အိမ်မှာနေတဲ့ သရဲမလေး ၅
Vol. 6 Ch. 5-Final
Ghost Girl in My House
Chapter 5 - ဇာတ်သိမ်း
ဘသိုက်တို့အုပ်စုက နေ့ခင်းဘက် အများအလုပ်တက်ချိန်တွင် ကိုနိုင်တို့ အိမ်တံခါးရှေ့ ရောက်လာကြ၏။ ဘသိုက်က အရင်ဆုံး လူခေါ်ဘဲလ်ကို တီးလိုက်သည်။
"တင်းတောင်..."
"ဟယ်လို၊ ကျွန်တော်တို့ ရေမီတာလာစစ်တာပါ။"
ဘသိုက်၏အူကြောင်ကြောင်ဆင်ခြေကြောင့် ဘသိုက်အဖော်က ဘသိုက်ကို နားနားကပ်မေးလိုက်သည်။
"ဟေ့ကောင်၊ အဲဒီကလေးက မနက်ကတည်းက အလုပ်သွားပြီလေကွာ။ မင်းက ဘယ်သူ့ကို လှမ်းခေါ်နေတာတုန်း။"
ဘသိုက်က သူ့အဖော်ကို တုံးအလွန်းလှသည် ဆိုသည့်သဘောဖြင့် မျက်လုံးမှေးကာ ကြည့်လိုက်ပြီး
"ဟေ့ကောင်၊ မင်းရောဘာသိလို့လဲကွ။ အိမ်ထဲမှာ လူရှိမရှိ သေချာအောင်လုပ်ရမယ်လေကွာ။"
"အေး၊ ဟုတ်ပါပြီ။ အခု လူရှိလားမရှိဘူးလား။"
ဘသိုက်က သူ့အဖော်ကို စိတ်ပျက်စွာဖြင့် ကြည့်လိုက်ရင်း ပြောလိုက်သည်။
"အခုထိ တံခါးဖွင့်သံမကြားရမှတော့ လူမရှိလို့ပေါ့။"
တံခါးတစ်ဖက်တွင်တော့ ဂါဝန်အဖြူလေးကိုဝတ်ထားသည့် သရဲမလေးက သူခိုးနှစ်ယောက်ပြောနေသည့် စကားများကို သေချာနားထောင်နေ၏။ ရုတ်တရက် ဘသိုက်အဖော်က တစ်ခုခုထူးခြားနေသည်ကို သတိထားမိသွားပြီး ဘသိုက်ကို ပြောလိုက်သည်။
"လူမရှိဘူးဆိုရင် ဘာလို့တံခါးအဟကနေပြီး ဖြူဖြူအဝတ်စကြီးကို မြင်နေရတာလဲဟင်။"
ဘသိုက်အဖောက်က တံခါးနှင့်ကျည်းဘောင်ကြား အဟလေးမှ မြင်နေရသော သရဲမဂါဝန်ကို လက်ညိုးဖြင့် ထိုးပြလိုက်သည်။ ဘသိုက်၏စပ်ဖြီးဖြီးမျက်နှာမှာ မျက်နှာသေကြီးနှင့် ဖြစ်သွား၏။
"ဘာ... ဟိုကောင်လေး အလုပ်သွားနေပြီလေ။ အိမ်မှာ ဧည့်သည်ရောက်နေတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား။"
ဘသိုက်က ပြောပြောဆိုဆိုနှင့် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ကြမ်းပြင်နှင့်တံခါးကြားမှ အဟကို ငုံကြည့်လိုက်သည်။ တံခါးတစ်ဖက်တွင်တော့ သရဲမလေးက လူစိမ်းနှစ်ယောက်ကို ထိတ်လန့်သွားပြီဖြစ်သဖြင့် ဧည့်ခန်းအတွင်းသို့ ပြန်ဆုတ်သွားပြီဖြစ်၏။
ထို့ကြောင့် ဘသိုက်မှာ ဘာကိုမှ မမြင်လိုက်ရပေ။ သူက မတ်တပ်ပြန်ရပ်လိုက်ပြီး သူ့အဖော်ကို စိတ်ဆိုးဆိုးဖြင့် ကြည့်လိုက်သည်။
"ဘာမှမရှိပါဘူးကွ၊ မင်းအမြင်မှားတာ ဖြစ်မှာပါ။"
အဖော်လုပ်သူကလည်း စိတ်ဆိုးသွားသည်။ သူသေချာ မြင်လိုက်ရသည်မဟုတ်လား။ "မဟုတ်တာပဲ၊ ငါသေချာ မြင်လိုက်ရတာပါ။ ဒီမှာကြည့်။" ဟုဆိုရင်း တံခါးနှင့်ကျည်းဘောင်အကြားအဟကို လက်ညိုးထိုးပြလိုက်သည်။ သို့သော် ဘာမှမရှိတော့။
"ငါပြောသားပဲ၊ မင်းအမြင်မှားတာ နေမှာပါလို့။"
ထို့နောက် သူက အိတ်ကပ်ထဲမှ သံနန်းကြိုးမျှင်ကို သော့အိမ်ထဲ ထိုးထည့်လိုက်ပြီး ပြန်ထုတ်ကြည့်လိုက်သည်။
"အဟားဟား၊ သော့က တော်တော်ဟောင်းနေပြီဆိုပေမဲ့ အာမခံသော့ပဲကွ။ ဒါနဲ့ဖွင့်လို့မရဘူး။ သံဖြတ်လွှပေး။"
အဖော်လုပ်သည့်သူကလည်း အတူပါလာသည့် ကားတူးဘောက်ထဲမှ သံဖြတ်လွှကို ထုတ်လိုက်ပြီး ဘသိုက်လက်ထဲ ထည့်ပေးလိုက်သည်။ ဘသိုက်ကတော့ သံဖြတ်လွှကို တံခါးအဟထဲထည့်လိုက်ကာ သော့တံကိုစတင်တိုက်ဖြတ်၏။
"ဘေးဘီလည်း သေချာကြည့်ဦး၊ ဖြတ်သွားဖြတ်လာတို့ ကင်းလှည့်နေတဲ့ရဲစက်ဘီးတို့တွေ့ရင် ငါ့ကိုသတိပေး။"
အိမ်ထဲတွင်တော့ သရဲမလေးက ထမင်းစားစားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ထဲတွင် ကိုနိုင့်လက်ရာ ကြက်ဥအုပ်ထားသည့် ခေါက်ဆွဲကြော်ကို စားနေသည်။ ရုတ်တရက်ထွက်ပေါ်လာသည့် အသံများကြောင့် လက်ထဲမှ ခေါက်ဆွဲ ပန်းကန်ပြုတ်ကျသွားပြီး စားပွဲပေါ်မှ ဆော့စ်ပန်းကန်ကို တိုက်မိကာ ငရုတ်ဆော့စ်အများအပြားက သရဲမလေး၏ဂါဝန်ဖြူဖြူကို လာရောက်ပေကျံတော့သည်။
မသိရင် ရင်ဘတ်မှာ သွေးများပေကျံနေသလိုပင် ထင်ရသေးသည်။
ထိတ်လန့်နေသော သရဲမလေးမှာလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ အပေါ်ထပ် သော့ခတ်ထားသည့် အခန်းလေးဆီသို့ ပြေးတက်သွား၏။
သူခိုးနှစ်ယောက်ကတော့ ကမ္ဘာပေါ်တွင် သူတို့ချည်းရှိသည့်အလား တံခါးမှသော့ပြုတ်သည်အထိ သံဖြတ်လွှနှင့် တိုက်ဖြတ်နေကြသည်။
"ချလက်..." နောက်ဆုံးတော့ ကြေးသော့တံမှာ လုံးဝပြုတ်ထွက်သွားပြီး တံခါးပွင့်သွား၏။
သူခိုးနှစ်ယောက်လည်း တံခါးကို အသံမမြည်အောင် ဖြည်းဖြည်းချင်းဖွင့်ကာ အိမ်အတွင်းသို့ အကဲခတ်လိုက်သည်။
"ငါပြောပါတယ်ကွ၊ အိမ်ထဲမှာ ဘယ်သူမှ မရှိပါဘူးဆို။"
ဘသိုက်၏အဖော်ကတော့ ခံငြင်းနေတုန်းပင်။ သူက စားပွဲပေါ်မှ ပြန့်ကျဲနေသော ခေါက်ဆွဲဖက်များနှင့် ပန်းကန်များကို လက်ညိုးထိုးပြလိုက်ရင်း ပြောလိုက်သည်။
"ဟိုမှာ စားစရာတွေ ပြုတ်ကျနေတာကျတော့ ဘယ်လိုလုပ်မလဲ။"
အစောပိုင်းက တံခါးသော့ကို သံဖြတ်လွှဖြင့် တိုက်ဖြတ်နေခဲ့သောကြောင့် ဆူညံ့သံများအကြား ပန်းကန်ပြုတ်ကျသည့်အသံကို သူတို့မကြားလိုက်ရပါ။ ဘသိုက်အဖော်က တော်တော်မျက်စိလျှင်သည်လို့ ပြောနိုင်သည်။ သို့သော် ဘသိုက်က ခေါင်းမာ၏။
"မင်းကလည်း ဟိုကောင်လေး အပြင်သွားတုန်း စားမကုန်တဲ့ စားစရာတွေကို စားပွဲမှာထားခဲ့တာနေမှပေါ့။ ကြောင်တို့ဘာတို့ကြောင့် ဒီလိုဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲလေ။"
ဘသိုက်အဖော်လည်း ဘယ်လိုပြောပြော မထူးတော့ပြီဟု သတ်မှတ်လျက် ဘာမှမပြောတော့ပါ။ ဘသိုက်က ရှင်းသွားအောင် ထပ်ပြောလိုက်သည်။
"ဒီလောက်သူရဲဘောကြောင်နေလည်း ပြန်လိုက်တော့၊ မင်းကို ဝေစုမပေးဘဲနေရုံပဲ။"
ရှေးဂန္တဝင်ပန်းချီကား၏ တန်ဖိုးကိုတွေးမိသောအခါ ဘသိုက်အဖော်၏ပျောက်ဆုံးနေသော သတ္တိများ ပြန်ဝင်ရောက်လာသည်။ သူတို့နှစ်ဦးက တဖြည်းဖြည်း အိမ်ထဲရောက်လာပြီဖြစ်၏။
"ဒီအိမ်ကြီးက ရုပ်ရှင်ထဲက သရဲခြောက်တဲ့ အိမ်ကြီးနဲ့တူတယ်နော်။" ဘသိုက်အဖော်က ပြောလိုက်သည်။ ဘသိုက်လည်း အိမ်ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ရင်း...
"အင်း၊ ပြောရရင် ဒါကြီးက ကိုလိုနီခေတ်ကတည်းက အိမ်ကြီးလေကွာ။ အိုးအိမ်ဌာနကလူတွေပြောတာတော့ အရင်နှစ်နှစ်ဆယ်လောက်ကလည်း လူသတ်မှုဖြစ်ဖူးတယ်ဆိုလား။"
ဘသိုက်အဖော်၏ဒူးများမှာ တဆတ်ဆတ်တုန်ရင်နေသည်။ သူ့ခင်ဗျာ ဝေစုမရမှာစိုးလို့ ထွက်မပြေးရဲတာပဲရှိ၏။ တကယ်တော့ စိတ်ထဲမှာ အခါပေါင်းများစွာ ထွက်ပြေးနှင့်ပြီးသားဖြစ်သည်။
ဘသိုက်က သူ့ကို ရေစွတ်ထားသော အဝတ်စကြီးတစ်စပေးလိုက်သည်။ ဘသိုက်အဖော်ကတော့ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"ဘာလုပ်ဖို့လဲကွ။"
"မင်းက သူခိုးဖြစ်ပြီး တော်တော်ပိန်းတာပဲ။ လျှို့ဝှက်လမ်းကြောင်းကို အုတ်နံရံနဲ့ပိတ်ထားတာလေ။ နံရံဖြိုရင် အသံသိပ်မထွက်အောင် မင်းက အဲဒါနဲ့ အုပ်ထားပေး။"
ဘသိုက်က ကားတူးဘောက်ထဲမှ တစ်စစီဖြုတ်ထားသော ဆယ်ပေါင်တူကြီးကို ပြန်တပ်လိုက်ရင်း သွားကြားထဲမှလေသံဖြင့် ပြောလိုက်သည်။
ဘုတ်...ဘုတ်....
ရေစိုဝတ် ခံထားသောကြောင့် အုတ်နံရံကြီးကို သူတို့ဖြိုချနေသည့်အသံက သိပ်မကျယ်ခဲ့ပါ။ သေသေချာချာ နားထောင်မကြည့်ပါက အိမ်နီးနားချင်းများအနေဖြင့် အဝတ်ကိုပြင်းပြင်းရိုက်လျှော်နေသည်ဟုသာ ထင်ချင်စရာဖြစ်နေသည်။
အုတ်နံရံကြီးက အိုဟောင်းနေပြီမလို့ အလွယ်တကူပြိုကျသွားသည်။ ဘသိုက်နှင့်သူ့အဖော်တို့က အုတ်ခဲကျိုးအစအနများကို ဖယ်ရှားလိုက်ရင်း ဓာတ်မီးတဝင်းဝင်းနှင့် ပိတ်ထားသော မီးခိုးခေါင်းတိုင်အတွင်းသို့ စူးစမ်းလိုက်ကြသည်။
ကြမ်းခင်းက အညှိတက်နေသဖြင့် အစိမ်းရောင်ပေါက်နေသော ကြေးတံခါးကြီးဖြစ်ပြီး ရွှေဟင်္သာရုပ်ကို တံခါးပေါ်တွင် ထွင်းထား၏။ ၁၉၀၆ ခုဆိုသည့်ခုနှစ်ကို တံခါးကြီးပေါ်တွင် ရုပ်ကြွစာလုံးဖြင့် ရေးသားထားလေရာ အိမ်ကြီး၏သက်တမ်းမှာ နှစ်ပေါင်းတစ်ရာခန့် ကြာမြင့်ပြီဖြစ်ကြောင်း တွေ့နိုင်ပေသည်။
"အလွယ်လေးပါ..." ဘသိုက်က အဆီပြန်နေသော မျက်နှာကြီးဖြင့် ပြုံးလိုက်၏။ ဘသိုက်အဖော်ကတော့ ပိတ်ထားသော မီးခိုးခေါင်းတိုင်ကြီးအတွင်းပိုင်းသို့ ဓာတ်မီးဖြင့် လျှောက်ထိုးကြည့်နေရင်း အခြေအနေမကောင်းသဖြင့် အပေါ်သို့ ပြန်တက်ပြေးရန် ကြိုးစားနေသည့် သရဲမနှင့်အကြည့်ချင်းဆုံသွားသည်။ သရဲမကလည်း ရှက်ရှက်ဖြင့် သူခိုးကို ပြုံးပြလိုက်၏။
"အား... သရဲ...သရဲမကြီး...."
ဘသိုက်၏အဖော်မှာ ချက်ချင်းဓာတ်မီးကိုချပြီး နောက်သို့ ပြန်ဆုတ်ပြေးသွားသည်။ ဘသိုက်ကတော့ မယုံသင်္ကါဖြင့်
"ဒီကောင် ဘာဖြစ်ပြန်ပြီလဲဟ။" သူပြော၍ပင် မဆုံးသေးပေ၊ သရဲမလေးမှာလည်း လန့်သွားသဖြင့် အုတ်လှေကားအသေးစားလေးကို ကိုင်ထားရင်းမှ လွတ်သွားပြီး ကြေးတံခါးကြီးပေါ်သို့ Horror Landingပုံစံဖြင့် ပြုတ်ကျလာပေသည်။
ဘသိုက်ကတော့ မျက်လုံးအပြူးသားနှင့် ကြည့်နေ၏။ သရဲမလေးက နောက်တစ်ခါရှက်သွားပြီး ပြန်ပြုံးပြလိုက်သည်။ နှစ်ပေါင်းများစွာ နေမထိရသဖြင့် ဖြူစွတ်နေသောမျက်နှာ၊ ကိုနိုင်ဝယ်ပေးထားသည့် အဖြူရောင်ဂါဝန်နှင့်စွန်းထင်းနေသော ငရုတ်ဆော့စ်များ၊ အနက်ရောင်ရှုပ်ပွနေသော ဆံပင်ရှည်ရှည်များကို တစ်ပြိုင်နက်တည်း မြင်လိုက်ရသော ဘသိုက်မှာလည်း ကြောက်ရွံမှုအထွတ်အထိပ်သို့ ချက်ချင်းရောက်သွားပြီး တစ်ခါတည်းမေ့လဲသွားတော့သည်။
....
နာရီအနည်းငယ်ကြာပြီးနောက် ကိုနိုင် အိမ်ပြန်ရောက်လာသည်။ သူတံခါးဖွင့်ဖွင့်ခြင်း စောင့်ကြိုနေသော အရာများက ကြိုးများဖြင့် ဖြစ်သလိုတုပ်နှောင်ခံထားရသော သူခိုးနှစ်ကောင်၊ ရှုပ်ယှက်ခတ်နေသည့်အိမ်နှင့် သူခိုးဖမ်းပေးထားသဖြင့် ကြောင်လေးတစ်ကောင်လို မာန်တက်နေသော သရဲမလေးတို့ဖြစ်သည်။
သို့နှင့် ကိုနိုင်လည်း ရဲခေါ်လိုက်ရ၏။ ရဲများကတော့ သူခိုးနှစ်ကောင်ကို ဖမ်းသွားပြီး ကိုနိုင်ကို ထိုသူခိုးများမှာ ဖမ်းဝရမ်းထုတ်ထားရသည့် အဆင့်မြင့်သူခိုးများဖြစ်ကြောင်း အသိပေးပြီး ပြန်သွားကြသည်။ အိမ်လေးကလည်း ပြန်အေးချမ်းသွား၏။
ရက်အနည်းငယ် ကြာပြီးနောက်တွင် မောင်ကောင်းပြန်ရောက်လာသည်။ သူနှင့်အတူ အသက်အတန်ကြီးရင်အပြီဖြစ်သည့် ဇနီးမောင်နှံနှစ်ဦး ပါလာသည်။ သရဲမလေး၏အဖိုးအဖွားများနှင့် ပြန်အဆက်အသွယ်ရပြီဖြစ်၏။
ပို၍အံ့ဩစရာကောင်းသည်က သူတို့ကို သရဲမလေးက အိမ်နောက်ဖေးမှ ရေတွင်းပျက်ထံသို့ ခေါ်သွားပြီး တူးဆွခိုင်းခဲ့ခြင်းဖြစ်သည်။ တစ်နေကုန် လူများဖြင့် တူးဖော်ပြီးနောက်မှ ဦးခေါင်းရိုးကြေမွနေသည့် လူအရိုးစုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
အတော်ကြာအောင် စုံစမ်းပြီးမှ လူသတ်မှုမဖြစ်ခင် ပျောက်ဆုံးသွားခဲ့သည့် ဦးလေးဟိန်းထက်ဖြစ်နေကြောင်း သူတို့သိခဲ့ရ၏။
မြေအောက်ခန်းကိုလည်း တူးဖော်ကာ စစ်ဆေးခဲ့ကြပြီး ဦးဘဉာဏ်၏စစ်ကြိုကာလလက်ရာ ပန်းချီကားဖြစ်သော 'တောင်တန်းပေါ်က မြို့ကလေး'ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ကိုနိုင်က ထိုပန်းချီကားကို ကိုယ်ကျိုးအတွက် အသုံးချရန် မစဥ်းစားခဲ့ဘဲ အမျိုးသားပြတိုက်သို့ လျှူဒါန်းခဲ့၏။ တစ်နေ့တွင် သူကိုယ်တိုင်လည်း ထိုသို့သော ပန်းချီကားမျိုးကို ရေးဆွဲနိုင်ရန်အတွက် စိတ်ထဲတွင် စဥ်းစားခဲ့သေးသည်။
ပန်းချီကားကို လျှူဒါန်းခဲ့ခြင်းကား သူ့အတွက် လုံးလုံး အကျိုးမရှိသည်တော့မဟုတ်ပေ။ သတင်းစာထဲတွင် ပန်းချီဆရာတစ်ဦးက ဂန္တဝင်ပန်းချီကားတစ်ခုကို ရှာဖွေတွေ့ရှိပြီး လျှူဒါန်းလိုက်သည့်သတင်းကြောင့် သူကိုယ်တိုင်လည်း နာမည်ကြီးသွားပြီး ပန်းချီလောကတွင် Trend ဖြစ်သွားကာ သူ့ပန်းချီများကို လူများစသတိထားမိလာကြ၏။
ကိုနိုင်တစ်ယောက် ဒီတစ်လလုံးလုံး ပင်ပန်းခဲ့ရသည်။ တစ်အိမ်လုံးတွင် သူကလွဲ၍ မည်သူမှမရှိတော့သော အိမ်လေးထဲသို့ ပြန်ရောက်လာပြီး သူစားပွဲခုံတွင် ဝင်ထိုင်လိုက်သည်။
သရဲမလေးကိုတော့ သူ့အဖိုးအဖွားများက ထိန်းသိမ်းစောင့်ရှောက်ရန် ပြန်ခေါ်သွားကြပေပြီ။ အခုတော့ အိမ်ကလေးက တိတ်ဆိတ်သွားပြီး အထီးကျန်လှပေသည်။ လူတစ်ယောက်မရှိတော့မှ ထိုလူ၏တန်ဖိုးကို သိရသည်ဆိုသည့်စကားက အလွန်မှန်၏။ သရဲမလေးမရှိတော့မှ သူသရဲမလေးကို လွမ်းမိသည်။
"ဘာပဲဖြစ်ဖြစ်... ငါက အပြင်လူတစ်ယောက်ပဲလေ။" ကိုနိုင်က သူ့ဘာသာ တစ်ယောက်တည်း ပြောလိုက်ရင်း မိုက်ခရိုဝေ့ခ်မီးဖိုကိုဖွင့်ကာ ကြက်ဥထမင်းကြော်လုပ်စားရန် ဆုံးဖြတ်လိုက်၏။
ထမင်းကြော်ကို ပန်းကန်လုံးလေးထဲ ထည့်ပြီးမှ သူတွေးလိုက်မိသည်။ "ငါတို့စတွေ့တုန်းကလည်း သူ့ကို ဥထမင်းကြော်ကျွေးခဲ့ရသေးတယ်မဟုတ်လား။"
ချိုမြိန်သော မှတ်ဉာဏ်အပိုင်းအစလေးတစ်ခုက သူ့စိတ်ထဲတွင် ပြန်လည်ထင်ဟပ်လာသည်။ တစ်ခါတရံ အဖြစ်မှန်များက စိတ်ကူးယဥ်ဝတ္ထုများထက် ပိုမိုဆန်းကြယ်တတ်သည်မဟုတ်လား။
ရုတ်တရက် နွေးထွေးသောလက်တစ်စုံက သူ့ကိုနောက်မှ ပွေ့ဖက်လိုက်သည်။ ကိုနိုင်က ပန်းကန်ကို ပြုတ်မကျအောင် ကိုင်ထားရင်း ခေါင်းကိုလှည့်ကြည့်လိုက်၏။
လှပသောမိန်းကလေးတစ်ယောက်၏မျက်နှာနှင့် ဆံပင်ရှည်များကို သူမြင်လိုက်ရသည်။ သရဲမလေး ပြန်ရောက်လာပြီ။ ကိုနိုင်က တအံ့တဩဖြင့် မေးလိုက်၏။
"မင်း... အိမ်ပြန်လိုက်မသွားဘူးလား။" သရဲမလေးက သူ့ကိုမလွတ်တမ်း ဖက်ထားရင်းကနေ ခေါင်းခါပြသည်။
ကိုနိုင်လည်း သက်ပြင်းချလိုက်မိ၏။ သူမေ့ကောင်း မေ့သွားတာ ဖြစ်နိုင်သည်။ သရဲမလေးအတွက်တော့ ဒီအိမ်ကမှ တကယ့်အိမ်မဟုတ်ပါလား။
"ငါမင်းအတွက် တစ်ပန်းကန်လုပ်ပေးမယ်။" ကိုနိုင်က ပြောလိုက်ရင်း နောက်ကြက်ဥတစ်လုံးကို ခွဲလိုက်တော့သည်။
ပြီးပါပြီ။