← Chapters

ကြယ်သုဿာန်

Vol. 67 Ch. 925

ကြယ်သုဿာန်

Vol. 67 Ch. 925

ကြယ်သုဿာန်ဆိုသည်မှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ ဒဏ္ဍာရီလာ နယ်မြေတစ်ခု ဖြစ်ပေသည်။ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး နေရာများထဲမှ တစ်ခုလည်း ဖြစ်၏။

အကယ်၍ ထိုနယ်မြေထဲသို့ ဝင်ရောက်လိုပါက အချက်သုံးချက်နှင့် ပြည့်စုံနေရန် လိုအပ်ပေသည်။ ပထမအချက်မှာ ထိုနယ်မြေ ပွင့်မည့်အချိန် ဖြစ်သည်။ ဒုတိယအချက်မှာ မိမိ၏ ကျင့်ကြံခြင်းအဆင့်သည် ဂြိုဟ်အဆင့်၏ အောက်တွင် ရှိနေရန် ဖြစ်သည်။ တတိယအချက်မှာမူ ဝင်ခွင့်နေရာ ရရှိပိုင်ဆိုင်ထားရန် ဖြစ်သည်။

ထို အချက်သုံးချက်စလုံးမှာ မရှိမဖြစ် လိုအပ်ပေသည်။ ထိုကြောင့်လည်း လူအများစုမှာ သူတို့၏ လောဘစိတ်များကို ချုပ်တည်းခဲ့ကြရသည်သာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်းတွင် ထိုနယ်မြေထဲအား စိတ်ဝင်စားခဲ့ကြသည့် ဂြိုဟ်အဆင့်နှင့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိကြပေသည်။ သို့သော် ထိုနယ်မြေထဲသို့ အတင်းအဓမ္မ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သည့် လူတိုင်းမှာ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရသည်သာ ဖြစ်သည်။

အဆုံးမဲ့မျိုးနွယ်စုဆိုလျှင် နတ်ဧကရာဇ်တစ်ပါး၏ ဦးဆောင်မှုဖြင့် ထိုနယ်မြေထဲသို့ အတင်းအဓမ္မ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့စဉ်တုန်းက ထိခိုက်နစ်နာဆုံးရှုံးမှု အမြောက်အမြားနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ နောက်ဆုံးတွင် ထို နတ်ဧကရာဇ်ကြီးမှာ နောက်သို့ ပြန်လှည့်လာခဲ့ရပြီး လူသိရှင်ကြား တောင်းပန်ခဲ့ရသည်သာ ဖြစ်သည်။ ထို ကိစ္စရပ်ကြီးမှာ တာအိုနယ်မြေတစ်ခုလုံးအား အံ့ဩတုန်လှုပ်သွားစေခဲ့သလို လောဘတက်ကာ ကြယ်သုဿာန်အား စောင့်ကြည့်နေကြသည့် အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စု အမျိုးမျိုးကိုလည်း လက်လျှော့သွားစေခဲ့၏။

ကံကောင်းသည့်အချက်မှာ ကြယ်သုဿာန်သည် ပြင်ပကမ္ဘာကြီးအား အပြီးတိုင် ပိတ်ပင်တားမြစ်ထားသည်တော့ မဟုတ်ပေ။ ၎င်းမှာ နည်းလမ်းအမျိုးမျိုးဖြင့် လူအယောက်ငါးရာအတွက် ဝင်ခွင့်နေရာများ ထုတ်ပေးခဲ့၏။ အချိန်များ ကုန်ဆုံးလာခဲ့ပြီးနောက် ထို ဝင်ခွင့်နေရာများထဲမှ လေးရာကျော်သာ ကျန်ရှိတော့ပါသော်လည်း ကြယ်သုဿာန်၏ သဘောထားများကို ကြည့်လျှင် ပြင်ပကမ္ဘာမှ လူများ စည်းကမ်းလိုက်နာနေသရွေ့ ၎င်းမှာလည်း ပြင်ပကမ္ဘာကြီးအား လက်ခံကြိုဆိုနေမည်သာဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုကြောင့်လည် ကြယ်သုဿာန်ထဲသို့ သွားသည့် ခရီးစဉ်မှာ နှစ်ပေါင်းရာဂဏန်းအနည်းခန့် ကုန်ဆုံးပြီးသွားတိုင်း တစ်ကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

ယခုတွင် အဖြူရောင်စာရွက်ကြီးမှာ ခေါက်ချိုးချိုးခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားသဖြင့် ဝိညာဉ်လှေကိုးစင်းပေါ်ရှိ ပါရမီရှင် အယောက်လေးရာကျော်မှာလည်း မူးဝေဝေ ဖြစ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့အားလုံးမှာ ချက်ချင်းဆိုသလိုပင် အမြင်အာရုံများ ပြန်လည်ကြည်လင်သွားကြ၏။ ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အသက်ရှူကြိမ် အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည့်ပုံပင်...

ဝမ်ပေါင်လဲ့မှာ အမြင်အာရုံများ ပြန်လည်ကြည်လင်ပြတ်သားသွားသည်နှင့် သူရောက်နေသည့် နေရာမှာ ပြင်ပကမ္ဘာကြီးနှင့် လုံးဝမတူဘဲ ကွဲပြားခြားနားနေသည်ကို မြင်လိုက်ရသည်။

၎င်းမှာ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်ပေသည်။

ဖျတ်ခနဲ ကြည့်လိုက်မည်ဆိုပါက ထို သမုဒ္ဒရာကြီး၏ အရောင်မှာ အနက်ရောင်ဖြစ်နေ၏။ သို့သော် သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင်မူ ထို သမုဒ္ဒရာကြီးမှာ အနက်ရောင် စက္ကူရွက်ပေါင်း မြောက်များစွာ စုစည်းသွားရာမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိလိုက်ရမည်ဖြစ်သည်။

ကောင်းကင်ကြီးမှာ သာမန်အတိုင်း အပြာရောင်ဖြစ်နေပါသော်လည်း ကောင်းကင်ယံထဲရှိ နေမင်းကြီးမှာမူ အဖြူရောင်စက္ကူကြီး ဖြစ်နေဆဲပင်။ ထို့အပြင် သူတို့၏ ဘေးပတ်ပတ်လည်ရှိ အရာအားလုံးကိုလည်း စက္ကူများဖြင့် ပြုလုပ်ဖန်တီးထားသည့်ပုံပင်။

ခပ်လှမ်းလှမ်းရှိ ပင်လယ်ပျော်ငှက်များနှင့် ကောင်းကင်ယံထဲရှိ တိမ်တိုက်များမှာလည်း စက္ကူများ ဖြစ်နေကြ၏။

ကောင်းကင်ကြီးမှလွဲ၍ အခြားအရာအားလုံး၏ အရောင်များမှာ အဖြူရောင်နှင့် အနက်ရောင်သာ ဖြစ်နေကြသည်။

သူတို့ လိုက်ပါစီးနင်းလာကြသည့် လှေများနှင့် သူတို့သာလျှင် စက္ကူများမဟုတ်ကြပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် လှေများပေါ်ရှိ ပါရမီရှင်များမှာ အရာအားလုံးနှင့် ကွဲထွက်နေသလို ခံစားလိုက်ရသဖြင့် အံ့သြတုန်လှုပ်သွားကြရ၏။

" ကြယ်သုဿာန် စက္ကူပင်လယ်ကြီးပဲ "

" ဒီ ပင်လယ်ကြီးကို ဖြတ်ပြီးရင် ကြယ်သုဿာန်အင်ပါယာဆီကို ရောက်ပြီ "

" ငါတို့တွေ ကြယ်သုဿာန်ထဲ ရောက်သွားပြီဟေ့ "

ဝမ်ပေါင်လဲ့မှာ ကြယ်သုဿာန်အကြောင်း များများစားစား မသိထားပါသော်လည်း သူ၏ ဘေးပတ်ပတ်လည်မှ ပါရမီရှင်များမှာမူ ထိုနေရာအကြောင်း အသေးစိတ် သိရှိနားလည်ထားကြပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ လူအချို့မှာ လေသံတိုးတိုးနှင့် ရေရွတ်လိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာမူ သူ၏ ဘေးပတ်လည်မှ ပါရမီရှင်များ၏ စကားများကိုနားထောင်ရင်း မျက်လုံးများမှေးသွား၏။ သူသည် " စက္ကူပင်လယ် " နှင့် " အင်ပါယာ " ဆိုသော စကားလုံးများကို ကြားလိုက်ရခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် အနက်ရောင် စက္ကူပင်လယ်ကြီးအား သေသေချာချာ အကဲခတ်ကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် မကြာသေးမီတုန်းက ပြင်ပကမ္ဘာထဲ၌ ပေါ်ပေါက်လာခဲ့သည့် ဧရာမ လူပုံစံစက္ကူရုပ်ကြီး၏ စကားသံမှာ သူတို့ရောက်နေသည့် ကမ္ဘာကြီးထဲ၌ ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။

" ပြင်ပနယ်မြေထဲက ရောက်လာတဲ့ ကျင့်ကြံသူများ။ မင်းတို့တွေထဲက တချို့ကတော့ ဒီနေရာအကြောင်း သိထားပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ သိမထားသေးတဲ့ လူတွေလည်း ရှိနေနိုင်တာမလို့ ငါ ရှင်းပြပါ့မယ်။ ဒါက ကြယ်သုဿာန် ပင်လယ်နက်ပဲ "

" မင်းတို့တွေ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်းကို ငါ သိထားပြီးသားပါ။ မင်းတို့တွေက အထူးအခွင့်အလမ်းတွေကို ရှာဖွေပြီးတော့ အထူးဂြိုဟ်တွေနဲ့ ပေါင်းစည်းပြီး ဂြိုဟ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ဒီကို ရောက်လာကြတာပဲ။ အဲတာကြောင့်မလို့လည်း ကြယ်သုဿာန်က ပွင့်လာတာ။ ဒါပေမဲ့... မင်းတို့တွေ အဲဒီ အခွင့်အလမ်းတွေကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် အရင်ဆုံး အရည်အချင်း စမ်းသပ်ပွဲတွေကို ကျော်ဖြတ်မှရမယ်။ အခု ပထမဆုံးကျင်းပမယ့် စမ်းသပ်ပွဲက အလွယ်ဆုံးပဲ "

" မင်းတို့တွေထဲက တခြားတစ်ဖက်မှာရှိတဲ့ ကမ်းစပ်ပေါ်ကို တက်နိုင်တဲ့လူတွေပဲ ကြယ်သုဿာန် အင်ပါယာရဲ့ ဧည့်သည်တော်တွေ ဖြစ်လာခွင့်ရှိမှာ "

" အဲဒီ ကမ်းစပ်က တော်တော်လေးတော့ဝေးတယ်။ အဲဒီကို ရောက်အောင်သွားဖို့အတွက် မင်းတို့တွေရဲ့ ပျမ်းမျှ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အနည်းဆုံး အချိန်ငါးရက်လောက် ကုန်မှာ။ အဲတာမလို့ မင်းတို့ကို အချိန်ငါးရက်ပေးမယ်။ အဲဒီ ငါးရက်အတွင်းမှာ မင်းတို့တွေ ကြိုက်တဲ့နည်းလမ်း သုံးလို့ရတယ်။ ကမ်းစပ်ပေါ်ကို တက်နိုင်သရွေ့ ဒီ အရည်အချင်း စမ်းသပ်ပွဲကို အောင်မြင်သွားမှာပဲ။ ဒါပေမဲ့ ငါးရက်အတွင်း မတက်နိုင်ရင်တော့ ကျရှုံးတယ်လို့ သတ်မှတ်လိုက်မှာ "

" ဒီ ပင်လယ်ကြီးထဲမှာ ကြောက်စရာကောင်းတဲ့ အနက်ရောင် မုန်းတီးမှု အငွေ့အသက်တွေ ကိန်းအောင်းနေတယ်လို့ ငါ ကြိုသတိပေးထားမယ်။ အဲဒီ အငွေ့အသက်က မင်းတို့ရဲ့ ခန္ဓာကိုယ်တွေ အပါအဝင် ဒီကမ္ဘာကြီးထဲမှာရှိတဲ့ အရာအားလုံးကို စက္ကူတွေဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။ အဲတာမလို့ ဟိုးအရင်ကတည်းကနေ အခုအထိ ကြယ်သုဿာန် ပွင့်တဲ့အချိန်တိုင်း အဲဒီ ပင်လယ်ကြီးထဲ မြုပ်သွားခဲ့ပြီးတော့ ပြန်ပေါ်မလာခဲ့တဲ့ ကျင့်ကြံသူတွေလည်း အများကြီးပဲ "

" ကဲ။ အခုတော့ မင်းတို့တွေ အစွမ်းကုန်ကြိုးစားကြပေါ့ " ထိုစကားသံကြီးမှာ ဟိန်းခနဲ ထွက်ပေါ်လာ၏။ ထို လူပုံစံစက္ကူရုပ်ကြီး စကားဆုံးသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ သူသည် စက္ကူပင်လယ်နက်ကြီး ရုတ်တရက်ဆိုသလို ၎င်း၏ အချုပ်အနှောင် စွမ်းအားများအား ဆုံးရှုံးလိုက်ရသလို ဖြစ်သွားသည်ကို အာရုံခံမိလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ထိုပင်လယ်ကြီးထဲမှ အနက်ရောင်ချီများ အလုံးအရင်း ထွက်ပေါ်လာကြပြီး ဝိညာဉ်လှေကြီး၏ ဘေးပတ်ပတ်လည်အား လွှမ်းခြုံသွားတော့သည်။ ထို အနက်ရောင်ချီများဖြင့် ထိသွားသည့်နေရာတိုင်းတွင် ဝိညာဉ်လှေကြီးမှာ စက္ကူများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်သာ ဖြစ်သည်။

သူ လိုက်ပါစီးနင်းလာသည့် လှေကြီးသာ ထိုသို့ဖြစ်သွားခြင်းမဟုတ်ပေ။ အခြား လှေရှစ်စင်းမှာလည်း ထိုနည်းတူပင်။ ထို လှေများပေါ်ရှိ လူအချို့မှာ အမူအရာမပျက် တည်ကြည်မှုအပြည့် ရှိနေဆဲ ဖြစ်ပါသော်လည်း အများစုမှာမူ ထို မြင်ကွင်းများကိုမြင်လိုက်ရချိန်တွင် အမူအရာများ ပြောင်းလဲသွားကြသည်သာ ဖြစ်သည်။

ဝိညာဉ်လှေကြီး စက္ကူအဖြစ် ပြောင်းလဲသွားနေသည့် အမြန်နှုန်းကိုကြည့်လျှင် ငါးရက်ပင် မဆိုထားနှင့် အမွှေးတိုင်တစ်တိုင် ကုန်အောင် လောင်ကျွမ်းမသွားနိုင်ခင်မှာပင် ထို လှေကြီးတစ်စင်းလုံးမှာ စက္ကူလှေကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့သာဆိုပါက လှေကြီးပေါ်တွင် ရှိနေကြသည့် လူများ၏ ကံကြမ္မာများအား အလွယ်တကူ ခန့်မှန်းကြည့်နိုင်ပေသည်။ သူတို့မှာ ထိုလှေပေါ်တွင်သာ သေဆုံးသွားကြမည် ဖြစ်သည်။

သို့ဖြစ်ရာ သူတို့မှာ အသက်ရှင်လိုပါက လှေကြီးပေါ်မှ ထွက်ခွာသွားပြီး ကောင်းကင်ယံထဲ၌ ပျံသန်းသွားရမည် ဖြစ်သည်။ သူတို့မှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်သုံးကာ အနက်ရောင်ချီများ ခုခံတွန်းလှန်ရမည်ဖြစ်သလို ကမ်းစပ်သို့ ရောက်နိုင်အောင် အမြန်ဆုံးနည်းဖြင့် ပျံသန်းရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဤ အရည်အချင်း စမ်းသပ်ပွဲမှာ သူတို့အတွက် စမ်းသပ်ပွဲတစ်ခုနှင့်ပင် မတူတော့ဘဲ ရှုံးထွက်ပွဲစဉ်တစ်ခုနှင့် တူနေပြီ ဖြစ်သည်။ အရည်အချင်း ပြည့်မီမှုမရှိသည့် လူတိုင်းမှာ ရှုံးနိမ့်သွားရမည်ဖြစ်ပြီး ထိုကဲ့သို့ ရှုံးနိမ့်သွားမည်ဆိုပါက ချက်ချင်းသေဆုံးသွားရမည်သာဖြစ်သည်။

" ကြမ်းလှပါလားဟ။ အရည်အချင် စမ်းသပ်ပွဲလို့လည်း ပြောသေးတယ်။ ကြယ်ကြွေလှေ ကိုးစင်းနဲ့ အဲဒီ လှေတွေပေါ်က လူပုံစံစက္ကူရုပ် ကိုးရုပ်ကိုတောင် ဂရုမစိုက်တော့ပါလား။ ကောင်းကင်ကြီးထဲမှာ ပျံသန်းနိုင်ဖို့ ဆိုတာကလည်း ထင်သလောက် ရိုးရှင်းနေမှာ မဟုတ်လောက်ဘူး။ အဲလောက်သာ လွယ်နေမယ်ဆိုရင် ဒီ စမ်းသပ်ပွဲက ဘာအဓိပ္ပါယ် ရှိတော့မှာလဲ " ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ ထိုအချိန်တွင် သူသည် လှေလှော်နေဆဲဖြစ်သည့် လူပုံစံစက္ကူရုပ်အား အလိုလို လှမ်းကြည့်မိလိုက်သဖြင့် ကရုဏာသက်သွားရတော့သည်။

ထို လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား အများကြီးကူညီပေးခဲ့သလို ခရီးစဥ် တစ်လျှောက်လုံးတွင်လည်း ဝမ်ပေါင်လဲ့မှာ သူနှင့် အပြန်အလှန် စကားများ ပြောနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏အမြင်တွင် ၎င်းမှာ သက်မဲ့ပစ္စည်းတစ်ခု မဟုတ်တော့ဘဲ သက်ရှိတစ်မျိုးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ၎င်းအား ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် အဖွဲ့အစည်းတစ်ခုမှာ မည်မျှပင် အင်အားကြီးမားနေစေကာမူ အပြင်လူများကို စမ်းသပ်နိုင်ရန်အတွက်လောက်နှင့် ယခုကဲ့သို့ အများကြီး ထိခိုက်နစ်နာဆုံးရှုံးခံမည် မဟုတ်ပေ။ သို့ဖြစ်ရာ သူ၏ ထင်မြင်ယူဆချက်များမှာ လွဲမှားနေလောက်ပေသည်။ ထို လူပုံစံစက္ကူရုပ်ကြီးနှင့် ဝိညာဉ်လှေကြီးတို့မှာ မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ရလောက်ပေ။

ထို လူပုံစံစက္ကူရုပ်ကြီးမှာ စက္ကူ ဖြစ်နေပြီးသား မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ အဘယ်ကြောင့် စက္ကူအဖြစ် ထပ်၍ ပြောင်းလဲသွားနိုင်ပါ့မည်နည်း။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ အနည်းငယ်ခန့် စိတ်သက်သာရာရသွား၏။ ထို့နောက် သူသည် ခေါင်းမော့ကာ အခြား ဝိညာဉ်လှေရှစ်စင်းအား လှမ်းကြည့်လိုက်သည်။ ယခုတွင် ကျင့်ကြံသူအများစုမှာ သူတို့၏ လှေများပေါ်မှ စွန့်ခွာသွားကြပြီ ဖြစ်သည်။ သူတို့မှာ လေထဲ၌ သက်တံ့ကွေးများအဖြစ် ပြောင်းလဲသွားကြပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားကြ၏။ သူ၏ လှေပေါ်မှ ပါရမီရှင်များမှာလည်း ထိုနည်းအတူပင်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး၊ လီလင်းကျစ်နှင့် အခြားသူများအားလုံးမှာ လှေကြီး၏ အပြင်ဘက်သို့ ပျံထွက်သွားကြပြီ ဖြစ်သည်။

ထို ပါရမီရှင် အားလုံးနီးပါးမှာ လေထဲသို့ ရောက်ရှိလာသည်နှင့် ခန္ဓာကိုယ်များ တုန်ရီသွားကြ၏။ သူတို့မှာ အမည်မသိ စွမ်းအားတစ်မျိုး၏ ဖိနှိပ်ချုပ်တည်းခြင်းကို ခံလိုက်ရခြင်းဖြစ်ရပေမည်။ အချို့မှာဆိုလျှင် အောက်သို့ ပြုတ်ကျလာပြီး စက္ကူပင်လယ်နက်ကြီးထဲသို့ ပြုတ်ကျသွားတော့မည့်အလား ဖြစ်သွားရသည်။ ကံကောင်းစွာဖြင့် ထို သေရေးရှင်ရေး အခိုက်အတန့်တွင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာသဖြင့် သူတို့မှာ အောက်သို့ ထပ်၍ ပြုတ်မကျသွားအောင် သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်ခဲ့ပြီး အသက်အန္တရာယ်ကြီးအား ရှောင်တိမ်းနိုင်ခဲ့၏။ သို့သော် သူတို့မှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေဆဲဖြစ်ပြီး မျက်ဝန်းများထဲတွင်လည်း ကြောက်စိတ်များဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ ကောင်းကင်ယံထဲ၌ ပျံသန်းရသည်မှာ အလွန်အင်မတန်မှ ခဲယဉ်းကြောင်း သိနိုင်ပေသည်။

" ဒီကောင်းကင်ကြီးက တကယ်ကို ထူးဆန်းနေတာပဲကွ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးကာ ရေရွတ်မိလိုက်၏။ ထိုအချိန်တွင် သူသည် ထိုကဲ့သို့ ပျံတက်သွားကြသည့် ပါရမီရှင်များထဲမှ တမူထူးခြားသည့် စွမ်းရည်များကို ထုတ်ပြနေကြသည့် ပါရမီရှင်များကို သတိထားမိလိုက်သည်။ သူတို့ထဲမှ အချို့မှာ သူတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရတနာအလင်းရောင်များအား အကာအကွယ်များအဖြစ် လွှမ်းခြုံထားကြပြီး ရှေ့သို့ ပျံသန်းသွားနေကြ၏။ အချို့မှာမူ တမူထူးခြားသည့် ဓမ္မရတနာအမျိုးမျိုးကို ထုတ်ယူလိုက်ကြသည်။ သူတို့မှာ ထိုဓမ္မရတနာများကို အသုံးပြုကာ သူတို့ကိုယ်သူတို့ ကာကွယ်ရင်း ရှေ့သို့ ပျံသန်းသွားကြ၏။

ထို့အပြင် မန္တန်လက်ကွက်များဖော်ကာ အနက်ရောင်နဂါးကိုးကောင်အား ဆင့်ခေါ်လိုက်ကြသည့် လူများလည်း ရှိသေးသည်။ ထို နဂါးများ အော်ဟစ်မြည်တမ်းနေကြစဉ် သူတို့မှာ ၎င်းတို့၏ နောက်ကျောပေါ်သို့ ပြေးတက်သွားလိုက်ကြပြီး အဝေးသို့ ထွက်ခွာသွားကြ၏။ ထိုသို့ဖြင့် ကောင်းကင်ယံကြီးထဲရှိ ပါရမီရှင်များမှာ တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူသည့် ပညာရပ်များကို အသုံးပြုနေကြတော့သည်။

ထိုအခိုက်အတန့်တွင် သူတို့၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်များကို အထင်အရှားမြင်လိုက်ရသည်။ သူတို့အားလုံးမှာ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြသည့်တိုင်အောင် သူတို့၏ စွမ်းအင်အငွေ့အသက်များမှာ တစ်ယောက်နှင့်တစ်ယောက် လုံးဝမတူဘဲ ကွဲပြားခြားနားနေကြသည်ကို အာရုံခံနိုင်ပေသည်။

အထူးသဖြင့် သူတို့ထဲမှ လေးယောက်မှာ ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် အမြန်နှုန်းနှင့် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့အား ငေးကြည့်နေမိတော့သည်။

ထို လေးယောက်မှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက် ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာ သူ၏ လှေပေါ်တွင် ပါလာခဲ့သည့် မျက်နှာဖုံးနှင့် အမျိုးသမီး ဖြစ်ပေသည်။ ထို အမျိုးသမီးမှာ လှေအပြင်ဘက်သို့ ချက်ချင်း ပျံသန်းထွက်ခွာသွားလိုက်ပြီးနောက် လေထဲသို့ ရောက်သွားသည့်နှင့် သူမ၏ ခြေထောက်‌အောက်၌ သက်တံ့ရောင် အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ ထို အလင်းအရောင်မှာ ဧရာမ သက်တံ့ရောင် ဖီးနစ်ငှက်ကြီးတစ်ကောင်အသွင် ချက်ချင်းပြောင်းလဲသွားသည်။ ထို့နောက် သူမသည် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး ကောင်းကင်ယံထဲရှိ အတားအဆီးများကို လျစ်လျူရှုကာ လျင်မြန်စွာ ရွေ့လျားသွားတော့သည်။ ထို့ကြောင့် သူမသည် အမြန်ဆုံး လူလေးယောက်ထဲမှ တစ်ယောက် ဖြစ်သွား၏။

အခြားလှေတစ်စင်းထဲမှ ပျံထွက်လာခဲ့သည့် အမျိုးသမီးတယောက်လည်း ရှိနေသေးသည်။ ထိုအမျိုးသမီးမှာ ချောမောလှပပြီး အပြုံးမျက်နှာတစ်ခုအား ပိုင်ဆိုင်ထား၏။ သူမ၏ ခန္ဓာကိုယ်မှာ ပြိုင်ဘက်ကင်းလောက်အောင် ကြော့ရှင်းမှုအပြည့် ရှိပေသည်။ သူမ၏ ညာဘက်လက်ထဲတွင်လည်း ခေါင်းလောင်းတစ်လုံးအား ကိုင်ဆောင်ထားသေးသည်။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ် အနည်းငယ်ခန့် ယိမ်းနွဲ့သွားရုံနှင့် ထို ခေါင်းလောင်းသံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားရသည်သာ ဖြစ်သည်။ ထို ခေါင်းလောင်းသံများနှင့်အတူ သာမန်မျက်စိနှင့်ပင် မြင်နိုင်သည့် လှိုင်းတွန့်များ ပေါ်ပေါက်လာပြီး သူမသည် ထို လှိုင်းတွန့်များပေါ်သို့ တက်သွားလိုက်၏။ ထိုသို့ဖြင့် ခေါင်းလောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူမသည်လည်း တဖြည်းဖြည်းနှင့် ပို၍ မြန်ဆန်လာတော့သည်။

အခြား နှစ်ယောက်မှာမူ အမျိုးသားနှစ်ယောက်ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာ သွက်လက်ဖျတ်လတ်ကာ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်ပြီး အခြားတစ်ယောက်မှာ ပညာရှိတစ်ယောက်ပုံစံ ပေါက်နေ၏။ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေသည့် လူငယ်လေးမှာ အနက်ရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် လေထဲ၌ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ ဟင်းလင်းပြင်ကြီးထဲမှနေ၍ ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ထို့နောက် ဓားချီများမှာ သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲသွားကြပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်မျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ‌မည်သည့် အနှောင့်အယှက် အတားအဆီးကမှ သူ့အား ရပ်တန့်နိုင်စွမ်း မရှိခဲ့သဖြင့် သူသည် လေထုကြီးအား အလျင်အမြန် ထိုးခွင်းသွားနိုင်စွမ်း ရှိနေ၏။

နောက်ဆုံး လူငယ်လေးဖြစ်သည့် ပညာရှိပုံစံ ပါရမီရှင်လေး အသုံးပြုခဲ့သည့် နည်းလမ်းမှာ အထူးခြားဆုံးဖြစ်သည်။ သူသည် လက်ထဲတွင် ဝါးပေလွှာတစ်ခုအား ကိုင်ထားကာ ၎င်းအား ငုံ့ဖတ်နေရင်း ပင်လက်နက်ကြီးပေါ်သို့ တက်နင်းလိုက်၏။ ထိုအခါ အနက်ရောင်ချီများမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြပါသော်လည်း သူနှင့် ပေးသုံးဆယ်အကွာတွင် ရပ်တန့်သွားကြရသည်သာ ဖြစ်သည်။ သူသည် မြန်ဆန်နေခြင်းမရှိသလို နှေးကွေးနေခြင်းလည်း မရှိဘဲ ပင်လယ်နက်ကြီးထဲမှ စက္ကူရွက်များပေါ်သို့ တက်နင်းကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုလေးယောက်အား မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရသလို မခံချင်စိတ်များလည်း ပေါ်ပေါက်လာရ၏။

" ငါလည်း လုပ်နိုင်ပါတယ်ကွ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့ ကြိမ်းဝါးလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လှေလှော်နေသည့် လူပုံစံစက္ကူရုပ်ကြီးအား အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားရန် ပြင်လိုက်တော့သည်။

All Chapters