← Chapters

ဓားပြတိုက်စားပါ့လား

Vol. 67 Ch. 927

ဓားပြတိုက်စားပါ့လား

Vol. 67 Ch. 927

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ မောက်မာဝင့်ကြွားစွာ ဆိုလိုက်သည်နှင့် ရာပေါင်းများစွာသော ကြက်သွေးရောင် လျှပ်စီးတန်းများမှာ ဝိညာဉ်လှေကြီးအား ရိုက်ခတ်သွားကြသဖြင့် လှေကြီးပေါ်ရှိ အနက်ရောင်ချီများမှာ နောက်သို့ ဆုတ်ခွာသွားကြရ၏။ ထို့ကြောင့် လှေကြီးမှာလည်း နဂိုအတိုင်း ပြန်ဖြစ်လာတော့သည်။

ထိုမျှလောက်နှင့် မပြီးသေးပေ။ ခဏအကြာတွင် လျှပ်စီးတန်းများ ထပ်၍ ကျဆင်းလာကြပြန်သည်။ ထို လျှပ်စီးတန်းများမှာ အသိဉာဏ်များ ပိုင်ဆိုင်ထားသကဲ့သို့ပင်။ ၎င်းတို့မှာ လူများကို လိုက်လံပစ်ခတ်နေခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့မှာ လေထဲတွင် ရှိနေကြသည့် ပါရမီရှင်များ၏ ဘေးမှ ဖြတ်သန်းလာကြသည့်တိုင်အောင် သူတို့အား အန္တရာယ်ပြုခဲ့ခြင်းမရှိဘဲ လှေကြီးပေါ်သို့သာ တန်းတန်းမတ်မတ် ဆင်းသက်လာကြ၏။

မကြာသေးမီတုန်းက စက္ကူများအဖြစ် ပြောင်းလဲသွားနေခဲ့သည့် လှေကြီးမှာ ယခုတွင် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်းနှင့် ပြန်ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်သွားရပြီး ခေါင်းမော့ကာ အသံကုန် အော်ဟစ်လိုက်တော့သည်။

" ဒီနေ့ ရှဲ့တလုဆိုတဲ့ငါ ပင်လယ်နက်ကို အပြီးတိုင် ဖယ်ရှားပစ်မယ်။ မိစ္ဆာနှိမ်နင်းရေးလျှပ်စီး၊ ဆင်းသက်စေ "

သူ ထိုသို့ဆိုလိုက်သည်နှင့် လျှပ်စီးတန်းများ ထပ်၍ ဆင်းသက်လာကြ၏။ ၎င်းတို့မှာ လှေကြီးတစ်စင်းလုံးအား လွှမ်းခြုံသွားသဖြင့် လှေပေါ်ရှိ အနက်ရောင်ချီများမှာလည်း ပျောက်ချင်းမလှ ပျောက်သွားရတော့သည်။ ထို့အပြင် ထို လျှပ်စီးတန်းများမှာ လှေကြီး၏ ဘေးနားတစ်ဝိုက်ရှိ ပင်လယ်ရေမျက်နှာပြင်ကိုပါ အကျိုးသက်ရောက်နိုင်စွမ်း ရှိနေသဖြင့် ၎င်းမှာလည်း အနက်ရောင်မှ အဖြူရောင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာတော့သည်။

ဘေးပတ်ပတ်လည်ရှိ အနက်ရောင်ချီများမှာ အတူတကွ စုဝေးလာကြပြီး လျှပ်စီးတန်းများကို ခုခံတွန်းလှန်လိုက်ကြသဖြင့် ပိုနေမြဲ ကျားနေမြဲ အ‌ခြေအနေသို့ ရောက်သွားရပါသော်လည်း ဝမ်ပေါင်လဲ့ ရှိနေသည့် ဝိညာဉ်လှေကြီးမှာမူ အကောင်းပတိအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ ထို လှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်ပင်လျှင် အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ၎င်း၏လက်ထဲမှ လှော်တက်ကို လှော်ကာ အဝေးသို့ ရွက်လွှင့်သွားနေတော့သည်။

သို့သော် ဤ ကမ္ဘာကြီးထဲရှိ လျှပ်စီးပင်လယ်ကြီး၏ အရွယ်အစားမှာ ပြင်ပကမ္ဘာထဲတွင် ရှိနေခဲ့စဉ်တုန်းကလောက် ကြီးမားနေခြင်း မရှိပေ။ ထိုစဉ်တုန်းက ၎င်းမှာ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်သည့်အထိ ကြီးမားနေခဲ့ပါသော်လည်း ဤ ကမ္ဘာကြီးထဲတွင်မူ သူ၏ လှေတစ်စင်းစာ နေရာကိုသာ လွှမ်းခြုံပေးနိုင်စွမ်းရှိနေ၏။

မည်သို့ပင်ဆိုစေကာမူ လှေပေါ်မှ ပါရမီရှင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ အပျော်လွန်သွားရဆဲပင်။ လေထဲတွင် ရှိနေကြသည့် လူများနှင့် အခြားလှေများပေါ်ရှိ လူများမှာလည်း အမူအရာများ ပြောင်းလဲသွားကြပြီ ဖြစ်သည်။

" ဘယ်လို လျှပ်စီးတန်းကြီးတွေလဲဟ။ နတ်စွမ်းရည်တာအိုလျှပ်စီး ဖြစ်လိုက်၊ မိစ္ဆာနှိမ်နင်းရေးလျှပ်စီး ဖြစ်လိုက်နဲ့... "

" ဘာကြီးပဲ ဖြစ်ဖြစ်ကွာ။ ကြည့်ရတာ အဲဒီ လျှပ်စီးတန်းတွေက ပင်လယ်နက်ထဲက အနက်ရောင်ချီတွေကို ခုခံတွန်းလှန်နိုင်စွမ်းရှိနေတဲ့ပုံပဲ "

အဝေးကြီးသို့ ရောက်သွားသည့် လူများမှလွဲ၍ အနီးနားတစ်ဝိုက်တွင် ရှိနေကြသည့် ပါရမီရှင်များ အားလုံးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဆွံ့အမှင်တက်သွားကြ၏။ အခြားလှေရှစ်စင်းစလုံးမှာ စင်းလုံးကျွတ် စက္ကူများအဖြစ်သို့ ပြောင်းလဲသွားတော့မည့်အလား ဖြစ်နေပြီ မဟုတ်ပါလော။ အဆိုးဆုံးလှေတစ်စင်းမှာဆိုလျှင် ကိုးဆယ်ရာခိုင်နှုန်းတိတိ စက္ကူများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ ပင်လယ်နက်ကြီးနှင့် ပေါင်းစည်းသွားတော့မည့်ပုံ ပေါက်နေသဖြင့် ထိုလှေပေါ်ရှိ ကျင့်ကြံသူများမှာလည်း အခြားရွေးချယ်စရာမရှိတော့ဘဲ လေပေါ်သို့ ပျံတက်လာကြရတော့သည်။

အခြားလှေများမှာလည်း အချိန်အကြာကြီး ထပ်၍ တောင့်ခံထားနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ကြယ်သုဿာန်ထဲသို့ ရောက်ရှိလာကြသည့် ပါရမီရှင်များမှာ စိုးရိမ်စိတ်များ ကြီးထွားလာကြပြီး ကမ်းစပ်ဆီသို့ ရောက်နိုင်တော့မည်မဟုတ်ဟု ခံစားလာရတော့သည်။

ထိုကဲ့သို့ ကျဉ်းထဲကျပ်ထဲသို့ ရောက်နေရသည့် ပါရမီရှင် အရေအတွက်မှာ အယောက်တစ်ရာခန့် ရှိပေသည်။ ကောင်းကင်ယံထဲတွင်လည်း ဖိအားများ ရှိနေသည်ဖြစ်ရာ သူတို့မှာ အရှိန်မြှင့်တင်လိုက်မည် ဆိုလျှင်လည်း ကမ်းစပ်ဆီသို့ ရောက်သွားနိုင်မည် မဟုတ်ကြောင်း သိထား၏။ အကယ်၍ သူတို့မှာ လေထဲသို့ရောက်ရှိသွားပြီးနောက် သတိကြီးကြီးထား၍ အရှိန်လျှော့ချကာ ပျံသန်းနေလိုက်မည် ဆိုလျှင်မူ ပင်လယ်နက်ကြီးထဲသို့ ပြုတ်မကျသွားအောင် ပျံသန်းနိုင်လောက်ပေသည်။ သို့သော် ထိုသို့သာဆိုပါက ငါးရက်အကြာတွင် သူတို့မှာ ကြယ်သုဿာန်အင်ပါယာထဲသို့ ဝင်ခွင့်ရတော့မည် မဟုတ်သဖြင့် အခွင့်အရေးများကို လက်လွှတ်ဆုံးရှုံးလိုက်ရမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ သူတို့မှာ လက်မခံနိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူတို့မှာ မကြာသေးမီတုန်းက စိုးရိမ်စိတ်များ ကြီးထွားလာရပြီး စိတ်ဓာတ်များကျနေခဲ့ရပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ လှေကြီးအား ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားအောင် လုပ်လိုက်သည်ကို မြင်လိုက်ရသဖြင့် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာပြီး မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။

အကယ်၍... သူတို့သာ ထို လှေကြီးပေါ်သို့ တက်ခွင့်ရမည်ဆိုပါက ကမ်းစပ်ဆီသို့ ငါးရက်အတွင်း အရောက်သွားနိုင်မည်မှာ မလွဲဧကန်ပင်။

သူတို့သာလျှင် ထိုကဲ့သို့ တွေးနေကြသည်မဟုတ်ပေ။ မိမိတို့၏ ကိုယ်ပိုင် အစွမ်းအစများဖြင့် ကမ်းစပ်သို့ ရောက်အောင် သွားနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့် ရှိနေကြသော ပါရမီရှင်များပင်လျှင် စိတ်ဝင်တစား ဖြစ်လာရပြီ ဖြစ်သည်။ ထို လှေကြီးပေါ်သို့ ရောက်သွားသည်နှင့် သူတို့ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များမှာ အလိုလို လျော့ကျသွားမည်သာ မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ သူတို့၏ စွမ်းအားများကို ချွေတာနိုင်မည်ဖြစ်ရာ နောက်ထပ် ထပ်၍ ကျော်ဖြတ်ရမည့် အရည်အချင်းစမ်းသပ်ပွဲများအတွက် အကျိုးရှိနိုင်ပေသည်။

ထို့ကြောင့် လေထဲမှ ပါရမီရှင်တစ်ယောက်မှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ လှေကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာတော့သည်။ သူ၏ နောက်တွင်လည်း အခြား ပါရမီရှင်များမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး လှေကြီးပေါ်သို့ အတင်းအဓမ္မတက်လာနိုင်ရန် ပြင်နေကြပြီဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်မှာ သူတို့အား တားဆီးနိုင်ရန် ကြိုးစားလိုက်မည်ဆိုပါက သူတို့မှာ ထိုပုဂ္ဂိုလ်အား သူတို့၏ ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ကြမည်သာ ဖြစ်သည်။ သူတို့ထဲမှ အချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့အား ခြိမ်းခြောက်လိုသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမချမ်းဖြစ်သွားရပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်တော့သည်။ သူသည် မှော်ဝိညာဉ်သစ်သီးများ ရောင်းချခဲ့သည်ဖြစ်ရာ ထို ပါရမီရှင်များအားလုံးမှာ သလင်းကျောက်နီ အတုံးရေ သန်းပေါင်းများစွာအား မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ထုတ်သုံးနိုင်လောက်သည့်အထိ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝကြကြောင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူသည် စိတ်‌ဓာတ်များ ကျသွားရ၏...

" တကယ်လို့ ငါ လှေလက်မှတ်တွေသာ ရောင်းခွင့်ရှိမယ်ဆိုရင်.... သိပ်ကောင်းမှာပဲ " ဝမ်ပေါင်လဲ့မှာ ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပါသော်လည်း မဖြစ်နိုင်ကြောင်း သိထား၏။ သူသည် လှေပေါ်သို့ တက်လာနိုင်ရန် ကြိုးစားနေသည့် လူတိုင်းအား သူတစ်ယောက်တည်း တားဆီးနိုင်မည် မဟုတ်ပေ။ ထို့အပြင် အကယ်၍ ထိုသို့တားဆီးရန် ကြိုးစားလိုက်မည်ဆိုပါကလည်း လူအုပ်ကြီး၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွာမည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီးချလိုက်ရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်ခဲ့ပေ။ သူသည် သူ၏ရှေ့တွင် ငွေထုပ်ကြီးကို မြင်နေရပါသော်လည်း လှမ်းမယူနိုင်သည့် အဖြစ်သို့ ရောက်နေ၏။ သို့သော် သူ ထိုကဲ့သို့ သက်ပြင်းများ ချနေစဉ်မှာပင် အရင်ဆုံး ပြေးထွက်လာခဲ့သည့် ပါရမီရှင်မှာ လှေကြီး၏အနီးသို့ ရောက်ရှိလာတော့သည်။ ကြက်သွေးရောင် လျှပ်စီးတန်းများမှာ သူ့အား ပစ်မှတ်ထားနေခြင်းမရှိသောကြောင့် သူသည် ၎င်းတို့အား ဘေးမသီရန်မခ ကျော်ဖြတ်လာနိုင်ခဲ့၏။ ထို့ကြောင့် သူသည် ကျေနပ်အားရနေသည့် မျက်နှာအမူအရာဖြင့် လှေပေါ်သို့တက်ရန် ပြင်လိုက်တော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် လှေလှော်နေသည့် လူပုံစံစက္ကူရုပ်ကြီးမှာ ရုတ်တရက်ဆိုသလို ၎င်း၏ ဘယ်ဘက်လက်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ လှေပေါ်သို့တက်ရန် ပြင်နေသည့် လူငယ်လေးမှာ သွေးပျက်လုမတတ် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထို့နောက် သူသည် မျက်လုံးဖြင့် မမြင်နိုင်သည့် လက်ဖဝါးကြီးတစ်ခု၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည့်အလား ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီး‌ နောက်သို့ အရှိန်ပြင်းစွာ လွင့်ထွက်သွား၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရသလို ‌လှေကြီးဆီသို့ အပြေးရောက်လာကြသည့် အခြားသူများမှာလည်း အံ့ဩတုန်လှုပ်သွားကြ၏။ သို့သော် သူတို့မှာ လှေကြီးအနီးသို့ ရောက်လာပြီဖြစ်ရာ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် လှေပေါ်သို့ တက်နိုင်ရန် ကြိုးစားလိုက်ကြဆဲပင်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် လူ ဆယ်ယောက်ကျော်မှာ လျှပ်စီးတန်းများအား ကျော်ဖြတ်လာကြ၏။ သို့သော် ထို ပါရမီရှင်များ လှေပေါ်သို့တက်ရန် ပြင်လိုက်ကြသောအခါ လူပုံစံစက္ကူရုပ်ကြီးမှာ ၎င်း၏ ဘယ်ဘက်လက်ကို မြှောက်ကာ ထပ်၍ ဝှေ့ယမ်းလိုက်ဆဲပင်။ ထို့ကြောင့် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံပေါင်းမြောက်မြားစွာ ထွက်ပေါ်လာတော့သည်။ ထို လူဆယ်ယောက်ကျော်ထဲမှ နှစ်ယောက်သာလျှင် မည်သည့် တွန်းကန်အားကိုမှ မခံစားခဲ့ရပေ။ အခြားသူများအားလုံးမှာ သွေးများအန်ထွက်ကာ နောက်သို့ လွင့်ထွက်သွားကြသည်သာ ဖြစ်သည်။

ဒဏ်ရာရသွားခဲ့ခြင်း မရှိသော လူနှစ်ယောက်ထဲမှ တစ်ယောက်မှာ လီလင်းကျစ် ဖြစ်သည်။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့် မျက်နှာအမူအရာဖြင့် လှေပေါ်သို့တက်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ အကြည့်အား ဂရုစိုက်နေခြင်းမရှိဘဲ ထောင့်တစ်ထောင့်တွင် တင်ပျဉ်ခွေထိုင်ချလိုက်တော့သည်။ သူသည် အသက်သေလျှင်တောင် လှေပေါ်မှ ဆင်းသွားမည့်ပုံ မပေါ်ပေ။

ဘေးပတ်ပတ်လည်ရှိ ပါရမီရှင် တစ်ရာဝန်းကျင်ခန့်မှာ ထိုကဲ့သို့ လှေပေါ်သို့ အောင်မြင်စွာ တက်သွားနိုင်သည့် လူတစ်ယောက်ကို မြင်လိုက်ရသောအခါ မျက်ဝန်းများ နီိမြန်းသွားကြတော့သည်။ ထို့ကြောင့် သူတို့မှာလည်း လှေကြီးပေါ်သို့ တက်နိုင်ရန် အပြေးအလွှား ရောက်ရှိလာကြ၏။ သို့သော် သူတို့မှာ နောက်သို့ တွန်းထုတ်ခံလိုက်ရဆဲပင်။ ကံကောင်းသည့် ပါရမီရှင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာလျှင် လူပုံစံစက္ကူရုပ်ကြီး၏ တားဆီးခြင်းကို မခံခဲ့ရသဖြင့် လှေပေါ်သို့ အောင်အောင်မြင်မြင် တက်နိုင်ခဲ့၏။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ အချက်တစ်ချက်အား ရိပ်မိသွားတော့သည်။ လှေပေါ်သို့ တက်လာနိုင်ခဲ့သည့် ပါရမီရှင်များနှင့် လေအပြင်ဘက်တွင် ရှိနေသည့် ပါရမီရှင်များမှာလည်း ထိုအချက်အား သတိထားမိသွား၏။

" လှေပေါ်ကို တက်ခွင့်ရတဲ့လူတွေက... အရင်တုန်းက ဒီလှေပေါ်မှာ လိုက်စီးခဲ့ကြတဲ့ လူတွေပဲ "

" ဒါ ဝိညာဉ်လှေကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေထဲက တစ်ခုများလား။ ကိုယ့်ရဲ့ လှေကလွဲရင် တခြားလှေတွေပေါ် တက်ခွင့်မရှိတာများ ဖြစ်နေမလား "

ထိုမြင်ကွင်းကြောင့် ကောင်းကင်ယံထဲမှ ပါရမီရှင်များမှာ မကျေမချမ်းဖြစ်သွားကြပါသော်လည်း ဘာမှမတတ်နိုင်ကြပေ။ သူတို့မှာ ဝမ်ပေါင်လဲ့ကိုပင် အပြစ်တင်ခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အား တားဆီးခဲ့သည့်လူမှာ ဝမ်ပေါင်လဲ့ မဟုတ်သောကြောင့်ပင်။

သို့သော် ဆက်၍ ကြိုးစားနေရန် လိုအပ်ပေသည်။ သူတို့မှာ ကြယ်သုဿာန် အရည်အချင်း စမ်းသပ်ပွဲအား ကျော်ဖြတ်ရန် လိုအပ်သည်မဟုတ်ပါလော။ ထို့ကြောင့် မကြာသေးမီတုန်းက လှုပ်ရှားခဲ့ခြင်း မရှိဘဲ အခြေအနေ စောင့်ကြည့်နေခဲ့ကြသည့် ပါရမီရှင်အချို့မှာလည်း အလျင်အမြန် လှုပ်ရှားလိုက်ကြပြီး လှေပေါ်သို့ တက်နိုင်ရန် ကြိုးစားကြည့်လိုက်ကြတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားရပြီး ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာတော့သည်။

" လျှပ်စီးပင်လယ်ကြီးက ဒီနေရာအထိ ငါ့ရဲ့နောက်ကနေ လိုက်လာခဲ့တာဆိုတော့ ငါ့ရဲ့ ဆုတောင်းက အကျုံးဝင်နေသေးလားမသိဘူး... ငါက လှေပေါ်က လူပုံစံစက္ကူရုပ်ကြီး ငါ့ကို မတားဖို့ ဆုတောင်းခဲ့တာလေ "

" အဲဒီ ဆုတောင်းသာ အကျုံးဝင်နေသေးမယ်ဆိုရင် ငါ တခြားလူတွေကို လှေပေါ် ခေါ်တင်လိုက်မယ်ဆိုရင်လည်း လူပုံစံစက္ကူရုပ်ကြီးက ငါ့ကို မတားလောက်ဘူးထင်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် ရင်ခုန်နှုန်းများမြန်ဆန်လာရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ပါရမီရှင်များ ထပ်၍ ရောက်ရှိလာပြီး လူပုံစံစက္ကူရုပ်ကြီး ၎င်း၏ ဘယ်ဘက်လက်အား မြှောက်လိုက်သည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက်ဆိုသလို‌ အော်ဟစ်လိုက်တော့သည်။

" ဖက်တီးလေး။ ပြန်ပြီးတော့ခုခံဖို့ ကြိုးစားမနေနဲ့။ ငါ မင်းကို လှေပေါ်ရောက်အောင် တင်ပေးမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ ညာဘက်လက်ကို မြှောက်ကာ သူနှင့် အနီးဆုံးတွင် ရှိနေသည့် ကျင့်ကြံသူနှစ်ယောက်ထဲမှ တစ်ယောက်အား လှမ်းဆွဲလိုက်တော့သည်။

ထိုဖက်တီးလေး၏ ခန္ဓာကိုယ်မှာ ဘောလုံးတစ်လုံးကဲ့သို့ပင်။ ဝမ်ပေါင်လဲ့သည် ထို ဖက်တီးလေး၏ ပုံစံမှာ သူနှင့် ဆင်တူနေသလို ခံစားနေရသည့်အပြင် သူသည် အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝသည့်ပုံလည်း ပေါက်နေသောကြောင့် သူ့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထို ဖက်တီးလေးမှာလည်း အလျင်အမြန် တုံ့ပြန်ခဲ့၏။ သူသည် ထိုကဲ့သို့ လှမ်းဆွဲခံလိုက်ရသည်နှင့် ခုခံရန် ကြိုးစားနေခြင်းမရှိဘဲ စိတ်ကိုဖြေလျှော့လိုက်တော့သည်။ ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား လျစ်လျူရှုလိုက်သဖြင့် သူသည် လှေပေါ်သို့ ရောက်ရှိလာတော့သည်။

သူသည် လှေပေါ်သို့ရောက်လာသောအခါ သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။ ထို့နောက် သူသည် ဝမ်းသာအားရ အော်ဟစ်ရယ်မောလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။

" ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း "

အခြားသူများမှာမူ ထိုကဲ့သို့ အဆွဲမခံခဲ့ရသဖြင့် လူပုံစံစက္ကူရုပ်ကြီး ၎င်း၏ လက်အား ဝှေ့ယမ်းလိုက်သောအခါ နောက်သို့ ဆုတ်ခွာသွားကြရသည်သာဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ အသက်ရှူသံများ မြန်ဆန်လာကြပြီး ဝမ်ပေါင်လဲ့အား မျက်လုံးပြူးကြီးများနှင့် စိုက်ကြည့်နေကြတော့သည်။

ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပါသော်လည်း ထို ဖက်တီးလေးမှာ သူ့အား စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်ခဲ့ခြင်းမဟုတ်ဟု ခံစားလိုက်ရသဖြင့် သူ့အား ဖျတ်ခနဲကြည့်ကာ တည်ကြည်စွာဆိုလိုက်တော့သည်။

" ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ သလင်းကျောက်နီ အတုံးတစ်သိန်းပဲ ပေးပါ "

" သလင်းကျောက်နီ အတုံးတစ်သိန်း ဟုတ်လား " ထိုအခါ ဖက်တီးလေးမှာ မျက်လုံးများပြူးသွားရပြီး သူ၏ မျက်နှာပေါ်မှ ကျေးဇူးတင်နေသည့် အရိပ်အယောင်များမှာလည်း လုံးဝပျောက်ကွယ်သွားရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်တော့သည်။

" မင်းက တော်တော်လောဘကြီးတာပဲကွ။ ဓားပြတိုက်စားပါ့လား။ ကျိုးလင်ဖုန်းဆိုတဲ့ ငါက တစ်သက်လုံး ဒီလို တစ်ခါမှ အမြတ်ထုတ်ခံမှာ မဟုတ်ဘူးကွ။ မင်းကို ပိုက်ဆံပေးရမယ် ဟုတ်လား။ မပေးနိုင်ဘူးကွာ "

" မပေးဘူးပေါ့ ဟုတ်လား " ဝမ်ပေါင်လဲ့မှာလည်း အမျက်ချောင်ချောင်း ထွက်သွားရ၏။ သူသည် သလင်းကျောက်နီ အတုံးတစ်သန်းအထိ တောင်းခဲ့ခြင်း မဟုတ်သောကြောင့် သူ၏အမြင်တွင် သူတောင်းလိုက်သည့် ဈေးမှာ ထိုက်သင့်မှုရှိပေသည်။ သို့သော် ဖက်တီးလေးမှာမူ သူ၏စေတနာအား ကျေးဇူးတင်ရမှန်း မသိပေ။

သို့ဖြစ်ရာ သူသည် ဖက်တီးလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် သူ့အား သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ အပြင်ဘက်တွင် ရှိနေသည့် ပါရမီရှင်အယောက်တစ်ရာကျော်အား ကြည့်၍ လှမ်းပြောလိုက်တော့သည်။

" သလင်းကျောက်နီ အတုံးတစ်သိန်း ဘယ်သူပေးမလဲ။ ပေးတဲ့ကောင်ကို လှေပေါ် တင်ပေးပြီးတော့ ဒီ ဖက်တီးလေးကို အပြင် ပြန်ထုတ်ပေးမယ် "

All Chapters