရင် အဲဒီကလေးအစာငတ်သေနေလောက်ပြီပေါ့ဟ။"
"....." မောင်ကောင်း စာမပြန်တော့ပေ။ အတော်ကြာပြီမှ စာလှမ်းပို့လိုက်သည်။
"ငါ့ကောင်ရေ၊ ဘာပဲဖြစ်ဖြစ် မင်းအိမ်ကို CCTVတပ်ပြီး စောင့်ကြည့်သင့်ပြီနော်။ တော်ကြာမြွေတို့ဘာတို့ ဖြစ်နေလို့ သေနေဦးမယ်။"
".... " ကိုနိုင်လည်း ဘာပြန်ဖြေရမှန်း မသိတော့ပေ။ ထိုအစားအစာများကို ယူစားနေသည့်သတ္တဝါက လူမဟုတ်ပါက တခြားဘယ်သတ္တဝါမျိုး ဖြစ်နေမလဲ။ သရဲလား၊ တစ္ဆေလား။ မြွေလည်းဖြစ်နိုင်သည်။ သူအလုပ်ထဲမှာတုန်းက ရုံးခန်းက အဲကွန်းထဲ မြွေဝင်နေတာ မြင်ဖူးသည်။ ဟောင်းနွမ်းနေသည့် အိမ်ကြီးထဲတွင် မြွေရှိနေခြင်းက ထူးဆန်းလှသည်တော့မဟုတ်ပေ။ ဒါပေမဲ့....
"ဒါပေမဲ့... မင်းပြောသလိုမြွေဆိုရင် ရေခဲသေတ္တာတံခါးကို ဘယ်လိုဖွင့်မှာလဲကွ..." ကိုနိုင်စာပြန်ပို့လိုက်သည်။
"မသိဘူးကွာ... မျောက်တို့ဘာတို့လည်း ဖြစ်ရင်ဖြစ်နေမှာပေါ့။" သူတို့နှစ်ယောက်စကားစက ထိုနေရာမှာတင် ပြတ်သွားသည်။ သို့သော် ကိုနိုင်ကတော့ သေချာသိရအောင် CCTVတပ်ပြီး စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
"ဒါနဲ့၊ မင်းရော အဲဒီအခန်းထဲ ဝင်ကြည့်ပြီးပြီလား။"
"မကြည့်ရသေးဘူး။"
"ဝင်ကြည့်သင့်တယ်နော်၊ မင်းပြောတဲ့အတိုင်းဆိုရင် မင်းအိမ်က ထူးဆန်းတဲ့ဖြစ်ရပ်တွေက အဲဒီအခန်းနဲ့ ပတ်သက်နေလောက်တယ်။" မောင်ကောင်း၏စကားက နည်းနည်းအဓိပ္ပါယ်ရှိလာသည်။ ကိုနိုင်လည်း စဥ်းစဥ်းစားစားဖြင့် ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ သော့မရှိဘူးလေ၊ လွယ်လွယ်နဲ့ ဖြုတ်လို့ရတဲ့ သော့မျိုးလည်းမဟုတ်ဘူး။"
"မင်းပြောတဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကတည်းက သော့မဟုတ်လား။ ပလာရာနဲဲဆွဲခွာရင် ရလောက်တယ်။ နောက်မှအိမ်ရှင်တွေကို အသိပေးလိုက်ပေါ့။"