သင်္ကေတလေးခုဓားဝင်္ကပါ
Vol. 20 Ch. 277
လစန္ဓာဓားဂိုဏ်း၏ ဓားနည်းစနစ်ဖြစ်သည်။
ဟန်မူယဲ့က တာအိုတန်ခိုးရှင်၏ရင်ဘတ်တွင်ရှိသော နက်ရှိုင်းသည့်ဓားဒဏ်ရာကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ကျေးဇူးပါနတ်မိမယ်”
“ဓားလမ်းစဉ်ရဲ့ ဓားအင်မော်တယ်က တကယ်အစွမ်းထက်တာပဲ”
သူ့စကားကို ကြားလိုက်ရသောအခါတွင် အမျိုးသမီးကျင့်ကြံသူက အေးစက်စွာပြောသည်။
သူမ၏မျက်လုံးထဲတွင် လရောင်အလင်းများရှိနေပြီး ဟန်မူယဲ့ကိုကြည့်သည်။ သူမက တည်ငြိမ်စွာပြောသည်။
“ဓားအင်မော်တယ်ရဲ့ ဓားပါရမီက အရမ်းသန်မာတယ်လို့ပြောတယ်။ နင်က ငါတို့ လစန္ဓာဓားဂိုဏ်းရဲ့ ဓားနည်းစနစ်ကိုတောင် လေ့ကျင့်ထားသေးတယ်”
“နင်က လစန္ဓာဓားဂိုဏ်းနဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မဟာမိတ်အတွက် အဓိကအကျဆုံးအချက်ပဲလို့ ငါ့ဆရာက ပြောတယ်”
“နင်က အရည်အချင်းပြည့်မီလား ငါသိချင်တယ်”
ဟန်မူယဲ့က စကားမပြောနိုင်ခင် သူ့နောက်တွင် လတစ်စင်းထွက်လာသည်။
လရောင်သည် အေးစက်နေပြီး လူတစ်ယောက်ကို အေးခဲသွားစေနိုင်သည်။
ညအချိန်ဖြစ်သောကြောင့် ကြည်လင်နေသည့်လရောင်က ပိုမိုထင်ရှားနေသည်။
သို့သော်လည်း လရောင်ကို ချီးကျူးနေရန် အချိန်မရှိပေ။ ထိုအရာက လူတစ်ယောက်၏ဝိညာဉ်ကို ပြန့်ကျဲသွားစေနိုင်သော ဓားအလင်းဖြစ်သည်။
“လပြည့်လား”
ဟန်မူယဲ့က သူမကိုကြည့်လိုက်ပြီး ပြောသည်။
“လစန္ဓာဓားဂိုဏ်းရဲ့ လပြည့်က ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက်တပည့်လို့ကြားတယ်။ နတ်မိမယ်က လစန္ဓာဓားဂိုဏ်းရဲ့ သခင်မလေး ဝမ်ယွဲ့ဖြစ်လိမ့်မယ်ထင်တယ်”
လစန္ဓာဓားဂိုဏ်း၏ သခင်မလေးဝမ်ယွဲ့သည် ဓားတာအိုတွင် အလွန်သန်မာသောကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ သူမသည် ရွယ်တူကျင့်ကြံသူများထဲတွင် နာမည်ကြီးသော အမျိုးသမီးတစ်ဦးဖြစ်သည်။
သူမသည် ထိုက်ရီဓားဂိုဏ်း၏ စွန်းကျင်းရှစ်နှင့် တိုက်ခိုက်ပြီး ပြိုင်ဘက်ကင်းခဲ့သည်။
ထိုတိုက်ပွဲတွင် စွန်းကျင်းရှစ်က လက်လျော့ပေးခဲ့သည်ဟု တချို့ကပြောကြသည်။ ဝမ်ယွဲ့က ထိုတိုက်ပွဲ၌ အစွမ်းကုန်ထုတ်မသုံးခဲ့ကြောင်း တခြားလူများက ပြောကြသည်။
သို့သော်လည်း မည်သို့ပင်ဖြစ်နေပါစေ ဝမ်ယွဲ့၏ဓားကျင့်ကြံခြင်းက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်ကျင့်ကြံသူများကြားတွင် ထိပ်တန်းအဆင့်၌ ရှိနေသည်။
“အင်မော်တယ်ဟန်၊ ငါ့ဓားချက်ကို လက်ခံလိုက်ပါ”
ဝမ်ယွဲ့က ခပ်တိုးတိုးအော်ပြောသည်။ ဟန်မူယဲ့၏နောက်တွင်ရှိသော ဓားအလင်းက သူ့ကိုလွှမ်းခြုံသွားသည်။
လပြည့်ဓားနည်းစနစ်က ခမ်းနားလှသည်။
ဓားအလင်းက လူများကို ဖိနှိပ်ထားသည်။ ညသည် မှောင်မည်းနေသော်လည်း အလင်းရောင်ရှိသည်။
ဓားအလင်းက လှုပ်ရှားလာသလို ဟန်မူယဲ့ကလည်း လှုပ်ရှားလိုက်သည်။
သူက နောက်သို့လှည့်ပြီး ဓားမြှောက်သည်။ ထို့နောက် ရှေ့တွင် ရှိနေသောအလင်းတန်းကို ခုတ်ချပြီး ပေဒါဇင်နှင့်ချီသော နေရာသို့ ဆုတ်ခွာသွားသည်။
သူ့တိုက်ခိုက်မှုကို မြင်ရသောအခါတွင် ဝမ်ယွဲ့က မျက်မှောင်ကြုတ်ပြီး ဓားဖြင့် ချိန်ရွယ်လိုက်၏။
‘ဒီနည်းလမ်းမျိုးက ဓားအင်မော်တယ်နာမည်နဲ့ မထိုက်တန်ဘူး’ သူမ တွေးမိသည်။
လပြည့်ဝန်းသည် ဖျတ်ခနဲပျောက်ကွယ်သွားပြီး ဟန်မူယဲ့၏ခေါင်းထက်တွင် ပြန်ပေါ်လာသည်။
ဤတစ်ကြိမ်မှာတော့ ဓားအလင်းက အလွန်အေးစက်နေသည်။
အေးစက်နေသောအလင်းသည် ဟန်မူယဲ့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အေးခဲသွားစေသည်။
လပြည့်ဝန်းက ခန္ဓာကိုယ်ကို ဖျက်ဆီးရုံတင်မကဘဲ ဝိညာဉ်ကိုပါ အလင်းပေးနေသည်။
ထိုဓားချက်ကို ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့်သို့ရောက်နေသော ကျင့်ကြံသူများသည်သာ အသုံးချနိုင်သည်။
ဟန်မူယဲ့က လပြည့်ဝန်းကိုကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် ဓားအလင်းပုံရိပ်များ ဖြတ်ပြေးသွားသည်။
“ဓားဆန္ဒကို အခြေခံအုတ်မြစ်အနေဖြင့် ထားပြီး ချီစွမ်းအားကို အသက်သွင်းလိုက်တယ်။ ဒီဓားချက်က အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ”
“ဒါပေမဲ့ ဒီဓားချက်ကို ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့် ကျင့်ကြံသူတွေ မသုံးနိုင်ဘူး။ ကမ္ဘာမြေ ပြီးပြည့်စုံခြင်းအဆင့်မှာသုံးရင် အကောင်းဆုံးပဲ”
ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်ပြီး လက်မြှောက်သည်။ လပြည့်ဝန်းနှင့်တူညီသော ဓားအလင်းတစ်ခုသည် သူ့ခေါင်းထက်၌ ပေါ်လာသည်။
လပြည့်ဝန်း…
ထိုဓားချက်ကြောင့် ဝမ်ယွဲ့မှာ ကြောင်အသွားသည်။
‘သူက ဓားချက်ကိုကြည့်လိုက်ပြီး ဓားနည်းစနစ်ရဲ့ အဓိကအချက်ကို နားလည်နိုင်တယ်ပေါ့။ ဓားလမ်းစဉ်မှာ ဒီလိုပါရမီရှင်မျိုး တကယ်ပဲရှိနေတာလား’
‘ဒါက ဓားတာအို၊ ဓားလမ်းစဉ်၊ ဓားအင်မော်တယ်ရဲ့ အစစ်အမှန်စံနှုန်းလား’
ဝမ်ယွဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ လက်ညှိုးညွှန်လိုက်သောအခါတွင် လပြည့်ဝန်းက အောက်သို့ကျဆင်းလာသည်။
ဟန်မူယဲ့၏ လမင်းသည် ပြိုကွဲသွားသည်။
‘သူက ဟန်ရေးပြနေတာပဲ’
ဝမ်ယွဲ့က စိတ်သက်သာရာရသွားသည်။
‘ဒီလိုပဲဖြစ်သင့်တယ်။ ဓားကွက်ကိုကြည့်ပြီး ချက်ချင်းနားလည်နိုင်တဲ့ ဓားပါရမီရှင်မျိုး ဘယ်မှာရှိလို့လဲ’ သူမက တွေးသည်။
“ဟင်း…၊ လပြည့်ဝန်းက ရှုံးနိမ့်မှုတစ်ခုပဲ။ လပြည့်ဝန်းတစ်ခုက မှိန်ဖျော့လမင်းလောက် မကောင်းဘူး”
ထိုအချိန်၌ ဟန်မူယဲ့က ပြောသည်။
‘လပြည့်ပြီးရင် လဆုတ်ရက်ရောက်လာမယ်’
ပြိုကွဲသွားသော ဟန်မူယဲ့၏လပြည့်ဝန်းမှာ တစ်ခုက လပြည့်ဖြစ်ပြီး တစ်ခုက လခြမ်းဖြစ်သည်။
တောက်ပနေသောလမင်းသည် ချီစွမ်းအားများနှင့် ပြည့်နေသောအလင်းကို ထုတ်လွှတ်ပေးပြီး ဝမ်ယွဲ့၏လပြည့်ဝန်းကို တုန်ခါသွားစေသည်။ ဝမ်ယွဲ့၏လပြည့်ဝန်းက လရောင်ထဲတွင်ရှိသောစွမ်းအားကို တောင့်ခံနိုင်ပုံမရပေ။
တုန်ခါသွားသောလပြည့်ဝန်းကြောင့် ဝမ်ယွဲ့မှာလည်း တုန်ခါသွားသည်။ သူမ၏ဝိညာဉ်က သက်ရောက်ခံလိုက်ရပြီး မြင်ကွင်းများ မှုန်ဝါးသွားသည်။
ထိုအချိန်၌ သူမ၏တစ်ကိုယ်လုံးက အေးစက်လာပြီး မသိစိတ်အလျောက် နောက်ကိုဆုတ်မိသည်။
သို့သော်လည်း နောက်ကျသွားခဲ့သည်။
လခြမ်းကွေးသည် သူမ၏ဘေးသို့ ဖျတ်ခနဲရောက်လာပြီး ရင်ဘတ်ကိုပွတ်တိုက်၍ ပျောက်ကွယ်သွားသည်။
ကောင်းကင်ထက်မှ လပြည့်ဝန်းနှစ်ခုမှာလည်း ပျောက်ကွယ်သွားသည်။
ဝမ်ယွဲ့သည် နေရာမှာတင်ရပ်နေပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
လစန္ဓာဓားဂိုဏ်း၏ မာနကြီးသောတပည့်က တိုက်ပွဲရလဒ်ကိုလက်ခံရန် ခက်ခဲနေမည်ဖြစ်ကြောင်း ဟန်မူယဲ့နားလည်သည်။
သူက လစန္ဓာဓားဂိုဏ်း၏ဓားနည်းစနစ်ကို အသုံးပြုပြီး ဝမ်ယွဲ့ကို အနိုင်ယူခဲ့သည်။
“နတ်မိမယ်ဝမ်ယွဲ့၊ ခင်ဗျားတို့လစန္ဓာဓားဂိုဏ်းရဲ့ ဓားတာအိုအပေါ်မှာနားလည်မှုက အရမ်းလေးနက်တယ်။ လပြည့်ဝန်းဓားနည်းစနစ်ပဲဖြစ်ဖြစ် လခြမ်းဓားနည်းစနစ်ပဲဖြစ်ဖြစ်ပါ…”
ဟန်မူယဲ့က စကားပြောမပြီးခင် ဝမ်ယွဲ့က ဂရုမစိုက်စွာပြောသည်။
“အင်မော်တယ်ဟန်၊ မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ မထိသင့်တဲ့အစိတ်အပိုင်းတွေရှိတာကို မသိဘူးလား”
‘ထိတာလား’ သူတွေးမိသည်။
‘ငါက သူမကို ထိမိလို့လား’
‘ငါ့နတ်အာရုံနဲ့ ဓားချက်တချို့ထိသွားရုံပဲ မဟုတ်ဘူးလား’
‘အဲဒါက အတော်လေး ....’
“အဟမ်း၊ ကျွန်တော်စိတ်မကောင်းပါဘူး။ အလျင်စလိုဖြစ်သွားတယ်”
ဟန်မူယဲ့က ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ခေါင်းညိတ်သည်။
ဝမ်ယွီက နှာမှုတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကိုဖုံးကွယ်ရန် လက်မြှောက်၍ မီးခိုးရောင်ဝတ်ရုံကို ထုတ်ယူသည်။
သူမက ရွေးချယ်စရာမရှိပေ။ ဟန်မူယဲ့၏ဓားချက်က သူမအဝတ်အစား၏ အဓိကနေရာကို စုတ်ပြဲသွားစေသည်။
“ငါတို့ရဲ့ လစန္ဓာဓားဂိုဏ်းက ဂိုဏ်းကြီးကိုးဂိုဏ်းထဲကို ပြန်ဝင်ချင်တယ်”
ဝမ်ယွီက ခန္ဓာကိုယ်ကို ဖုံးကွယ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။
“ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြားမှာရှိခဲ့တဲ့ အငြင်းပွားမှုတွေကို ပယ်ဖျက်လိုက်မယ်”
ထို့နောက် သူမက ဟန်မူယဲ့၏ပြောစကားကို စောင့်မနေဘဲ လှည့်ထွက်သွားသည်။
သူမက သဘောထားကို ဖော်ပြရုံသာဖြစ်သည်။
အစစ်အမှန်ဆွေးနွေးမှုမျိုးကို သူမနှင့် ဟန်မူယဲ့က လုပ်ပိုင်ခွင့်မရှိပေ။
လစန္ဓာဓားဂိုဏ်း၏ခေါင်းဆောင်က ဟန်မူယဲ့ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအထိ ကာကွယ်ပေးရန်အတွက် ဝမ်ယွဲ့ကို လွှတ်လိုက်ခြင်းဖြစ်သည်။
ယခုအချိန်တွင်တော့ ဝမ်ယွဲ့က ဆက်နေရန် သတ္တိမရှိတော့ပေ။
အေးစက်နေသောဓားအလင်းက သူမ၏ခန္ဓာကိုယ်ကို ရှပ်ထိသွားသောကြောင့် သူမက မျက်နှာပူနေသည်။ လျင်မြန်စွာထွက်သွားလျှင် ပိုကောင်းပေလိမ့်မည်။
‘ဒီဓားအင်မော်တယ်က တခြားလူတွေကာကွယ်ပေးတာကို ဘာဖြစ်လို့ လိုအပ်နေမှာလဲ’
ဝမ်ယွဲ့ထွက်သွားသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး လက်မြှောက်သည်။ မီးပုံရှေ့မှာ တင်ပျဉ်ခွေထိုင်နေသော အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးမှာ အမှုန့်ဖြစ်သွားသည်။
လူအိုကြီး၏ခန္ဓာကိုယ်ကို အငြိုးအတေးများက ဝါးမြိုသွားခြင်း ဖြစ်သည်။ သူမြင်နေရသောခန္ဓာကိုယ်က ဗလာဖြစ်နေသော အခွံတစ်ခုသာဖြစ်သည်။
ဟန်မူယဲ့သည် လက်ရှိနေရာတွင် ဆက်နေရန် စိတ်မပါသောကြောင့် ဓားအလင်းတစ်ခုအဖြစ်ပြောင်းပြီး မိုင်တစ်ထောင်အကွာသို့ ပျံသန်းသွားသည်။ သူက ချောက်ကမ်းပါးတစ်ခုမှာ ရပ်တန့်လိုက်ပြီး ဝင်္ကပါအစီအရင်ကိုအသက်သွင်း၍ သူ့အငွေ့အသက်ကို ဖုံးကွယ်လိုက်သည်။
သူသည် လက်ထဲတွင် ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံးကို ကိုင်ထားပြီး ချီစွမ်းအားများက ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရစ်ဝဲနေသည်။
ဝိညာဉ်သွေးကြောထဲတွင်ရှိသော လှုပ်ရှားနေသည့် ချီစွမ်းအင်များကို အာရုံခံမိသောအခါတွင် ဟန်မူယဲ့က နဝင်းကိုးပါးရွှေကြာစေ့ဆေးလုံးကို ဖော်စပ်ရန် မစောင့်နိုင်တော့ပေ။
သူ့ကျင့်ကြံခြင်းပါရမီက အထွတ်အထိပ်သို့ရောက်သွားလျှင် ဝိညာဉ်သွေးကြောထဲတွင် ရှိနေသော ချီစွမ်းအားများသည် ပိုမိုတည်ငြိမ်စွာဖြင့် သန့်စင်နိုင်မည်။ ထိုသို့ဆိုလျှင် ချီစွမ်းအင်အများအပြားက သူ့ခန္ဓာကိုယ်ထဲ၌ ပျောက်ကွယ်မသွားတော့ဘဲ တည်ငြိမ်စွာအခြေချနိုင်လိမ့်မည်။
ချီစွမ်းအင်ကျင့်ကြံခြင်းကို ပြုလုပ်နေသောအချိန်မှာ ဟန်မူယဲ့၏လက်ဝါးပေါ်တွင် ဓားဆေးလုံးတစ်လုံးပေါ်လာသည်။
ထိုအရာက သူ့အတွက် စတုတ္ထမြောက် ဓားဆေးလုံးဖြစ်သည်။
ဓားအလင်းသည် တုန်ခါသွားပြီး ဓားဆေးလုံးလေးလုံးက သူ့ပတ်ပတ်လည်တွင် ပေါ်လာသည်။
“ကောင်လေးဟန်၊ သူ့ဓားနည်းစနစ်က အဆင့်တူတွေကို သတ်ဖြတ်နိုင်တယ်”
“ကြယ်သုံးစင်းဓားဝင်္ကပါက တကယ်တော့ ပြောင်းလဲမှုတစ်ခုပဲ။ အဲဒါက ကောင်ကင်စက်ဝန်းဓားဝင်္ကပါအတွက် အခြေခံအုတ်မြစ်ပဲ”
တာအိုဆရာတယန်ပေါ်လာပြီး ဟန်မူယဲ့၏ခေါင်းပေါ်တွင်ရှိသော ဓားဆေးလုံးလေးလုံးကိုကြည့်၍ သက်ပြင်းချသည်။
“သူ့ရဲ့ သင်္ကေတလေးခုဓားဝင်္ကပါက သူ့ထက်အဆင့်မြင့်တဲ့လူတွေကိုသတ်ဖို့ ထိပ်တန်းဓားကွက်တစ်ခုပဲ”
“မိုးပြာရောင်နဂါး၊ ကျားဖြူ၊ မီးငှက်နဲ့ လိပ်နက်တို့ရဲ့စွမ်းအားက အရပ်မျက်နှာလေးခုကို ဖိနှိပ်ထားတယ်”
တာအိုဆရာတယန်က စိတ်အားထက်သန်နေသောမျက်လုံးများနှင့်အတူ ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“မင်းက သူ့ရဲ့ သင်္ကေတလေးခုဓားဝင်္ကပါကို လေ့ကျင့်နိုင်ရင် အဌမအဆင့်ရွှေအမြုတေကျင့်ကြံသူတွေကတောင် မင်းကို တားနိုင်မှာမဟုတ်ဘူး။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတွေကို ထည့်တွက်နေစရာမလိုတော့ဘူး”
“ဒါပေမဲ့ အဲဒီဓားဝင်္ကပါက သိပ်မလွယ်ဘူး။ နှစ်တစ်ရာလောက်ကြာသွားရင် မင်းက အခြေခံအချက်တွေကို နားလည်နိုင်မှာပါ”
“သူက အဲဒီဓားနည်းစနစ်ကိုနားလည်ဖို့အတွက် နှစ်ပေါင်းသုံးဆယ်အချိန်ယူခဲ့ရတယ် ....”
တာအိုဆရာတယန်က အဆုံးထိမပြောလိုက်ရပေ။ ဓားဆေးလုံးလေးလုံးက သူ့ကို နှောင့်ယှက်ခဲ့သည်။
ဟန်မူယဲ့၏ခေါင်းထက်မှာ ဓားဆေးလုံးလေးလုံးက နတ်ဘုရားသားရဲလေးကောင်အဖြစ်ပြောင်းပြီး သူ့ကို ဝိုင်းရံထားသည်။
မိုးပြာရောင်နဂါး၏ကြေးခွံများသည် အစိမ်းရင့်ရောင်သန်းနေပြီး ငွေဖြူရောင်အရှိန်အဝါက လောက၏စွမ်းအားကို ဖော်ပြနေသည်။
ကျားဖြူသည် ငွေဖြူရောင်အလင်းများဖြင့်လွှမ်းခြုံနေပြီး နဖူးထက်တွင် ‘ဘုရင်’ ဟူသောစာလုံးမှာ ချီစွမ်းအင်များဖြင့် တလက်လက်တောက်ပနေသည်။
မီးငှက်သည် မီးတောက်သဖွယ်နီရဲနေသောခန္ဓာကိုယ်ရှိပြီး အမြီးရှည်ကြီးက မီးတောက်များနှင့်အတူ ကခုန်နေသည်။
လိပ်နက်၏ ခြေလေးဖက်သည် သံတိုင်များသဖွယ်ဖြစ်နေပြီး ကျောပေါ်တွင် ထူးခြားသောအင်းကွက်များ ရှိသည်။ သူ့တစ်ကိုယ်လုံးက မီးခိုးရောင်သန်းနေသည်။
နတ်ဘုရားသားရဲ သင်္ကေတလေးခုသည် အရပ်မျက်နှာအားလုံးကို ဖိနှိပ်ထားသည်။
တောရိုင်းထဲတွင် ရှိနေသော ကြမ်းတမ်းသည့်အငွေ့အသက်က ပေတစ်ရာအတွင်းတွင်ရှိသောဖုန်မှုန့်များကို ရပ်တန့်သွားစေသည်။
တာအိုဆရာတယန်သည် ပါးစပ်အဟောင်းသားဖြစ်နေပြီး ပြူးကျယ်နေသောမျက်လုံးများဖြင့် ဟန်မူယဲ့၏ခေါင်းထက်တွင် ရှိနေသော နတ်ဘုရားသားရဲလေးကောင်ကို ကြည့်နေသည်။
ထိုအရာက သင်္ကေတလေးခုဓားဝင်္ကပါဖြစ်သည်။
“ကျွန်တော်က တကယ်သိချင်မိတယ်။ ဓားဘုရင်ယွမ်ထျန်းက ချီစွမ်းအားကိုအသုံးပြုပြီး သင်္ကေတလေးခုဓားဝင်္ကပါကို အသုံးပြုခဲ့တာလား။ ဒါမှမဟုတ် သမာဓိစွမ်းအားကို သုံးခဲ့တာလား”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
သူစကားပြောပြီးသွားသောအချိန်တွင် ငွေရောင်ဝိညာဉ်စွမ်းအားဖြင့် အားဖြည့်ပေးထားသော နတ်ဘုရားသားရဲလေးကောင်က ချက်ချင်း ရွှေရောင်ပြောင်းသွားသည်။
ရွှေများထွက်ကျလာသကဲ့သို့ ရွှေအလင်းများတောက်ပနေသည်။
လေဟာနယ်ကို အစစ်အမှန်အဖြစ် စုစည်းခြင်း…
ထိုအချိန်၌ နတ်ဘုရားသားရဲလေးကောင်က အသက်ဝင်လာသကဲ့သို့ မျက်လုံးများတောက်ပနေသည်။