ချော့တစ်ခါ ခြောက်တစ်လှည့်
Vol. 31 Ch. 428
သားရဲတစ်သောင်းစံအိမ်သခင် ရင်ထဲတွင် တင်းကြပ်သွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကို သွားရောက်အကြောင်းကြားရန် ပြင်လိုက်သည်။ ချင်မူက သူ့ကို တားကာ ခေါင်းလှည့်ကြည့်လိုက်၏။ “ခဏလေး ထွက်သွားခိုင်းစရာ မလိုတော့ဘူး”
သားရဲတစ်သောင်းစံအိမ်သခင် အတန်ငယ် ကြောင်သွားသော်လည်း ဟူလင်းအာနှင့် စစ်ယွင်ရှန်းက ချင်မူဆိုလိုသည်ကို နားလည်သည်။ “ထွက်သွားခိုင်းနေလည်း မထူးဘူး။ မိုးလေဝသလက်နက်သာ အသက်ဝင်လာရင် ဘယ်သူမှ ထွက်ပြေးနိုင်မှာမဟုတ်ဘူး။ မြို့တော်ကို ပြေးရင်တောင်မှ ပေါက်ကွဲအားလှိုင်းကို ရှောင်နိုင်မှာမဟုတ်ဘူး။ ဒီလက်နက်မျိုးက တခဏအတွင်း မိုင်သောင်းပေါင်းများစွာ ဖြာထွက်သွားနိုင်တယ်။ စွမ်းအားအပြည့်အဝသာ ထုတ်လွှတ်လိုက်လို့ကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးကို လွှမ်းခြုံသွားနိုင်တယ်”
သားရဲတစ်သောင်းစံအိမ်သခင် ကျောရိုးတစ်လျှောက် စိမ့်အေးသွားသည်။
ကျစ်ကျင်းမြို့က နန်းစိုက်မြို့တော်ထံမှ မိုင်ပေါင်းများစွာ ကွာဝေးသော်လည်း ကပ်ဘေးမှ မလွှတ်နိုင်ဘူးတဲ့လော။
နံ့သာရေတွင်းထဲရှိ ဘူးသီးခြောက်ကြီးက မည်ကဲ့သို့လက်နက်မျိုးနည်း။
ချင်မူ အင်္ကျီကို သပ်သပ်ရပ်ရပ် လုပ်ပြီး အလျင်မလိုသော ခြေလှမ်းများဖြင့် နံ့သာရေတွင်းဆီသို့ လျှောက်သွားသည်။ စောစောက သူ အလျင်လိုနေခဲ့သော်လည်း ယခုတွင် စိတ်လက်ပေါ့ပါးသွားသည်။ “မြို့ထဲကလူတွေကို ထွက်မသွားခိုင်းနဲ့တော့”
စစ်ယွင်ရှန်း အံ့အားသင့်သွားသည်။
“မြို့ထဲကလူတွေက နတ်ဘုရားရဲ့ ဓားစာခံတွေပဲ။ သူတို့ကို ထွက်သွားခိုင်းလိုက်ရင် ဓားစာခံမရှိတော့တဲ့အတွက် နတ်ဘုရားက ဘူးသီးခြောက်ကို ချက်ချင်း အသက်သွင်းပြီး ကပ်ဘေးလွှတ်လိုက်လိမ့်မယ်” ချင်မူ ခပ်တိုးတိုး ပြောလိုက်သည်။
စစ်ယွင်ရှန်း တုန်ရီသွားပြီး သူ့ကို ကြည့်လိုက်မိသည်။
မိုးလေဝသလက်နက်များ၏ အားလှိုင်းက ပြင်းထန်လွန်းသည်။ အဘွားစစ်၏အိမ်တွင် စမ်းကြည့်ခဲ့ဖူး၍ သူတို့ ကောင်းကောင်းသိ၏။ ငလျင်ဒယ်အိုး၏ စွမ်းအားကို ရာနှုန်းပြည့်မလွှတ်ခဲ့သည့်တိုင် အားလှိုင်းများကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ရွာလူကြီးနှင့် ထိပ်သီးသိုင်းပညာရှင်များ ဒဏ်ရာရခဲ့ကြသည်။ ကျန်ခဲ့သည့် အားလှိုင်းက မိုင်တစ်ရာကျော်အထိ ဖြာထွက်သွား၍ တောင်တန်းများပင် ယိမ်းခါသွားခဲ့သည်။
နံ့သာအိုးထဲရှိ မိုးလေဝသလက်နက် အသက်ဝင်လာလျှင် ကျစ်ကျင်းမြို့က ပေါက်ကွဲအားလှိုင်း၏ ဗဟိုချက်ဖြစ်မည်။ ထို့ကြောင့် ကျစ်ကျင်းမြို့ထဲရှိ လူများအနေဖြင့် သေသည့်အချိန်တွင် နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။
အဟွတ် အဟွတ်
နံ့သာရေတွင်းအနားမှ နတ်ဘုရား၏ ချောင်းဆိုးသံ ထွက်လာသည်။ အသံအရ ဟန်လုပ်ဆိုးပြနေခြင်း မဟုတ်ပေ။ နတ်ဘုရား၏ခန္ဓာကိုယ်က အမှန်တကယ် အားနည်းနေသည်။ ချောင်းဆိုးသံအနောက်မှ သရော်တော်တော် ပြောလိုက်သံ ထွက်လာသည်။ “ကောင်လေး၊ မင်းက ဒီအထိတောင် လိုက်တာတာပဲ။ ငါ ဒီမိုးကြိုးငါးသွယ်အိုးကို အသက်သွင်းလိုက်မှာ မကြောက်ဘူးလား”
“မိုးကြိုးငါးသွယ်အိုး ဟုတ်လား” ချင်မူ လှေကားထစ်များအတိုင်း တက်ရင်း နံ့သာရေတွင်းဆီသို့ လျှောက်သွားသည်။ သူ့အနောက်မှ ကောင်းကင်ရေနဂါးမင်းက လိုက်လာသည်။ “ဒီရတနာက မိုးကြိုးငါးသွယ်အိုးလို့ ခေါ်တာလား။ အထဲမှာ ဘယ်လိုမိုးကြိုးငါးသွယ် ရှိနေတာလဲ မေးလို့ရမလားဗျ”
ကောင်းကင်ရေနဂါးမင်းက ရှေ့တူရူရှိ ခြံဝင်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်က သေးငယ်သွားပြီး အပြာရောင်ဝတ်ရုံ ဝတ်ထားသော လူငယ်အသွင် ပြောင်းလိုက်၏။ သူ၏ရုပ်သွင်က အတန်ငယ် တင်းမာခက်ထန်နေသော်လည်း ကြည့်ရမဆိုးလှပေ။
နဂါးချီလင်လည်း ခန္ဓာကိုယ်ကို လှုပ်ခါပြီး ဗိုက်ချပ်လိုက်သော်လည်း ဗိုက်ကြီးက ဘူခနဲ ပူထွက်လာပြန်သည်။ ဟူလင်းအာက မျက်နှာကို ကမန်းကတန်း ကာ၍ ပြောလိုက်သည်။ “ဖက်တီးနဂါး၊ ငါ့ကို မမကြီးလင်းအာလို့ မခေါ်နဲ့တော့။ နင့်အစား ငါ ရှက်တယ်...”
ကျန်ရေနဂါးများလည်း အစွယ်များ၊ လက်သည်းများ ထုတ်ကာ မာဟာမာဟာ ဟု အော်နေကြသည်။ သူတို့လည်း ခန္ဓာကိုယ်များ လှုပ်ခါကြသော်လည်း တစ်ကောင်မှ လူအသွင်မပြောင်းကြပေ။ ထိုအစား ဗိုက်ကို ချပ်ကာ ဘူခနဲ မြည်အောင် ပြန်လွှတ်လိုက်ကြသည်။
‘ဒီကောင်တွေ သခင်လေး မွေးလိုက်ကတည်းက တော်တော်လေး ဝလာကြတယ်။ ဗိုက်လေးတွေအကုန်လုံး ပူထွက်နေတာပဲ’ ဟူလင်းအာ နဂါးများကို အလေးအနက် ကြည့်ကာ တွေးလိုက်မိသည်။ “အခုကစပြီး သူတို့ကို ဝိတ်ချခိုင်းဖို့ သခင်လေးကို သတိပေးရမယ်’
နဂါးထိန်းဧကရာဇ်က ရေနဂါးအုပ်ကို တိုက်ခိုက်ရေးအတွက်သာ မွေးထားပြီး တစ်ခါမှ တပည့်အဖြစ် မဆက်ခံဖူး၍ ရေနဂါးများမှာ လူအသွင်မပြောင်းတတ်သလို၊ လူစကားလည်း မပြောတတ်ပေ။
ချင်မူ အားလုံးကို ခေါ်ကာ လှေကားထစ်များအတိုင်း တက်သွားသည်။ သူတို့အရှေ့၌ ပေါ်လာသည့် ခြံဝင်းက အလွန်ကြီးမား၏။ ခြံဝင်း၏ အလယ်တည့်တည့်တွင် ကျစ်ကျင်းမြို့၏ ထင်ရှားကျော်ကြားသော နံ့သာရေတွင်း ရှိသည်။
နံ့သာရေတွင်းသည် သမိုင်းဝင်နေရာတစ်နေရာ ဖြစ်၏။ ကောလဟာလများအရ ဤမြေသည် တစ်ခါတုန်းက စွန့်ပစ်ထားသည့်မြေ ဖြစ်သည့်အတွက် စစ်သားများလက်တွင်းမှ ထွက်ပြေးလာသူတစ်စု ဤနေရာသို့ ရောက်လာသောအခါ သောက်စရာရေ မရှိ၍ ရေငတ်သေခဲ့ကြရ၏။ အသက်ရှင်ကျန်ခဲ့သူများက ကောင်းကင်ဘုံကို တိုင်တည်ဆုတောင်းလိုက်ကြရာတွင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ မြေကြီးက ဝဲကဲ့သို့ လည်သွားပြီး အက်ကွဲကြောင်းများ ပွင့်ထွက်လာကာ ရေတွင်းတစ်တွင်း ဖြစ်ပေါ်လာသည့်အပြင် ရေက အလွန်နှစ်သက်ဖွယ်ကောင်းသော မွေးရနံ့လည်း ရှိသည်။ ထို့ကြောင့် နံ့သာရေတွင်းဟု အမည်တွင်လာခြင်းဖြစ်၏။
နံ့သာရေတွင်း၏ ပတ်ပတ်လည်တွင် အုတ်တံတိုင်းခြံဝင်းတစ်ဝင်း ရှိသည်။ ပုံမှန်ဆိုလျှင် ကောင်းကင်နတ်သိုင်းပညာရှင်များစွာ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေသည်ကို တွေ့ရလိမ့်မည်။ သို့သော် ယခုတွင် ထိုကောင်းကင်နတ်သိုင်းပညာရှင်အားလုံး မြေကြီးပေါ်တွင် တုံးလုံးပက်လက် အိပ်ပျော်နေကြသည်။ နတ်ဘုရား၏ လက်ချက်ဖြစ်ကြောင်း သိသာပေသည်။
“မိုးကြိုးငါးသွယ်ဆိုတာ အရှေ့၊ အနောက်၊ တောင်၊ မြောက် နဲ့ အလယ်ဆိုပြီး အရပ်မျက်နှာအလိုက် နာမည်ခွဲထားတာမျိုးပဲ။ မိုးကြိုးငါးသွယ်အိုးက အရပ်ငါးမျက်နှာမှာ မိုးကြိုးတိမ်တိုက်ငါးခု ဖွဲ့တည်ပေးလိမ့်မယ်”
ချင်မူ ခြံဝင်းထဲသို့ လျှောက်ဝင်လိုက်သည့်အခါ နံ့သာရေတွင်းကို မမြင်ရပေ။ ဧရာမရတနာကြီး ထိုးထွက်လာခြင်းကြောင့် ရေတွင်းမှာ ပျက်စီးပြိုကွဲသွား၏။ ရတနာက ဘူးသီးခြောက်အစစ် မဟုတ်ဘဲ ကျောက်စိမ်းဖြင့် ဘူးသီးခြောက်အသွင် ထုဆစ်ထားခြင်းဖြစ်သည်။ ၎င်းသည် ဆယ့်ငါးကိုက်ခန့် မြင့်မားပြီး မျက်နှာပြင်ထက်ရှိ သင်္ကေတအမှတ်အသားများမှာ တိမ်တိုက်များနှင့် တူသော်လည်း တိမ်တိုက်မဟုတ်၊ နဂါးများနှင့် တူသော်လည်း နဂါးမဟုတ်၊ မိုးကြိုးနှင့် တူသော်လည်း မိုးကြိုးမဟုတ်ပေ။
ကျောက်စိမ်းဘူးသီးခြောက်၏ အောက်တွင် သနားစဖွယ်အခြေအနေရှိသော ချိုတစ်ချောင်းနှင့် လူတစ်ယောက် ထိုင်နေသည်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေသည်သာမက အရိုးတချို့က အသားကိုပင် ထိုးခွဲ၍ အပြင်ငေါထွက်နေသည်။ အမှန်ပင် ကြည့်ရဆိုးလှ၏။
သူ့ခြေထောက်မှာလည်း ကြိတ်ဆုံထဲ ထည့်ထောင်းထားသကဲ့သို့ စိစိညက်ညက် ကျိုးကြေနေသည်။ အသားလည်း ပုပ်နေပြီဖြစ်သည်။
ချင်မူ စိတ်မကောင်းဖြစ်သွား၍ စိတ်ပူစွာ မေးလိုက်မိသည်။ “နောင်ကြီး သက်သာရဲ့လား”
“မင်းပဲ ရိုက်ထည့်လိုက်တာ မဟုတ်ဘူးလား။ ပြောလေ သက်သာမယ်ထင်လား”
ချိုတစ်ချောင်းနှင့်လူက သူ့ကို တစ်ချက်ကြည့်ပြီး ဘုနှင့်ဘောက် ပြန်ပြောသည်။ ချင်မူက လခြမ်းပဲ့ကြီးဖြင့် ရိုက်ချလိုက်၍ သူ ယခုလို ခြေကျိုးသွားခြင်းဖြစ်သည်။ ထိုမျှနှင့်တင် မကျေနပ်နိုင်သေးဘဲ မြို့ထဲအထိ လိုက်လာပြီး ‘သက်သာရဲ့လား’ ဟု အရှက်မရှိ မေးရဲသေး၏။
ချင်မူ မျက်နှာပူသွား၍ တောင်းလျှိုးပန်လျှိုး ပြုံးပြလိုက်သည်။ “သမားတော်တစ်ယောက်ဆိုတာ လူနာကို ကိုယ့်မိဘလို သဘောထားပြီး ကုပေးရပါတယ်။ အမှန်တိုင်းပြောရရင် ဒီညီလေးက ဆေးပညာကို သင်ဖူးတဲ့အပြင် နတ်ဆေးသမားတော်လေးလို့လည်း ကျော်ကြားပါတယ်။ ကျွန်တော်က အရမ်းသနားတတ်တယ်ဗျ၊ ဒဏ်ရာရထားတဲ့သူ တွေ့ရင် မနေနိုင်ဘူး ကုပေးချင်တာ။ အခု နောင်ကြီးရဲ့ဒဏ်ရာတွေကို မြင်တော့ ကုပေးချင်တဲ့စိတ်တွေ တဖွားဖွား ဖြစ်လာရပါတယ်။ နောင်ကြီး ဒီညီလေးကို ယုံပေးနိုင်ရင်...”
“မယုံဘူး” ချိုတစ်ချောင်းနတ်ဘုရားက သူ့ကို သရော်သလို ကြည့်သည်။ “ဆက်မပြောနဲ့တော့။ ဒီမိုးကြိုးငါးသွယ်ဒယ်အိုးထဲမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ မိုးကြိုးငါးသွယ် ကိန်းဝပ်နေတယ်။ မိုးကြိုးတိမ်တိုက်တွေထဲမှာ မီးခေါင်းလောင်း ကောင်းကင်လက်နက်တွေလည်း ပါတယ်။ ခေါင်းလောင်းတစ်ချက် မြည်တာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး မီးလောင်တိုက်သွင်းပြီးသား ဖြစ်သွားလိမ့်မယ်။ မင်းက ဒီအထိတောင် လိုက်လာတာဆိုတော့ ငါ မိုးကြိုးငါးသွယ်ဒယ်အိုးကို အသက်သွင်းမှာ မကြောက်ဖူးလား”
ချင်မူ ရှေ့တိုးသွားပြီး မိုးကြိုးငါးသွယ်ဒယ်အိုးကို မှီလိုက်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။ “မကြောက်ဘဲ ဘယ်နေပါ့မလဲဗျာ။ ဒါပေမဲ့ ကျွန်တော် လိုက်မလာရင်တောင် နောင်ကြီးက မိုးကြိုးငါးသွယ်ဒယ်အိုးကို အသက်သွင်းဦးမှာပဲမဟုတ်လား။ ဒီအိုးတင်မကဘူး ကျန်တဲ့ မိုးလေဝသလက်နက်တွေကိုလည်း အသက်သွင်းမှာပဲလေ။ ဒီမိုးကြိုးငါးသွယ်ဒယ်အိုးလောက်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးကို မသတ်နိုင်ပေမယ့် ကျန်တဲ့မိုးလေဝသလက်နက်တွေကိုလည်း အသက်သွင်းလိုက်ရင်တော့ ကမ္ဘာတောင် ပျက်သွားနိုင်တယ်။ ခဏ ... နောင်ကြီးကို ဘယ်လိုခေါ်ရမလဲ”
ချိုတစ်ချောင်းနတ်ဘုရားက ကောင်းကင်ရေနဂါးမင်းဖြစ်သည့် လူငယ်ကို ကြည့်လိုက်ရာ ကောင်းကင်ရေနဂါးမင်းက ချင်မူ့အား ပြောလိုက်သည်။ “သခင်ကြီး၊ သူက အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားပိုင်ရှီပါ”
“နောင်ကြီးပိုင်ရှီ” ချင်မူက အလေးအနက် ပြောလိုက်သည်။ “နောင်ကြီး မိုးကြိုးငါးသွယ်အိုးကို ချက်ချင်း အသက်မသွင်းသေးတာကို ကြည့်ရင် ဆွေးနွေးလို့ရသေးတယ်လို့ ဆိုလိုတယ်မလား။ ကျွန်တော်တို့ ဆွေးနွေးကြရင် မကောင်းဘူးလား”
နတ်ဘုရားပိုင်ရှင်၏ မျက်လုံးနှစ်လုံးက တစ်လုံးနှင့်တစ်လုံးအကြား ပုံမှန်ထက် ပိုကွာပြီး သေးသေးဝိုင်းဝိုင်းဖြစ်သည်။ “ပြောကြည့်”
“နောင်ကြီး မဟာမြို့ပျက်ကို သွားပြီး ကျောက်ရုပ်တုအသွင် ပြောင်းလိုက်ပါ။ ဒါဆို အသက်ရှင်မယ်” ချင်မူက ပြုံးလျက် ပြောလိုက်သည်။
နတ်ဘုရားပိုင်ရှီက ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးဖြင့် တဟားဟား ထရယ်သည်။ သူက သရော်တော်တော် ပြောလိုက်၏။ “မင်းလို ကောင်စုတ်လေးက ငါ့ကို ကျောက်ရုပ်တုအဖြစ် ပြောင်းခိုင်းနေတယ်တဲ့လား။ ငါက အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားကွ။ မင်းပြောတဲ့အတိုင်း လုပ်လိုက်ရင် ငါက တစ်လောကလုံးက လူတွေကြားမှာ ဟာသကြီး ဖြစ်မသွားဘူးလား”
ချင်မူ စွမ်းအင်ဆေးတစ်အိုး ဖော်၍ သူ့ကိုယ်သူ ကုသကာ အသက်ဓာတ် ပြန်လည်ဖြည့်တင်းလိုက်သည်။ “ဒါဆို နောင်ကြီး ပြောကြည့်ပါ”
“ငါ မိုးကြိုးငါးသွယ်အိုးကို အသက်သွင်းမယ်။ ကျန်တဲ့ မိုးလေဝသလက်နက်တွေကို မထိစေချင်ရင် မင်း ငါ့ကို လွှတ်ပေးရမယ်”
ချင်မူ စွမ်းအင်ဆေးလုံးများ စားကာ အားနည်းနေသောအသံဖြင့် ပြောလိုက်သည်။ “အဆင်မပြေဘူး”
နတ်ဘုရားပိုင်ရှီ၏ မျက်လုံးသေးသေးလေးများ ကျဉ်းမြောင်းသွားသည်။ “ငါ့ကို ပြန်လမ်းမရှိအောင် ဖိအားမပေးနဲ့။ အထက်က နတ်ဘုရားတွေ ပေးလိုက်တဲ့တာဝန်အတိုင်း မလုပ်နိုင်ရင် ငါ အသက်ရှင်မှာမဟုတ်ဘူးကွ။ မင်း ငါ့ကို မိုးကြိုးငါးသွယ်အိုးကို အသက်သွင်းခွင့်ပေးပြီး အလွှတ်ပေးရင်ပေး၊ မပေးရင် ငါ ဒါကို အသက်သွင်းပြီး မင်းနဲ့ မသေမချင်း တိုက်ခိုက်မယ်။ ငါ သေရင် မင်းတို့တွေကိုပါ အတူခေါ်သွားမယ်”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “နောင်ကြီး ကျွန်တော်တို့ကို ခေါ်မသွားနိုင်ပါဘူး”
ပိုင်ရှီ တဟားဟား ရယ်နေသည့်အချိန်တွင် ချင်မူက ရှင်းအန်ဆီမှ ခိုးထားသည့် ခြေလက်များကို အစစ်အမှန်နဂါးသိုက်၏အပြင်သို့ ထုတ်လိုက်သည်။ သူက အစိတ်အပိုင်းများကို ဆက်ပြီး ခေါင်းလေးလုံးနှင့် လက်များစွာရှိသော မိစ္ဆာနတ်ဘုရားပုံစံ ဖော်လိုက်၏။ “နောင်ကြီးပိုင်ရှီ၊ ကျွန်တော့်မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီး ရှိတယ်။ နေရာရွှေ့ပြောင်းပညာလည်း တတ်တဲ့အပြင် ဆင့်ခေါ်ပညာကိုလည်း သိတယ်။ ဒီခန္ဓာကိုယ်က ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကြီးအတွက်ပဲ။ နောင်ကြီး ကျွန်တော့်အဆိုကို သဘောမတူရင် တုထျန်းကမ္ဘာကနေ သူ့ကို ခေါ်လိုက်မယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်စရာတောင် လိုမှာမဟုတ်ဘူး။ ဘာကြောင့်လဲသိလား သူက အသက်လေးတစ်ချက် ရှူလိုက်ရုံနဲ့ နောင်ကြီးကို သတ်ပစ်နိုင်လို့ပဲ”
နတ်ဘုရားပိုင်ရှီ၏ အကြည့်က ခေါင်းလေးလုံးနှင့် လက်များစွာရှိသော ခန္ဓာကိုယ်အပေါ် ရောက်သွားသည်။ သူ့မျက်လုံးများ ပို၍ပင် သေးငယ်သွား၏။ “မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။ မင်းလို ကောင်လေးက မိစ္ဆာနတ်ဘုရားနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ”
ချင်မူ ပြုံးလိုက်ပြီး အရိုးဖြူပလ္လင်တစ်ဆူနှင့် မိစ္ဆာနတ်ဘုရား သစ်သားရုပ်တစ်ရုပ်ကို ထုတ်လိုက်သည်။ တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီရင်ဖြင့် ပလ္လင်ကို မန်းမှုတ်လိုက်သည့်အခါ တခဏကြာသော် မိစ္ဆာလေတစ်ချက် တိုက်ခတ်လာပြီး မိစ္ဆာချီငွေ့များ အလိပ်လိပ် ထလာ၏။ မှော်သင်္ကေတအမှတ်အသားမျိုးစုံက မိစ္ဆာနတ်ဘုရား သစ်သားရုပ်အပေါ်တွင် လင်းလက်လာသည်။
နတ်ဘုရားပိုင်ရှီ၏ အမူအရာ အတန်ငယ် ပြောင်းလဲသွားပြီး သူက ကမန်းကတန်း ပြောလိုက်သည်။ “ရပ် ၊ ရပ် မခေါ်နဲ့တော့ ငါ ယုံပြီ”
ချင်မူ ချက်ချင်း ရပ်လိုက်ကာ သက်ပြင်းခိုးချမိလိုက်သည်။ ဆက်လက်ဆင့်ခေါ်လိုက်၍ တုထျန်းမိစ္ဆာဘုရင်ကို ဆက်သွယ်မိလျှင်တောင်မှ တုထျန်းမိစ္ဆာဘုရင်က သူ့ကို အဖက်လုပ်မည်မဟုတ်ပေ။
တုထျန်းမိစ္ဆာဘုရင်မှာ သူ့အပူနှင့်သူ ဖြစ်သည့်အပြင် သတ္တိလည်း နည်းသည်။ ပြန်သွားကတည်းက ချင်မူ့ကို ယောင်၍ပင် မဆက်သွယ်ခဲ့ပေ။ ဤကမ္ဘာသို့ ဘယ်သောအခါမှ ပြန်လာမည်မဟုတ်ဟုလည်း ပြောသွားခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မိုးလေဝသလက်နက်များနှင့်အတူ နတ်ဘုရားရုပ်တုများ ပေါ်လာသည်ကို တုထျန်းမိစ္ဆာဘုရင် သိသွားပါက အရိပ်အယောင်ပင် ပြမည်မဟုတ်ပေ။
ချင်မူ သစ်သားရုပ်ကို သိမ်း၍ အစိတ်အပိုင်းများ ဆက်ထားသော ခန္ဓာကိုယ်ကို ပလ္လင်ပေါ် တင်ကာ ပြုံးလိုက်သည်။ “အခု ပြောလို့ရပြီလား”
နတ်ဘုရားပိုင်ရှီ၏ မျက်နှာက မည်းမှောင်နေသည်။ သူက အတန်ငယ် တွက်ချက်ပြီးသောအခါ အံတင်းတင်းကြိတ်လိုက်၏။ “အထက်ကောင်းကင်ဘုံမှာ ငါ့အမျိုးနွယ်တွေ ရှိတယ်။ ဒီတာဝန်ကို အပြီးမသတ်နိုင်ရင် ငါ့တစ်မျိုးနွယ်လုံး အသုတ်သင်ခံရမှာ။ သူတို့ကို ခေါ်ထုတ်ဖို့ အထက်ကောင်းကင်ဘုံဆီ ပြန်ဖို့လိုတယ်”
“သခင်ကြီး သူ့ကို မယုံပါနဲ့” ကောင်းကင်ရေနဂါးမင်းက ခပ်တိုးတိုး ကပ်ပြောသည်။ “အထက်ကောင်းကင်ဘုံမှာ သူ့အမျိုးနွယ်တွေ ရှိတာ ဟုတ်ပေမယ့် အထက်ကောင်းကင်ဘုံက လာချင်တိုင်းလာ၊ သွားချင်တိုင်း သွားလို့ရတဲ့ နေရာ မဟုတ်ပါဘူး။ ဧည့်ကြိုအရာရှိဆိုတဲ့ နတ်ဘုရားတစ်ပါး ရှိတယ်။ သူ့ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ ဝင်လို့ထွက်လို့ မရဘူး”
ချင်မူ ပြုံးလိုက်သည်။
နတ်ဘုရားပိုင်ရှီ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားပြီး သူက သရော်တော်တော် ပြောလိုက်၏။ “နဂါးထိန်းဧကရာဇ်က ဘယ်လိုလုပ်ပြီး မင်းလို သစ္စာဖောက်ကို မွေးထားတာလဲ”
ကောင်းကင်ရေနဂါးမင်းက သူ့ကို သရော်တော်တော် ပြန်ပြောသည်။ “နဂါးဧကရာဇ်သာ သခင်ကြီးကို အညံ့မခံခဲ့ရင် ငါက ဘယ်လိုလုပ် သစ္စာဖောက်ဖြစ်မှာလဲ”
နတ်ဘုရားပိုင်ရှီ တအံ့တဩ အော်လိုက်မိသည်။ “နဂါးထိန်းဧကရာဇ်က သူ့ကို အညံ့ခံလိုက်ရတာလား”
“နောင်ကြီးလိုပဲ နဂါးထိန်းဧကရာဇ်လည်း ကျွန်တော့်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတော့ အညံ့ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး ဖြစ်သွားတာပါ” ချင်မူက ပြုံးရယ်လျက် ပြောလိုက်သည်။ “သူနဲ့ ဆွေးနွေးတုန်းကလည်း ကျွန်တော် အတော်လေး ရက်ရောခဲ့ပါတယ်။ မာန်ဟုန်မြစ်ရဲ့ နဂါးမင်း လုပ်ပေးဖို့ ကမ်းလှမ်းလိုက်တာလေ။ နှစ်စဉ်နှစ်တိုင်း မြစ်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ လူတွေ၊ သင်္ဘောပျက်ပြီး သေကြတဲ့လူတွေ အများကြီးဆိုတော့ သူ ဝဝလင်လင်လည်း စားရတယ်။ ပြီးတော့ မြစ်ကမ်းဘေးမှာ သူ့ကို ကိုးကွယ်တဲ့ နဂါးမင်းကျောင်းဆောင်တွေချည်း တစ်ရာကျော် ရှိတယ်။ နဂါးထိန်းဧကရာဇ်ကတော့ ပူဇော်ပသတာတွေနဲ့ အေးအေးဆေးဆေး ထိုင်နေရုံပဲ”
နတ်ဘုရားပိုင်ရှီက ဒေါသများဖြင့် ပြုံးလိုက်သည်။ “ဒါတောင် မင်းက ငါ့ကို ကျောက်ရုပ်တု လုပ်ခိုင်းတယ်ပေါ့လေ။ ငါ လက်မခံနိုင်ဘူး။ အဲဒီနဂါးမွေးတဲ့ကောင်လောက် ငါက မနိမ့်ကျဘူးကွ”
“ဒါဆို နောင်ကြီးပိုင်ရှီ ဘာလိုချင်လဲ။ ပြောကြည့်ကြည့်၊ ကျွန်တော် ဖြည့်ဆည်းပေးနိုင်လို့ကတော့ တွန့်တိုမနေဘူး။ မိုးကြိုးငါးသွယ်အိုးကို အသက်သွင်းမယ့်ကိစ္စက ထိလွယ်ရှလွယ်လွန်းတာ တစ်ခုပဲ။ နောင်ကြီး အသက်သွင်းလိုက်ရင် နောင်ကြီးသေရင်သေ၊ မသေရင် ကျွန်တော် သေမှာ” ချင်မူ ရိုးသားပွင့်လင်းစွာ ပြောလိုက်သည်။
နတ်ဘုရားပိုင်ရှီက တတွတ်တွတ် ရေရွတ်နေပြီး မဆုံးဖြတ်နိုင်ဖြစ်နေသည်။
ချင်မူ မိုးကြိုးငါးသွယ်ဒယ်အိုးကို ကြည့်ကာ အကြည့်များ လှုပ်ခတ်သွား၏။ ထိုဘူးသီးခြောက်ကြီး အမှန်တကယ် အသက်ဝင်လာမည်ကို သူ ကြောက်သဖြင့် သွေးတိုးစမ်းကြည့်လိုက်သည်။ “ဒီလိုဆို ဘယ်လိုလဲ။ ရက်ပိုင်းလောက် စောင့်ကြည့်မလား။ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေ အနိုင်ရသွားပြီး မိုးလေဝသလက်နက်တွေကို အသက်သွင်းလိုက်ရင် ကျွန်တော် ထွက်သွားပေးမယ်။ နောင်ကြီး မိုးကြိုးငါးသွယ်အိုးကို အသက်သွင်းသွင်း, မသွင်းသွင်း ဝင်မပါတော့ဘူး။ ကျွန်တော် မဟာမြို့ပျက်ကို ပြန်မယ်၊ နတ်ဘုရားအစစ်တွေ ဆင်းလာပြီး ကမ္ဘာကြီးကို ဖျက်စီးလည်း ဂရုမစိုက်တော့ဘူး။ ဒါမဲ့ အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေ မိုးလေဝသလက်နက်တွေကို အသက်သွင်းလိုက်တဲ့ သတင်းမရရင်တော့ ကျွန်တော်နဲ့ နောင်ကြီး ထပ်ဆွေးနွေးကြမယ်လေ။ ဘယ်လိုလဲ”
နတ်ဘုရားပိုင်ရှီက အံကြိတ်ကာ ခက်ထန်စွာ ပြောလိုက်သည်။ “ဟုတ်ပြီ”
ချင်မူ တဟားဟား ရယ်လိုက်ပြီး အတန်ငယ် သီးသွားသည်။ သူ ချောင်းတဟွတ်ဟွတ် ဆိုးကာ အသက်ဝအောင် ရှူလိုက်ရ၏။ “နောင်ကြီး၊ ညီလေးရဲ့ခန္ဓာကိုယ်က သိပ်အခြေအနေမကောင်းလို့ ပြန်လိုက်ဦးမယ်နော်”
နတ်ဘုရားပိုင်ရှီ တအံ့တဩ တွေးလိုက်မိသည်။ “ဒီကောင်စုတ်လေးက အ, လိုက်တာ။ ငါ့ကို တစ်ယောက်တည်း ထားခဲ့ရဲတယ်.... အထက်ကောင်းကင်ဘုံရဲ့ နောင်တော်နတ်ဘုရားတွေ ကျန်တဲ့မိုးလေဝသလက်နက်တွေကို အသက်သွင်းနိုင်လို့ကတော့ ငါ ဒီမိုးကြိုးငါးသွယ်အိုးကို အသက်သွင်းသွင်း၊ မသွင်းသွင်း အရေးမပါတော့ဘူး။ ဒါပေမဲ့ သူတို့ အသက်မသွင်းနိုင်ရင် အကုန်လုံး သေသွားပြီလို့ ဆိုလိုတယ်။ ဒါဆို ငါ အညံ့ခံလည်း အရှုံးမရှိဘူး”
ခြံဝင်းအပြင်ရောက်သည့်အခါ ချင်မူ၏မျက်နှာက တမုဟုတ်ချင်း မည်းမှောင်သွား၍ စစ်ယွင်ရှန်းတို့ ထိတ်လန့်သွားသည်။ သူ့အမူအရာ ပြောင်းလဲသွားသည်က မြန်ဆန်လွန်း၏။
“ကောင်းကင်နတ်မယ်၊ ဧကရာဇ်ကို နေသူရိန်ခွင်းအမြှောက်နဲ့အတူ ကြွလာဖို့ သတင်းပို့လိုက်” ချင်မူ ခပ်ဆတ်ဆတ် ပြောလိုက်သည်။ “ပြီးတော့ ငါ ဆေးညွှန်းရေးပေးမယ်။ ဆေးညွှန်းထဲက ဆေးပင်တွေကိုလည်း သွားယူပေးဦး၊ အဆိပ်တစ်ခု ဖော်စရာရှိလို့။ မိစ္ဆာငါးပါးကူးပြောင်းမှော်အစီအရင် တတ်တဲ့ ပညာရှင်အားလုံးကိုလည်း လာခိုင်းလိုက်၊ မိုးကြိုးငါးသွယ်အိုးကို ဝေးနိုင်သမျှ ဝေးဝေးရောက်အောင် ရွှေ့ပစ်ရမယ်”
စစ်ယွင်ရှန်း အတန်ငယ် တွန့်ဆုတ်နေပြီးနောက် မေးကြည့်လိုက်သည်။ “ဂိုဏ်းသခင်၊ ဒီလိုလုပ်တာ ကောင်းပါ့မလား”
“ငါတို့ လိုရမယ်ရ ပြင်ဆင်ထားဖို့ လိုတယ်။ အခြေအနေမကောင်းရင် မိုးကြိုးငါးသွယ်အိုးကို ရွှေ့ပြောင်းပြီး သူ့ကို သတ်မယ်”