ဒီပုတ်ထဲက ဒီပဲ
Vol. 31 Ch. 427
ရွာလူကြီး ထို့လူနောက်မှ လိုက်သွားသည့်အခါ ဖုန်းတုမြို့ထဲတွင် စစ်အရိပ်အယောင်များအား မြင်လိုက်ရသည်။ စက္ကူလူများ၊ စက္ကူမြင်းများကို ဝိုင်းထားသည့် နတ်ဘုရားများ၊ မိစ္ဆာများကို မြင်နေရရာ သူ စိတ်ရှုပ်ထွေးသွားမိ၏။
“ဖုန်းတုက အခုလေးတင် စစ်တိုက်ပြီးသွားတာလေ။ ယမမင်းကိုယ်တိုင် ဦးဆောင်ပြီး ယိုတုကို တိုက်ခိုက်ခဲ့တာ” အရပ်မြင့်မြင့်လူက ပြောသည်။ “ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူး။ အရင်တုန်းကလည်း ငါတို့ ခဏခဏ တိုက်ခဲ့ဖူးတယ်။ အခုတစ်ခေါက်က ယိုတုကျူးကျော်လာလို့ ဖြစ်တာ။ ယိုတုက မဟာမြို့ပျက်အပြင်ကနေ ကမ္ဘာကြီးကို စောင့်ကြည့်နေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ဝင်တာနဲ့ ဝိညာဉ်တွေသိမ်းဖို့ အသင့်ပြင်ထားတယ်။ ဒါပေမဲ့ ငါတို့ကြောင့် ပြန်ဆုတ်သွားရပါပြီ”
ရွာလူကြီ ကြက်သေသေသွားသည်။ ဖုန်းတုကမ္ဘာနှင့် ယိုတုကမ္ဘာကြားက စစ်ပွဲတဲ့လော။
အမှောင်လွှမ်းနေသော မဟာမြို့ပျက်ထဲတွင် ထိုအရာမျိုး ဖြစ်ပျက်ခဲ့သည်ကို သူ မသိခဲ့ပေ။
ကမ္ဘာနှစ်ခု စစ်ဖြစ်ခဲ့သော်လည်း မဟာမြို့ပျက်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ မည်သည့်အရိပ်အယောင်မှပင် မပေါ်လာခြင်းက မယုံနိုင်စရာကောင်းလွန်း၏။
သူ့ဆရာ ပြောသွားသည့် ‘ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး’ နှင့် ‘ဝိညာဉ်သိမ်းခြင်း’ က ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။ သူ တုန်ရီသွားမိသည်။ သူ့ဆရာဆီမှ စကားတစ်ခွန်းနှစ်ခွန်းတည်းနှင့်တင် သူ့အတွက် အတွေးနက်သွားရန် လုံလောက်ပေသည်။
ဖုန်းတုက ယိုတုနှင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့ဖူးသည့်ဆိုလျှင် လူအများ မသိသော လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်။
သူတို့ စံအိမ်တစ်အိမ်ဆီသို့ ရောက်သည့်အခါ အရပ်မြင့်မြင့်လူက တံခါးခေါက်လိုက်ပြီး တံခါးဖွင့်လိုက်သည့် အဘိုးကြီးကို ပြုံးပြလိုက်၏။ “ချီးထုပ်ကြီး၊ ကျုပ် ခင်ဗျားတပည့်ရဲ့ တပည့်ကို ခေါ်လာတယ်။ တပည့်လေး၊ မင့်ဆရာကြီးကို လာနှုတ်ဆက်ပါဦး”
ရွာလူကြီး သူ့ဆရာ၏ တင်ပါးနှင့် ဖွားဖက်တော်နေရာကို ကန်ကာ ဒေါသတကြီး ပြောလိုက်သည်။ “ဆရာကြီးကို ဒီလိုပြောရလား။ ကျုပ်ဆရာကြီးက ခင်ဗျားရဲ့ဆရာပဲလေ၊ ကိုယ့်ဆရာကို ပြောပုံဆိုပုံက ယဉ်ကျေးမယ်မရှိဘူး”
သူ့ဆရာ စိတ်တိုသွားသည်။ “သူက ငါ လူသားဧကရာဇ်လုပ်အောင် ညာခိုင်းခဲ့တာကွ။ ငါ ဘယ်လောက်ဒုက္ခခံခဲ့ရလဲ မင်းသိလား။ မိသားစုလည်း ပြိုကွဲ၊ မိတ်ဆွေတွေလည်း တစ်ယောက်ပြီးတစ်ယောက် သေကုန်တယ်။ ချီးထုပ်ကြီးလို့ပဲ ခေါ်တာနဲ့တင် ကျေးဇူးတင်သင့်နေပြီ။ ပြီးတော့ ငါက မင့်ဆရာလေ၊ ဘယ်မှာလဲ မင်းရဲ့ယဉ်ကျေးမှု။ ငါနော် မင်း နာချင်နေပြီထင်တယ်”
“ရန်မဖြစ်စမ်းနဲ့” အဘိုးကြီးလည်း ဒေါသထွက်နေသည်။ “ငါတို့အားလုံးက လူသားဧကရာဇ်တွေလေ တွေ့တိုင်း ရန်ဖြစ်နေရမှာလား။ ငါ မင်းတို့ကို ငါ့ဆရာဆီ ခေါ်သွားပေးမယ်။ အဲဒီကြောင်သူတော်ကြီးလည်း မင်းတို့ သေသွားတာ သိရင် သိပ်ဝမ်းသာမှာ”
ရွာလူကြီးနှင့် အရင်မြင့်မြင့်လူ မပျော်တော့ပေ။ ရွာလူကြီးက ပြောလိုက်သည်။ “ဆရာကြီး၊ သူက ဆရာကြီးရဲ့ ဆရာဆိုတော့၊ ကျွန်တော့်ရဲ့ ဆရာ့ဆရာကြီးမဟုတ်လား။ သူ့ကို ကြောင်သူတော်ကြီးလို့ ခေါ်တာ မလေးစားရာ မရောက်ဖူးလား”
အဘိုးကြီးက သူ့ကို သရော်တော်တော် ကြည့်သည်။ “အဲဒီကြောင်သူတော်ကြီးက ငါ့ကို လှည့်စားပြီး လူသားဧကရာဇ် လုပ်ခိုင်းခဲ့တယ်။ ငါ့ဘဝကို ခက်ခဲအောင်လည်း လုပ်ခဲ့တယ်။ သူ့ကြောင့် တစ်ဘဝလုံး ပျော်ရတယ်လို့ကို မရှိဘူး။ သူသာ သေမနေရင် ငါ သူ့ကို သေတဲ့အထိ ရိုက်သတ်ပစ်မိမှာ။ လာ သူ့ကို သွားတွေ့ကြစို့”
ရွာလူကြီးနှင့် အရပ်မြင့်မြင့်လူ တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင် ကြည့်လိုက်ကြသည်။ သူ့ဆရာက သူ့အဝတ်မှ ဖုန်များကို သပ်ချပေးပြီး ခပ်တိုးတိုး ကပ်မေး၏။ “တပည့်လေး၊ လူသားဧကရာဇ်ရာထူးကို လွှဲပေးပြီးပြီလား”
ရွာလူကြီး ခေါင်းညိတ်လိုက်သည်။
အရပ်မြင့်မြင့်လူက ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ကာ ပြောလိုက်၏။ “မင်းတပည့် သေသွားရင် မင်းကို ဒီနေရာမှာ သေချာပေါက် လာရှာလိမ့်မယ်။ သူ့ဘဝကို ဖျက်စီးပါတယ်ဆိုပြီး မင်းကို သေအောင် ရိုက်လိမ့်မယ်”
ရွာလူကြီး စိုးရိမ်ပူပန်လာသော်လည်း ခေါင်းယမ်းလိုက်သည်။ “မူအာက လိမ်မာတယ်။ အဲဒီလိုမလုပ်ဘူး။ မူအာက အသိတတ်ဆုံး...”
အရပ်မြင့်မြင့်လူက သူ့ကို သရော်တော်တော် ကြည့်သည်။ “မင်း ငါ့ကို တွေ့ရင် ငိုကြီးချက်မနဲ့ ပြေးဖက်မယ် ထင်ထားတာ။ ကိုယ့်ဆရာကို ဆောင့်ကန်တယ်တဲ့လေ။ မင်းတောင် ဒီလိုဆိုရင် မင်းတပည့်ကရော ဘယ်လိုဖြစ်မလဲ။ ကြည့်နေ သူ သေရင် မင်းကို သေအောင် လာရိုက်လိမ့်မယ်။ ဟုတ်သား မင်း သူ့ကို လိမ်ခဲ့ဖူးလား”
ရွာလူကြီး၏မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “သူက လောကသခင်ခန္ဓာလို့တော့ လိမ်ဖူးတယ်။ အဲဒီလိုလိမ်လိုက်လို့ သူ အတော်လေး ကြိုးစားလာတာ”
“လောကသခင်ခန္ဓာက ဘာတုန်း” သူ့ဆရာ၏ ဆရာက အလွန်သိချင်နေသော အမူအရာဖြင့် ခေါင်းလှည့်ကြည့်သည်။
ရွာလူကြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည့်အခါ လူလိမ်ကြီးနှစ်ယောက် မှင်သက်သွားကြ၏။ သူတို့မှာ အတန်ကြာသည့်တိုင်အောင် ဆွံ့အနေပြီး ရွာလူကြီးကို လက်မသာ ထောင်ပြနိုင်ကြတော့သည်။
“မင်းတော့ သေချာပေါက် သေပြီ” နှစ်ယောက်သား တတွတ်တွတ် ပြောလိုက်ကြ၏။ “မင်း လိမ်တာက အရက်စက်ဆုံးပဲ။ သေချာပေါက် သေပြီသာမှတ်။ ငါတို့လည်း တပည့်တွေကို လိမ်ခဲ့ဖူးပေမယ့် အဲဒီလောက်ဆိုးဆိုးရွားရွား မလိမ်ခဲ့ဖူးပါဘူး။ မင်းက သူ့တစ်ဘဝလုံး အလိမ်အညာကြီးနဲ့ နေရအောင် လုပ်ခဲ့တာပဲ။ သူ သေသွားရင် မင်းကို ဆောင့်ကန်ပြီး ချီးထုပ်ကြီးလို့ ခေါ်တာနဲ့တင် ပြီးမှာမဟုတ်ဘူး”
ရွာလူကြီး၏မျက်နှာမှာ မီးသွေးခဲကဲ့သို့ မည်းမှောင်သွားသည်။ သူ သူ့ကိုယ်သူ နှစ်သိမ့်လိုက်မိ၏။ “မူအာက အဲဒီလိုလုပ်မှာမဟုတ်ဘူး။ လုံးဝမလုပ်ဘူး။ မူအာက အသိတတ်ဆုံး...”
“မင်းလည်း အဲဒီတုန်းက သိပ်သိတတ်ခဲ့တာပဲ။ အသိတတ်ဆုံး တပည့်လေးလေ။ ဒါပေမဲ့ စောစောကပဲ ငါ့ကို မြင်တာနဲ့ တံတားပေါ်က ကန်မချခဲ့ဘူးလား”
“ပိတ်ထားစမ်း သောက်အဘိုးကြီး”
....
ကောင်းကင်ရေနဂါးမင်းက ဒဏ်ရာရထားသည့် နတ်ဘုရား၏ ခြေရာများအတိုင်း လိုက်ရင်း နတ်သက်ကြွေတောင်ကြောအထိ ရောက်လာသည်။ ချင်မူမှာ တစ်ကိုယ်လုံး နုံးချည့်နေသော်လည်း စွမ်းအင်ဆေးလုံးများ ဖော်၍ ကောင်းကင်ရေနဂါးမင်း၏ ဒဏ်ရာများကို ကုသပေးနေသည်။
လသင်္ဘောကို မောင်းနှင်ခဲ့တုန်းက သူ၏ချီစွမ်းအင်များစွာ ကုန်ခမ်းသွားခဲ့သည်။ လမင်းကြီးသည်လည်း နတ်ဘုရားမကျစ်ချင်း ဖန်တီးခဲ့သော ရတနာတစ်ပါး ဖြစ်သော်ငြား ငြိမ်းသေနေပြီဖြစ်၍ လသင်္ဘော လိုအပ်သော ကြောက်မက်ဖွယ်ရာ စွမ်းအင်ပမာဏကို မထောက်ပံ့ပေးနိုင်ပေ။ ထို့ကြောင့် လသင်္ဘောကို မောင်းနှင်ရန် ချင်မူ အသက်ဓာတ်ကို စတေးခဲ့ရသည်။
နေထိန်းကျောင်းသူများအတွက် နေအသစ်တစ်စင်း မျှားထုတ်ပေးခဲ့စဉ်အခါက သူ၏အသက်ဓာတ်များစွာ ကုန်ခမ်းသွားခဲ့၍ သန့်စင်ယန်ကန်ထဲတွင် စိမ်လိုက်မှသာ သက်သာလာခြင်းဖြစ်သည်။ နှမြောစရာကောင်းသည်က လသင်္ဘောမှာ နေသင်္ဘောထက်ပင် ပျက်စီးယိုယွင်းနေသဖြင့် သန့်စင်ယင်ကန်မှာလည်း ခမ်းသွားခဲ့ရာ သူ အသက်ဓာတ်ကို ပြန်မဖြည့်တင်းနိုင်ခဲ့ပေ။ အားပြန်ဖြည့်ရန် သူ့ကိုယ်သူသာ အားကိုးနိုင်သည်။
သို့သော် ဒဏ်ရာရသွားသော နတ်ဘုရား ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ မဝင်အောင် လိုက်ဖမ်းနေရသည့်အတွက် ချင်မူ သူ့ကိုယ်သူ ကုသရန် အချိန်မရှိပေ။
“ဒီနတ်ဘုရားက မာန်ဟုန်မြစ်ဘေးကနေ မသွားဘူးပဲ....”
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး သူ ရင်ထဲတွင် လေးလံဖိစီးလာသည်။
အထက်ကောင်းကင်ဘုံမှ နတ်ဘုရားသာ မာန်ဟုန်မြစ်လမ်းအတိုင်း သွားခဲ့လျှင် နဂါးထိန်းဧကရာဇ်ကို တားခိုင်းနိုင်သေးသည်။ နဂါးထိန်းဧကရာဇ်နှင့် ကောင်းကင်ရေနဂါးမင်းသာ ပေါင်းတိုက်ပါက ထိုနတ်ဘုရားကို အနိုင်ယူမည်။
သို့သော် သူက မာန်ဟုန်မြစ်ဘေးမှ မသွားရာ ကောင်းကင်ရေနဂါးမင်းအနေဖြင့် လိုက်မှီလျှင်ပင် အနိုင်ယူနိုင်ဖို့ မသေချာပေ။
“လျှို့ဝှက်နဂါးထိန်းသံစဉ်နဲ့ နဂါးတွေရဲ့ အင်အားကို ငါ ငှားယူလိုက်ရင် တိုက်ခိုက်နိုင်လောက်မယ်”
ချင်မူ နဂါးချီလင်၏ဘေးရှိ ရေနဂါးများကို လှည့်ကြည့်လိုက်သည်။ သူ ထိုသို့မလုပ်ချင်ပေ။ နတ်ဘုရားနှင့် တိုက်ပွဲသည် သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်သည့်အတွက် ရေနဂါးများ သေလျှင်သေ၊ မသေလျှင် သေလုမျောပါး ဒဏ်ရာရကြလိမ့်မည်။ သူလည်း သူ့ကိုယ်သူ ကာကွယ်နိုင်တော့မည်မဟုတ်။
မဟာမြို့ပျက်၏ နယ်စပ်ရှိ နတ်သက်ကြွေတောင်ကြောက သူတို့ထံမှ မိုင်သုံးထောင်၊ လေးထောင်မျှ ကွာသော်လည်း သည်းထိတ်ဖွယ်တိုက်ပွဲကို လှမ်းမြင်နေရပြီဖြစ်သည်။ ကောင်းကင်လက်နက်များနှင့် ကောင်းကင်နတ်သိုင်းများမှ ဖွဲ့တည်လာသော အားကောင်းပြင်းထန်သည့် လှိုင်းများ တစ်ချက်တစ်ချက် လိမ့်ထွက်လာသည်ကို ချင်မူ ခံစားလိုက်ရ၏။
သားသတ်သမား၏ ဓားမရောင်များကိုပင် ဝိုးတိုးဝါးတား မြင်နေရသည်။ ရွှေအ၏ မီးဖိုကြီးသည်လည်း ကောင်းကင်ကို မီးလောင်တိုက်သွင်းထားသကဲ့သို့ အလျှံတညီးညီး တောက်လောင်နီရဲနေသည်။
အစွမ်းထက်ဆုံးသော ရွာလူကြီး မရှိတော့လေရာ သားသတ်သမား၊ ဘုရင်ခွန်၊ ရွှေအ... ထိုသူတို့အနက်မှ ဘယ်နှယောက် အသက်ရှင်ကျန်ခဲ့မည်နည်း။
“ရွာလူကြီ...”
ချင်မူ ရင်ထဲတွင် ဆို့တက်လာသော်လည်း စိတ်နောက်ကျိစေမည့် အတွေးများကို ခေါင်းထဲမှထုတ်ကာ စွမ်းအင်ဆေးလုံးများဖော်၍ ကောင်းကင်ရေနဂါးမင်းအား ကုသရာတွင်သာ အာရုံစိုက်ထားလိုက်သည်။
ရှေ့တူရူရှိ ကောင်းကင်မှည ဖြူဆွတ်လာပြီး နေလုံးကြီးက ရှေ့ပြေးရောင်ခြည်တန်းများကို တိုက်ပွဲကွင်းပြင်အပေါ်သို့ ဖြန့်ကျက်လျက် မိုးကုပ်စက်ဝန်းမှ ထွက်ပြူစပြုလာသည်။
ချင်မူ ရင်ထဲ လေးလံလာ၏။ နတ်ဘုရားက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နယ်နိမိတ်ထဲသို့ ဝင်သွားပြီဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာအနှံ့အပြားတွင် မိုးလေဝသလက်နက်များ ပြန့်ကြဲနေသည်။ လက်နက်တစ်ခု အသက်သွင်းလိုက်လျှင်ပင် လူပေါင်းသန်းနှင့်ချီ သေကြေပျက်စီးရလိမ့်မည်။
ကောင်းကင်ရေနဂါးမင်းက ဒဏ်ရာများသက်သာလာ၍ တဖြည်းဖြည်း မြန်လာသည်။ သူက နတ်ဘုရား၏ခြေရာများကို ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။ “သခင်ကြီး၊ နတ်ဘုရားရဲ့ ဒဏ်ရာတွေ ပွင့်ထွက်သွားလို့ သူ အရှိန်ကျနေပြီ။ ကျွန်တော်တို့ အနှေးနဲ့အမြန် သူ့ကို မှီတော့မယ်”
ချင်မူ စိတ်အေးသွားသည်။ “ရဲရဲသာ ဆက်လိုက်။ သူ့ဒဏ်ရာတွေက တော်တော်ပြင်းထန်တယ်။ မဟုတ်ရင် အခုလိုသဲလွန်စတွေ ကျန်ခဲ့မှာမဟုတ်ဘူး”
ကောင်းကင်ရေနဂါးမင်းလည်း စိတ်သက်သာရာရသွားသည်။ သူ၏သိုင်းစွမ်းရည်က အတိုင်းထက်အလွန် မြင့်မားသော်လည်း နဂါးချီလင်လောက်ပင် သတ္တိမကောင်းပေ။ အမြဲစိုးရိမ်ကြောင့်ကြကြီးနေတတ်သူလည်း ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာနယ်နိမိတ်ထဲသို့ မိုင်သုံးထောင်ခန့် ဝင်ပြီးသောအခါ နတ်ဘုရား၏အမြန်နှုန်း နှေးသထက်နှေးလာသည်ကို သူတို့ မြင်လိုက်ကြရသည်။ နတ်ဘုရား၏သွေးစက်များမှ မြက်ပင်၊ သစ်ပင်များ တဟုန်ထိုး ပေါက်လာနေသည်ကိုပင် မြင်တွေ့ကြရ၏။ ဒဏ်ရာများ ပွင့်ထွက်သွား၍ ကိုယ်ထဲရှိ သွေးကို မထိန်းချုပ်နိုင်တော့သည့် သက်သေဖြစ်သည်။
သို့သော် ရုတ်တရက် နတ်ဘုရားသွေးစက်များက ခြေရာများနှင့်အတူ ပျောက်သွားသည်။
“ငါတို့ လိုက်လာတာ သူ သိသွားပြီ”
ကောင်းကင်ရေနဂါးမင်းက ပတ်ဝန်းကျင်တွင် အနံ့ခံကြည့်သော်လည်း နတ်ဘုရား၏အငွေ့အသက်ကို မတွေ့တော့ပေ။ သူက ခန္ဓာကိုယ်လှုပ်ခါ၍ ရေလှိုင်းလုံးကြီးပမာ ဖြာထွက်သွားပြီး ရေနဂါးများအသွင် ဖွဲ့တည်ကာ အရပ်မျက်နှာတစ်ခွင်သို့ လူစုခွဲပျံသန်းသွား၏။
စစ်ယွင်ရှန်းက လေပေါ်သို့ ပျံတက်ကာ ဘေးဘီဝဲယာကို ကြည့်သည်။ သူတို့အရှေ့တွင် မြို့တစ်မြို့ကို မြင်လိုက်ရ၍ သူမ လှမ်းပြောလိုက်သည်။ “ဂိုဏ်းသခင်၊ ကျွန်မတို့ရဲ့ တောင်ဘက်မှာ ကျစ်ကျင်းမြို့ရှိတယ်။ ဟိုနတ်ဘုရား အဲဒီကို သွားတာများဖြစ်နေမလား”
ချင်မူ နဂါးကျောပေါ်မှ ထရပ်ချင်သော်လည်း ခြေထောက်များ နုံးခွေနေ၍ ဒူးထောက်ကျမတတ် ဖြစ်သွားသည်။ သူ အသက်မနည်းရှူကာ ပြောလိုက်၏။ “ကျစ်ကျင်းမြို့ဟုတ်လား။ နတ်ဂိုဏ်းရဲ့ အင်အား အဲဒီမှာရှိလား”
“ရှိတယ်။ မဟာမြို့ပျက်ကို မျက်နှာမူနေတဲ့ ကျစ်ကျင်းမြို့ရဲ့ နယ်စပ်က လေးရာသီလုံး နွေဦးလို နွေးနေတော့ ဆန်းကြယ်သားရဲတွေကို မွေးဖို့ သင့်တော်တာနဲ့ သားရဲတစ်သောင်းစံအိမ်ရဲ့ စံအိမ်သခင် အဲဒီမှာ နေနေပါတယ်။ အဲဒီမှာ စက်ရုံတစ်ရုံ တည်ဆောက်ထားပြီး ပတ်ဝန်းကျင်တောင်တန်းတွေမှာ ဆန်းကြယ်သားရဲတွေကို သားဖောက်ထားကြတယ်။ အရွယ်ရောက်လာရင် နန်းတွင်းစစ်တပ်ဆီ ရောင်းကြတယ်” စစ်ယွင်ရှန်းက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဘဏ္ဍာရေးကိစ္စအဝဝကို ကိုင်တွယ်ထားသည့် စစ်မိသားစုမှ ဖြစ်သည့်အတွက် ဂိုဏ်းအကြောင်း ကောင်းမွန်စွာ သိလေသည်။ “သားရဲတစ်သောင်းစံအိမ်က ကျွန်မတို့နတ်ဂိုဏ်းအတွက် အရေးပါတဲ့ ဝင်ငွေအရင်းအမြစ်ပဲ”
ချင်မူ သက်ပြင်းချပြီး ပြုံးလိုက်သည်။ “ဒါဆို ကျစ်ကျင်းမြို့ သွားပြီး သားရဲတစ်သောင်းစံအိမ်သခင်ကို ငါနဲ့တွေ့ဖို့ ခေါ်လာပေးပါ။ နတ်ဘုရားက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်လာပြီဆိုတော့ ငါတို့နတ်ဂိုဏ်းရဲ့ ပိုင်နက်ကို ကျူးကျော်လာတာနဲ့ အတူတူပဲ။ သူ ပုန်းချင်ရင်တောင်မှ ငါ့မျက်လုံးနဲ့ နားတွေကနေ လွတ်မှာတဲ့လား”
စစ်ယွင်ရှန်းက နဂါးချီလင်ကို စီး၍ ကျစ်ကျင်းမြို့သို့ လျင်မြန်စွာ ထွက်သွားသည်။ ချင်မူက နဂါးများကို ပိုက်စိုက်တိုက် ရှာခိုင်းနေသဖြင့် အတန်ငယ်နှေးသည်။ သို့တိုင်အောင် နတ်ဘုရား၏ အရိပ်အယောင်ပင် မတွေ့ရသေးပေ။
အတန်ကြာသော် ကျစ်ကျင်းမြို့အပြင်သို့ သူ ရောက်သွားပြီး မြို့ထဲပင် မဝင်ရသေးခင် စစ်ယွင်ရှန်းနောက်မှ ခပ်သုတ်သုတ် လိုက်လာသော လူထွားကြီးတစ်ယောက်အား လှမ်းမြင်လိုက်ရသည်။ လူထွားကြီးက အရိုအသေပေး၍ ချင်မူ လက်ပြနှုတ်ဆက်လိုက်သည်။ “စံအိမ်သခင် ဒဏ်ရာရထားတဲ့ နတ်ဘုရားတစ်ပါးကို ရှာနိုင်တဲ့နည်းလမ်းတွေ ရှိလား”
“ဂိုဏ်းသခင်မှာ သူ့အဝတ်အစားဖြစ်ဖြစ် ရှိလား” သားရဲတစ်သောင်းစံအိမ်သခင်က မေးလိုက်သည်။
“မရှိဘူး။ ဒါပေမဲ့ နတ်သွေးတချို့တော့ ရထားတယ်” ချင်မူ နတ်သွေးပုလင်းအသေး တစ်ပုလင်းကို ထုတ်ကာ မေးလိုက်သည်။ “ဒါကို သုံးလို့ရလောက်လား”
သားရဲတစ်သောင်းစံအိမ်သခင်က စိတ်အေးသွားသောအမူအရာဖြင့် လေချွန်လိုက်သည်။ ရုတ်တရက် ခွေးနက်တစ်အုပ် တရှိန်ထိုး ပြေးလာကြ၏။ သူတို့၏ ခါး၊ လည်ပင်းနှင့် ခြေထောက်တို့က ပိန်သွယ်၍ အလွန်လျင်မြန်စွာ ပြေးနိုင်လေသည်။
“ဒီကောင်ကြီးတွေက မဟာမြို့ပျက်ရဲ့ ကောင်းကင်ခွေးနဲ့ သာမန်ခွေးကို စပ်ထားတဲ့ ကောင်တွေ။ အနံ့ခံ သိပ်ကောင်းတယ်”
သားရဲတစ်သောင်းစံအိမ်သခင်က သွေးပုလင်းကို ယူ၍ ခွေးနက်များအား အနံ့ရှူခိုင်းလိုက်သည်။ ထို့နောက် သူတို့က လေပေါ်ခုန်တက်ပြီး လေးညှို့မှ ပစ်လိုက်သော မြားများကဲ့သို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။ တခဏကြာသော် မြေပြင်တုန်ခါလာကာ သတ္တဝါဆန်းကြီးများ တူးထွက်လာကြ၏။ သူတို့က ဖြူကောင်နှင့် ခပ်ဆင်ဆင်တူသော ကြွက်များ ဖြစ်ကြသော်လည်း ဝက်ဝံတစ်ကောင်ထက်ပင် ကြီးမားကြသည်။ သားရဲတစ်သောင်းစံအိမ်သခင်က သူတို့ကိုလည်း နတ်သွေးကို ရှူခိုင်းလိုက်သည့်အခါ အားလုံး မြေကြီးထဲ ပြန်ငုပ်လျှိုးသွားကြပြီး စတင်ရှာဖွေကြသည်။
ကောင်းကင်ထက်မှ သိမ်းငှက်အော်သံများ ထွက်လာပြီး ဧရာမငှက်ကြီးများ ထိုးဆင်းလာကြသည်။ သူတို့ မြေကြီးပေါ် မဆင်းသက်ခင်ပင် ဖုန်များ တထောင်းထောင်း ထလာ၏။ နောက်တခဏတွင် တောင်ပံတစ်ဖက်မှ တစ်ဖက်သို့ ကိုက်ပေါင်းများစွာ ရှည်လျားသော ရွှေရောင်သိမ်းငှက်တစ်အုပ် ဆင်းသက်လာကြသည်။ သားရဲတစ်သောင်းစံအိမ်သခင်က သူတို့ကို နတ်သွေး ရှူခိုင်းလိုက်ပြီး သူတို့က တောင်ပံတဖျပ်ဖျပ် ခတ်ကာ ထွက်သွားကြ၏။
“ဂိုဏ်းသခင်၊ မြစ်ထဲက သွေးနဂါးရှဉ့်တွေကို ရှူခိုင်းဖို့ လိုပါသေးတယ်” သားရဲတစ်သောင်းစံအိမ်သခင်က ပြောလိုက်သည်။ “သူတို့က ရေထဲမှာ အနံ့ခံကျွမ်းကြတယ်”
“စံအိမ်သခင်က စေ့စပ်လှပါပေတယ်” ချင်မူ ချီးကျူးလိုက်မိသည်။
သူတို့ ကျစ်ကျင်းမြို့ထဲ လမ်းလျှောက်ဝင်သွားကြပြီး ချင်မူ မေးလိုက်သည်။ “အခုတလော ပတ်ဝန်းကျင်မှာ ထူးဆန်းတာတွေ ဖြစ်ခဲ့ဖူးလား။ ဥပမာ ကျောက်ရုပ်တုတွေ မြေကြီးအောက်ကနေ ထွက်လာတာတို့၊ ရတနာတွေ ထွက်လာတာတို့”
“မြို့ထဲမှာတော့ အဲဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်က နာမည်အကြီးဆုံး နံ့သာရေတွင်းက ရုတ်တရက် ရေတွေ မထုတ်ပေးတော့ဘူး။ မြေငလျင်တွေ လှုပ်ခတ်လာပြီး အထဲကနေ ရွှေရောင်ဘူးသီးခြောက်တစ်ခု ထွက်လာတယ်။ ဘူးသီးခြောက်က ဆယ့်ငါးကိုက်လောက် မြင့်တယ်။ သင်္ကေတအမှတ်အသားတွေလည်း ရေးထားပေမယ့် ကျွန်တော် တစ်ခုမှ နားမလည်ဘူးး” သားရဲတစ်သောင်းစံအိမ်သခင်က ရှင်းပြသည်။ “ပြည်နယ်အုပ်ချုပ်ရေးမှူးက နံ့သာရေတွင်းပတ်ဝန်းကျင်ကို အဝင်အထွက် ပိတ်ပြီး ဘယ်သူ့ကိုမှ အနားကပ်မခိုင်းဘူး။ ဧကရာဇ်အမိန့်လို့ ပြောတယ်”
ချင်မူ ရင်ဒိန်းခနဲ ခုန်သွားသည်။ “သွားကြည့်ကြစို့”
သူတို့ နံ့သာရေတွင်းဆီသို့ ခပ်သုတ်သုတ် လျှောက်သွားကြပြီး သားရဲတစ်သောင်းစံအိမ်က ပြုံးကာ မေးလိုက်သည်။ “နံ့သာရေတွင်းက အရှေ့တင်.. ဟင်”
ရွှေရောင်သိမ်းငှက်များက သူတို့အပေါ်တွင် ပျံဝဲနေပြီး ခွေးနက်ကြီးများက မြေကြီးကို အနံ့ခံ၍ နံ့သာရေတွင်းဆီသို့ တန်းတန်းမတ်မတ် သွားနေကြသည်။ မြေကြီးအောက်မှ တုန်ခါမှုများ ဖြစ်ပေါ်လာပြီး တစ်ချက်တစ်ချက်တွင် ကြွက်ကြီးများ တူးထွက်လာကာ ဟိုကြည့်သည်ကြည့် ကြည့်နေကြသည်။
နှလုံးသားက လည်မျိုတွင် လာတစ်သွားသကဲ့သို့ ချင်မူ ဆို့ကြပ်သွားသည်။
အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားက မြို့ထဲရှိ နံ့သာရေတွင်းအနားတွင် ရှိချေသည်။
“ကျစ်ကျင်းမြို့ထဲက လူတိုင်း ထွက်သွားခိုင်းလိုက်ကြ”