← Chapters

လွန်ခဲ့သော ဆယ့်ငါးနှစ်

Vol. 36 Ch. 490

လွန်ခဲ့သော ဆယ့်ငါးနှစ်

Vol. 36 Ch. 490

“လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က…ယင်ကိုးပါးကမ္ဘာမှာ အဆုံးသတ်ရှာမန်က တစ်ဦးတည်းမဟုတ်ဘဲ သုံးဦးရှိနေခဲ့တယ်။ အစကတည်းကရှိနေခဲ့တဲ့ ရှာမန်နတ်ဘုရားကျောင်းက အစွမ်းထက်ရှာမန်အပြင် အခြားမျိုးနွယ်စုရွာတွေက အစွမ်းထက်ရှာမန်တွေလည်း ရှိနေသေးတယ်။”

“ရတနာလောင်းကစားပွဲ ပြီးသွားတာနဲ့ ရှာမန်အများအပြားက လူစုခွဲထွက်သွားကြပြီး အမွေအနှစ် ရယူနိုင်မယ့် နယ်မြေသုံးခုကို သွားကြတော့တယ်။…”

“အဲဒီအချိန်မှာ အိပ်မက်ဆိုးကြီး စလာတာပဲ…”

“ကျုပ် အဲဒီနေ့ကို တစ်သက်လုံးမေ့နိုင်မှာမဟုတ်ဘူး။ ရှာမန်မျိုးအနားက လီတစ်သန်းပတ်လည်မှာ အပြောင်းအလဲတွေ ဆက်တိုက်ဖြစ်လာပြီး အဲဒီပြောင်းလဲမှုတွေက ကျုပ်တို့အပြင်လူတွေကို ယင်ကိုးပါးကမ္ဘာကနေ တွန်းကန်ထုတ်နေသလိုမျိုးပဲ။”

“မြေပြင်တစ်ခုလုံးလုပ်ခါလာပြီး နယ်မြေနေရာတွေပေါ်မှာ အက်ကွဲကြောင်းတွေအများကြီး ထလာတယ်။ အဲဒီအက်ကွဲကြောင်းတွေထဲကနေ ရွှေလင်းနို့တွေ ပျံထွက်လာကြပြီး အဲဒီအချိန်မှာ ကောင်းကင်ပေါ်က နဝမမြောက်လက သွေးရောင်ရဲရဲနီလာတယ်။ မြေပြင်တစ်ခုလုံး သွေး‌ရောင်အလင်းတွေ ဖြာကျနေတယ်။”

“အဆုံးမရှိတဲ့ တောအုပ်တွေက နိုးထသက်ဝင်လာကြသလိုပဲ။ သစ်ပင်တွေက သက်ဝင်လှုပ်ရှားလာပြီး ငိုကြွေးသံလို စူးရှတဲ့အသံတွေ နေရာအနှံ့ပြန့်ထွက်လာတယ်။”

“ကောင်းကင်ပေါ်မှာ ဝဲကန်တော့တွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတယ်။ သူတို့ကလည်ပတ်နေရင်း အတွင်းကနေ အနက်ရောင်အလင်းတန်းတွေ ထုတ်လွှတ်နေကြတယ်။ အဲဒီအလင်းတန်းတွေနဲ့ ထိမိသူတိုင်းက အလင်းတွေက သူ့တို့ရဲ့ လိပ်ပြာဝိညာဉ်တွေထဲပေါင်းစည်းဝင်ရောက်သွားတာကို တွေ့ရပြီး သူတို့လိပ်ပြာဝိညာဉ်တွေလည်း ကိုယ်တွေက စွန့်ခွာထွက်ကုန်ကြကာ ဒီနယ်မြေထဲက မြင့်မြတ်မျိုးနွယ်တစ်ခုဖြစ်တဲ့  မြောလွင့်သူတွေအဖြစ် ပြောင်းလဲသွားကြတယ်။”

“အဲဒီအချိန်မှာ ယင်ကိုးပါးဝိညာဉ်တော်တွေမှာလည်း ပြောင်းလဲမှုတစ်ခုဖြစ်လာကြတယ်။ သူတို့က အတိတ်မှာရှာမန်တို့နဲ့ကတိပြုထားတဲ့အတိုင်း မလိုက်နာတော့ဘူး။  အဲဒီအစား သူတို့က ယင်ကိုးပါးကမ္ဘာထဲက ရှာမန်အားလုံးကို လိုက်လံဖမ်းဆီးသတ်ဖြတ်လာကြတယ်။”

“အဲဒီကိစ္စရဲ့ အကြောင်းရင်းကတော့ ရှာမာန်တွေ လုပ်ထားခဲ့တဲ့ အကြံအစည်တစ်ခုကြောင့်ပဲ။ ရှာမန်နတ်ဘုရားကျောင်းနဲ့ အခြားမျိုးနွယ်ရွာကြီးတွေ အားလုံး သဘောတူညီထားခဲ့ကြတဲ့ အကြံအစည်ပေါ့။”

“အဲဒီအကြံအစည်ကတော့ ယင်ကိုးပါးကမ္ဘာကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းအားလုံးကို ဖွင့်ပေးပြီး မျိုးနွယ်စုရွာကြီးတွေက လူတွေအားလုံး ယင်ကိုးပါးကမ္ဘာထဲကို အဟန့်အတားမရှိ ဝင်ရောက်နိုင်အောင်လို့ပဲ။”

“အရှေ့ဖုန်းဆိုးနယ်မြေရဲ့ ကပ်ဘေးကြီးက ချဉ်းကပ်လာနေပြီး ကျုပ်တို့က အာမန်ကျင့်ကြံသူတွေနဲ့ နယ်မြေလုဖို့ တိုက်ခိုက်နေရတယ်။ အဓိကတရားခံတွေဖြစ်တဲ့ ရှာမန်နတ်ဘုရားကျောင်းကတော့ အကြံအစည်ကို လုပ်ဆောင်ဖို့ ရှာမန်နယ်မြေကို ရောက်လာကြတဲ့ အင်မော်တယ်တွေ၊ မျိုးနွယ်စုရွာကြီးတွေအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေကို အရှေ့ဖုန်းဆိုးနယ်မြေကပ်ဘေးကြီး ကျရောက်လာချိန်မှာ အကောင်းဆုံးကာကွယ်မှုအဆင့်ရနိုင်ဖို့ အသက်များစွာ တတ်နိုင်သမျှ ထိန်းသိမ်းနိုင်အောင်လုပ်နေတဲ့တယ်။”

“သူတို့က အစွမ်းထက်တည်နေရာပြောင်းအစီအရင်ကြီးတစ်ခုလုပ်ဖို့ အခြေခံအဆောက်အအုံကြီးကိုတောင် ကြိုပြင်ဆင်ထားခဲ့သေးတယ်။ ဒီတော့မှ အရှေ့ဖုန်းဆိုးနယ်မြေကပ်ဘေးကြီးကျရောက်လာရင် ရှာမန်နတ်ဘုရားကျောင်းနဲ့ ရှာမန်နယ်မြေက မျိုးနွယ်စုကြီးတွေအတွက် ယင်ကိုးပါးကမ္ဘာကို လုံခြုံရာနယ်မြေတစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့အတွက်ပေါ့။”

“ရှာမန်နတ်ဘုရားကျောင်းက ဒီအကြံအစည်ကို ပြင်ဆင်ထားခဲ့ကာ ကြာခဲ့ပြီးဖြစ်မှာပဲ။ သူတို့က ဒီနေရာကို လုံခြုံရေးခိုလှုံရာအဖြစ် သုံးဖို့တောင် ကြံထားတားမဟုတ်ဘဲ အခြားတစ်ခုခုအတွက်သုံးဖို့ ကြံထားတာလည်းဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ အရှေ့ဖုန်းဆိုးနယ်မြေကပ်ဘေးကြီးက ဆက်လက်ချဉ်းကပ်လာနေပြီး ရှာမန်နတ်ဘုရားကျောင်းကလည်း မျိုးနွယ်စုကြီးတွေ၊ အင်မော်တယ်တွေနဲ့ အတူပူးပေါင်းပြီး ရှာမန်မြို့ထဲမှာ အဲဒီအစီအရင်ကြီးကို စီရင်ချမှတ်လာကြတယ်။”

“ရှာမန်မြို့ပျက်ကိုသွားရင် အဲဒီအစီအရင်လက်ကျန်အပျက်အစီးတွေကို တွေ့မြင်နိုင်ပါသေးတယ်။”

“အဲဒီအစီအရင်ကြီးဖွင့်လှစ်ခြင်းကြောင့် ယင်ကိုးပါးကမ္ဘာမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးတွေ ဆက်တိုက်ဖြစ်လာတော့တယ်။ လမ်းကြောင်းကို ဖွင့်လိုက်ပြီး မျိုးနွယ်စုကြီးတွေက လူတွေအားလုံးကို ဝင်ရောက်ခွင့်ပေးလိုက်တာနဲ့ ယင်ကိုးပါးကမ္ဘာက ဝိညာဉ်တော်တွေက အမျိုးအမည်မသိနတ်အတတ်တစ်ခု ပြုလုပ်လိုက်ကြတယ်။ အဲဒီမှာ ရှာမန်မြို့ထဲက ကောင်းကင်ထိထိုးဖောက်တက်နေတဲ့ ကျောက်တိုင်ကြီးပေါ်က ဦးခေါင်းကြီးက အသက်ဝင်လာတယ်။..”

“သူအသက်ဝင်လာခြင်းက ကပ်ဘေးဒုက္ခအားလုံးရဲ့ အစကို ကိုယ်စားပြုတာပါပဲ။”

“အစီအရင်ကြီး ပြိုကွဲသွားတယ်။ အစီအရင်က ဖွင့်ထားတဲ့ ကောင်းကင်က လမ်းကြောင်းကလည်း ချိပ်ပိတ်သွားပြီး ရှာမန်မြို့လည်း ပျက်စီးသွားရတယ်။…ဒါတွေက ကျုပ်မြင်တွေ့သိရှိခဲ့တာတွေပဲ။ သာမန်လူတွေ မသိနိုင်တဲ့ အခြားလျို့ဝှက်ချက်တွေလည်း ရှိနေလောက်ဦးမှာပေါ့။ အဲဒါတွေတော့ ကျုပ်မသိပါဘူး။”

“ဒါပေမဲ့ ယင်ကိုးပါးဝိညာဉ်တော်တွေက အခြားအစီအရင်တွေ ထပ်ရှိနေဦးမယ်လို့ ထင်မထားခဲ့ကြဘူး။ ရှာမန်တွေက အစီအရင်သုံးခုကို ယင်ကိုးပါးကမ္ဘာရဲ့ မတူတဲ့နေရာသုံးခုမှာခွဲချထားခဲ့တယ်။ ဒါပေမဲ့… အဲဒီကြောက်မက်ဖွယ်မုန်တိုင်းကြီး ရုတ်တရက်ပေါ်ထွက်လာခြင်းကြောင့် ရှာမန်တို့ရဲ့ အကြံအစည်အားလုံးပျက်ဆီးခဲ့ရတာပဲ။”

“အဲဒီမုန်တိုင်းကြီးကို ကျုပ်ခုထိမမေ့နိုင်သေးဘူး။ သဲမုန်တိုင်းတွေ ကောင်းကင်မှာ တဟုန်းဟုန်းတိုက်ခတ်နေပြီး ကိုယ်ရိပ်သဏ္ဌာန်ကြီးတစ်ခုအဖြစ် ပြောင်းလဲလာတယ်။ ၎င်းမုန်တိုင်းကြီး ဖြတ်သန်းသွားတဲ့နေရာတိုင်း သက်ရှိအားလုံးက အရိုးစုအဖြစ် ပြောင်းလဲကုန်ကြတယ်။”

“အခြားအစီအရင်နှစ်ခုလည်း ပျက်စီးသွားပြီး ဒီနေရာက ရှာမန်အများစုကလည်း နောက်ဆုံးအစီအရင် မပျက်စီးခင် အဲဒီကနေထွက်ပြေးသွားခဲ့ကြတယ်။ အဲဒါကလည်း ဒီနေရာက မျိုးနွယ်တွေက ကျုပ်တို့ကို အသက်ရှင်သန်နိုင်ဖို့ လမ်းကြောင်းငယ်တစ်ခု ချန်ထားပေးခဲ့လို့ပဲ ဖြစ်မယ်။”

“လွတ်မြောက်မသွားနိုင်တဲ့ လူအချို့ကတော့ကျန်ခဲ့သေးတယ်။ အစီအရင်တွေ ပျက်စီးသွားတဲ့နောက် သူတို့က ဒီနေရာမှာပဲ ဆက်နေရတော့တယ်။ အသက်ဘေးနဲ့ ရှင်းလင်းပျောက်ကွယ်မှုအချို့ဖြတ်သန်းပြီးနောက် အဲဒီလူတွေက စုစည်းလာကြတယ်။ အဲဒီအချိန်မှာ သူတို့က သောင်းချီရှိနေပြီ။ ခုတော့ ရာဂဏန်းအချို့ပဲ ကျန်ပါတော့တယ်။ အဲဒီလူတွေက ကျုပ်တို့ပါပဲ။”

ကောင်းကင်ယံတွင် လကိုးစင်းသည် အမြင့်ထက်မှ တောက်ပစွာ ထွန်းလင်းလျက်ရှိနေသည်။ နယ်မြေနေရားသည် မှောင်မိုက်လှသည်မဟုတ်သော်လည်း အဝေးသို့ မျှော်ကြည့်လျှင် အဝေးရှိ နေရာတို့သည် မှောင်မိုက်နေပြီး ရှင်းလင်းစွာမမြင်နိုင်ကြောင်း တွေ့ရှိရပေမည်။ လရောင်ဖြင့် ကောင်းစွာ လင်းနေသော နေရာအနည်းငယ်သာ ရှိသည်။

တောင်ကြားတွင် မီးပုံတစ်ခု ခပ်မှိန်မှိန်လောင်ကျွမ်းနေသည်။ အစိမ်းရောင်မီးခိုးတို့သည် လေနှင့်အတူ လိမ်တက်သွားပြီး အမှောင်ထုထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြသည်။

နန်းကုန်းဟန်က မီးပုံဘေးတွင် ထိုင်နေသည်။ သူ၏ညင်သာတီးတိုးစကားတို့က ကောင်းကင်ပြင်သို့ ပဲ့တင်ထွက်နေပြီး အစိမ်းရောင်မီးခိုးများကဲ့သို့ပင် အမှောင်ထုထဲသို့ ပေါင်းစည်းသွားကြသည်။

စုမင်က နန်းကုန်းဟန် လွန်ခဲ့သော ဆယ့်ငါးနှစ်က အဖြစ်အပျက်တို့ကို ဖော်ပြနေသည်အား နှုတ်ဆိတ်လျက် ထိုင်ကာ နားထောင်နေသည်။ သူ့စိတ်ထဲတွင် အတိတ်တွင် ဖြစ်ပျက်ခဲ့သည်ကိုအား ပြန်လည် ပုံဖော်ကြည့်နေမိသည်။

ဤနေရာအား ရှာမန်တို့က ခိုလုံရာနယ်မြေတစ်ခုအဖြစ် စဉ်းစားခဲ့သည်ကို သူအံ့သြမိနေသည်။ ၎င်းတို့သာ အမှန်တကယ်အောင်မြင်သွားလျှင် အရှေ့ဖုန်းဆိုးနယ်မြေကပ်ဘေးဆိုးကြီး ပြီးဆုံးသွားချိန်တွင် ရှာမန်မျိုးနွယ်စုကြီးများသည် ထိခိုက်မှုအနည်းငယ်ပင် မရှိဘဲ ကျန်ရှိနေနိုင်ခဲ့မည်ဖြစ်သည်။

“အဲဒီမင်းပြောတဲ့ မြောလွင့်သူတွေက အသိဉာဏ်မရှိတော့ဘဲ နယ်မြေအနှံ့ မြောလွင့်နေကြတဲ့ ဝိညာဉ်အုပ်စုတွေလား။”

ရှာမန်မြို့ထဲတွင် အားဟူအား တွေ့မြင်ခဲ့ရချိန်ကို ပြန်သတိရလိုက်မိပြီး သူသက်ပြင်းချလိုက်သည်။

“သူတို့ကတော့ အနိမ့်ဆုံးအဆင့် မြောလွင့်သူတွေပေါ့။ သူတို့က အသက်ရှိချိန်ကလို စိတ်ဆန္ဒတွေ မရှိကြတော့ဘူး။ ဒီဆယ့်ငါးနှစ်မှာ သူတို့နဲ့ တိုက်ခိုက်ခဲ့တဲ့ အတွေ့အကြုံအရ သူတို့က မျှော့လိုပြုမူတတ်တဲ့ မြင့်မြတ်မျိုးနွယ်တစ်ခုပဲ။ အဲဒါက သူတို့ကြီးထွားနိုင်တဲ့ တစ်ခုတည်းသော နည်းပဲ။”

“သူတို့က သက်ရှိရဲ့ ဝိညာဉ်တွေမှာ ကပ်တွယ်ကြပြီး စွမ်းအားတွေစုပ်ယူပြီးတော့ ကြီးထွားလာကြတယ်။ ဝိညာဉ်ပျက်စီးခြင်းက သူတို့ကြီးထွားခြင်းအဆုံးသတ်မှုကို အမှတ်အသားပြုပါတယ်။ သူတို့ရဲ့ အင်အားကလည်း သူတို့ကပ်တွယ်တဲ့ဝိညာဉ်ရဲ့ အင်အားအပေါ်မူတည်ကွဲပြားကြတယ်။”

နန်းကုန်းဟန်က တည်ငြိမ်စွာ‌ ပြောလိုက်သည်။

“သူတို့ကို ကယ်တင်ဖို့နည်းရော ရှိသလား။”

စုမင်က နန်းကုန်းဟန်ကို ကြည့်လိုက်သည်။

“ကျုပ်တို့ အရင်က ကြိုးစားကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ကျုပ်တို့ တတ်နိုင်သမျှနည်းလမ်းတွေ သုံးကြည့်ခဲ့ပြီးနောက်မှာကို မ‌အောင်မြင်နိုင်ခဲ့ပါဘူး။ အဲဒီမြောလွင့်သူတွေက ဝိညာဉ်တွေကို တွယ်ကပ်လိုက်တာနဲ့ သူတို့က တစ်သားတည်းဖြစ်သွားကြပြီး ခွဲထုတ်ဖို့ ခက်ခဲသွားတယ်။…ဒါပေမဲ့ အရှင်တို့မာန်မျိုးနွယ်တွေမှာ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်ဆိုတာ ရှိတယ်လို့ ကြားခဲ့ဖူးတယ်။ သူတို့က ဝိညာဉ်တွေ အကြောင်းကို နက်ရှိုင်းစွာလေ့လာထားတဲ့ စူးစမ်းခြင်းအတတ်တွေ ရှိတယ်လို့ ပြောကြတယ်။ သူတို့က အဲဒီဝိညာဉ်တွေကို ကယ်တင်နိုင်ကောင်းပါလိမ့်မယ်။”

နန်းကုန်းဟန်က ခေါင်းမော့လိုက်ပြီး စုမင်အားကြည့်လိုက်သည်။ ယခုအချိန်ထိ စုမင်သည် မာန်မျိုးနွယ်ဝင်တစ်ဦးဖြစ်ကြောင်း သူမသိနိုင်သေးလျှင် သူက ကံကြမ္မာမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်နိုင်မည်မဟုတ်ပေ။

အမှန်တွင် စုမင်က မာန်မီးလျှံအမှတ်အသားမျက်နှာဖုံးကို ဝတ်ဆင်ခြင်းမပြုတော့ချိန်မှ စပြီး နန်းကုန်းဟန်ကို အားလုံးပြောပြခဲ့ပြီးဖြစ်သည်။ တိထျန်း၏ငယ်သားနှင့် ပြောခဲ့သည်တို့အပြင် စုမင်တို့တိုက်ခိုက်ခဲ့ချိန်တွင် သုံးခဲ့သော မတူသည့်မှော်အတတ်တို့မှလည်း လူများစွာက မှန်းဆနိုင်ခဲ့သည်ပင်။

သို့ရာတွင် သူတို့သည် ရှာမန်တို့မဟုတ်တော့ပေ။ သူတို့သည် ကံကြမ္မာမျိုးနွယ်တို့သာ ဖြစ်ကြသည်။ စုမင်မည်သည့်နေရာမှ လာခဲ့သည်မှာ အရေးမပါတော့‌ပေ။ မာန်မီးလျှံမျိုးနွယ်ဖြစ်ခြင်းကို ထည့်တွက်ပါက ပို၍ပင် မလိုတော့ပေ။

“ဒီဖြစ်ရပ်တွေအားလုံးက လွန်ခဲ့ဆယ့်ငါးနှစ်က ဖြစ်ပျက်ခဲ့တာပါပဲ။ အရှင်ဆရာမော့ ရတနာလောင်းကစားပွဲမှာ ဖြစ်ခဲ့တာတွေကို စိတ်မကွက်ပါနဲ့။ ကျုပ်က ရှာမန်နတ်ဘုရားကျောင်းကို ဆိုးကျိုးဖြစ်စေတဲ့ ဆုံးဖြတ်ချက်မျိုး မပြုနိုင်ခဲ့တာပါ။”

နန်းကုန်းဟန်က ပင်သက်တစ်ချက်ရှိုက်လိုက်ပြီး ထရပ်ကာစုမင်ထံ လေးနက်စွာဦးညွှတ်လိုက်တော့သည်။

“ဒီလိုလုပ်စရာမလိုပါဘူး။ အစ်ကိုနန်းကုန်း။”

စုမင် ခေါင်းခါယမ်းလိုက်သည်။

“အရှင်ဆရာမော့ ကျေးဇူးပြုပြီး ကံကြမ္မာမျိုးနွယ်ရဲ့ မြင့်မြတ်ဝိညာဉ်တော်အဖြစ် ခံယူပေးပါ။”

နန်းကုန်းဟန်က ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။

စုမင်ခဏမျှ တွန့်ဆုတ်သွားသည်။

“ဆရာရဲ့ စွမ်းအားနဲ့ဆို နှောင်းပိုင်းရှာမန်တွေအားလုံးတွေထဲမှာ အတော်ဆုံးဖြစ်နိုင်လောက်ပါတယ်။ အဆုံးသတ်ရှာမန်တွေကို မယှဉ်နိုင်လောက်ရင်တောင် တောင်ပိုင်းအရုဏ်ဦးနယ်မြေတစ်ခုလုံးမှာ အစွမ်းထက်ပညာရှင်တွေထဲက တစ်ဦးဖြစ်နေပြီး လက်တစ်ချက်ယမ်းရုံနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မှာပါပဲ။”

“ကျုပ်တို့က ထွက်ခွာလို့မရတော့သလို၊ ဒီနေရာ ရှင်သန်နေထိုင်ဖို့လဲ ခက်ခဲနေပါတယ်။ ဆရာက ကျုပ်တို့ကို စွန့်ပစ်လိုက်ရင် မကြာခင်ဒီနေရာမှာ ရှိသမျှကံကြမ္မာမျိုးနွယ်အားလုံး သေဆုံးရပါတော့မယ်။..ကျုပ်သေတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ မွေးဖွားလာခဲ့ကြတဲ့ ကလေးငယ်တွေအများကြီး ရှိနေပါသေးတယ်။..ကျုပ်….”

နန်းကုန်းဟန်က စုမင်အား ကြည့်ကာ တီးတိုးရေရွတ်လိုက်တော့သည်။

စုမင်က နန်းကုန်းဟန်အားကြည့်လိုက်ပြီး အချိန်အတန်မျှကြာလျှင် မျက်လုံးများပြန်မှိတ်လိုက်သည်။ အချိန်တို့ တရွေ့ရွေ့ကုန်သွားပြီး အမွှေးတိုင်တစ်တိုင်စာကုန်ပြီးနောက် သူက မျက်လုံးများဖွံင့်လိုက်ပြီး နန်းကုန်းဟန်အား ခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ ထွက်ခွာဖို့နည်းလမ်းတကယ်ရှိတော့ဘူးဆိုရင် ကံကြမ္မာမျိုးနွယ်ကို ငါ စောင့်ရှောက်ပေးမယ်။ ဒါပေမဲ့ အဲဒီလိုပဲ ထွက်လမ်းရှာလာနိုင်ခဲ့ပြီး တောင်ပိုင်းအရုဏ်ဦးနယ်မြေကို ပြန်လာနိုင်ခဲ့ရင်လည်း မင်းတို့အားလုံးက ငါ့ကို ရိုသေအလေးထားရဦးမယ်။”

“သဘောတူလား။”

စုမင်က ခပ်ပျော့ပျော့ မေးလိုက်သည်။ ကံကြမ္မာမျိုးနွယ်တို့၏ တည်ရှိနေပုံသည် သူ့ရင်အားလှုပ်ခတ်စေပြီး နန်းကုန်းဟန်ကလည်း ထပ်တလဲလဲတောင်းပန်နေဆဲဖြစ်ရာ သူ ငြင်းပယ်ရန် ခက်ခဲလာသည်။

သို့ရာတွင် စုမင်က ပေးရုံသာပေးပြီး ရယူနိုင်ခြင်းမရှိလျှင် မျှတမည်မဟုတ်ပေ။ ထို့ကြောင့် နန်းကုန်းဟန်၏ တောင်းဆိုချက်ကို လက်ခံရာတွင် သူ့ကိုယ်ပိုင်လိုအပ်ချက်များ ထည့်ပေးလိုက်သေးသည်။

“ကျုပ်တို့ ကံကြမ္မာမျိုးနွယ်က စွန့်ပစ်ခံမျိုးနွယ်ပါ။ ဆရာပြသခဲ့တဲ့ ကြီးမားတဲ့စိတ်စေတနာကောင်းကို ကျုပ်တို့က ဘယ်တော့မှ မမေ့ပါဘူး။ ကျုပ်တို့ရဲ့ မြင့်မြတ်ဝိညာဉ်တော်အဖြစ် သတ်မှတ်ကိုးကွယ်တာနဲ့ ကျုပ်တို့က အရှင်ဆရာရဲ့စကားကို အမြဲလိုက်နာလုပ်‌ဆောင်ကြမှာပါ။”

နန်းကုန်းဟန်က လေးနက်စွာ ကြေညာလိုက်သည်။

စုမင်က နန်းကုန်းဟန်ကို ကြည့်လိုက်ပြီး ခဏအကြာတွင် ခေါင်းညိတ်လိုက်တော့သည်။ ထို့နောက်သူက ထရပ်လိုက်ပြီး တောင်ကြားထဲသို့ လျှောက်သွားလေသည်။ ထိုအတွင်းတွင် ဂူနေရာတစ်ခုအား သူ့အတွက်သီးသန့်ရှင်းလင်းပေးထားခဲ့သည်။

နန်းကုန်းဟန်က အဝေးသို့လျှောက်သွားသည့် စုမင်အားကြည့်လိုက်ပြီး ကောင်းကင်ကို ပြန်ကြည့်ကာ ပင့်သက်ရှည်တစ်ချက်ရှိုက်သွင်းလိုက်တော့သည်။

“ပြန်သွားလို့ရနိုင်မလား။ ဆယ်ငါးနှစ်ရှိခဲ့ပြီ။ သူကလည်း အဲဒီအချိန်မှာ ယင်ကိုးပါးကမ္ဘာကနေ ပျောက်သွားခဲ့တာပဲ။ အခုသူလည်း ဘယ်များရောက်နေပြီလဲ။”

နန်းကုန်းဟန်က ဝမ်းနည်းစွာရေရွတ်လိုက်သည်။

စုမင်က ဂူအိမ်ထဲသို့ ဝင်ရောက်လာပြီးနောက် တည်ငြိမ်စွာဖြင့် ထိုင်ချလိုက်သည်။ ထို့နောက် လက်တစ်ချက်ယမ်းလိုက်ရာ သူရှေ့က နေရာသည် ချက်ချင်းမှုန်ဝါးသွားသည်။ ထိုမှုန်ဝါးမှုပျောက်ကွယ်သွားချိန်တွင် ခြေလက်လေးခုလုံးပြတ်နေသည့် ဝတ်ရုံနက်အဘိုးကြီးက ထိုနေရာတွင် ပေါ်ထွက်လာသည်။

“မင်းက ဘာလို့အမြဲ ငါ့ကို ကံကြမ္မာလို့ ခေါ်နေခဲ့တာလဲ။”

စုမင်က ဖြည်းဖြည်းချင်းမေးလိုက်သည်။

အဘိုးကြီးမျက်နှာသည် ဖြူရော်နေသည်။ ၎င်းက အိပ်မောကျနေသည့်အလား မျက်လုံးများမှိတ်ကာ တစ်လုံးမှ ပြန်မပြောချေ။

စုမင်က ခဏမျှစောင့်လိုက်ပြီးနောက် ညာလက်ကိုမြှောက်လိုက်သည်။ သူ့လက်ထဲတွင် မြစိမ်းရောင်ဓားတစ်စင်းချက်ချင်းပေါ်လာသည်။ ၎င်းဓားတစ်ခုလုံး ပုံပေါ်လာသည်နှင့် စုမင်းက ဓားရိုးကိုကိုင်ကာ အဘိုးကြီ၏ လည်မျိုကို ထိုးစိုက်လိုက်ပြီး တဖြညးဖြည်းဓားကို အောက်သို့ဆွဲချလိုက်သည်။

“ငါက လူတွေကိုယ်ထဲမှာ ဆေးပင်တွေ အကြိမ်ကြိမ်စိုက်ဖူးခဲ့တယ်။ ဆေးပင်တွေရဲ့ အစေ့တွေက လူရဲ့အသက်စွမ်းအားကို စုပ်ယူပြီး အသွေးအသားတွေကို ထိုးဖောက်ကြီးထွားလာတတ်တယ်။ ငါဆေးပင် စိုက်ခဲ့သမျှလူတိုင်းက တော်တော်ဝေဒနာခံစားကြရတာပဲ။”

စုမင်းက ခပ်လေးလေးပြောလိုက်သည်။

အဘိုးကြီးက အိပ်မောကျနေဟန် စကားတို့ ကြားနိုင်ခြင်းမရှိသည့်အလား မလှုပ်မယှက်သာ ရှိနေသည်။

“မင်းတို့အင်မော်တယ်တွေကတော့ သူများကို ပူးကပ်နိုင်တော့ ကိုယ်ထဲမှာ ခံစားရတဲ့ဝေဒနာကို သိပ်ဂရုမစိုက်ကြဘူး။”

စုမင်၏ ဓားသည် ရင်ဘတ်တွင် လက်တစ်ဝါးစာ ခုတ်လှီးထားပြီဖြစ်သည်။ ဒဏ်ရာမှ သွေးများ ပန်းထွက်နေသော်လည်း အဘိုးကြီးက ဂရုမစိုက်ပေ။

“ဒါဆိုရင် မင်းက ဘယ်ခံနိုင်ရည်ရှိမလဲ စမ်းကြည့်ကြတာပေါ့။”

လေထဲတွင် တည်ငြိမ်သောစကားတို့ထုတ်လွှတ်ကာ စုမင်က မြစိမ်းဓားကို သိမ်းလိုက်ပြီး အဘိုးကြီး၏ဒဏ်ရာကို လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်သည်။ လေထဲတွင် ရုတ်တရက်လေပြင်းတစ်ချက်ဝှေ့တိုက်သွားပြီး အဘိုးကြီးကိုယ်ထဲသို့ ထိုဒဏ်ရာမှ တစ်ဆင့် ဝင်ရောက်သွားသည်။

ထိုလေပြင်းသည် စုမင်လေအားမန်ရှင်အဖြစ်ပြုလုပ်ထားသော အစွမ်းထက်လေပြင်းဖြစ်သည်။ ထိုလေက အဘိုးကြီး၏ သွေးသားများထဲ တဟုန်းဟုန်းတိုက်ခတ်သွားပြီး ၎င်း၏ကိုယ်အား စုတ်ဖြဲသွားသည်။ ထိုလေပြင်းဒဏ်တွင် အဘိုးကြီးသည် ပြင်းထန်စွာ တုန်ယင်လာတော့သည်။ သူက မျက်ထောင့်နီကြီးများဖျတ်ခနဲဖွင့်ကာ စုမင်အား ပြူးကြည့်လာသည်။

“ငါကို ဘာလို့ ကံကြမ္မာလို့ အမြဲပြောနေတာလဲ။”

စုမင်းက အဘိုးကြီးကို ကြည့်ကာ အေးစက်စက်မေးလိုက်သည်။

“ခွေးကောင် မင်းကြိုက်သလိုလုပ်။ ငါက သေမှာကိုတောင်မကြောက်တာ မင်းရဲ့ ကလေးကွက်တွေကို ကြောက်စရာလား။ မင်းသိတာတွေ ငါပြောမှာမဟုတ်ဘူး။”

“မင်းသိချင်ရင် ကိုယ်ဟာကိုယ်ဝိညာဉ်ရှာဖွေမှုလုပ်လိုက်လေ။ ဒါပေမဲ့ ငါက အားနည်းနေတယ်ဆိုပေမဲ့ မင်းရဲ့ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ ငါ့ကို နှိပ်စက်ဖို့ပဲ လုပ်နိုင်လိမ့်မယ်။ ဝိညာဉ်ကိုတော့ ရှာဖွေနိုင်မှာ မဟုတ်ဘူး။”

အဘိုးကြီးက ကိုယ်တွင်းမှနာကျင်မှုတို့ကို အံကြိတ်ခံရင်း အေးစက်စက်လှောင်ပြုံးလိုက်သည်။

အမှန်တွင်တော့ သူက လွန်စွာခံနိုင်ရည်ရှိဟန်ပြုနေသော်လည်း ရင်ထဲတွင် သူအနာဂတ်အတွက် ကြောက်လန့်စိတ်တို့ လွန်စွာကြီးထွားလာနေသည်။

မှတ်ချက်။  စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်သည် စုမင်နှင့် စီနီယာအစ်ကိုတို့ ဝင်ရောက်လူကယ်ခဲ့သော မျိုးနွယ်စုရွာဖြစ်သည်။

All Chapters