စတုတ္ထမြောက်ဓားဆေးလုံး
Vol. 20 Ch. 275
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အကြီးအကဲကျန်း”
ကျန်းယန်ယွီတွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ စိတ်ဝင်စားစရာကောင်းသောနာမည်ပြောင် ရှိသည်။ သူ့အား ငါးမွေးမြူရေးသမားကျန်းဟု ခေါ်ကြသည်။
သူ့တွင် ဓားတိုအများအပြားကို ပိုင်ဆိုင်ထားသည်။ သူ့ဓားနည်းစနစ်သည် ဓားပျံများမှ ဆင်းသက်လာသည်။ ထိုနည်းစနစ်ကို ထုတ်ဖော်လိုက်သောအခါတွင် ဓားအလင်းများက သူ့ပတ်ဝန်းကျင်မှာ ငါးများကဲ့သို့ ကူးခပ်နေကြသည်။
ဟန်မူယဲ့၏အမြင်မှာ ထိုနည်းစနစ်က ဓားဆေးလုံးနှင့် ဆင်တူသည်။
ကျန်းယန်ယွီသည် ရွှေအမြုတေ အဌမအဆင့်တွင် ရှိနေပြီး အဆင့်မြင့်သောဓားနည်းစနစ်ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နာမည်ကြီးသော ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူ့နောက်ကွယ်တွင် ရှိနေသော ကင်းစောင့်တောင်ကုန်းတာအိုဂိုဏ်းသည်လည်း ထူးခြားပြီး ဂိုဏ်းကြီးကိုးဂိုဏ်းထက် တစ်ဆင့်သာနိမ့်သည်။
ကျန်းယန်ယွီက ဟန်မူယဲ့၏နောက်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“မင်းက ဓားနဲ့ပတ်သတ်ပြီး ပါရမီအရမ်းကောင်းတယ်။ ပြီးတော့ ဓားစံအိမ်ကိုလည်း စောင့်ကြပ်ထားတယ်။ မင်းမှာ ဖုန်းကွယ်ထားတဲ့နည်းလမ်းတွေ အများကြီးရှိမှာပဲ”
‘ဖုန်းကွယ်ထားတဲ့နည်းလမ်းလား’
‘လေပြေလေညင်းအသွင်ပြောင်းပြီး နောက်ကွယ်မှာပုန်းနေတဲ့ တာအိုဆရာတယန်ကို ပြောချင်တာလား’
တာအိုဆရာတယန်က စကားမပြောပေ။
သူက ဟန်မူယဲ့၏ ဖုံးကွယ်ထားသောနည်းလမ်းဖြစ်ရန် အဆင့်မမီဟု ခံစားရသည်။
“အကြီးအကဲက ကျွန်တော့်အကြောင်းကိုသိချင်လို့ လာရှာတာမဟုတ်ဘူးမလား”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ကရားတစ်ခုကို ထုတ်ယူသည်။
ထိုကရားထဲမှာ အသည်းကွဲသေရည်ရှိနေသည်။ လီသုံးထွက်မသွားခင်မှာ သူမက သေရည်စပ်နည်းကို ပြောပြခဲ့ပြီး ဟန်မူယဲ့ကို ကိုယ်တိုင်ဖော်စပ်ရန် ပြောခဲ့သည်။
အရသာက တူညီပြီး ဓားချီကိုလည်း သန့်စင်နိုင်သည်။
သို့သော်လည်း လီသုံး၊ လုတစ်ဆယ်၊ ဟွမ်လောင်လျှို၊ ကောင်းရှောင်ရွှမ်နှင့် တခြားလူများမရှိသောကြောင့် အရသာက သိပ်မကောင်းတော့ပေ။
ဟန်မူယဲ့က ဤသေရည်ကို မကြာခဏသောက်လေ့မရှိပေ။
သူက သေရည်တစ်ငုံသောက်လိုက်ပြီး ကရားကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
“ဟား…ဟား…၊ ငါက ဂိုဏ်းကိုးဂိုဏ်းအဆင့်သတ်မှတ်တဲ့ပွဲမှာ မင်းနဲ့အတူပူးပေါင်းချင်လို့ မင်းဆီကို လာခဲ့တာပဲ”
ကျန်းယန်ယွီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ရယ်သည်။ ထို့နောက် သူ့လက်ထဲတွင်ရှိသောဓားတိုလေးက ချီစွမ်းအားများဖြင့် တောက်ပသွားသည်။
“ဒါပေမဲ့ ငါက မင်းရဲ့ဓားကျင့်ကြံခြင်းကို ပိုပြီးစိတ်ဝင်စားတယ်”
ထိုသို့ဖြင့် ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။
ဓားတိုလေးသည် သုံးပေအကွာက ဟန်မူယဲ့၏လည်ပင်းကို ထိုးချလိုက်သည်။
ထိုဓားတိုလေးက သူ့လည်ပင်းကို ထိုးဖောက်သွားပေမည်။
သို့သော်လည်း ဓားအလင်းပေါ်ထွက်လာသောအချိန်၌ ကျန်းယန်ယွီသည် ဆယ်ပေအကွာသို့ ရွေ့လျားလိုက်ရသည်။
သူ့နောက်တွင် ခရမ်းမီးတောက်ဓားသည် ခရမ်းရောင်အလင်းကိုသယ်ဆောင်ထားပြီး သူ့ကို ထိုးဖောက်လုနီးပါး ဖြစ်သွားခဲ့သည်။
“ကောင်းတယ်”
ကျန်းယန်ယွီက ခပ်တိုးတိုးအော်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် ဓားတိုကိုးချောင်း ထွက်လာသည်။ ဓားအလင်းများက မီးအလင်းကိုလွှမ်းမိုးသွားပြီး အပူချိန်ကို ဖိနှိပ်လိုက်သည်။
ဟန်မူယဲ့က သူတိုက်ခိုက်လာမည်ကို စောင့်မနေပေ။ ခရမ်းမီးတောက်ဓားက လခြမ်းကွေးကဲ့သို့ မျဉ်းကွေးတစ်ကြောင်းနှင့်အတူ ခုတ်ချသည်။
“ခလွမ် ....”
ဓားတိုလေးတစ်ချောင်းက ခရမ်းမီးတောက်ဓားကို တားဆီးလိုက်သည်။
သို့သော်လည်း ဓားနှစ်လက်ထိတွေ့သွားသောအချိန်၌ ကျန်းယန်ယွီ၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားသည်။ နောက်ထပ်ဓားတိုတစ်ချောင်းပေါ်ထွက်လာပြီး တားဆီးလိုက်သည်။
“ရွှပ် ....”
ခရမ်းမီးတောက်ဓားက ပထမဓားတို၏တစ်ဖက်မှာပေါ်လာပြီး ခုတ်ချလိုက်သည်။
ယခုအချိန်တွင် ခရမ်းမီးတောက်ဓားက အသက်ရှိနေသောဥက္ကာခဲတစ်ခုကဲ့သို့ ကျန်းယန်ယွီ၏ပတ်ပတ်လည်မှာ ကခုန်နေသည်။
“ကောင်းလိုက်တဲ့ဓားနည်းစနစ်”
ကျန်းယန်ယွီ၏မျက်လုံးက တောက်ပသွားသည်။ သူက ဓားတိုလေးကိုစိုက်ကြည့်နေပြီး တီးတိုးပြောသည်။
“မင်းရဲ့ ဓားတိုနည်းစနစ်က လစန္ဓာဓားဂိုဏ်းရဲ့အကြီးအကဲထက် ပိုပြီးလေးနက်တယ်”
“ဒီလိုပါရမီမျိုးက တကယ်ကြောက်စရာကောင်းတယ်”
သူက စကားပြောနေသော်လည်း သူ့ပတ်ဝန်းကျင်တွင်ရှိသောဓားများက ရပ်တန့်မနေပေ။
ဓားတိုများက ခရမ်းမီးတောက်ဓားနှင့် ထိတွေ့လိုက်ပြီး ဆယ်ပေအထိလွင့်စင်သွားစေသည်။
ကျန်းယန်ယွီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ခပ်ဟဟရယ်သည်။
“ငါတို့ ကင်းစောင့်တောင်ကုန်းတာအိုဂိုဏ်းရဲ့ ဓားနည်းစနစ်က လစန္ဓာဓားဂိုဏ်းရဲ့ ဓားနည်းစနစ်နဲ့ အရမ်းမကွာပါဘူး”
“ဒီလိုဓားနည်းစနစ်နဲ့ဆိုရင် ....”
သူပြောလို့မပြီးသေးခင် ဟန်မူယဲ့က ရုတ်တရက်ပြောသည်။
“ကျွန်တော်က လစန္ဓာဓားဂိုဏ်းရဲ့ဓားနည်းစနစ်ကို သုံးလိုက်ပါတယ်လို့ ဘယ်သူကပြောလဲ”
‘ဒါက လစန္ဓာဓားဂိုဏ်းရဲ့ ဓားနည်းစနစ်မဟုတ်ဘူးလား’
ကျန်းယန်ယွီက အံ့အားသင့်သွားသည်။
သူက ဓားပျံများကိုအသုံးပြုရာတွင် ကျွမ်းကျင်ပြီး ဓားပျံကိုးချောင်းလုံးကို ထုတ်သုံးခဲ့သည်။
ဟန်မူယဲ့ကလည်း ဓားပျံနည်းစနစ်ကိုသုံး၍ သူ့ကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သူက အလွန်မာနကြီးသူဖြစ်ကြောင်း မြင်နိုင်သည်။
လူတစ်ယောက်က မာနကြီးလျှင် လိမ်ညာပြောရန် သိပ်မဖြစ်နိုင်ပေ။
ထိုသို့လုပ်ဖို့လည်း မလိုအပ်ပေ။
ထိုအရာက လစန္ဓာဓားဂိုဏ်း၏ နည်းစနစ်မဟုတ်ကြောင်း ဟန်မူယဲ့ပြောလျှင် အမှန်ဖြစ်ပေလိမ့်မည်။
ထိုသို့တွေးလိုက်ပြီး ကျန်းယန်ယွီ၏မျက်နှာထားက ချက်ချင်းပြောင်းလဲသွားသည်။
‘သူက ဓားဆေးလုံးထိန်းချုပ်ခြင်းနည်းစနစ်ကို သုံးခဲ့တာပဲ’
‘ဟန်မူယဲ့က အဲဒါကို သုံးလိုက်တာပဲဖြစ်ရမယ်’
သူက လှုပ်ရှားတော့မည့်အချိန်မှာပဲ ရှေ့တွင် ရှိနေသော ခရမ်းမီးတောက်ဓားက ပျောက်ကွယ်သွားသည်။
ဓားက ပြန်ပေါ်လာသောအခါတွင် သူ့လည်ပင်းနာသို့ ရောက်နေသည်။
“လေဟာနယ်ပုန်းကွယ်ခြင်း ....”
ကျန်းယန်ယွီက လည်ပင်းကို တောင့်တင်းစွာလှည့်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။
ထိုဓားချက်က လေဟာနယ်၏ချုပ်နှောင်မှုကိုချိုးဖျက်ပြီး မိုင်တစ်ထောင်အကွာတွင်ရှိသောလူကို ခေါင်းဖြတ်ပစ်နိုင်သည့် ဒဏ္ဍာရီလာ ဓားနည်းစနစ်ဖြစ်ပေလိမ့်မည်။
ထိုဓားနည်းစနစ်က အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
“အကြီးအကဲက အမြင်ကောင်းရှိတာပဲ။ လေဟာနယ်ပုန်းကွယ်ခြင်းဓားနည်းစနစ်ကိုတောင် သိနေတယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ခရမ်းမီးတောက်ဓားသည် သူ့လက်ထဲသို့ ပြန်ရောက်လာသည်။
သူက ကျန်းယန်ယွီကိုကြည့်ပြီး ညင်သာစွာပြောသည်။
“ကျွန်တော်က အကြီးအကဲစုဆောင်းထားတဲ့ ဓားဆေးလုံးတွေကို စိတ်ဝင်စားမိတယ်”
ဓားဆေးလုံး…
ကျန်းယန်ယွီပေါ်မလာခင်မှာ တာအိုဆရာတယန်က ဟန်မူယဲ့ကို အကြောင်းကြားခဲ့သည်။
နောက်ထပ် ဓားဆေးလုံးတစ်လုံး ပေါ်လာခဲ့သည်။
ကျန်းယန်ယွီမှာ ဓားဆေးလုံးတစ်လုံးရှိနေလိမ့်မည်ဟု ဟန်မူယဲ့က ထင်မထားခဲ့ပေ။
သို့သော်လည်း ကျန်းယန်ယွီနှင့် တိုက်ကွက်ချင်းဖလှယ်လိုက်သောအခါတွင် သူ့ဓားနည်းစနစ်ထဲမှာ ဓားဆေးလုံးထိန်းချုပ်ခြင်းနည်းစနစ်၏ အရိပ်အယောင်များရှိနေကြောင်း မြင်လိုက်ရသည်။
သို့သော်လည်း ထိုနည်းလမ်းက အပေါ်ယံပင်ဖြစ်သည်။
ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ကျန်းယန်ယွီ၏မျက်နှာထားက ပြောင်းလဲသွားသည်။ အချိန်အတော်ကြာသွားသောအခါတွင် သူက တီးတိုးပြောသည်။
“မင်းက ဓားဆေးလုံးကိုလိုချင်တယ်ဆိုရင် အဆင်ပြေပါတယ်။ လေဟာနယ်ပုန်းကွယ်ခြင်းဓားနည်းစနစ်နဲ့ လဲလိုက်လေ”
ထိုသို့ဖြင့် သူက လက်ဖြန့်ပြသည်။ သူ့လက်ဝါးပေါ်မှာ ကျောက်စိမ်းနှင့်တူသော ဓားဆေးလုံးတစ်လုံးရှိနေသည်။
ထိုဓားဆေးလုံးဖြင့် လေဟာနယ်ပုန်းကွယ်ခြင်းဓားနည်းစနစ်ကို လဲလှယ်ရမည်။
ဟန်မူယဲ့က ဓားဆေးလုံးကိုကြည့်လိုက်ပြီး ခေါင်းခါသည်။
“မဟုတ်ဘူး”
ကျန်းယန်ယွီက မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က ပြောသည်။
“ကျွန်တော်က ခင်ဗျားကို လေဟာနယ်ပုန်းကွယ်ခြင်းဓားနည်းစနစ် သင်ပေးလိုက်ရင်တောင် ခင်ဗျားက လေ့ကျင့်နိုင်မှာမဟုတ်ဘူး”
ကောင်းကင်စက်ဝန်းဓားနည်းစနစ်နှင့် ဝင်္ကပါစည်းမျဉ်းများကို နားမလည်လျှင် ကျန်းယန်ယွီက ထိုဓားနည်းစနစ်ကို လေ့ကျင့်နိုင်မည် မဟုတ်ပေ။
ကျင့်ကြံခြင်းအတွက် ပါရမီလိုအပ်ပြီး နားလည်သဘောပေါက်နိုင်စွမ်းကို ပိုမိုလိုအပ်သည်။
ထိုအရာက လူအချို့အတွက် အကန့်အသတ်ဖြစ်နေတတ်သည်။
“ဒါပေမဲ့ ကျွန်တော်က ခင်ဗျားဓားနည်းစနစ်ရဲ့ အားနည်းချက်တွေကို ပြုပြင်ပေးနိုင်တယ်”
ဟန်မူယဲ့က ကျန်းယန်ယွီကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“အမှန်အတိုင်းပြောရရင် အကြီးအကဲကျန်းရဲ့ဓားကိုးလက်ကို ဓားသုံးလက်အဖြစ် ချုံ့လို့ရတယ်”
ဓားကိုးလက်ကို ဓားသုံးလက်အဖြစ် လျှော့ချမည်။
ရှုပ်ထွေးမှုကို ရိုးရှင်းမှုအဖြစ် ပြောင်းမည်။
ကျန်းယန်ယွီ၏ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို မြင်လိုက်ရသောအခါတွင် ဓားကိုးစင်းက သူ့အတွက် အလွန်ခက်ခဲနေကြောင်း ပြောနိုင်သည်။
တစ်ဖက်မှာတော့ ကြယ်သုံးစင်းဓားဝင်္ကပါကို အသုံးပြုလိုက်လျှင် ဓားသုံးစင်း၏တိုက်ခိုက်နိုင်စွမ်းက အများအပြားသန်မာလာလိမ့်မည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဓားဆေးလုံးအားကိုင်ထားသော ကျန်းယန်ယွီက စဉ်းစားနေသည်။
သူက ထိန်းချုပ်နည်းစနစ်များကို နားလည်ပြီး ဓားနည်းစနစ်ထဲမှာ ပေါင်းထည့်ခဲ့သော်လည်း သိပ်အသုံးမဝင်ပေ။
တစ်ဖက်မှာ ဓားကိုးလက်ကို သုံးလက်အဖြစ် ရိုးရှင်းအောင်ပြုပြင်ပေးမည့် ဟန်မူယဲ့၏ကမ်းလှမ်းချက်က သူ့ကို ဆွဲဆောင်ထားနိုင်သည်။
သူက ကိုယ်ပိုင်ဓားနည်းစနစ်၏ချို့ယွင်းချက်ကို နားလည်သည်။
ဓားကိုးလက်ကို သုံးလက်အဖြစ်ပြောင်းနိုင်လျှင် သူ့တိုက်ခိုက်နိုင်စွမ်းက နှစ်ဆတိုးသွားပေမည်။
သို့သော်လည်း ဟန်မူယဲ့၏စကားကို ယုံကြည်နိုင်မှာလား။
ဓားတာအို၊ ဓားလမ်းစဉ်၏ ဓားအင်မော်တယ်က ထိုနည်းလမ်းမျိုးကို လုပ်ဆောင်နိုင်ပါ့မလား။
တုံ့ဆိုင်းနေသော ကျန်းယန်ယွီကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က လက်မြှောက်သည်။ ဓားအလင်းသုံးခုက ဖျတ်ခနဲပေါ်လာပြီး အရပ်မျက်နှာသုံးခုသို့ ခွဲထွက်သွားသည်။
ထိုဓားအလင်းသုံးခုက မတူညီသောလမ်းကြောင်းများသို့ ဦးတည်သွားသည်။
သို့သော်လည်း ထိုဓားအလင်းထဲမှာ ကျရောက်သွားလျှင် ဓားအလင်းကို ခုခံနိုင်မည့်လူမရှိပေ။
ထိုဓားနည်းစနစ်က ကျန်းယန်ယွီ၏ ဓားကိုးလက်နည်းစနစ်ထက် ပိုကောင်းသည်။
ဓားအလင်းက ဖြတ်ပြေးသွားပြီး ဓားချီသုံးခုလည်း ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့၏လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခုပေါ်လာသည်။
“အကြီးအကဲက ဒီဓားနည်းစနစ်ကို ဓားဆေးလုံးနဲ့ လဲမှာလား”
‘သူ လဲသင့်လား’
ကျန်းယန်ယွီက ခဏလောက်တုံ့ဆိုင်းနေပြီး ပြုံးသည်။
“လက်ထဲမှာရှိနေတဲ့ငှက်တစ်ကောင်က ချုံပုတ်ထဲမှာရှိနေတဲ့ငှက်နှစ်ကောင်ထက် ပိုတန်ဖိုးရှိတယ်။ ငါလဲမယ်”
သူက လက်မြှောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ဓားဆေးလုံးကိုပစ်ပေးသည်။
တာအိုဆရာတယန်ပေါ်လာပြီး ဓားဆေးလုံးကို ဖမ်းယူသည်။
“စစ်ကင်းတဲ”
သူက ညင်သာစွာပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဓားဆေးလုံးက ပျော်ရွှင်မှုများဖြင့် တုန်ခါသွားသည်။
ထိုမြင်ကွင်းကြောင့် ကျန်းယန်ယွီ၏မျက်ခမ်းစပ်များက တွန့်သွားသည်။
ထိုဓားဆေးလုံးသည် သူ့လက်ထဲတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေပြီး တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည်။ တခြားလူဆီသို့ ပေးလိုက်သောအချိန်မှာ ချက်ချင်းလှုပ်ရှားလာလိမ့်မည်ဟု ထင်မထားမိပေ။
‘ဒီဓားတာအို၊ ဓားလမ်းစဉ်ရဲ့ ဓားအင်မော်တယ်နဲ့ တကယ်ပဲကံပါနေတာလား’
သူက ခေါင်းခါလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလျက် ဓားဆေးလုံးကို ဆက်မကြည့်တော့ပေ။ သူက ဟန်မူယဲ့ဆီသို့လျှောက်သွားပြီး ပြောသည်။
“အင်မော်တယ်ဟန်၊ ငါတို့ရဲ့ ကင်းစောင့်တောင်ကုန်းတာအိုဂိုဏ်းက အံ့ဖွယ်ကိုးပါးဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ပြီး ဂိုဏ်းကိုးဂိုဏ်းရဲ့နေရာကို ယူချင်ပါတယ်”