နတ်စွမ်းအင်တာအိုလျှပ်စီး
Vol. 67 Ch. 926
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပျံတက်သွားလိုက်သည်နှင့် လေပေါ်သို့ အရင်ဆုံး ရောက်သွားခဲ့သည့် ပါရမီရှင်များ တစ်ကိုယ်လုံးတုန်ရီသွားခဲ့ရသည့် အကြောင်းရင်းအား နားလည်သွားတော့သည်။ သူတို့ထဲမှ အချို့မှာ ကြိုတင်ပြင်ဆင်ထားကြခြင်း မရှိသောကြောင့် အငိုက်မိသွားကြပြီး အနက်ရောင်စက္ကူပင်လယ်ကြီးထဲသို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော ကောင်းကင်ယံထဲ၌ အလွန်အင်မတန်မှ အားကောင်းသည့် ဖိအားတစ်မျိုး ရှိနေသောကြောင့်ပင်။ ထို ဖိအားကြောင့် ဝမ်ပေါင်လဲ့မှာ တောင်ကြီးတစ်လုံး သူ့ပေါ်သို့ ပြိုကျလာသည်အလား ခံစားနေရ၏။ သူ့လို အလွန်အင်မတန်မှ အစွမ်းထက်သည့် လူတစ်ယောက်ပင်လျှင် တစ်ကိုယ်လုံး တုန်ရီသွားရသည်။ သူ၏ ခန္ဓာကိုယ်ကြီးမှာ အောက်သို့ အိကျသွားခြင်း မရှိပါသော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာမူ ပရမ်းပတာ ဖြစ်သွားရဆဲပင်။
" ဖိအားတွေရှိနေရုံတင် မဟုတ်ဘူးပဲဟ။ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအား အပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိနေတာပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် သာမန်လူတစ်ယောက် မဟုတ်သောကြောင့် အတော်အသင့် များပြားသည့် ဖိအားများကို တောင့်ခံနိုင်စွမ်း ရှိနေပြီးသားဖြစ်သည်။ အကယ်၍ သူသာ အနည်းငယ်ခန့် အရှိန်လျှော့ချလိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်မည်ဆိုပါက သူ ခံစားနေရသည့် ဖိအားများမှာလည်း လျော့ကျသွားမည်ဖြစ်သည်။
သို့သော် ဤ အရည်အချင်း စမ်းသပ်ပွဲမှာ ထင်ထားသလောက် ရိုးရှင်းနေမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သည်နှင့် သူ၏ရှေ့ ပေတစ်ထောင်အကွာတွင် ရှိနေသည့် ပါရမီရှင်များထဲမှ နှေးကွေးစွာ ပျံသန်းနေကြသည့်လူများ ဒယိမ်းဒယိုင် ဖြစ်လာကြသည်ကို လှမ်းမြင်လိုက်ရသည်။ သူတို့ထဲမှ သုံးယောက်၊ လေးယောက်မှာဆိုလျှင် ပင်လယ်ကြီးထဲသို့ ပြုတ်ကျသွားတော့မည့်အလား ဖြစ်သွားကြ၏။ သူတို့မှာ သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ထိန်းသိမ်းသွားနိုင်ခဲ့ပါသော်လည်း ခဏအကြာတွင် နောက်ထပ်တစ်ကြိမ် ထပ်၍ တုန်ရီလာကြသည်သာဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်နှာအမူအရာများဖြင့် ပင်လယ်ကြီးထဲသို့ ထပ်၍ ပြုတ်ကျသွားကြပြန်သည်။
ထိုကဲ့သို့ ပြုတ်ကျသွားသည့် လူလေးယောက်ထဲတွင် သုံးယောက်မှာ နောက်ဆုံးတွင် သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ထိန်းသိမ်းနိုင်သွား၏။ သို့သော် ကျန်တစ်ယောက်မှာမူ ကံမကောင်းလိုက်ပေ။ သူသည် သူ၏ ခန္ဓာကိုယ်အား ပြန်လည် တည်ငြိမ်သွားအောင် မထိန်းသိမ်းနိုင်ခင်မှာပင် ဧရာမ လှိုင်းလုံးကြီးတစ်လုံး ပေါ်ပေါက်လာပြီး သူ့အား လွှမ်းခြုံသွား၏။ သူသည် သွေးရူးသွေးတမ်း ရုန်းကန်နေသည့်တိုင်အောင် သူ၏ ခြေထောက်များ အနက်ရောင် စက္ကူများအဖြစ် ပြောင်းလဲသွားသည်ကို တားဆီးနိုင်စွမ်း မရှိလိုက်ပေ။
သူသည် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းနေရင်း သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ နောက်ဆုံးတွင် ပင်လယ်ကြီးထဲ၌ လုံးဝနစ်မြုပ်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်အား အထင်းသားမြင်နိုင်ပေသည်။ သူသည် အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် အနက်ရောင် စက္ကူရုပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး လှိုင်းလုံးများထဲ၌ ပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရ၏။ ဝမ်ပေါင်လဲ့မှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားရပြီ ဖြစ်သည်။ အောက်သို့ ပြုတ်ကျသွားခဲ့ကြသည့် အခြားသုံးယောက်မှာမူ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ပြည့်နှက်နေကြ၏။ သူတို့မှာ ရှေ့သို့ ဆက်မသွားရဲကြတော့သဖြင့် နောက်သို့ အလျင်အမြန် ပြန်လည်ဆုတ်ခွာလာတော့သည်။
ထို့ကြောင့် အရင်ဆုံး ပျံထွက်သွားခဲ့ကြသည့် လူအယောက် ခုနစ်ဆယ် ရှစ်ဆယ်ဝန်းကျင်ခန့်မှာ အဖွဲ့သုံးဖွဲ့ ကွဲသွားကြ၏။ ပထမအဖွဲ့မှာ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် အခြားသုံးယောက် ဖြစ်ပေသည်။ သူတို့မှာ ပေတစ်သောင်းကျော်အထိ ပျံသန်းပြီးသွားကြပြီ ဖြစ်သည်။ သူတို့၏နောက်မှ ဒုတိယအဖွဲ့ထဲတွင်မူ လူအယောက် ငါးဆယ်ကျော် ရှိနေ၏။ သူတို့မှာ ရှေ့မှလေးယောက်ထက် အများကြီးပို၍ နှေးကွေးနေပါသော်လည်း သတိကြီးကြီးထားနေမည်ဆိုပါက အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်တောင့်ခံနိုင်စွမ်း ရှိနေမည့်ပုံပင်။
တတိယအဖွဲ့မှာမူ လူတစ်ယောက် သေဆုံးသွားသည်ကို မြင်လိုက်ရပြီးနောက် ရှေ့သို့ ထပ်၍ မပျံသန်းရဲကြတော့သည့် လူများ ဖြစ်ပေသည်။ သူတို့မှာ မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲသွားကြပြီး ဝေခွဲမရဖြစ်နေကြသည်။
တစ်ချိန်ထဲမှာပင် ဝိညာဉ်လှေများထဲမှ ဒုတိယအသုတ်နှင့် တတိယအသုတ် ပါရမီရှင်များမှာလည်း ပျံထွက်လာကြ၏။ သူတို့မှာ ဖြစ်ပျက်နေသည့် အရာများကို မြင်နေရပါသော်လည်း လှေပေါ်မှ ထွက်ခွာလာခြင်းမရှိပါက ကျရှုံးသွားရမည်သာ မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ စွန့်စားရမည်သာ ဖြစ်သည်။
ထို အခြင်းအရာများကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် လေထဲ၌ အရှိန်မြှင့်တင်ရန် ပြင်လိုက်စဉ်မှာပင် သူနှင့် အဝေးဆုံးတွင် ရှိနေသည့် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် အခြားသုံးယောက်မှာ ပေတစ်သောင်းအကွာတွင် ရုတ်တရက်ဆိုသလို ရပ်တန့်သွားကြသည်ကို လှမ်းမြင်လိုက်ရ၏။ သူတို့မှာ ချက်ချင်းဆိုသလိုပင် ယခင်အမြန်နှုန်းအတိုင်း ပြန်ဖြစ်သွားပါသော်လည်း ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားတော့သည်။
သူသည် အခြားသူများအား အကဲခတ်နေခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဤနေရာရှိ ဖိအားများမှာ မိမိတို့ ပျံသန်းနေသည့် အမြန်နှုန်းနှင့် မိမိတို့ ရောက်ရှိနေသည့် အကွာအဝေးပေါ်မူတည်၍ မြင့်တက်လာမည်သာ ဖြစ်ကြောင်း သူက ရိပ်မိလိုက်သည်။ အခြားတစ်နည်းဖြင့် ဆိုရမည်ဆိုလျှင် အမြန်နှုန်းတစ်ခုအား ထိန်းသိမ်းထားနိုင်ရန်မှာ တဖြည်းဖြည်းနှင့် ပို၍ခဲယဥ်းလာမည်ဖြစ်သည်။
" အချိန်ငါးရက်ပေးထားတာ မထူးဆန်းပါဘူး "
" ငါ ကမ်းစပ်ကို ငါးရက်အတွင်းရောက်အောင် သွားနိုင်မယ့် အမြန်နှုန်းကို ထိန်းသိမ်းထားမယ်ဆိုရင် နောက်ဆုံးကျရင် ငါ ရင်ဆိုင်ကြုံတွေ့ရမယ့် ဖိအားတွေက ကြောက်စရာကောင်းတဲ့အဆင့်အထိ ရောက်နေမှာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူလိုက်၏။ ဤ အရည်အချင်း စမ်းသပ်ပွဲကြီးမှာ ခက်ခဲနေသည့်တိုင်အောင် သူသည် ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ရုတ်တရက်ဆိုသလို အရှိန်ကုန် မြှင့်တင်လိုက်တော့သည်။ ထိုအခါ သူ ခံစားနေရသည့်ဖိအားများမှာ ရုတ်ခြည်းဆိုသလို ထိုးတက်သွားသည့်တိုင်အောင် သူ၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွားခြင်းမရှိပေ။ ထိုသို့ဖြင့် အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် သူသည် ပေငါးထောင်အကွာသို့ ရောက်ရှိသွားတော့သည်။
ထိုမြင်ကွင်းကြောင့် သူ၏နောက်တွင် ရှိနေသည့် လူအများစုမှာ အံ့သြတုန်လှုပ်သွားကြ၏။ သူ၏ရှေ့တွင် ရှိနေသည့် လူလေးယောက်ပင်လျှင် နောက်သို့ လှည့်ကာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြသည်။
အကယ်၍ ဝမ်ပေါင်လဲ့မှာ ထိုအမြန်နှုန်းကိုသာ ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ထိုလေးယောက်အား လိုက်မီသွားမည်သာ ဖြစ်သည်။ သူတို့မှာ နောက်ကောက်ကျ ကျန်ရစ်နေခဲ့မည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့နှင့် တန်းတူအဆင့်တွင် ရှိနေသည်ဟု သတ်မှတ်လိုက်ရမည်သာ ဖြစ်သည်။
" အဲ့ကောင်က ဘယ်သူလဲဟ "
" မြန်လိုက်တာ "
လူတိုင်းမှာ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာကြ၏။ သို့သော် ထိုအချိန်တွင် မည်သူမှမျှော်လင့်မထားသည့် အပြောင်းအလဲများ ပေါ်ပေါက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုအပြည့်ဖြင့် ထပ်၍ အရှိန်မြှင့်တင်ကာ သူ၏ရှေ့တွင် ရှိနေသည့် လူလေးယောက်အား လိုက်မီသွားအောင် ကြိုးစားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ကြက်သီးမွေးညင်းများ ထသွားရတော့သည်။ မကြာသေးမီတုန်းက အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားခဲ့သည့် ကြက်သွေးရောင် လျှပ်စီးတန်းတစ်ခုမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီးနောက် သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခြင်းဖြစ်သည်။
" ဘာလဲဟ " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်ရ၏။ သူသည် ၎င်းမှာ ဆုတောင်းပြည့်ပုလင်းလေး၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပေါ်ပေါက်လာခဲ့သော လျှပ်စီးတန်းဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်ပါသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထို လျှပ်စီးတန်းမှာ သူ့အား ချက်ချင်းဆိုသလိုပင် ရိုက်ခတ်သွား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ရင်း စက္ကူပင်လယ်နက်ကြီးထဲသို့ ပြုတ်ကျသွားတော့မည့်အလား ဖြစ်သွားရသည်။ သူသည် ထိုရိုက်ခတ်မှုဒဏ်အား တောင့်ခံနိုင်ရန် မနည်းကြိုးစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူသည် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာရပြီး ဒေါသငယ်ထိပ် ရောက်သွားရတော့သည်။
" ဉာဏ်များလိုက်တဲ့ မျိုးမစစ်ကောင်ကြီး " ဝမ်ပေါင်လဲ့မှာ အသံကုန် အော်ဟစ်လိုက်၏။ ထို လျှပ်စီးတန်းကြီးမှာ ဤနေရာ၌ အချိန်အတော်အတန်ကြာအောင် ပုန်းကွယ်နေခဲ့ခြင်း ဖြစ်ရပေမည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ လှေပေါ်မှ ထွက်ခေါ်လာခဲ့စဉ်တုန်းကနှင့် လေထဲသို့ ရောက်သွားခဲ့စဉ်တုန်းက ပေါ်ပေါက်လာခဲ့ခြင်း မရှိဘဲ သူ အရှိန်မြှင့်တင်လိုက်သည့် အချိန်မှသာ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် ထို လျှပ်စီးတန်းမှာ အလွန်အင်မတန်မှ ကောက်ကျစ်စဉ်းလဲကြောင်း ဝမ်ပေါင်လဲ့က ခံစားလိုက်ရ၏။ တစ်ချိန်ထဲမှာပင် သူသည် သတိကြီးကြီး ထားမိသွားတော့သည်။ သို့သော် သူ အမျက်ချောင်းချောင်းထွက်သွားတော့မည့် ဆဲဆဲမှာပင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံကြီးထဲ၌ ကြက်သွေးရောင် လျှပ်စီးတန်းဆယ်ခုကျော် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ၎င်းတို့၏ နောက်ရှိ ဟင်းလင်းပြင်ကြီးထဲတွင်လည်း ရာပေါင်းများစွာသော လျှပ်စီးတန်းများ စတင်ပေါ်ပေါက်လာကြပြီ ဖြစ်သည်။ အကယ်၍ အဝေးမှ ကြည့်လိုက်မည်ဆိုပါက လျှပ်စီးတန်း အခုရေ တစ်သောင်းကျော် အချိန်မရွေး ပစ်ခတ်သွားနိုင်သည့် အနေအထားတွင် ရှိနေသည်ကို မြင်လိုက်ရမည်သာ ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရ၏။ သူသည် ရှိုက်ကြီးတငင် ငိုကြွေးနေရပြီဖြစ်သလို သူ၏ ဒေါသများမှာလည်း ကြောက်စိတ်များအဖြစ် ပြောင်းလဲသွားရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ အစွမ်းကုန်ထုတ်၍ ပေငါးထောင်တိတိ ပြန်လည်ဆုတ်ခွာသွားလိုက်ရသဖြင့် သူ၏ ဝိညာဉ်လှေကြီးရှိရာသို့ ပြန်ရောက်သွား၏။
သူ၏ နောက်တွင်မူ လျှပ်စီးတန်းပေါင်း မြောက်မြားစွာမှာ အရှိန်အဟုန်ဖြင့် ပြေးလိုက်လာကြသည်။ လူအုပ်ကြီးတစ်ခုလုံးမှာ ထိုမြင်ကွင်းအား သတိထားမိလိုက်သဖြင့် ဆွံ့အမှင်တက်သွားကြ၏။ ခပ်လှမ်းလှမ်းတွင် ရှိနေကြသည့် ပထမဆုံးအသုတ်ထဲမှ ပါရမီရှင်များပင်လျှင် အံ့သြတုန်လှုပ်သွားရသည်။
" ဒီ အရည်အချင်း စမ်းသပ်ပွဲထဲမှာ ဖိအားတွေနဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ပရမ်းပတာဖြစ်သွားအောင်လုပ်တဲ့ ဖိနှိပ်အားတွေအပြင် လျှပ်စီးပြစ်ဒဏ်ပါ ပါတာလား "
" ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ သူတစ်ယောက်တည်းပဲ မိုးကြိုးပစ်ခံနေရတာလဲဟ "
" အဲဒီ လျှပ်စီးတန်းကို ငါ မြင်ဖူးနေသလိုပဲ... "
လူတိုင်း ဇဝေဇဝါဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့နှင့် လှေအတူတူ စီးခဲ့ကြသည့် ပါရမီရှင်များမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖြစ်ကြောင်းကုန်စင်အား ချက်ချင်းနားလည်သွားတော့သည်။ အထူးသဖြင့် လီလင်းကျစ်မှာဆိုလျှင် ဒေါသထွက်နေသည့် အမူအရာဖြင့် အော်ဟစ်လိုက်၏။
" ရှဲ့တလု။ လက်စသတ်တော့ ဒီ လျှပ်စီးတန်းတွေက မင်းကြောင့် ပေါ်လာတာကိုးကွ "
ဝမ်ပေါင်လဲ့နှင့် လှေအတူတူ စီးခဲ့ကြသည့် အခြားသူများအားလုံးမှာ သူ့အား ဒေါသတကြီး စိုက်ကြည့်နေကြပြီ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူတို့နှင့် ရန်ဖြစ်နေရန် အချိန်မရှိသောကြောင့် အရှိန်ကုန်မြှင့်တင်ကာ ဝိညာဉ်လှေကြီးဆီသို့ ပြန်သွားလိုက်ရ၏။
လှေပေါ်တွင် ကျင့်ကြံသူ များများစားစား သိပ်မကျန်တော့ဘဲ ခုနစ်ယောက်ရှစ်ယောက်ခန့်သာ ကျန်တော့ပေသည်။ သူတို့အားလုံးမှာ စိတ်သောကရောက်နေသည့်ပုံ ပေါက်နေကြ၏။ သူတို့မှာ လှေပေါ်မှ ထွက်မသွားလိုခြင်း မဟုတ်ပါသော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်များနှင့်သာ ဆိုပါက ကမ်းစပ်ဆီသို့ ရောက်အောင်သွားနိုင်လိမ့်မည်မဟုတ်ကြောင်း ခံစားနေကြရခြင်းဖြစ်သည်။
ဤ အရည်အချင်းစမ်းသပ်ပွဲမှာ လွယ်ကူရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲရှိ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများအားလုံး၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်မှာ ၎င်းအား အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့်လည်း သူတို့မှာ ဝမ်ပေါင်လဲ့ ပြန်လည်ရောက်ရှိလာသည်ကို အထူးတလည် ဂရုစိုက်နေကြခြင်းမရှိပေ။ သူတို့မှာ အတူတကွပူးပေါင်းကာ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်၍ လှေကြီးပေါ်သို့ ပျံ့နှံ့လာနေသည့် အနက်ရောင်ချီများကို ချုပ်တည်းကာ လှေကြီး စက္ကူအဖြစ်သို့ ပြောင်းလဲသွားနေသည့် ဖြစ်စဉ်အား နှောင့်နှေးကြန့်ကြာသွားအောင် လုပ်နိုင်ရန် ကြိုးစားနေကြသည်။ ထို့နောက် သူတို့မှာ ထိုလှေကြီးအား အသုံးပြုကာ ရှေ့သို့ ခရီးဆက်ကြမည်ဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် သူတို့သာလျှင် ထိုကဲ့သို့ ကြိုးစားနေကြသည်မဟုတ်ပေ။ အခြား လှေများပေါ်ရှိ ပါရမီရှင်အချို့မှာလည်း ထိုနည်းလမ်းအား အသုံးပြုနေကြ၏။ သို့သော် ရလဒ်များမှာမူ ကျေနပ်အားရစရာမရှိပေ။ ယခုတွင် ဝမ်ပေါင်လဲ့ လိုက်ပါစီးနင်းလာခဲ့သည့် လှေကြီး၏ တစ်ဝက်တိတိမှာ အနက်ရောင် စက္ကူများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ အချိန်အကြာကြီး ဆက်လက်တောင့်ခံထားနိုင်မည့်ပုံ မပေါ်တော့ပေ။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ထို လှေကြီးပေါ်သို့ အုန်းခနဲမြည်အောင် ပြုတ်ကျလာ၏။ သူ ထိုသို့ ပြုတ်ကျသွားသည်နှင့် သူ၏နောက်တွင် လိုက်လာကြသည့် ကြက်သွေးရောင် လျှပ်စီးတန်းများမှာလည်း လှေကြီးအား အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွားတော့သည်။
ထိုအခါ လှေကြီးတစ်စင်းလုံးမှာ ဆတ်ခနဲ တုန်ရီသွားပြီး ယခင်တုန်းကအတိုင်း မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိပေ။ ၎င်းမှာ ထို လျှပ်စီးတန်းများ၏ စွမ်းအားများကို ခုခံတွန်းလှန်နိုင်စွမ်း ရှိနေသည့်ပုံပင်။ သို့သော်... လှေကြီးပေါ်တွင် စွဲကပ်နေသည့် အနက်ရောင်ချီများမှာမူ ကြောင်တစ်ကောင်အား မြင်လိုက်ရသည့် ကြွက်များကဲ့သို့ ဖြစ်သွား၏။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။ ထို့အပြင် ထို လျှပ်စီးတန်းများအား အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့သည့် နေရာအချို့ပင် ရှိနေသေးသည်။ ထိုနေရာများ မိုးကြိုးပစ်ခံလိုက်ရသည့် အချိန်တွင် အော်ဟစ်မြည်တမ်းသံများနှင့် ဆင်တူသည့် အသံများ ထွက်ပေါ်လာသည်ကိုပင် ကြားလိုက်ရ၏။ ထိုသို့ဖြင့် အနက်ရောင်ချီများ အလျင်အမြန် ပျောက်ကွယ်သွားကြပြီး လှေကြီးပေါ်ရှိ ၎င်းတို့ ဖုံးလွှမ်းထားခဲ့ကြသည့် နေရာများမှာ အကောင်းပတိအတိုင်း ပြန်ဖြစ်သွားကြတော့သည်။
ထိုမြင်ကွင်းကြောင့် လှေပေါ်ရှိ လူတိုင်းမှာ ဆွံ့အမှင်တက်သွားကြ၏။ လေထဲတွင် ရောက်နေပြီးသားဖြစ်သည့် ပါရမီရှင်များပင်လျှင် မျက်လုံးများပြူးကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။
ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် တစ်ခဏမျှ ကြက်သေသေသွားရသည်။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး မကြာသေးမီတုန်းက သူ့အား ဒေါသတကြီးနှင့် အော်ဟစ်ခဲ့သည့် လီလင်းကျစ်အား စိုက်ကြည့်ကာ အထင်မြင်သေးသည့် အမူအရာဖြင့် နှာမှုတ်၍ ဆိုလိုက်တော့သည်။
" အရူးကောင်။ ငါက ပင်လယ်နက်ကြီး တစ်စင်းလုံးကို သန့်စင်ပြီးတော့ ဒီကမ္ဘာကြီးကို အရင်တုန်းကလို ပြန်လည် သာယာစိုပြည်လာအောင်လုပ်ပေးဖို့ မန္တန်တစ်ခု အသုံးပြုလိုက်တာကွ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။
" နတ်စွမ်းအင်တာအိုလျှပ်စီး၊ ဆင်းသက်စေ "