← Chapters

အပိုင်း (၄၁၃) – ရှီမာယူယန်အား ချေငံစွာဆက်ဆံခြင်း

Vol. 005 Ch. 413

အပိုင်း (၄၁၃) – ရှီမာယူယန်အား ချေငံစွာဆက်ဆံခြင်း

Vol. 005 Ch. 413

ရှီမာယူလင်းသည် အဝင်ပေါက်တွင် ရပ်ကာ သူမအား ဆွံ့အစွာ ကြည့်လေသည်။ သူသည် သူမ အမျိုးသမီးအဝတ်အစားဝတ်သည်ကို စဉ်းစားဖူးသည်။ သို့သော် သူ့အတွေးထဲတွင် သူမ မည်မျှ လှစေကာမူ တကယ့်လက်တွေ့ လူကိုယ်တိုင်တွေ့ရသည်နှင့် ယှဉ်မရပေ။

ရှီမာယူလင်း မှင်တက်နေသည်ကို တွေ့သောအခါ ရှီမာယူယူ ချောင်းဟန့်ကာ မေးလိုက်သည် “မင်း ဘာလို့လာတာလဲ”

“အင်း..အဲဒါက..” ရှီမာယူလင်းအကြည့်ထဲတွင် စိတ်တိုမှုများ ဖြတ်ပြေးသွားသည်။ သူဘာလို့ အဲလောက် တုန်ယင်နေတာလဲ။

“ဟားဟား အစ်ကိုယူလင်း မှင်တက်သွားတာကို ငါမြင်ဖူးသွားပြီ” ဖက်တီးကျူ ရယ်မောလိုက်သည်။ ထို မှတ်ချက်ကြောင့်ပင် အားလုံးရယ်မောကြသည်။ ရယ်ရသည်မှာ ထိုစနောက်မှုသည် ရှီမာယူလင်းကို သက်သာ ရာရစေသည်။ သူ ပြန်ဖြေလေသည် “ကောင်းပြီ အားလုံးကတော့ လှတဲ့အရာတွေကို ကြည့်ရတာ ကြိုက်ကြတာ ပဲ”

ရှီမာယူယူ လျှောက်လာကာ ပြောလိုက်သည် “ငါတို့ကို ခေါ်ဖို့လာတာလား”

“သြော် အဲဒါက… ယူယန်နဲ့ ငါက ဒီနားကဖြတ်သွားတာ မင်းတို့ကို ခေါ်ဖို့ သတိရသွားလို့” ရှီမာယူလင်း ရှင်းပြသည်။

“ယူလင်း မင်းဘာလို့...” ခဏလေး… ရှီမာယူယန်ဝင်လာသည်နှင့် ရှီမာယူယူအား ကြည့်ပြီး မှင်တက် သွားပြန်သည်။ အနောက်မှ လိုက်လာကြသော ရှီမာယူလန်၊ ရှီမာယူရှင်းတို့သည်လည်း အံ့သြသွားကြလေ သည်။ ရှီမာယူရှင်းသည် အံ့သြစွာ ပြောလေသည် “မင်းက ယူယူလား”

“ဘာလို့ အဝတ်အစားလေးလဲလိုက်တာနဲ့ အားလုံးက မမှတ်မိကြတာလဲ” ရှီမာယူယူ ပြုံးပြီး ပြောလိုက် သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ” ရှီမာယူယန် အော်လိုက်သည်။ “မင်းက မိန်းကလေးအဝတ်အစားဝတ် လိုက်ရင် ဒီလောက်လှမယ်လို့ ဘယ်သူထင်မှာလဲ၊ ဟီးဟီး မင်းဒီလိုဖြစ်ဖို့ အထဲမှာ ဘာထည့်လိုက်တာလဲ.. ဝိဉာဉ် အသီးတွေလား၊ တကယ့်အစစ်အတိုင်းပဲ” ထိုစကားပြောကာ သူသည် “သစ်သီး” ဟုထင်ထားသော အရာကို ထိရန်လက်ဆန့်လိုက်သည်။

ရှီမာယူယူ အလွန်လန့်သွားသည်။ ရှီမာယူယန် သူမအား မထိခင်မှာပင် သူ့အား ကန်လိုက်ရာ အဝေးသို့ လွင့်သွားလေသည်။ ဖက်တီးကျူနှင့် တခြားသူများသည် ထိုမြင်ကွင်းအား မြင်သောအခါ ရယ်မောကြလေသည်။

ရှီမာယူယန်သည် မြေပေါ်မှ ထကာ သူမအား ထိတ်လန့်စွာ ကြည့်ကာ “ယူယူ ငါ့ကို ဘာလို့ကန်တာလဲ၊ အဲဒါတွေက သစ်သီးတွေပဲမလား၊ ငါဘာလို့ ကိုင်လို့မရတာလဲ” သူ ထိုသို့ ပြောပြီး သူမဆီ ချည်းကပ်လာပြန်ရာ  နောက်တစ်ကြိမ်အကန်ခံရလေသည်။ သူမ ခုခံလေ ပိုသိချင်လေဖြစ်သည်။

သူ နောက်တစ်ကြိမ်ပြန်လာသည်ကို ရှီမာယူယူမြင်သောအခါ သူ့ကို ခြံဝန်းအတွင်းမှ ကန်ထုတ်ရန် အသင့်ပြင်ထားလေသည်။ ရှီမာယူလင်းသည် သူမရှေ့ပြေးဝင်ပြီး ရှီမာယူယူအား သူ့ခန္ဓာကိုယ်ဖြင့် ကာထား လေသည်။ သူသည် ရှီမာယူယန်အား ကြည့်ကာ ပြောလိုက်သည် “ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်နဲ့”

“ငါက ဘာလုပ်နေလို့လဲ၊ ငါက သူ့ရင်ဘတ်ထဲ ဘာတွေထည့်ထားတာလဲဆိုတာ သိချင်ရုံပါ” ရှီမာယူယန် သည် ရှီမာယူလင်းအား ရှောင်ကာ ရှီမာယူယူဆီသို့ ပြေးသွားပြန်သည်။

“ယူယူက မိန်းကလေးပဲ” ရှီမာယူလင်းသည် လှည့်ပြီး ပြောလိုက်လေသည်။

ဝါး…

ရှီမာယူယန်၏ လက်များသည် ရှီမာယူယူ၏ ရင်ဘတ်နှင့် ၃၀စင်တီမီတာ အဝေးလောက်တွင် ရပ်တန့် သွားလေသည်။ သူ ကြည့်ပြီး အံ့သြလေသည်။ သူနောက်ဆုံးမြင်လိုက်ရသည်မှာ ရှီမာယူယူသည် သူ့အား ပြုံးပြ  ပြီး နောက်တစ်ချက်ကန်လိုက်သည်ပင်။

“ဟားဟား” ဖက်တီးကျူနှင့် တခြားသူများသည် ရယ်မောရလွန်းသဖြင့် အသက်ပင်မရှုနိုင်ကြတော့ပေ။ ရှီမာယူယန်ကတော့ ပြဿနာရှာလိုက်ပြီ။ နောက်ကို ရှီမာယူယူ သူ့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့် ရတော့မယ်။

ရှီမာယူယူသည် သူမ စကတ်အား ပုံကျအောင်ပြင်ကာ မျက်မှောင်ကြုတ်ပြီး ပြောလေသည် “အဝတ် အစားကလည်း စိတ်ရှုပ်စရာပဲ”

“မိန်းကလေးမဆန်လိုက်တာ” ဘေဂုံထန်သည် တံခါးဝမှ ကျိတ်ရယ်လိုက်သည်။

ရှီမာယူလန်နှင့် ရှီမာယူရှင်းတို့ ပြေးလာကာ ရှီမာယူယူအား အပေါ်အောက် ကြည့်ပြီး ပြောလိုက်သည် “ဘယ်လိုလုပ် မိန်းကလေးဖြစ်သွားတာလဲ ယူယူ မင်းက ယောကျ်ားလေးမဟုတ်ဘူးလား၊ ဘယ်လိုလုပ် ပြောင်း သွားတာလဲ မင်းအဲဒါတွေကို… ဘယ်လိုများ ဖုံးဖိထားတာလဲ”

“မင်းသေချာကို ဖုံးဖိထားတာပဲ ငါတို့လုံးဝကို မသိဘူး” ရှီမာယူလီသည် မသိစိတ်မှ လက်ထုတ်ကာ ရှီမာယူယူ၏ ရင်သားများကို ထိတော့မလိုပင်။ သို့သော် သူ သတိပြန်ဝင်လာကာ ရှီမာယူယန်ကဲ့သို့ ပျံတက်သွား မည်ကို စိုးသဖြင့် သတိပြန်ထိန်းလိုက်လေသည်။

“ယူယူ ငါတို့ကို အဲလိုလုပ်ဖို့ သင်ပေးလေ နောက်တစ်ခါ မင်းဆီကသင်ပြီးရင် ငါတို့လည်း ယောက်ျား  လေးယောင်ဆောင်လို့ရတယ်” ရှီမာယူရှင်း ပြောလိုက်သည်။

ရှီမာယူယူ သူမ လက်စွပ်အား ပြကာ ပြောလိုက်သည် “ဒီဟာကြောင့်မို့လို့လေ”

“အဲဒါ မှော်ဝင်လက်စွပ် မဟုတ်ဘူးလား ဘယ်လိုလုပ် လိင်ပြောင်းနိုင်ရတာလဲ” ရှီမာယူရှင်းသည် သူမ လက်အား ဆုပ်ကိုင်ကာ လက်စွပ်အား သေချာစွာ ကြည့်ပြီး ပြောလေသည်။

“ဒါက ထင်ယောင်ထင်မှားလက်စွပ်ပဲ” ရှီမာယူယူသည် တည်ဆောက်မှုအား ဆောက်လိုက်ရာ သူမ အဝတ်အစားများ မပြောင်းသော်လည်း ခန္ဓာကိုယ်မှ ယောက်ျားလေး တစ်ယောက်အသွင် ပြောင်းသွားလေ သည်။

“မိုက်လိုက်တာ” ရှီမာယူလန် အော်လိုက်သည် “ဒါဘယ်ကရတာလဲ ငါလည်း တစ်ခုလောက် လိုချင် လိုက်တာ”

“ဒါက အရင်က ငါ့စီနီယာအစ်ကိုပေးထားတာ၊ အစကတည်းကပြောရရင်တော့ ငါ့အဖေ ပေးထားခဲ့ တာ” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါကြောင့် ဒီလိုပစ္စည်းမျိုးကို မတွေ့ဖူးဘူးလို့ ထင်နေတာ” ရှီမာယူရှင်းသည် တစ်စုံတစ်ရာအား စိတ် ပျက်သွားသလို ပြောလေသည်။

“ဒါပေမယ့် ငါ ယောက်ျားလေးတစ်ယောက်လိုနေရတာက ကစားဖို့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည်။

“ဟုတ်လား၊ ကိုယ့်ဘာသာ နေလို့မရဘူးလား” ရှီမာယူလန်သည် သူမ၏ ဝမ်းနည်းသော အသံဖြင့်  ပြောလေ သည် “မင်းက ဒီလောက် လှတာကို ယောက်ျားလေးလို ဝတ်နေရတာ နှမြောစရာပဲ”

“ဒါက ငါ့သေရေးရှင်ရေးနဲ့ ဆိုင်တယ်လို့ ငါ့အဖေက ပြောထားတော့ ငါလည်း ရွေးစရာမရှိဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူရှင်းနှင့် ရှီမာယူလန်တို့သည် အံ့သြသွားသဖြင့် သူတို့ ပါးစပ်များကို လက်ဖြင့် အုပ်မိလိုက်ကြ သည်။ ဒါက သေရေးရှင်ရေးနဲ့ ဆိုင်တယ် ဟုတ်လား။ သူမက ယောက်ျားလေးလို ဟန်မဆောင်ရင် သူမ အသက် အန္တရာယ်ရှိမယ်လို့ ပြောချင်တာပေါ့။ သို့သော် သူမ အဖေမှ ပြောခဲ့သည်ဖြစ်၍ လိမ်ညာခြင်းတော့ မဟုတ်နိုင်ပေ။

“အခုကျ ဘာလို့ မိန်းကလေးလိုဝတ်ထားတာလဲ၊ ကြောက်စရာကောင်းတာ တစ်ခုခုများ ဖြစ်တော့မှာ လား” ရှီမာယူလင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

ရှီမာယူယူသည် နောက်ဆုတ်ကာ ပြောလိုက်သည် “မင်းတို့ ဒီနောက်ပိုင်း သတိမထားမိဘူးလား၊ အိမ်က လူတွေငါ့ကို ထူးထူးဆန်းဆန်းကြည့်နေကြတာ ယောကျ်ားချင်းပဲ ကြိုက်နေသလိုလိုကြည့်ကြတာလေ”

“ဟားဟား မင်းနဲ့ ယွန်ရိနဲ့ ရှိတုန်းကဖြစ်မယ်၊ ယွန်ရိက မင်းပိုင်ဆိုင်မှုထဲကတစ်ခုလို့ ပြောတော့ တခြား သူတွေ သံသယဖြစ်သွားတာလေ၊ အဲတုန်းက လူတစ်ယောက်က မင်း ဒုံချန်းတိုင်းပြည်မှာတုန်းက  ကောင်လေးချောချော လေးတွေ ကို လိုက်ခဲ့တဲ့အကြောင်းကို အကျယ်ကြီးပြန်ပြောသေးတယ်၊ ဒါပေမဲ့ မင်းကို လည်းကြောက်ကြသေးတယ်လေ” ရှီမာယူယန်သည် အပြင်မှ ပြေးလာကာ ရှီမာယူယူ ပြောသောစကားကို ရယ်မောလိုက်သည်။ ရှီမာယူယူသည် သူ့အား အေးစက်စွာကြည့်လိုက်ရာ ရှီမာယူယန်သည် အေးစိမ့်သော ခံစား မှုမျိုးဖြစ်သွားလေသည်။ မိန်းမလှလေးရဲ့ ဒေါသမျက်လုံးကလည်း ကျေနပ်စရာပါလား။

“ကောင်းပြီ သွားကြမယ် အားလုံးက ငါတို့ကို စောင့်နေတော့မယ်” ရှီမာယူလင်း ပြောလိုက်သည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်ကာ အားလုံးနှင့်အတူ ထွက်သွားလေသည်။ ထိုနေရာသည် သူတို့ အိမ်အတွင်းတည်ရှိကာ ကျန်မိသားစုများ လေ့ကျင့်ရာတွင် သုံးခဲ့သော နေရာဖြစ်လေသည်။ အခုတော့ သူတို့ နယ်မြေဖြစ်သွားလေပြီ။

ထိုနေ့သည် ယိလင်းဂိုဏ်းအတွက် မျိုးဆက်သစ်များ အင်အားပြသည့် ပထမဆုံးနေ့ဖြစ်ကာ လေ့ကျင့်  ခြင်းကိုလည်း မြင်တွေ့ရမည်။ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် အပြင်တွင် အလုပ်ကိစ္စရှိသူများမှ လွဲ၍ အားလုံး တက်ရောက်ကြသည်။

ရှီမာယူယူနှင့် အဖွဲ့ဝင်လာသောအခါ ထိုနေရာသည် လူပြည့်နေပြီဖြစ်သည်။ သူတို့မှလွဲ၍ အားလုံး  ရောက်နေကြပြီထင်သည်။ လအနည်းငယ်အတွင်းတွင် စံတင်ဝိဉာဉ်တချို့သည် အံ့ဖွယ်အဆင့် တက်နိုင်သွား  ပြီဖြစ်သည်။ ထို့ကြောင့် ယိလင်းဂိုဏ်းသည် သူတို့အင်အားကို တည်ဆောင်ရာတွင် အံ့ဖွယ်ဆင့်ကျွမ်းကျင်သူ များ ပါဝင်လာသည်။

ရှီမာတိုင်နှင့် အကြီးအကဲများသည် အဓိကနေရာတွင် ထိုင်ကြလေသည်။ သူတို့သည် ရှီမာယူယူနှင့် အဖွဲ့ ရောက်မလာသေးသောကြောင့် ပွဲကို မစတင်သေးပေ။

“ဂိုဏ်းခေါင်းဆောင် ယူယူနဲ့ ယိလင်းကကျန်တဲ့သူတွေ ရောက်မလာသေးဘူး၊ လူလွှတ်ပြီး လောခိုင်း လိုက်ရမလား” ဆန်းမိသားစုမှ အကြီးအကဲကပြောလိုက်သည်။

“ကောင်းပြီ အားလုံးကို သူတို့ကိုပဲ စောင့်ခိုင်းလို့မရဘူးလေ” ရှီမာတိုင် ခေါင်းညိတ်လိုက်သည်။

“ကျိယန် သူတို့ကို သွားရှာလိုက်” အရင်ဟူမိသားစုခေါင်းဆောင်ဖြစ်ကာ အခု ဒုတိယခေါင်းဆောင် သည် ဟူကျိယန်အား အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ” ဟူကျိယန် ထလိုက်ချိန်တွင် ခြံဝန်းတစ်ခုလုံးသည် ငြိမ်ကျသွားလေသည်။

All Chapters