← Chapters

ဉာဏ်များသော လီလင်းကျစ်

Vol. 67 Ch. 928

ဉာဏ်များသော လီလင်းကျစ်

Vol. 67 Ch. 928

ဖက်တီးလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူသည် ဒေါပွသွားရသလို သူ၏ရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်မှာ အလွန်အင်မတန်မှ လောဘကြီးနေသည်ဟုလည်း ခံစားလိုက်ရတော့သည်။ ထို့အပြင် သူသည် ဤကမ္ဘာကြီးထဲတွင် သူ့ထက်ပို၍ လောဘကြီးနေသည့် လူတစ်ယောက်နှင့် ကြုံလိုက်ရသဖြင့် မှင်တက်သွားရ၏။

ဖက်တီးလေးတစ်ယောက်သာလျှင် ထိုကဲ့သို့ ခံစားနေရသည်တော့မဟုတ်ပေ။ လှေကြီး၏ အပြင်ဘက်တွင် ရှိနေသည့် ပါရမီရှင်များမှာလည်း ဝမ်ပေါင်လဲ့၏ ကမ်းလှမ်းချက်အား ကြားလိုက်ရသောအခါ မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာအမူအရာများ ပျက်သွားကြတော့သည်။ သူတို့မှာ သလင်းကျောက်နီ အတုံးတစ်သိန်း အကုန်ကျခံရမည်ကို ဂရုမစိုက်ပါသော်လည်း ထိုကဲ့သို့ ငွေညှစ်ခံလိုက်ရသဖြင့် သူတို့၏ မာနများကို ထိပါးစော်ကားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် သူတို့မှာ ကြံရာရမရ ဖြစ်နေကြသလို တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့ကိုလည်း မျက်မုန်းကျိုးသွားကြတော့သည်။

သို့သော် သူတို့ဆီတွင် အခြားရွေးချယ်စရာမရှိပေ။ ငါးရက်ဆိုသည့်အချိန်မှာ အတော်အသင့် ကြာမြင့်ပါသော်လည်း တစ်စက္ကန့်မျှ နှောင့်နှေးကြန့်ကြာသွားရုံနှင့် ကမ်းစပ်သို့ အောင်အောင်မြင်မြင် ရောက်သွားနိုင်မည့် အခွင့်အရေးမှာ ပို၍ နည်းပါးလာမည်သာ ဖြစ်ကြောင်း သူတို့က သိထား၏။ ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့ လှေပေါ်မှ အရှိန်အဟုန်ဖြင့် ပျံထွက်သွားခဲ့သည်ကိုလည်း မြင်ခဲ့ရသည်ဖြစ်ရာ သူသည် နှယ်နှယ်ရရ လူစားမျိုးမဟုတ်ကြောင်း သိရှိထားကြပြီး ဖြစ်သည်။

အကယ်၍ သူတို့မှာ အတူတကွ ပူးပေါင်းလိုက်ကြမည်ဆိုပါက ကိစ္စမရှိပါသော်လည်း တစ်ယောက်ချင်းစီတိုက်ခိုက်လိုက်မည် ဆိုလျှင်မူ ဝမ်ပေါင်လဲ့အား ယှဉ်နိုင်ကြမည် မဟုတ်ပေ။ ထို့အပြင် သူတို့မှာ ထိုကဲ့သို့ အတူတကွ ပူးပေါင်းလိုက်လျှင်တောင် ဝမ်ပေါင်လဲ့အား ဖိအားပေးနိုင်ကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော သူတို့မှာ အဖွဲ့အစည်း တစ်ခုထဲမှလူများ မဟုတ်ကြသောကြောင့် ရည်မှန်းချက်ကိုယ်စီ ရှိနေကြမည်မဟုတ်ပါလော။

သူတို့အားလုံးမှာ ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးမိထားကြပြီးသား ဖြစ်သည်။ ထို့အပြင် သူတို့မှာ မာနကြီးကြသူများ ဖြစ်ရာ သူ၏ ကမ်းလှမ်းချက်အား စိတ်ဝင်စားနေကြသည့်တိုင်အောင် အရင်ဆုံး အောက်ကျို့ခံလိုက်ရသည့်သူ မဖြစ်ချင်သောကြောင့် နှုတ်ဆိတ်နေကြဆဲပင်။

ဖက်တီးလေးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ သူတို့၏ကြားမှ တင်းမာမှုများကို ဖြေလျှော့ရန် ပြင်လိုက်စဥ်မှာပင် ဝမ်ပေါင်လဲ့မှာလည်း လှေအပြင်ဘက်တွင် ရှိနေသည့် လူများ ဝေခွဲမရဖြစ်နေကြသည်ကို သတိထားမိသွားသည့်ပုံပင်။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပြီးနောက် မီးလောင်ရာ လေပင့်ရန် ဆုံးဖြတ်လိုက်တော့သည်။

" ငါ လှေပေါ်ကို တင်ပေးနိုင်တဲ့ လူအရေအတွက်က အကန့်အသတ် ရှိတယ်နော်။ ပြီးတော့ အချိန်အကန့်အသတ်လည်း ရှိသေးတယ်။ အဲတာမလို့ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်တွင်းမှာ အယောက်သုံးဆယ်ကိုပဲ ခေါ်တင်ပေးနိုင်မှာ။ တကယ်လို့ အဲဒီထက် နောက်ကျသွားမယ်ဆိုရင် လှေပေါ်ကို တင်ပေးနိုင်တော့မှာ မဟုတ်ဘူး။ အဲကျမှ ငါ့ကို အဆိုးမဆိုကြနဲ့ "

သူ ထိုသို့ဆိုလိုက်သည်နှင့် အပြင်ဘက်တွင်ရှိနေသည့် လူများမှာ စိုးရိမ်စိတ်များ ကြီးထွားလာကြတော့သည်။ သူတို့မှာ ကြယ်သုဿာန်ထဲသို့ ဝင်ခွင့်ရနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးထဲ၌ ရေကုန်ရေခန်း ကြိုးစားခဲ့ကြရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သလင်းကျောက်နီ အတုံးတစ်သိန်းအတွက်လောက်နှင့် ကျရှုံးသွားခဲ့ရပြီး လက်ဗလာနှင့် အိမ်ပြန်သွားခဲ့ရမည်ဆိုပါက သူတို့၏ ကြိုးစားအားထုတ်မှုများမှာ သဲထဲရေသွန် ဖြစ်သွားရမည်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ " အချိန်ကန့်သတ်ချက်ရှိသည် " ဆိုသော စကားကို ကြားလိုက်ရသောအခါ စိတ်ကို တည်ငြိမ်အောင် မထားနိုင်ကြတော့ပေ။ ထိုသို့ဖြင့် လူအုပ်ကြီးထဲမှ စကားသံတစ်သံ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာတော့သည်။

" ငါ တစ်နေရာစာ ဝယ်မယ်။ တစ် "

ထိုသို့ ဆိုလိုက်သည့် ပါရမီရှင်မှာ ပိန်ပါးပါး လူငယ်လေးတစ်ယောက် ဖြစ်၏။ သူသည် ဖြတ်ထိုးဉာဏ်ကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူသည် " တစ် " ဆိုသည့် နံပါတ်ကိုပင် ထည့်အော်လိုက်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူနှင့်အတူ တစ်ပြိုင်နက်တည်း အော်လိုက်သည့် လူအယောက်သုံးဆယ်ကျော် ရှိနေလျှင်တောင် သူသည် နံပါတစ် ဦးစားပေးနေရာတွင် ရှိနေမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့သည်လည်း ထိုလူငယ်လေးအား အထင်ကြီးသွားရပြီး မျက်နှာပေါ်၌ ကျေနပ်အားရနေသည့် အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူ ခေါင်းညိတ်ပြရန် ပြင်လိုက်စဉ်မှာပင် အခြားသူများမှာလည်း လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ ထို့နောက် သူတို့မှာ တစ်ယောက်တစ်ပေါက်နှင့် အလောတကြီး အော်ဟစ်လိုက်ကြသဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။

" ငါလည်း ဝယ်မယ်။ နှစ် "

" ဝယ်မယ်။ သုံး "

အသက်ရှူကြိမ် အနည်းငယ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ကမ်းလှမ်းချက်အား လက်ခံလိုက်သည့် လူအရေအတွက်မှာ အယောက်ခုနစ်ဆယ်မှ ရှစ်ဆယ်အထိ ထိုးတက်သွား၏။ သို့သော် သူတို့၏ နှုတ်မှ ထွက်လာသည့် နံပါတ်များမှာမူ သုံးဆယ်ထက် မကျော်ကြပေ။ ထို့ကြောင့် သူတို့ထဲမှ အများစုမှာဆိုလျှင် နံပါတ်များတိုက်နေကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေကြတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူတို့အားလုံး ထိုကဲ့သို့ ပျာယာခတ်နေကြသည်ကို ကြည့်ရင်း သူ့ကိုယ်သူ ကျေနပ်နေ၏။

သို့သော် ဖက်တီးလေးမှာမူ တစ်ကိုယ်လုံး တုန်ရီနေရပြီဖြစ်သည်။ သူသည် လောဘတက်ကာ ဆက်၍ ခေါင်းမာနေမည်ဆိုပါက ကြုံတွေ့ရမည့် နောက်ဆက်တွဲ အကျိုးဆက်များကို နားလည်ထား၏။ ထို့ကြောင့် သူသည် လှေအပြင်ဘက်ရှိ လူအုပ်ကြီး အလုအယက် အော်ဟစ်နေကြသည့် အချက်ကို အခွင့်ကောင်းယူကာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သလင်းကျောက်နီ ကတ်ပြားတစ်ပြားကို ချက်ချင်း ထုတ်ယူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။

" တာအိုရောင်းရင်းက စေတနာ ရှေ့ထားပြီးတော့ အများအကျိုး သယ်ပိုးနေတာပဲ။ အဲတာမလို့ ကျိုးလင်ဖုန်းဆိုတဲ့‌ ကျွန်တော် တာအိုရောင်းရင်းရဲ့ ကမ်းလှမ်းချက်ကို အရင်ဆုံး လက်ခံလိုက်ပါရစေ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ထို သလင်းကျောက်နီကတ်ပြားအား လှမ်းယူလိုက်၏။ ထို့နောက် သူသည် ဖက်တီးလေးအား ကြည့်ကာ မပွင့်တပွင့် ပြုံးပြလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။

" ကမ္ဘာပေါ်ကလူတိုင်း မင်းလိုမျိုး ငါ့ကို နားလည်ပေးရင် သိပ်ကောင်းမှာပဲ။ ရှဲ့တလုဆိုတဲ့ ငါက ဒီလောက် ငွေပမာဏလေးကို လောဘတက်နေပါ့မလားကွ။ ငါက မင်းတို့တွေ အကုန်လုံးကို ကူညီပေးနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ မိုးကောင်းကင်တာအိုက လူသားတွေအပေါ် ရက်စက်တယ်ကွ။ အဲတာမလို့ ငါ မိုးကောင်းကင်ကို အာခံတဲ့အခါ မလွဲမသွေ ကြုံတွေ့ရနိုင်တဲ့ အပြစ်ဒဏ်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် လောကီစည်းစိမ်တွေကို အသုံးပြုရတာပါ "

ဖက်တီးလေးမှာမူ ဝမ်ပေါင်လဲ့တစ်ယောက် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည့် စကားများကို နားထောင်ရင်း မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရ၏။ သူသည် ဝမ်ပေါင်လဲ့မှာ အရေးထူသည့် လူတစ်ယောက် ဖြစ်ပြီး သူ၏ စကားများမှာ အော့နှလုံးနာစရာကောင်းလွန်းနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူသည် အခြေအနေနှင့် အချိန်အခါကိုကြည့်၍ အလိုက်အထိုက် ပြူမူတတ်သူတစ်ယောက်ဖြစ်ရာ ဝမ်ပေါင်လဲ့ သူ၏ ကမ်းလှမ်းချက်အား ပြန်လည်ရုပ်သိမ်းသွားမည် စိုးသောကြောင့် ရိုးသားမှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေလိုက်တော့သည်။

တစ်ချိန်ထဲမှာပင် လီလင်းကျစ်နှင့် လှေပေါ်ရှိ အခြားသူများမှာလည်း ထိုနည်းလမ်းဖြင့် ငွေရှာ၍ရကြောင်း ရိပ်မိသွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့သည် ဤလှေပေါ်တွင် တမူထူးခြားသည့် လူတစ်ယောက်ဖြစ်နေကြောင်း သိထားပါသော်လည်း စမ်းကြည့်ချင်စိတ်များ ပေါက်လာကြဆဲပင်။ အထူးသဖြင့် လီလင်းကျစ်မှာဆိုလျှင် သူသာ ဝမ်ပေါင်လဲ့၏ နေရာတွင်ဆိုပါက ‌အခကြေးငွေ ယူနေမည် မဟုတ်ဘဲ အခြားသူများအား စေတနာဖြင့် အလကား ကူညီပေးလိုက်မည်ဟု တွေးနေ၏။ ထိုသို့သာဆိုပါက အနာဂတ်တွင် ရာပေါင်းများစွာသော လူများမှာ သူ့ဘက်မှ ရပ်တည်ပေးကြတော့မည် မဟုတ်ပါလော။

" တုံးလိုက်တဲ့ကောင်။ အချိတ်အဆက်ရှိဖို့က အရေးအကြီးဆုံးပဲကွ " လီလင်းကျစ်မှာ စိတ်ထဲတွင် ထိုသို့ကြိမ်းဝါးကာ မျက်လုံးများ မှေးသွား၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား အပြစ်မလုပ်ရဲသဖြင့် သူ့အား ပြစ်တင်ဝေဖန်ကာ နာမည်ဖျက်လိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်ရတော့သည်။ အပြင်ဘက်မှ လူများမှာလည်း ငတုံးငအများ မဟုတ်ကြပေ။ သို့ဖြစ်ရာ အကယ်၍ သူသည် အပြင်ဘက်မှ လူများအား လှေပေါ်သို့ ခေါ်တင်နိုင်စွမ်း ရှိနေလျှင်မူ ဝမ်ပေါင်လဲ့အား ထိုကဲ့သို့ ပြစ်တင်ဝေဖန်လိုက်ပါက လူအများ၏ သဘောကျနှစ်သက်ခြင်းကို ခံရနိုင်ပေသည်။

သို့သော် အကယ်၍ သူသာ မလုပ်နိုင်သည့် အရာအား ကတိပေးမိလိုက်မည်ဆိုပါက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာရုံသာမက အခြားသူများမှာ သူ့အား အထင်မြင်သေးသွားကြမည်သာ ဖြစ်သည်။

လီလင်းကျစ်မှာ ထိုကဲ့သို့ စဉ်းစားတွေးတောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို မတ်တတ်ထလာပြီး အပြင်ဘက်တွင်ရှိနေသည့် လူများအား လှမ်းပြောလိုက်၏။

" တာအိုရောင်းရင်းတို့။ ငါက ရေခဲတိမ်လွှာဂိုဏ်းက လီလင်းကျစ်ပါ။ ငါ့ကို အခကြေးငွေ ပေးနေစရာ မလိုပါဘူး။ ငါတို့လို လှေပေါ်မှာ ရောက်နှင့်‌နေပြီးသား လူတွေ ရှဲ့တလုလို တခြားလူတွေကို လှေပေါ် တင်ပေးနိုင်စွမ်း ရှိမရှိ ငါ အရင်ဆုံး စမ်းကြည့်လိုက်ပါ့မယ် "

" တကယ်လို့ ငါ အောင်မြင်သွားခဲ့မယ်ဆိုရင်တောင် ငါ့ကို တစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူး။ ငါ အခုလို လုပ်နေကတည်းက တာအိုရောင်းရင်းရှဲ့ကို အပြစ်လုပ်မိသလို ဖြစ်နေပြီလေ။ ဒါပေမဲ့ တကယ်လို့ ငါ မအောင်မြင်ခဲ့ရင်တော့ ငါ့ကို အပြစ်မတင်ကြပါနဲ့ "

အပြင်ဘက်တွင်ရှိနေသည့် လူများမှာ လီလင်းကျစ်၏ စကားများကို ကြားလိုက်ရသည်နှင့် ကျေးဇူးတင်စကားများဆိုကာ နားလည်ကြောင်း ပြန်ပြောလိုက်ကြ၏။ ဝမ်ပေါင်လဲ့ပင်လျှင် မျက်လုံးများ မှေးသွားရပြီး လီလင်းကျစ်အား လှမ်းကြည့်မိလိုက်သည်။ သူသည် လီလင်းကျစ်၏ အကြံအစည်အား ရိပ်မိသွား၏။

" ဒီလိုသာဆို သူက ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေအသစ်တွေ အများကြီး ဖွဲ့နိုင်သွားမှာလေ။ လီလင်းကျစ်ရဲ့ အကြံက ဘယ်ဆိုးလို့လဲကွ " ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် လီလင်းကျစ်၏ မျက်ဝန်းများမှာ အရောင်တောက်ပသွား၏။ သူသည် လှေအပြင်ဘက်မှ လူများ၏ ထောက်ခံချက်အား ရရှိလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဆိုလိုက်တော့သည်။

" ကျေးဇူတင်ပါတယ် တာအိုရောင်းရင်း။ ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကို မတားဆီးပါနဲ့ "

သူ၏ စကားများကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်များ ချက်ချင်းပေါ်ပေါက်လာရတော့သည်။ လီလင်းကျစ်မှာ ကောက်ကျစ်စဉ်းလဲလွန်းနေသည် မဟုတ်ပါလော။ အကယ်၍ သူသာ ထိုစကားများကို မပြောခဲ့ပါက ကိစ္စမရှိပေ။ အပြင်ဘက်တွင်ရှိနေသည့် လူများ ဝမ်ပေါင်လဲ့အပေါ် ထားရှိသည့် ရန်လိုစိတ်များမှာ လျော့ကျသွားမည် မဟုတ်သည့်တိုင်အောင် ပို၍တိုးပွားလာမည် မဟုတ်ပေ။

သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ဆုပ်လည်းစူး စားလည်းရူး အခြေအနေသို့ ရောက်သွားရပြီဖြစ်သည်။ အကယ်၍ သူသာ လီလင်းကျစ်အား တားဆီးလိုက်မည်ဆိုပါက လှေအပြင်ဘက်တွင် ရှိနေသည့်လူများမှာ သူ့အား ပို၍ပင် မုန်းတီးလာကြမည် ဖြစ်သည်။ သို့သော် လီလင်းကျစ်အား မတားဆီးလိုက်လျှင်လည်း သူ့အား မိတ်ဆွေသစ်များဖွဲ့နိုင်မည့် အခွင့်အရေးတစ်ခု အလကား ပေးလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

" လီလင်းကျစ်က ဉာဏ်ပြေးသားပဲကွ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ အမှန်တွင် သူသည်လည်း လှေပေါ်သို့ လူများခေါ်တင်ကာ မိတ်ဆွေများဖွဲ့ပြီး အချိတ်အဆက်များ ဖန်တီးနိုင်ရန် တွေးမိခဲ့သည်။ သို့သော် ဤကမ္ဘာကြီးထဲတွင် ထို အချိတ်အဆက်ဆိုသည့် အရာမှာ စိတ်အချရဆုံးအရာ ဖြစ်သလို တစ်ချိန်တည်းမှာပင် ထိလွယ်ရှလွယ်မှုအရှိဆုံး အရာလည်း ဖြစ်ကြောင်း သူက သိထားပြီးဖြစ်သည်။

ထို အချိတ်အဆက်ဆိုသည့် အရာ စိတ်အချရဆုံး ဖြစ်နေရသည့် အ‌ကြောင်းရင်းမှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆက်ဆံမှုများ ပြုလုပ်နေသရွေ့ ၎င်းမှာ သက်တမ်းတစ်လျှောက်လုံး တည်မြဲနေမည် ဖြစ်သောကြောင့်ပင်။

သို့သော် ထိလွယ်ရှလွယ်မှု အရှိဆုံးအရာများ ဖြစ်နေရသည့် အကြောင်းရင်းမှာမူ ထိုကဲ့သို့သော အပြန်အလှန် ဆက်ဆံ‌ရေးများမှာ အပေါ်ယံ အတုအယောင်များသာ ဖြစ်နေသောကြောင့်ပင်။ သို့ဖြစ်ရာ ၎င်းတို့မှာ အကျိုးမရှိနိုင်သည့်အပြင် တစ်ခါတစ်ရံတွင် မိမိကိုယ်ပါ ပြန်၍ ဒုက္ခပေးတတ်ပသည်။

ထို့ကြောင့်လည်း လှေပေါ်သို့ လူများခေါ်တင်ကာ မိတ်ဆွေဖွဲ့ရခြင်းမှာ ထင်သလောက် ရိုးရှင်းနေမည် မဟုတ်ပေ။ ထိုကဲ့သို့ မိတ်ဆွေဖွဲ့ပြီးသွားသည်နှင့် ထို ဆက်ဆံရေးများ ဆက်လက် တည်မြဲနေအောင် အမြဲမပြတ် အင်အားစိုက်ထုတ်နေရမည်သာ ဖြစ်သည်။

အကယ်၍ ဝမ်ပေါင်လဲ့မှာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှ ပါရမီရှင်အစစ်တစ်ယောက် ဖြစ်နေမည်ဆိုပါက ထိုကဲ့သို့ အင်အားစိုက်ထုတ်နိုင်ရန်မှာ သူ့အတွက် အပန်းမကြီးပေ။ သို့သော် သူသည် ထိုအဖွဲ့အစည်းများမှ မဟုတ်သည့် သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသည် မဟုတ်ပါလော။

သို့ဖြစ်ရာ သူ၏လက်ထဲတွင် ပိုင်ဆိုင်နိုင်သည့် ပစ္စည်းဥစ္စာများသာလျှင် သူ့အတွက် အလိုအပ်ဆုံး ဖြစ်ပေသည်။

ထို့ကြောင့် လီလင်းကျစ်တစ်ယောက် ဟန်ဆောင်ကာ နှမ်းဖြူးရန် ကြံနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှမပြောဘဲ ပြုံးသာပြုံးပြလိုက်၏။ ထိုအခါ လီလင်းကျစ်မှာလည်း ခွင့်ပြုချက်ရရှိသွားသောကြောင့် သူ့ကိုယ်သူ ကျေနပ်အားရစွာဖြင့် ရှေ့သို့ လှမ်းသွားလိုက်ပြီး လူများအား လှေပေါ်သို့ ဆွဲတင်နိုင်ရန် ကြိုးစားလိုက်တော့သည်။

သို့သော် နောက်ဆုံးရလဒ်မှာမူ သိသာထင်ရှားပေသည်။ သူသည် အောင်မြင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် လီလင်းကျစ်မှာ အနည်းငယ်ခန့် စိတ်ပျက်သွားရ၏။ အကယ်၍ သူသာ မအောင်မြင်ဘဲ ကျရှုံးသွားခဲ့မည်ဆိုပါက သူပြောခဲ့သည့် စကားများမှာ အနည်းငယ်ခန့် အကျိုးရှိနေနိုင်ဦးမည် ဖြစ်ပါသော်လည်း ၎င်းတို့မှာ သူ့အား မိတ်ဆွေအသစ်များ ဖွဲ့နိုင်လောက်သည့်အထိ ကူညီပေးနိုင်မည်တော့ မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာမူ ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် ရုတ်တရက် မေးလိုက်၏။

" မင်း ငါ့ကို သလင်းကျောက်နီ အတုံးဆယ်သန်း ပေးမလား။ အဲတာဆို မင်း အပြင်ဘက်က လူတွေကို လှေပေါ် အလကား တင်ပေးလို့ရအောင် ငါ ကူညီပေးမယ် " သူ၏ စကားများမှာ လီလင်းကျစ် ပြောခဲ့သည့် စကားများထက်ပင် အဆပေါင်းများစွာပို၍ ရက်စက်ကြမ်းကြုတ်နေ၏။ ထို့ကြောင့် လီလင်းကျစ်မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားရပြီး ချက်ချင်းဆိုသလိုပင် မျက်စိမျက်နှာ ပျက်သွား‌ရတော့သည်။ သူသည် မိတ်ဆွေအသစ်များ ဖွဲ့နိုင်ရုံအတွက်လောက်နှင့် သလင်းကျောက်နီ အတုံးဆယ်သန်း အကုန်ကျခံမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အေးစက်စက် နှာမှုတ်ကာ ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်ပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အပြင်ဘက်တွင် ရှိနေသည့်လူများအား လှမ်းပြောလိုက်တော့သည်။

" တာအိုရောင်းရင်းတို့။ ငါ မကူညီပေးချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့မှာ အဲလောက်ထိ ပိုက်ဆံမရှိလို့ပါ... "

သူသည် ထိုသို့ ပြန်ပြောခဲ့သည့်တိုင်အောင် အပြင်ဘက်ရှိ ပါရမီရှင်များ လီလင်းကျစ်အား ဆက်ဆံသည့်ပုံမှာ အနည်းငယ်ခန့် အေးစက်သွားသည်ကို အထင်အရှား မြင်နိုင်ပေသည်။ သူတို့ထဲတွင် ငတုံးငအများ တစ်ယောက်မှမပါကြပေ။ သို့ဖြစ်ရာ သူတို့မှာ လီလင်းကျစ်၏ အကြံအစည်အား ရိပ်မိထားခဲ့ပြီးသား ဖြစ်သည်။ အကယ်၍ လီလင်းကျစ်သာ အောင်မြင်သွားခဲ့မည်ဆိုပါက ကိစ္စမရှိပါသော်လည်း သူသာ ကျရှုံးသွားခဲ့လျှင်မူ သူတို့အတွက် လုံးဝအကျိုးရှိနိုင်မည် မဟုတ်ပေ။

ထို့အပြင် သူတို့ ထိုသို့ ဖြစ်သွားရခြင်းမှာ ဝမ်ပေါင်လဲ့၏ စကားများကြောင့်လည်း ပါပေသည်။

တစ်ချိန်ထဲမှာပင် သူ ကမ်းလှမ်းခဲ့သည့် စျေးနှုန်းမှာ အလွန်အင်မတန်မှ မြင့်မားနေခဲ့ပါသော်လည်း နောက်ဆုံးတွင် သူတို့မှာ လက်ခံလိုက်ရသည်သာ ဖြစ်သည်။ ထို့ကြောင့် သလင်းကျောက်နီ အတုံးတစ်သိန်းတန် အပေးအယူများ စတင် အသက်ဝင်လာ‌တော့သည်။

ဝမ်ပေါင်လဲ့မှာမူ လီလင်းကျစ်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် စိတ်ထဲတွင်သာ ခေါင်းယမ်းလိုက်၏။ အကယ်၍ လီလင်းကျစ်သာ သူ၏ ကမ်းလှမ်းချက်အား သဘောတူခဲ့မည်ဆိုပါက သူသည် လီလင်းကျစ်အား အလေးပေး၍ ဆက်ဆံလိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် လူထင်ကြီးအောင် လေလုံးထွားနေခဲ့ခြင်းသာ ဖြစ်ကြောင်း သိသာထင်ရှားပေသည်။

All Chapters