အပိုင်း (၄၁၅) – မိသားစုအတွက် တိုးတက်မှုများ
Vol. 005 Ch. 415
ထိုတွေ့ဆုံပွဲသည် လူငယ်များ၏ အရည်အချင်းကို စစ်ဆေးသည့်ပွဲဖြစ်သောကြောင့် ရှီမာယူယူ ထွက် မသွားပေ။ အားလုံးသည် သူမ ရှိနေသည်ကို သိသဖြင့် ဘယ်သူမှ မဆန့်ကျင်ရဲပေ။
ရှီမာယူယူသည် လူငယ်များ တစ်ယောက်နှင့် တစ်ယောက်တိုက်ခိုက်နေသည်ကို ထိုင်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ပျင်းစရာကောင်းလိုက်တာ… ဒီလိုစွမ်းအားမျိုးသည် မိသားစုဂိုဏ်း၏ ကြီးထွားမှု ကိုပင် အတားအီးဖြစ်နိုင်သည်။ ထိုအဖွဲ့တွင် အရည်အချင်းရှိသော ပါရမီရှင် အနည်းဆုံး ၁ယောက် ၂ယောက် တော့ ပေါ်ထွက်လာရမည်။ သူမ သေချာစဉ်းစားရာ သူတို့အတွက် ဆန့်ကျင်ရေးဆေးတစ်ရာဖော် ပေးရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းစွာဖြင့် အစပိုင်းတွင် ရွှေမြွေအသီး၏ အသုံးဝင်မှုကို ခံစားရပြီး ထိုနှစ်များတွင် သူမသည် ဝိဉာဉ်အရည်ကို သုံးပေးသည်နှင့်အတူ ဝိဉာဉ်လေးသည် အချိန်ယူပျိုးထောင်ပေးသဖြင့် အသီးသည်ရင့်မှည့် လာသည်။ သူတို့ ရှီမာလိုင်အား ရှာတွေ့စဉ်က ပထမဆုံးသုံးခဲ့သည့် အသီးအပြင် ဝိဉာဉ်စေတီအတွင်းတွင် အသီး နှစ်လုံးသိမ်းထားသည့်အပြင် တဖြည်းဖြည်းရင့်မှည့်လာသော အသီး၇လုံးရှိလေသည်။ သူမ၏ လက်ရှိ အဂ္ဂိရတ်ပညာအရည်အချင်းနှင့်ဆိုလျှင် ဆန့်ကျင်ရေးဆေးတစ်ရာ နောက်တစ်ခါ ဖော်ချိန်တွင် အရင်ကထက် ပို၍ အရေအတွက်များများလုပ်နိုင်လိမ့်မည်။
တွေ့ဆုံပွဲသည် ၃ရက်ကျင်းပသည်။ သူမသည် အစက ပထမနေ့တွင်သာ နေရန်စီစဉ်ထားသော်လည်း လူအများထဲမှ အရည်အချင်းရှိသူကို ရွေးထုတ်ရန် ၃ရက်လုံး တက်ရောက်ဖြစ်သွားသည်။
သူမတွင် ရွှေမြွေအသီးအားလုံးပေါင်း ၂၀လုံးရှိကာ နှစ်လုံးကိုတော့ ရတနာအဖြစ် သိမ်းထားရမည်။ အသီးတစ်လုံးကို ဆေး၁၀လုံး ရရှိသဖြင့် အားလုံးပေါင်း ဆေး ၁၈၀လုံးရမည်။ အရင်က ကျန်သော ဆေး၆လုံး နှင့်ပေါင်းလျှင် သူမသည် လူ၉၃ယောက်ကိုသာ ဆေးပေးလို့ရမည်။ ထိုဆေး ၉၃လုံးကို မည်သူူူပင်ရစေကာမူ မိသားစု၏ တိုးတက်မှုကို သယ်ဆောင်သွားပေးနိုင်ရမည်။
ထို၃ရက်ပြီးသွားချိန်တွင် သူမသည် ရှီမာတိုင်အား သွားရှာလေသည်။ ဂိုဏ်းသည် အခြေကျရန်အတွက် လေ့ကျင့်ခြင်းတွင် ပို၍ အားစိုက်ထုတ်ခဲ့သည်။ မိသားစုဝင်များအချင်းချင်း ပြိုင်ဘက်မဖြစ်ရေးနှင့် နားလည်မှု လွဲခြင်းများ မဖြစ်စေရန် မိသားစုခေါင်းဆောင်များနှင့် အကြီးအကဲများသည် အတူတကွ လေ့ကျင့်ရန်အတွက် ဆွေးနွေးကြလေသည်။
သို့သော် ရှီမာယူယူ၏ အကြံပေးမှုကို ကြားသောအခါ တူညီစွာလုပ်ဆောင်ရန် သဘောတူကြပြီး လေ့ကျင့်ရန် အချိန်ပိုယူကြလေသည်။ ကံကောင်းစွာပင် သူမရောက်ရှိချိန်တွင် အားလုံးရှိနေကြသည်။ သူမ ရောက်ရှိသည်ကို အားလုံးမြင်သောအခါ လေ့ကျင့်ခြင်းကိုရပ်လိုက်ပြီး သူတို့နေရာတွင် ထိုင်ကာ သူမအား ကြည့်လိုက်ကြသည်။
“ကိစ္စရှိတစ်ခုခု ရှိလို့လား” ရှီမာတိုင်သည် သူမအား နားလည်သဖြင့် အရေးကြီးကိစ္စမရှိလျှင် သူတို့အား လာမရှာတတ်သည်ကို သိသည်။
ရှီမာယူယူ ထိုင်စရာနေရာရှာပြီးနောက် ပြန်ဖြေလိုက်သည် “ဒီလူတွေထဲက ဘယ်သူ့ကို ရွေးထုတ်လို့ရ မလဲဆိုတာ မေးချင်လို့ပါ”
“ဘာလို့ ဒီကိစ္စကို စိတ်ဝင်စားတာလဲ” ရှီမာတိုင် သိချင်မိသည်။ ဒီကောင်က ဒီလိုကိစ္စတွေမှာ စိတ်ဝင်စား ဖူးခြင်းမရှိခဲ့တာလေ။ ပြီးတော့ ဒီကောင်းက ယောက်ျားလေး ဝတ်စုံပြန်ဝတ်နေပြန်ပြီ။ ထိုညက မိန်းကလေးပုံစံ နှင့် ပေါ်လာပြီးနောက် ယောက်ျားလေး အဝတ်အစားပဲ ပြန်ဝတ်တာလေ။
ရှီမာယူယူသည် သူ၏ စူးစမ်းသော အကြည့်များကို လျစ်လျူရှုကာ ပြောလိုက်သည် “အဲနေ့က ပြသွားတဲ့ အားတွေက အားနည်းလွန်းတယ်လို့ ကျွန်တော်ထင်တယ်၊ ပြီးတော့ သူတို့စွမ်းအင်တွေ တိုးလာဖို့ နည်းလမ်း ကျွန်တော် ရှာတွေ့ထားတယ်”
“ဘယ်လိုအစီအစဉ်ရှိလဲ” ရှီမာတိုင် မျက်လုံးများ တောက်ပလာသည်။ သူမသည် အိမ်တွင်းရေးကိစ္စများ ကို ဝင်မပါသော်လည်း သူမတွင် ရှိသည့်အကြံသည် အကြံကောင်းဖြစ်နိုင်သည်။
“ဆန့်ကျင်ရေးဆေးတစ်ရာဆိုတာ ကြားဖူးလား” ရှီမာယူယူ မေးလိုက်သည်။
“မကြားဖူးပဲနေမလား၊ အနောက်လရောင်တိုင်းပြည်က ရွှန်းယွမ်ဆိုင်မှာတုန်းက ဆန့်ကျင်ရေးဆေး တစ်ရာ ဆေးကို ဈေးအကြီးဆုံးနဲ့ ရောင်းထွက်သွားလို့ ယိလင်းတိုင်းပြည်မှာ နာမည်ကြီးသွားသေးတယ်” အကြီးအကဲလီပြောလိုက်သည်။ ထိုအချိန်က သူသည် အခြေအနေကို စူးစမ်းရန်လူလွှတ်လိုက်သော်လည်း သတင်းအစအနမကြားခဲ့ရပေ။
“မင်းက ဆန့်ကျင်ရေးဆေးတစ်ရာနဲ့ ဖြေရှင်းမလို့လား” ဟူမိသားစုခေါင်းဆောင်က မေးလိုက်သည်။
“အဲဒီရွှန်းယွမ်ဆိုင်ကလူတွေတောင် ဒီကိစ္စကိုဖုံးထားပြီး ဆေးကို တိတ်တဆိတ်လိုက်ရှာသေးတယ် လို့ ကောလဟလတောင်ထွက်သေးတယ်” ဆန်းမိသားစု ခေါင်းဆောင် ပြောလိုက်သည်။
ရှီမာတိုင်တစ်ယောက်သာ သူမအား ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလေသည် “အဲလူက မင်းမလား” သူ ပြောလိုက်သောအခါ မိသားစုခေါင်းဆောင်များသည် အံ့အားသင့်သွားကြလေသည်။
“ဟုတ်ပါတယ်” ရှီမာယူယူသည် ဝန်ခံသည့်အနေနှင့် ခေါင်းညိတ်လေသည်။
ယောကျ်ားကြီး ၄ယောက်သည် အံ့အားသင့်သွားကြလေသည်။ ပြောရမည်ဆိုလျှင် ထိုကောင်လေးတွင် နတ်ဘုရားဆေးပင်ရှိကာ ဆန့်ကျင်ရေးဆေးတစ်ရာရှိသည်မှာ မဖြစ်သင့်ပေ။ သို့သော် စိတ်ဝင်စားစရာကောင်း သည်မှာ သူမတွင် ဒုံချန်းတိုင်းပြည်မှ ထက်လာသည်မှစ၍ ဆန့်ကျင်ရေးဆေးတစ်ရာ ရှိခဲ့သည်။
“ကောင်လေး ဘာလို့ မင်းစောစောမပြောရတာလဲ” ရှီမာတိုင်သည် သူမအား စိုက်ကြည့်ပြီး ထိုအကြည့် သည် ခြိမ်းခြောက်သည့်အကြည့်တော့ မဟုတ်ပေ။
“ဒီအချိန်မပြောရင် ဘယ်အချိန်ပြောရမှာလဲ ကျွန်တော့်မှာ ဆေးဖက်ဝင်ပစ္စည်းတွေမှ မရှိတာ၊ ပြောရင် အချည်းနှီးဖြစ်မှာပဲ” ရှီမာယူယူ ပြန်စိုက်ကြည့်လိုက်သည်။
“အခုရော” ရှီမာတုင် မျက်လုံးများ အရောင်လက်လာသည်။
“အင်း ပြီးခဲ့တဲ့နှစ်တွေမှာ တချို့တစ်ဝက်ရထားတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်နှလုံး လုပ်နိုင်လဲ”
“အရင် ၂ရက်က လုပ်ထားပြီးပြီ ကျွန်တော့်မှာ ၁၈၆လုံးရှိတယ်၊ တစ်ယောက်ကို ၂လုံးပေးရမှာဆိုတော့ ၉၃ယောက်ပေးလို့ရတယ်” ရှီမာယူယူ မေးလိုက်သည်။
“မင်းလုပ်တောင်ပြီးသွားပြီပေါ့” အဖွဲ့လိုက် ပင့်သက်ရှိုက်မိကြသည်။ ထိုဆေးများနှင့်ဆိုလျှင် သူတို့သည် ကြံ့ခိုင်သော ခိုင်သော ၉၃ယောက်ကို စုဆောင်းပြီး အဖွဲ့ဖွဲ့စည်းရမည်။ ပါရမီရှင်တစ်ယောက်နှင့်ပင် မိသားစု ဂိုဏ်းတစ်ခုလုံး၏ ကံကြမ္မာကို ပြောင်းပေးနိုင်သည်။ ၉၃ယောက်နှင့်ဆိုလျှင်တော့…
“ဟုတ်ပါတယ်” ရှီမာယူယူ ပြန်ဖြေသည် “ကျွန်တော် အဲနေ့ကကြည့်ရသလောက်တော့ အရည်အချင်း ရှိတဲ့ကလေးတွေ ၄ ၅ ယောက်တွေ့တယ်၊ သူတို့က ငယ်သေးတော့ ဆေးသုံးပြီးရင် ကောင်းကောင်း သက်ရောက်မှု ဖြစ်မှာပါ၊ သူတို့က နောက်ကို တစ်စုံတစ်ခုကို လုပ်နိုင်ရင်လည်း လုပ်နိုင်သွားလိမ့်မယ်၊ တခြား စံတင်ဝိဉာဉ်တွေလည်း အသက်မကြီးသေးလို့ ဒီဆေးကိုသောက်လိုက်ရင်လည်း အံ့ဖွယ်အဆင့် ရောက်သွားနိုင် တယ်၊ သူတို့နဲ့ပေါင်းလိုက်ရင် အားလုံးပေါင်း ၁၅ယောက်ရှိမယ် ကျန်တဲ့သူတွေက လူငယ်တွေပဲ၊ လူကြီးမင်းတို့ မွေးထုတ်ချင်တဲ့သူများ ရှိမလားလို့ မေးချင်လို့ပါ”
“ငါတို့ ရွေးပြီးပါပြီ အယောက် ၁၀၀တော့ကျော်တယ်”
သူမ ထင်ထားသည်ထက် ပိုများနေသည်…
“လူတွေများနေတယ်၊ ကျွန်တော် လူ ၇၀စာလောက်ပဲ ပေးနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါဆို သူတို့အဆင့်လိုက်ပေးမယ်လေ” အကြီးအကဲဟူ ပြောလိုက်သည်။
“ငါလည်း သဘောတူပါတယ်” အကြီးအကဲ ဆန်းနှင့် အကြီးအကဲ လီ သဘောတူလိုက်သည်။
“အဆင့်တွေစဉ်ထားတော့ ပြဿနာတော့မဖြစ်ပါဘူး” ရှီမာယူယူ ပုလင်းများကို ထုတ်ပြီး ပြောလိုက် သည် “အကုန်အထဲမှာရှိတယ်၊ ဒီကနေပေးလို့ရတယ်၊ ကျွန်တော် ရွေးထားတဲ့သူတွေက…” သူမသည် စိတ်တိုင်း ကျသည့် လူများ၏ အမည်များရွတ်ပြကာ ရှီမာတိုင်သည် မှတ်ခိုင်းလိုက်သည်။
ရှီမာယူယူသည် သူမ မိသားစုမှ လူတင်မဟုတ်ပဲ ကျန်သောမိသားစုများမှလည်း မျှတစွာ နာမည် ခေါ်ပြီး သူတို့ အရည်အချင်းအရ ရွေးချယ်သဖြင့် ကျန်သော အကြီးအကဲသုံးယောက်မှာ ကျေနပ်ကြလေသည်။
“ယူယူ မင်း ဆန့်ကျင်ရေးဆေးတစ်ရာရဲ့ ဖော်စပ်တဲ့နည်းကို ပေးလို့ရမလား” အကြီးအကဲလီ ပြောလိုက် သည်။ သူသည် ထိုဆေးများကို သူ့စိတ်ထဲတွင် ရှိနေသည်မှာ ကြာပြီဖြစ်သည်။
“ပြောပြလို့ရပါတယ်၊ ဒါပေမယ့် လူကြီးမင်းတို့ အသုံးမဝင်တာလည်းဖြစ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ အရေးကြီးဆုံး ပါဝင်ပစ္စည်းရှိမှာမဟုတ်လို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ရွှန်းယွမ်ဆိုင် အား ဆေးဖော်နည်း ရောင်းခဲ့သည့်အကြောင်းမှာလည်း ဆေးနည်းပါဝင်သော စာရွက်ကိုသာရောင်းခဲ့ခြင်းဖြစ်ပြီး အဓိကပါဝင်ပစ္စည်းမှာ ရှာရန်မလွယ်သောကြောင့်ပင်။
“မရှိတာထက်စာရင် ကောင်းတာပေါ့” အကြီးအကဲလီ ပခုံးတွန့်လိုက်သည်။
“ကောင်းပါပြီ ကျွန်တော် ရေးပေးပါမယ်” ရှီမာယူယူ စာရွက်ထုတ်ပြီး သူ့အတွက်ဆေးနည်း ရေးပေး လိုက်သည်။ သူမ ရေးပေးရခြင်းအကြောင်းမှာလည်း လီမိသားစုသည် အဂ္ဂိရတ်ပညာရှင်မိသားစုဖြစ်ပြီး အခုချိန တွင် သူတို့သည် ယိလင်းဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူတို့အားလုံးထဲတွင် အသန်မာဆုံး အဂ္ဂိရတ်ပညာရှင် များဖြစ်ကြသည်။ ထို့ကြောင့်ပင် သူမသည် ဆေးနည်းများအားလုံးကို ပြောပြပြီး အချိန်ရရင်ရသလို အဂ္ဂိရတ် ပညာ များကို သင်ပေးလေသည်။ နောက်ကို အဆင့်မြင့်သောဆေးများ ထုတ်လုပ်နိုင်သည့် အရည်အချင်းရှိသော အဂ္ဂိရတ်ပညာရှင်များ ရှိလာမည်။ သူတို့မိသားစုအတွက် ကြီးမားသော တိုးတက်မှုပင်ဖြစ်သည်။
ထိုအကြောင်းအား စဉ်းစားမိလိုက်လျှင် သူမ ပျော်ရွှင်စွာ ပြုံးမိသည်။