← Chapters

ပြိုင်စံရှားသူ

Vol. 20 Ch. 278

ပြိုင်စံရှားသူ

Vol. 20 Ch. 278

သို့သော်လည်း ထိုမြင်ကွင်းက တစ်ခဏသာခံလိုက်ပြီး ဟန်မူယဲ့က လက်ကိုဝှေ့ယမ်း၍ သင်္ကေတလေးခုဓားဝင်္ကပါကို ရုတ်သိမ်းလိုက်သည်။

သမာဓိစွမ်းအားကို ဓားဝင်္ကပါ၌ အသုံးပြုရန် ဖြစ်နိုင်သည်။

သမာဓိစွမ်းအားဖြင့်ဆိုလျှင် ဓားဝင်္ကပါ၏စွမ်းအားက နှစ်ဆတိုးလာလိမ့်မည်။

သို့သော်လည်း သမာဓိစွမ်းအား အများအပြားကုန်ဆုံးသည်။

ထို့ကြောင့် မလိုအပ်လျှင် ရရှိရန်ခက်ခဲသော သမာဓိစွမ်းအားများကို မသုံးသင့်ပေ။

ဟန်မူယဲ့သိထားသော အချက်အလက်များအရ အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖျူးရှပ်တာအို ကျင့်ကြံသူများက များသောအားဖြင့် ချီနှင့် နှလုံးသားကို ကျင့်ကြံသည်။ သူတို့က သမာဓိချီတစ်မျှင် ရရှိလာရန် ဆယ်စုနှစ်ချီအောင် ကျင့်ကြံရသည်။

အရိပ်အယောင်ဆန်ပြီး မမြင်နိုင်သောသမာဓိစွမ်းအားက တစ်ဆင့်ချင်းစီလေ့ကျင့်နိုင်သော ဝိညာဉ်စွမ်းအားနှင့် မတူပေ။

သမာဓိချီအကြောင်းကို တွေးမိသောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။

အငြိုအတေးများမှ သူရရှိလာသော သမာဓိချီက ကျောင်းတော်သားတစ်ယောက် နှစ်ပေါင်းသုံးဆယ်ကြာအောင် ခါးသီးစွာကျင့်ကြံရသော သမာဓိချီနှင့် တူညီသည်။

“အငြိုးအတေးဝင်္ကပါကို တည်ဆောက်လိုက်တဲ့ မိစ္ဆာကျင့်ကြံသူက ဝိညာဉ်နက်တောင်ကြားကနေ ရောက်လာတာမဟုတ်လား”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

တာအိုဆရာတယန်က ခေါင်းညိတ်သည်။

“အဲဒီလိုပဲထင်တယ်”

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်း‌လောကမှာ ထင်ရာစိုင်းနေတာ သူတို့ပဲရှိတယ်”

“ဝိညာဉ်နက်တောင်ကြားက အငြိုးအတေးနည်းစနစ်ကို အသုံးပြုခဲ့တာ မြင်ဖူးတယ်”

အငြိုးအတေးများ မည်သည့်နေရာမှ ရောက်လာသနည်း။

သတ်ဖြတ်ခြင်း…

အငြိုးအတေးများကို စုဆောင်းရန်အတွက် သတ်ဖြတ်ရသည်။

လူအိုကြီးဆီတွင် ရှိနေသော အငြိုးအတေးများက မရေမတွက်နိုင်လောက်သောသက်ရှိများကို သတ်ဖြတ်ပြီး ရရှိလာခြင်း ဖြစ်သည်။

‘လူတစ်ယောက်က ဒီလောက်သတ်နိုင်တယ်ဆိုရင် ဂိုဏ်းတစ်ဂိုဏ်းလုံးက ဘယ်လောက်သတ်နိုင်မလဲ’

ဟန်မူယဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူ့မျက်လုံးထဲမှာ နတ်ဘုရားအလင်းများ ဖြတ်ပြေးသွားသည်။

“အဲဒီလိုဂိုဏ်းမျိုးက ကျင့်ကြံခြင်းလောကမှာ ရှိမနေသင့်ဘူး”

အငြိုးအတေးများကိုစုဆောင်းရန်အတွက် သက်ရှိများအား သတ်ဖြတ်နေသောနည်းလမ်းကို ဟန်မူယဲ့ မုန်းတီးသည်။

လောကတွင်ရှိသော သက်ရှိတိုင်းက တူညီမှုမရှိသော်လည်း ထိုကျင့်ကြံခြင်းနည်းစနစ်မျိုးက တည်ရှိမနေသင့်ပေ။

“အရင်တုန်းက ဝိညာဉ်နက်တောင်ကြားကို ဖျက်ဆီးချင်တဲ့ဂိုဏ်းတွေ ရှိဖူးတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဘာမှဖြစ်မလာခဲ့ဘူး”

တာအိုဆရာတယန်က ခေါင်းခါပြီး ရယ်သည်။

“ဝိညာဉ်နက်တောင်ကြားမှာ အငြိုးအတေးစွမ်းအားတွေနဲ့ပြည့်နေတယ်လို့ ပြောတယ်။ အဲဒါက အနောက်ဘက်နယ်စပ်ကုန်းမြေ ခေတ်‌ဟောင်းရဲ့ စစ်မြေပြင်ပဲ”

“ဝိညာဉ်နက်တောင်ကြားရဲ့လူတွေက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ကျင့်ကြံသူတွေနဲ့ ဆက်သွယ်လေ့မရှိဘူး”

တာအိုဆရာတယန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မင်းကိုတိုက်ခိုက်ဖို့အတွက် သူတို့ကိုဖိတ်ခေါ်ခဲ့တာက ဖုန်းလင်ဓားဂိုဏ်းတစ်ဂိုဏ်းတည်းပဲ မဖြစ်နိုင်ဘူး”

“ဝိညာဉ်နက်တောင်ကြားက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကိုးဂိုဏ်းကြားမှာ နေရာလိုချင်နေတာဖြစ်လိမ့်မယ်”

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးကိုးဂိုဏ်းက အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေကြသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေက လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ‌တောင်ပိုင်းကုန်းမြေ၏အင်အားစုများ ဝင်ရောက်လာသည်။ ဂိုဏ်းကြီးကိုးဂိုဏ်း၏အနေအထားက ပြောင်းလဲသွားတော့မည်။ ဝိညာဉ်နက်တောင်ကြား၏အတွေးက ပုံမှန်ဖြစ်သည်။

ဂိုဏ်းကြီးကိုးဂိုဏ်းက နာမည်ကြီးရုံတင်မကဘဲ အမျိုးမျိုးသောအရင်းအမြစ်များအတွက်လည်း ပြိုင်ဆိုင်ကြရသည်။

“သူတို့က ဂိုဏ်းကြီးကိုးဂိုဏ်းရဲ့နေရာအတွက် အရည်အချင်းပြည့်မီလား”

ဟန်မူယဲ့က တောက်ပနေသောဓားချီများနှင့်အတူ ထရပ်သည်။

တာအိုဆရာတယန်က ကြောင်အသွားပြီး လျင်မြန်စွာပြောသည်။

“မင်း ဘာလုပ်ချင်နေတာလဲ”

ဝိညာဉ်နက်တောင်ကြားက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကဲ့သို့ ထိပ်တန်းဂိုဏ်းကြီးများနှင့် မယှဉ်နိုင်သော်လည်း ဂိုဏ်းကိုးဂိုဏ်းထဲသို့ဝင်ရောက်ရန် အဆင့်မီသည်။

ထို့အပြင် ထိုဂိုဏ်းထဲတွင် ထူးဆန်းသောတာအိုနည်းစနစ်များကို ကျင့်ကြံထားသည့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများရှိသည်။

“အဲဒီလိုမိစ္ဆာဂိုဏ်းမျိုးကို အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ကျင့်ကြံသူတွေက ဖျက်ဆီးပစ်သင့်တယ်”

ဟန်မူယဲ့က ကျယ်လောင်စွာပြောလိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

ဟူး…

ဓားအလင်းသည် ကောင်းကင်ထက်တွင် ဥက္ကာခဲတစ်ခဲကဲ့သို့ တောက်ပနေသည်။

ထိုအချိန်၌ အရှေ့အရပ်တွင် ဆည်းဆာရောင်များ တောက်ပလာသည်။

အရုဏ်တက်အချိန်ဖြစ်သည်။

“အဲဒါက အင်မော်တယ်ဟန်ပဲ”

“ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်ကို ပြန်နေတာမဟုတ်ဘူးလား။ ဘယ်ကိုသွားနေတာလဲ”

“သူက တိုက်ခိုက်မှုတွေကြောင့် အကူအညီမဲ့သွားပြီး တခြားနေရာက သွားချင်တာလား”

ဟန်မူယဲ့ကို အာရုံစိုက်နေသောလူများက အသံပြုလိုက်သည်။

“သူ့နောက်ကို လိုက်သွားရအောင်”

တစ်ယောက်က ပြောသည်။

“အင်မော်တယ်ဟန်က မတိုက်ခိုက်ချင်ဘူးဆိုရင် ငါက သူ့နေရာကို အစားထိုးပါရစေ”

တစ်ယောက်က ခပ်ဟဟရယ်ပြီး ဓားအလင်းဖြင့် ကောင်းကင်ပေါ်သို့ တက်သွားသည်။

ဟန်မူယဲ့က ဓားနှင့်အတူ ရှေ့ကနေဦးဆောင်ပြီး နောက်တွင် များပြားလှသောဓားအလင်းများ လိုက်လာကြသည်။

သူ့ရှေ့တွင် ဓားအလင်းတချို့ စောင့်ကြိုနေသည်။

“အင်မော်တယ်ဟန်၊ ခဏလောက်နေပါဦး”

“ဟန်မူယဲ့၊ ငါ့ဓားချက်ကို ကြည့်စမ်း”

“ငါက လင်တောက်တာအိုဂိုဏ်းရဲ့ဖုန်းရှန်စဲပဲ။ အင်မော်တယ်ဟန်ရဲ့လမ်းညွှန်မှုကို‌ တောင်းဆိုချင်ပါတယ်”

ဓားအလင်းက ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။

မနေ့က လမ်းပိတ်ခဲ့သောလူများနှင့် ဟန်မူယဲ့က တိုက်ခိုက်ခဲ့သည်။

သူတို့က ဟန်မူယဲ့၏ပြိုင်ဘက်မဟုတ်သော်လည်း ဉာဏ်အလင်း တစ်စနှစ်စခန့်တော့ ရရှိသွားကြသည်။

ဓားကျွမ်းကျင်သူတစ်များနှင့် ဓားနည်းစနစ်ဖလှယ်ခြင်းက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။

ယနေ့တွင်တော့ ပိုများသောလူများ ရှိနေသည်။

ဟန်မူယဲ့နှင့် အမှန်တကယ်တိုက်ခိုက်ချင်သောကြောင့်ဖြစ်စေ နာမည်ကြီးလာချင်သောကြောင့်ဖြစ်စေ တိုက်ခိုက်ရန် လူအများအပြားရှိနေသည်။

သို့သော်လည်း ယခုအချိန်တွင်တော့ ဟန်မူယဲ့က သူတို့နှင့် အချိန်မဖြုန်းချင်ပေ။

သူ့တွင် လုပ်စရာရှိသည်။

ဝိညာဉ်နက်တောင်ကြားကို ဖျက်ဆီးရမည်။

ထို့ကြောင့် သူက လမ်းပိတ်လာသောလူများကို ယဉ်ကျေးမနေတော့ပေ။

“ဓားကို ချလိုက်စမ်း”

အစိမ်းရောင်ကံကြမ္မာဓားကို ဆွဲထုတ်လိုက်လျှင် ဟန်မူယဲ့၏ဘေးတွင် အစိမ်းရောင်ဝိညာဉ်အလင်းအဖြစ် ပြောင်းသွားသည်။

တစ်ဖက်တွင် ခရမ်းမီးတောက်ဓားသည် ခရမ်းရောင်ချီအလင်းများဖြင့် တောက်ပနေသည်။

ခရမ်းရောင်နှင့် အစိမ်းရောင်ဓားများသည် အလင်းတောင်ပံများကဲ့သို့ ဟန်မူယဲ့ဆီမှ ပေတစ်ရာအထိ ဖြာထွက်လာသည်။

“ခလွမ် ....”

အစိမ်းရောင်ကံကြမ္မာဓားက ဓားကျင့်ကြံသူတစ်ယောက်၏လက်ထဲတွင်ရှိသောဓားကို ခုတ်ချလိုက်ပြီး သူ့ကို အောက်သို့ပြုတ်ကျသွားစေသည်။

တစ်ဖက်တွင် ခရမ်းမီးတောက်ဓားသည် ဖျတ်ခနဲပေါ်လာပြီး လူငယ်လေးတစ်ယောက်၏ခါးကို ခုတ်ချလိုက်သည်။ လူငယ်၏ခါးပတ်ကြိုးက ပြတ်တောက်သွားသည်။

ဓားက လျင်မြန်သည်။

ဓားတာအို၊ ဓားလမ်းစဉ်လောကမှာ ဓားဆယ်လက်တွင် ကိုးလက်က လျင်မြန်ကြသည်။

ဓားတာအို၊ ဓားလမ်းစဉ်၏ အထွတ်အထိပ်သို့မရောက်ခင်မှာ ဓားအလင်းကို ပုံသဏ္ဍာန်မဲ့သွားသည်အထိ လျင်မြန်စွာပစ်လွှတ်နိုင်လျှင် လုံလောက်သည်ထက်ပိုသည်။

ဝုန်း...

ဓားနှစ်လက်၏ ဓားအလင်းများက လေထုထဲမှာ သွယ်ယှက်သွားပြီး မီးနဂါးအဖြစ်ပြောင်းသွားသည်။

မီးနဂါးက အမြီးကိုလှုပ်ရှားလိုက်ပြီး နောက်တွင် ရှိနေသော ဓားကျင့်ကြံသူတစ်ယောက်ကို ရိုက်ချသည်။

ဟန်မူယဲ့သည် မျက်တောင်တစ်ခတ်အစာအချိန်အတွင်း၌ ဓားကျင့်ကြံသူဆယ်ယောက်ကျော်ကို အနိုင်ယူခဲ့သည်။

“သန်မာလိုက်တာ ....”

သိမ်မဝေးသောနေရာတွင် ဓားကျင့်ကြံသူလူငယ်တစ်ယောက်က တီးတိုးပြောသည်။

“ဘာလဲ။ နင်က ကြောက်လို့လား”

သူ့ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က တိုက်ခိုက်လိုစိတ်ပြည့်နေသောမျက်လုံးများဖြင့် ပြောသည်။

“ကြောက်တာလား”

လူငယ်က ရယ်လိုက်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ဟန်မူယဲ့ဆီသို့ ပြေးဝင်သွားသည်။

“ငါတို့လိုဓားကျင့်ကြံသူတွေက တိုက်ပွဲကို ဘာဖြစ်လို့ကြောက်ရမှာလဲ”

“အများဆုံးမှ ....”

မီးနဂါးက ပေါက်ကွဲသွားပြီး မီးတောက်များနှင့်အတူ လူငယ်ကို လွင့်စင်သွားစေသည်။

အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ငါက ပူးပေါင်းပြီးတိုက်ဖို့ ပြောမလို့ပါ”

....

ဟန်မူယဲ့သည် တစ်ရက်အတွင်း၌ မိုင်ပေါင်း ၂၃,၀၀၀အထိသွားခဲ့ပြီး ဓားအလင်းက ကျွမ်းကျင်သူ ၇၂ယောက်ကို အနိုင်ယူခဲ့သည်။

ဟန်မူယဲ့၏တိုက်ပွဲမှတ်တမ်းက နေမင်းသဖွယ် ကြီးကျယ်ခမ်းနားနေသည်။

ထို‌နေ့တွင် အနောက်ဘက်နယ်စပ်ကုန်းမြေက လှုပ်ခတ်သွားရသည်။

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် အကြီးအကဲများအားစုဝေးသော ခေါင်းလောင်းသံထွက်ပေါ်လာသည်။

လူ‌ရှေ့သိပ်မထွက်သော ဂိုဏ်းချူပ်ကျင်းကျီသည် အစည်းအဝေးပွဲကို ကိုယ်တိုင်ဦးဆောင်ခဲ့သည်။ ထို့နောက် များပြားလှသော ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်ကျွမ်းကျင်သူများက ဟန်မူယဲ့ကိုကြိုဆိုရန်အတွက် တောင်အောက်သို့ ဆင်းသွားကြသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကြီးကိုးဂိုဏ်းကလည်း လူငယ်ကျွမ်းကျင်သူများကို စေလွှတ်လိုက်ကြသည်။

တခြားဂိုဏ်းများ၏အမြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လှုပ်ရှားမှုက လေးနက်သောအဓိပ္ပာယ်ရှိသည်။

သူတို့က ဂိုဏ်းကိုးဂိုဏ်း၏ပြိုင်ပွဲမတိုင်ခင်တွင် ဓားနည်းစနစ်ကို လေ့ကျင့်နိုင်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်များက အပြင်သို့ ထွက်၍ အတွေ့အကြုံယူနိုင်သည်။

ထိုနေ့တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်ကျွမ်းကျင်သူများ ဂိုဏ်းမှထွက်လာကြသည်။

ထိုနေ့တွင် ရာချီနေသောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လူငယ်ကျွမ်းကျင်သူများက ဟန်မူယဲ့ကို တိုက်ခိုက်ရန်အတွက်မျှဖြင့် ထွက်လာခြင်းမဟုတ်ပေ။

သူတို့က တစ်ယောက်နှင့် တစ်ယောက် တွေ့သောအခါတွင်လည်း တိုက်ခိုက်ပေလိမ့်မည်။

ခွန်အားတူညီနေလျှင် မိတ်ဆွေဖြစ်လာမည်။

တစ်ဖက်လူ၏ဓားချက်ကို မတားဆီးနိုင်လျှင်တော့ ဂိုဏ်းသို့ပြန်ပြီး နှစ်အနည်းငယ်လေ့ကျင့်ပေလိမ့်မည်။

သုံးရက်အတွင်းတွင် ဟန်မူယဲ့သည် မိုင်ငါးသောင်းခန့် ပျံသန်းလာခဲ့ပြီး တိုက်ပွဲ၁၈၀ကို ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ သူ့ဓားကို အကြိမ်ပေါင်းငါးရာကျော်အောင် ဆွဲထုတ်ခဲ့သည်။

သူက ရှုံးပွဲမရှိသေးပေ။

ဟန်မူယဲ့က တူညီသောဓားနည်းစနစ်များကို တစ်ခါမှအသုံးမပြုကြောင်း လူတစ်ယောက်က တွက်ချက်ကြည့်ခဲ့သည်။

ဓားအင်မော်တယ်ဟန်၏ ဒုတိယဓားချက်ကို တားဆီးနိုင်သူမရှိကြောင်း လူတချို့က ပြောသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်ဓားကျင့်ကြံသူက နာမည်ကြီးနေသည်။

အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ထို့ပါ့ချန်က တလက်လက်တောက်ပနေသော ဆက်သွယ်ရေးကျောက်စိမ်းပေလွှာကို ကိုင်ထားပြီး မျက်မှောင်ကြုတ်နေသည်။

“အဲဒီကလေးက ဘာလိုချင်တာလဲ”

‘ဂိုဏ်းကိုးဂိုဏ်းကို အဆင့်သတ်မှတ်တော့မယ်။ သူက ခွန်အားကို ဖုံးကွယ်မထားဘူး။ လုံလောက်တဲ့ပြိုင်ဘက်မရှိဘူးလို့ ထင်နေတာလား’

“ဟားဟား… မင်းက သူ့ကို ထိန်းချုပ်နိုင်မယ်ထင်နေတာလား”

ထို့ပါ့ချန်၏ဘေးမှာ ငွေရောင်ဆံပင်များဖြင့် ကျင်းကျီက ပြုံးလျက်ပြောသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဓားကျင့်ကြံသူဖြစ်လာချင်ရင် ထက်မြက်မှုမရှိဘဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားကျင့်ကြံသူ…

ထို့ပါ့ချန်၏ခန္ဓာကိုယ်ထဲတွင် တိုက်ပွဲဆန္ဒတစ်ခုပေါ်လာသော်လည်း ပြန်လည်ဖိနှိပ်လိုက်သည်။

ထို့ပါ့ချန်က ကိုယ်ပိုင်ပါရမီနှင့် အကျင့်စရိုက်ကို ယုံကြည်သည်။

သို့သော်လည်း သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားကျင့်ကြံသူရာထူးကို မမျှော်လင့်ရဲပေ။

သူက ဟန်မူယဲ့ကို မြင့်မားစွာမျှော်လင့်ထားပြီး ကြိုးစား၍ကျင့်ကြံလျှင် ကောင်းကင်ထက်မှာ ပျံဝဲနိုင်လိမ့်မည်ဟု ယုံကြည်သည်။

သို့သော်လည်း ယခုအချိန်တွင်တော့ မဟုတ်သေးပေ။

“အများကြီးမတွေးနဲ့။ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လုံလောက်အောင်သန်မာဖို့ လိုသေးတယ်”

ကျင်းကျီ၏မျက်လုံးများက မှုန်မှိုင်းနေသော်လည်း ပိုမိုအသိဉာဏ်ရှိပြီး နက်ရှိုင်းနေသည်။

“မင်းက ကောင်းကင်ဘုံအဆင့်ကိုတက်နိုင်ရင် ပြဿနာတွေအားလုံး ပြေလည်သွားလိမ့်မယ်”

ကျင်းကျီက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ငါ့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ရှိပြီး အုပ်ချုပ်နေတာကို မြင်ချင်သေးတယ် ....”

ထို့ပါ့ချန်က သူ့ကိုလှည့်ကြည့်ပြီး ညင်သာစွာပြောသည်။

“အဲဒီနည်းလမ်းမရှိရင်‌တောင် ကျုပ်က ....”

သူ့စကားမဆုံးခင်မှာပဲ ကျင်းကျီက လက်မြှောက်၍ တားဆီးလိုက်သည်။

“နှစ်တစ်ရာ။ ဘယ်သူက ငါ့ရဲ့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို နှစ်တစ်ရာအချိန်ပေးမှာလဲ”

All Chapters