← Chapters

လူနာကို ကိုယ့်မိဘသဖွယ် ကုသပေးသော သမားတော်လေး

Vol. 31 Ch. 429

လူနာကို ကိုယ့်မိဘသဖွယ် ကုသပေးသော သမားတော်လေး

Vol. 31 Ch. 429

ချင်မူ စုတ်တံကို မြှောက်၍ လိုအပ်သော ပရဆေးပင်များနှင့် အဆိပ်ဆေးပင်များကို ချရေးလိုက်သည်။ ကျစ်ကျင်းမြို့၏ ပြည်နယ်အုပ်ချုပ်ရေးမှူးက သူ့ကို တွေ့ရန် ရောက်လာသော်လည်း ဟူလင်းအာက တားလိုက်သည်။ “သခင်လေး ရက်ပိုင်းလောက် ဘယ်သူနဲ့မှ မတွေ့နိုင်သေးဘူး”

ပြည်နယ်အုပ်ချုပ်ရေးမှူးမှာ မည်သို့မျှ မတတ်နိုင်ဘဲ ပြန်သွားရသည်။

စစ်ယွင်ရှန်းက စစ်မိသားစုကို အလျင်အမြန် ဆက်သွယ်ပြီး နတ်ဂိုဏ်းသား အမြင့်စံအရာရှိတို့အား ဧကရာဇ်ဆီ အမြန်ဆုံး တင်ပြခိုင်းလိုက်သည်။ နတ်ဂိုဏ်းရှိ အကြီးအကဲများကိုလည်း မိစ္ဆာငါးပါးကူးပြောင်းပညာရပ်တွင် အကျွမ်းကျင်ဆုံးပညာရှင်များအား ရွေးချယ်ကာ ကျစ်ကျင်းမြို့သို့ စေလွှတ်ခိုင်းလိုက်သည်။

ချင်မူဆီမှ ဆေးညွှန်းရသောအခါ ဆေးပင်အမျိုးအစား တစ်ရာကျော်နေကြောင်း စစ်ယွင်ရှန်း တွေ့လိုက်ရသည်။ မမြင်ဖူး၊ မကြားဖူးသော အမျိုးအစားများစွာ ပါနေသည်။ “ဒီပရဆေးပင်တွေက ရှာရခက်လောက်တယ်။ အင်ပါယာအနှံ့အပြားမှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်မကျန် မွှေနှောက်ရှာကြည့်ရမှာ။ အချိန်လည်း ကြာလိမ့်မယ်”

ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ပြုံးလိုက်သည်။ “ဆေးပင်ရှာဖို့နဲ့ ဧကရာဇ်တို့ကို စောင့်ဖို့ အချိန်ရအောင် နတ်ဘုရားပိုင်ရှီကို ရက်ပိုင်းလောက် စဉ်းစားခိုင်းထားတယ်။ မဟုတ်ရင် သူ့ကို အဲဒီလောက်ကြာကြာ ဘယ်စဉ်းစားခိုင်းပါ့မလဲ”

စစ်ယွင်ရှန်း သက်ပြင်းချလိုက်မိသည်။ “ရှင့်ရဲ့ ရန်သူအနေနဲ့ကတော့ ထမင်းစားရင်တောင် ထမင်းမနင်အောင် ဂရုစိုက်ရလိမ့်မယ်။ ကျွန်မ နတ်ဂိုဏ်းကို အကြောင်းကြားပါပြီ။ မိစ္ဆာငါးပါးကူးပြောင်းမှော်အစီအရင်မှာ ကျွမ်းကျင်တဲ့ အကြီးအကဲတချို့အပြင် လျှပ်စီးလက်ချောင်းစံအိမ်က ဂိုဏ်းသားတွေလည်း လာပါလိမ့်မယ်”

“လျှပ်စီးလက်ချောင်းခန်းမ ဟုတ်လား” ချင်မူ သိချင်နေသောအမူအရာဖြင့် သူမကို ငေးကြည့်လိုက်မိသည်။

“လျှပ်စီးလက်ချောင်းဆိုတာ သူခိုးတွေကို‌ ခေါ်တာပါ” စစ်ယွင်ရှန်း ပြုံးကာ ပြောလိုက်သည်။ “သူခိုးအများစုက လျှပ်စီးလက်ချောင်းစံအိမ်သားတွေလေ။ သူတို့က ချမ်းသာတဲ့ သူကြွယ်တွေဆီကနေ ခိုးပြီး နတ်ဂိုဏ်းကို ပေးတယ်။ ဒါပေမဲ့ သေးသေးမွှားမွှားပဲ လုပ်ကြတာပါ။ ဒါမဲ့ နောက်ပိုင်း ဧကရာဇ်က သူတို့ကို စစ်တပ်ထဲမှာ ခန့်ပြီး ရန်သူ့ရိက္ခာတွေ ခိုးခိုင်းတယ်။ အတော်များများက ဧကရာဇ်စိတ်တိုင်းကျအောင် စွမ်းဆောင်နိုင်ခဲ့လို့ ရာထူးမြင့်မြင့် ရထားကြတယ်”

“အဲဒီလိုလား” ချင်မူ နားလည်သွား၍ ချီးကျူးလိုက်မိသည်။ “ဘယ်အသက်မွေးဝမ်းကြောင်းမှာမဆို ကျွမ်းကျင်ရင် ဆရာတစ်ဆူဖြစ်တာပဲ။ သူခိုးတစ်ယောက်တောင်မှ ရာထူးတိုးပြီး ချမ်းသာလာတယ်။ ဒီအကြောင်း ဘိုးဘိုးထော့ကျိုးကို ပြောပြရမယ်”

အမှန်တွင် သူ အလွန်စိတ်ပူနေမိသည်။ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများကို ကြားဖြတ်တိုက်နေသည့် နတ်သက်ကြွေတောင်ကြောပေါ်တွင် ထော့ကျိုးနှင့် ကျန်ရှိသူများ၏ အခြေအနေ မည်သို့ရှိမှန်း သူ မသိပေ။

‘ဘိုးဘိုးဆေးဆရာ ရှိတာပဲ အဆင်‌ပြေကြမှာပါ’

ထိုသို့တွေးနေသော်လည်း စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်နေသေးသည်။ ဆေးဆရာအနေဖြင့် ဒဏ်ရာရသူများကို ကုပေးနိုင်သော်လည်း နတ်ဘုရားတို့၏ တိုက်ပွဲကွင်းပြင် မဟုတ်ပါလော။ သူတို့ သေသွားလျှင် ဆေးဆရာပင် ကယ်နိုင်မည်မဟုတ်ပေ။

စစ်ယွင်ရှန်း နတ်ဂိုဏ်းသားများကို ဆေးပင်အရှာခိုင်းနေသည့်အချိန်တွင် ချင်မူက သူ့ဒဏ်ရာများသူ ကုသရန် ဆေးညွှန်းချရေးလိုက်သည်။ ဟူလင်းအာက မြို့ထဲရှိ ဆေးဆိုင်များမှ ပရဆေးပင်များ သွားဝယ်ပေးသဖြင့် ချင်မူ အားဆေးဖော်လိုက်သည်။ လသင်္ဘောကြောင့် အသက်ဓာတ်ကုန်ခမ်းသွားခြင်းမှာ သေးသေးမွှားမွှားကိစ္စ မဟုတ်ပေ။ ပြန်လည်ဖြည့်တင်းရန် သူ တတ်နိုင်သမျှ အကုန်လုပ်ရလိမ့်မည်။

နှစ်ရက်သုံးရက်ခန့် ကြာသော် ချင်မူ များစွာ သက်သာလာသည်။ သူ ကောင်းကင်ရေနဂါးမင်းနှင့် ရေနဂါးအုပ်ကို နံ့သာရေတွင်းခြံဝင်းထဲသို့ ခေါ်သွားပြီး မေးလိုက်သည်။ “နောင်ကြီးပိုင်ရှီ၊ ကျွန်တော် ဆေးကုပေးရမလား”

“မလိုဘူး” နတ်ဘုရားပိုင်ရှီက သတိအနေအထားဖြင့် ပြောသည်။ “ဆေးကုတတ်တဲ့သူက အဆိပ်လည်း ‌ခပ်တတ်တယ်။ ငါ မင့်ဆေးကို စားလိုက်ရင် ဘယ်က‌နေ ဘယ်လိုအသက်ထွက်သွားမှန်းတောင် မသိလိုက်ဘဲ နေလိမ့်မယ်”

ချင်မူ နတ်ဘုရားပိုင်ရှီ၏ ဒဏ်ရာများကို ကြည့်လိုက်သည့်အခါ သွေးတိတ်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ သို့သော် ကျိုးနေသည့်အရိုးများကြောင့် သူ့ရုပ်သွင်မှာ ကြည့်ရဆိုးနေသည်။ “နောင်ကြီး ခြေထောက်ကို မြန်မြန်မကုရင် သုံးစားမရတော့ဘဲ နေလိမ့်မယ်။ နောက်နှစ်ရက်ကြာရင် သုံးမရတော့တဲ့ ခြေထောက်ကို ဖြတ်ပစ်ရလိမ့်မယ်။ ဒါ့အပြင် ပုပ်နေတဲ့ ဒဏ်ရာတွေကနေ အကောင်းအတိုင်းရှိသေးတဲ့ ခန္ဓာကိုယ်ဆီကိုလည်း တဖြည်းဖြည်း ပြန့်လာနေပြီ။ နောင်ကြီး အရှင်လတ်လတ် ပုပ်တော့မှာနော်”

နတ်ဘုရားပိုင်ရှီက သူ့ကို သရော်သလို ကြည့်သည်။ “ငါ့ကို‌ ခြောက်နေတာလား။ ငါက နတ်ဘုရားလေ ငါ့အသွေးအသားက ဘယ်လိုလုပ်ပုပ်မှာလဲ။ မင်းက ငါ့ကို လကြီးနဲ့ ရိုက်ခဲ့တာ၊ ကောင်းကင်နတ်သိုင်းနဲ့ မဟုတ်ဘူး။ ခွန်အားသပ်သပ်ကြောင့်နဲ့ ငါ့အသွေးအသားက ပုပ်မသွားဘူး”

ချင်မူ သက်ပြင်းချလိုက်သည်။ “အဲဒီလက ခိုင်ဧကရာဇ်ခေတ်တုန်းက နတ်ဘုရားမတစ်ပါး ဖန်တီးခဲ့တဲ့ ရတနာပါ။ ကောင်းကင်နတ်သိုင်းတွေ ကိန်းဝပ်မနေဘဲ နေပါ့မလား။ အဲဒီလကြီးက လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကို ဖျက်စီးနေရာမှာ အတော်ဆုံးဖြစ်တဲ့ ထိပ်တန်းယင်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားတစ်ပါးက ဆေးကုခံရမှာ ကြောက်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး” သူက ထိုသို့ပြောပြီးနောက် အင်္ကျီလက်အိုးကို ခါကာ ထွက်သွားသည်။

နတ်ဘုရားပိုင်ရှီက သရော်သလို ရယ်နေ၏။

ချင်မူ နံ့သာရေတွင်းခြံဝင်း၏ အပြင်သို့ ထွက်လာသည့်အခါ စစ်ယွင်ရှန်းက ပရ‌ဆေးပင်တစ်သုတ်ကို ပြင်ဆင်ထားပြီးပြီဖြစ်သည်။ “အခုထိ ရှာမတွေ့သေးတဲ့ ဆေးပင်တွေ ရှိသေးတယ်။ နတ်ဂိုဏ်းသားတွေကိုတော့ တတ်နိုင်သမျှ မြန်မြန် ရှာပေးဖို့ ပြောထားပြီးပါပြီ။ ရှာတွေ့တာနဲ့ အမြန်ဆုံးသင်္ဘောနဲ့ ပို့ပေးလိမ့်မယ်”

ချင်မူ ပရဆေးပင်များကို စစ်ဆေးကာ ပြောလိုက်သည်။ “ဒီဆေးပင်တွေက သူ့အသက်ကို မနုတ်နိုင်သေးဘူး။ အလွန်ဆုံး ခြေတစ်ချောင်းလောက်ပဲ”

စစ်ယွင်ရှန်း တအံ့တဩ ထခုန်မိလိုက်ပြီး တိုးတိုးကပ်‌မေးလိုက်သည်။ “သူ့ခြေထောက်နဲ့ ဘာလုပ်မလို့လဲ”

ချင်မူက ပြုံး၍ သူမကို ခိုင်းလိုက်၏။ “ဒီနားပတ်ဝန်းကျင်မှာ ပြင်ပဒဏ်ရာ ရထားတဲ့လူတွေ ရှိရင် ထွက်သွားခိုင်းလိုက်။ အပ်ကလေး စူးထားရင်တောင် ထွက်သွားရမယ်။ နံ့သာရေတွင်းက‌နေ အနည်းဆုံးတစ်မိုင် ခွာခိုင်းထားလိုက်”

“အပ်စူးတဲ့လူက ထွက်မသွားရင်ရော”

“မကောင်းဘူးပေါ့” ချင်မူ ဆေးပင်များကို ရွေးကာ မမှိန်မသုန် ကြည့်နေသည်။ “အပ်စူးတဲ့ နေရာက အရင်ဆုံး အပေါက်သေးသေးလေးတစ်ပေါက် ဖြစ်လာမယ်။ အပေါက်က တဖြည်းဖြည်း ကျယ်လာမယ်။ လေးနာရီကနေ ခြောက်နာရီအတွင်း သူ့တစ်ကိုယ်လုံး ပုပ်သွားပြီး အရိုးတွေလည်း ဆွေးသွားလိမ့်မယ်”

စစ်ယွင်ရှန်း ကြက်သီးမွေးညင်း ထသွားပြီး တမုဟုတ်ချင်း ခပ်သုတ်သုတ် ထွက်သွားသည်။

နံ့သာရေတွင်းသည် သမိုင်းဝင်နေရာတစ်နေရာ ဖြစ်သည့်အတွက် အနားပတ်ဝန်းကျင်တွင် နေထိုင်သူများများစားစား မရှိပေ။ စစ်ယွင်ရှန်းက ပြည်နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားကာ အကုန်လုံးရွှေ့ပြောင်းခိုင်းလိုက်သည်။

ချင်မူ ဆေးပင်များကို စစ်ထုတ်၍ မည်သူမှ သတိမထားမိအောင် အရောင်အဆင်း၊ အနံ့အရသာမရှိသော ဆေးတစ်မျိုးကို ဖော်စပ်လိုက်သည်။ နှစ်ရက်ကြာသော် နတ်ဘုရားပိုင်ရှီက သူ့ကို လာတွေ့ခိုင်းသည်။ ချင်မူ ဆေးကို ချိတ်ပိတ်၍ အရန်အဖြစ် သိုလှောင်အိတ်ထဲတွင် သိမ်းလိုက်သည်။ နံ့သာရေတွင်းခြံဝင်းသို့ သူ ပြန်လာသောအခါ မြေကြီးပေါ်တွင် ထိုင်နေသော နတ်ဘုရားပိုင်ရှီကို မြင်တွေ့လိုက်ရ၏။ သူ့ခြေထောက်မှာ ပုပ်နေပြီဖြစ်ပြီး အကောင်းအတိုင်း ရှိခဲ့သည့် အသားဆီသို့ ပျံ့နှံ့နေသည်။

“မင်း ငါ့ကို အဆိပ်ခတ်ခဲ့တာလား” နတ်ဘုရားပိုင်ရှီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ စွပ်စွဲသည်။ “အမှောင်ထုထဲမှာတုန်းက မင်း တစ်ခုခု လုပ်ခဲ့လို့ ငါ့ခြေထောက် ပုပ်တာ ဒီလောက်မြန်နေတာပဲ ဖြစ်မယ်”

ချင်မူ စစ်ဆေးကြည့်ရှုပြီး ခေါင်းယမ်းလိုက်သည်။ “နောင်ကြီးက ဆေးကုရမှာ ကြောက်နေတာပါလို့ ကျွန်တော်ပြောသားပဲ။ လသင်္ဘောရဲ့ လကြီးက ဘယ်လိုလုပ် သာမန်ဖြစ်မှာတုန်း။ စောစောကုခိုင်းခဲ့ရင် ခြေထောက်ကို ဖြတ်ရချင်မှ ဖြတ်ရမှာ။ အခုတော့ သွားပြီ။ အသားက ပုပ်နေပြီ။ ရိုးတွင်းခြင်ဆီလည်း ခမ်းနေပြီ။ ကျန်တဲ့အသားပါ မပုပ်အောင် ဒီခြေ‌ထောက်ကို ဖြတ်ပစ်ရတော့မယ်”

နတ်ဘုရားပိုင်ရှီ၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူ့ကို အစိမ်းလိုက်စားတော့မည့်အလား စိုက်ကြည့်သည်။ သို့‌သော် ချင်မူ့မျက်နှာက စိတ်ရင်းနှင့် ပြောနေသကဲ့သို့ ရိုးသားနေသည်ကို မြင်လိုက်သည့်အခါ သူ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ဖြတ်လိုက်ရင် ငါ့မှာ ခြေတစ်ချောင်းပဲ ကျန်‌တော့မှာ။ ဘယ်လိုလုပ်ပြေးနိုင်တော့မလဲ”

“ကျွန်တော့်ဆေးအသိက တော်ရုံမဟုတ်ပါဘူး။ တခြားလူတစ်ယောက်ရဲ့ ခြေထောက်ကို နောင်ကြီးခန္ဓာကိုယ်နဲ့ ဆက်ပေးနိုင်တယ်။ ကျွန်တော့်မှာ ခြေသုံးချောင်းအပိုရှိတယ်။ နောင်ကြီး ကြိုက်တာ ရွေးလိုက်။ ခြေထောက်ကို ဖြတ်ပြီးရင်တော့ နောင်ကြီး နှစ်ရက်လောက် နားလိုက်ဦး။ အဲဒါမှ ကျွန်တော် ခြေထောက်အစားထိုးပေးလို့ရမှာ” ချင်မူ အလေးအနက် ပြောလိုက်သည်။

နတ်ဘုရားပိုင်ရှီမှာ စိတ်ပိုင်းမဖြတ်နိုင် ဖြစ်နေသည်။ “ငါ့ကို ဘာလို့ ပိုင်ရှီလို့ ခေါ်လဲ သိလား” သူက ရုတ်တရက် မေးလိုက်၏။

ချင်မူ ခေါင်းယမ်းလိုက်သည်။

“ ’မြင်းဟီသံသာ ကြားလိုက်ရသည်၊ မြင်းကို မမြင်လိုက်ရ ‘တဲ့”နတ်ဘုရားပိုင်ရှီက မှင်သေသေ ပြောလိုက်သည်။ “အဲ့ဒါ ငါ့အမြန်နှုန်းပဲ။ တစ်လောကလုံးမှာ နံပါတ်တစ်။ မင်း ငါ့အရိပ်ကိုတောင် မမြင်ခဲ့ရဘူးမလား။ အခု ငါ့ခြေထောက်ကို ဖြတ်လိုက်ရင် ငါ ဘယ်လိုလုပ်ပြေးနိုင်တော့မှာလဲ”

ချင်မူ ခေါင်းညိတ်လိုက်သည်။ အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားသုံးပါးနှင့် ပက်ပင်းတိုးတုန်းက နတ်ဘုရားတစ်ပါးအား အငိုက်ဖမ်း၍ အပြတ်ရှင်းနိုင်ခဲ့သော်လည်း နတ်ဘုရားပိုင်ရှီက ကိုင်တွယ်ရအခက်ဆုံး ဖြစ်ခဲ့သည်။ သူက အလွန်မြန်ပြီး လျှပ်စီးလို ဟိုမှသည်၊ သည်မှဟိုသို့ သွားလာနေခဲ့၏။ ကောင်းကင်ကိုးဆင့်မျက်လုံးကျင့်စဉ်၏ နောက်ဆုံးသူငယ်အိမ်အလွှာကို ဖွင့်လိုက်သည့်အချိန်တွင်ပင် သူ့အရိပ်ကိုသာ မြင်ခဲ့ရသည်။ ထို့ကြောင့် မိုင်ပေါင်းထောင်ချီအထိ တိုက်ခိုက်ပြီးနောက်မှ နတ်ဘုရားပိုင်ချီ၏ ခြေထောက်တစ်ဖက်ကိုသာ ချိုးပစ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ခြေတစ်ချောင်းတည်းနဲ့လည်း မြန်မြန်ပြေးလို့ရပါတယ်” ချင်မူ သူ့ကို နှစ်သိမ့်လိုက်သည်။ “ကျွန်တော့်ရွာက ဘိုးဘိုးထော့ကျိုးမှာလည်း‌ ခြေတစ်ချောင်းပဲ ရှိခဲ့တာ။ ဒါပေမဲ့ သူ့အမြန်နှုန်းက ပြိုင်ဘက်ကင်းတုန်းပဲ။ နောင်ကြီးရဲ့ ခြေထောက်အပုပ်ကြီးကို ကြည့်ပါဦး ကျွန်တော် ဖြတ်ပေးရမလား”

နတ်ဘုရားပိုင်ရှီ သိမ့်ခနဲ တုန်ရီသွားပြီး အက်ကွဲကွဲအသံဖြင့် မေးလိုက်သည်။ “မင်းက နတ်ဆေးသမားတော် မဟုတ်ဘူးလား။ တခြားနည်းလမ်း မရှိဘူးလား”

ချင်မူ့မျက်နှာ ညှိုးကျသွားသည်။ “လွန်ခဲ့တဲ့ နှစ်ရက်ကသာဆိုရင်တော့ဗျာ ရှိတာပေါ့ ... အခု ဖြတ်လိုက်ရင် ခြေတစ်ချောင်းတော့ ကျန်ပါသေးတယ်။ အချိန်ဆွဲနေလို့ကတော့ ခါးအောက်ပိုင်းက စပြီး ဖြတ်ပစ်တော့မှာ။ ဒါပေမဲ့ မပူပါနဲ့ ကျွန်တော့်ရွာက ဘိုးဘိုးသားသတ်သမားဆိုလည်း ကျွန်တော်ငယ်ငယ်တုန်းက ကိုယ်တစ်ပိုင်းပဲ ရှိတောင် အေးအေးဆေးဆေးပဲ။ လက်တွေနဲ့ မြန်မြန်ပြေးနိုင်တယ်။ သေးပေါက်စရာမလိုတော့ ပိုတောင်အဆင်ပြေသေးတယ်”

နတ်ဘုရားပိုင်ရှီ၏ မျက်နှာကြီး ရှုံ့မဲ့သွားပြီး သူက အံတင်းတင်းကြိတ်လိုက်သည်။ “ဒါဆိုလည်း ဖြတ်ပစ်တာပေ့ါ”

ချင်မူ ရွှင်ပျော်ပျော်ဓားကို ထုတ်၍ သူ့ဆီ ကမ်းပေးတာ အားတုံ့အားနာ ပြောလိုက်သည်။ “နောင်ကြီးက နတ်ဘုရားဆိုတော့ ကျွန်တော့်မှာ နောင်ကြီးရဲ့ ခြေထောက်ကို ဖြတ်နိုင်တဲ့ အစွမ်းအစမရှိဘူး။ ကိုယ့်သာသာကိုယ် ဖြတ်တာ အကောင်းဆုံးပါပဲ”

နတ်ဘုရားပိုင်ရှီက ဓားလက်ကိုင်ရိုးကို ဆုပ်ကိုင်ပြီး ခုတ်ချရန် ပြင်လိုက်သော်လည်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

ချင်မူ မကြည့်ရက်တော့သဖြင့် တစ်ခုခုပြောရန် ပြောလိုက်သည့်အချိန် နတ်ဘုရားပိုင်ရှီက မာန်သွင်းဟိန်းဟောက်ပြီး သူ့ခြေထောက်အား ဒုတ်ခနဲ ခုတ်ချလိုက်၏။

ချင်မူ မှင်သက်သွားသော်လည်း ကပျာကယာ ပြေး၍ ‌သွေးတိတ်အောင် လုပ်ပေးလိုက်သည်။ ရွှင်ပျော်ပျော်ဓားကို ပြန်သိမ်းပြီး ခြေသုံးချောင်းကို ထုတ်ကာ ရိုးသားဖြူစင်သောလေသံဖြင့် ပြောလိုက်သည်။ “တစ်ချောင်းရွေးပါ ‌နောင်ကြီး။ ကျွန်တော် ဒီကမ္ဘာကြီးကို ကပ်ဘေးရန်ကနေ အမှန်တကယ် ကယ်တင်ပေးချင်တာပါ။ ဒါကြောင့် နောင်ကြီးရဲ့ ခြေထောက်ကို အကောင်းဆုံး ပြန်ဆက်ပေးပါ့မယ်။ မပူပါနဲ့ ဒီခြေထောက်တွေက ရှင်းအန်း စုထားတာတွေ ဆိုတော့ အရည်အသွေးအမြင့်ဆုံး ခြေထောက်တွေပါ။ နောင်ကြီးရဲ့ အရင်ခြေထောက်အောက် မကျစေရဘူး။ ရှင်းအန်းက ဘယ်သူလဲ သိတယ်မလား။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စုရတာ ကြိုက်တဲ့ စိတ္တဇအရူးလေ။ သူက နတ်ဘုရားအဆင့်မရောက်သေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆိုရင် ဂရုတောင်မစိုက်ဘူး”

နတ်ဘုရားပိုင်ရှီမှာ နာကျင်မှုကို သည်းခံနေရ၍ သူ့နဖူးမှ ချွေးသီးချွေးပေါက်များ ကျနေသည်။ သူ့အကြည့်က ခြေသုံးချောင်းအပေါ် ရောက်သွားပြီး သူက အက်ကွဲနေသောအသံဖြင့် ပြောလိုက်သည်။ “မင်း ဒီခြေထောက်ကို တစ်ခုခုလုပ်ထားလား ငါ ဘယ်လိုလုပ်သိမှာလဲ။ ဆေးကုတတ်တဲ့သူက အဆိပ်လည်း ခပ်တတ်တယ်။ မင်း ဒါတွေကို အဆိပ်ခတ်ထားရင် ငါ မင့်ထောင်ချောက်ထဲ ဝင်လိုက်သလို မဖြစ်ဘူးလား”

ချင်မူက သူ့ကို ရိုးသားပြီး အပြစ်ကင်းစင်သော အကြည့်ဖြင့် ကြည့်သည်။

နတ်ဘုရားပိုင်ရှီမှာ သူ့အမူအရာကို မြင်လျှင် အတန်ငယ် ရှက်ရွံ့သွားသော်လည်း မယုံရဲသေးပေ။ သူ့အကြည့်များ လှုပ်ခတ်သွားပြီး အတန်ငယ် တိုသော ခြေထောက်တစ်ချောင်းဆီ လက်ညှိုးထိုးလိုက်၏။ “အဲဒီဟာ ယူမယ်”

ချင်မူ ပြုံး၍ ထိုခြေထောက်အား သူ့ဆီပေးကာ ကျန်နှစ်ချောင်းအား သိမ်းလိုက်သည်။ “မပူပါနဲ့။ နောင်ကြီး ဒီခြေထောက်ကို ယူထားလိုက်။ နှစ်ရက်ကြာလို့ နောင်ကြီး သက်သာလာရင် ကျွန်တော် လာပြီး ဆက်ပေးမယ်။ ဒီခြေထောက်က နောင်ကြီးလက်ထဲမှာဆိုတော့ ကျွန်တော် တစ်ခုခုလုပ်မှာ ပူစရာမလိုဘူးမလား”

နတ်ဘုရားပိုင်ရှီ ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။ “ငါ မင်းကို သံသယမဝင်ခဲ့သင့်ဘူး။ မင်းက လူနာကို မိဘလို သဘောထားကုပေးတဲ့ သမားတော်တစ်ယောက်မှန်း ငါ သိလိုက်ပါပြီ။ ဒါပေမဲ့ ငါ အားပြန်ပြည့်အောင် မင်း ဘာဆေးမှ ဖော်ပေးစရာမလိုဘူး။ င့ါဘာသာငါ လုပ်မယ်”

ချင်မူ သရော်တော်တော် ပြုံးလိုက်သည်။ “နောင်ကြီးက ကျွန်‌တော့်ကို မယုံသေးဘူးပဲ။ ကောင်းပြီလေ၊ ‌‌ဆေးပင်ဘာညာ လိုအပ်ရင် အပြင်က ကောင်းကင်နတ်သိုင်းပညာရှင်တွေကို ယူခိုင်းလိုက်ပါ။ ကျွန်တော် ဝင်မပါဘူး” သူက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။

နတ်ဘုရားပိုင်ရှီက ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ကို‌ ခေါ်ကာ သူ အလိုရှိသော ဆေးပင်စာရင်း ချရေးပေးလိုက်သည်။

ခြံဝင်းအပြင်တွင် စစ်ယွင်ရှန်း၏အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပြီး သူမက ခပ်တိုးတိုး မေးလာသည်။ “ဂိုဏ်းသခင် သူ့ဆေးပင်တွေကို တစ်ခုခု လုပ်ချင်လား”

“မလိုဘူး။ ငါ လိုချင်တဲ့ ဆေးပင်အကုန် ရောက်လာပြီလား”

“နည်းနည်းကျန်သေးတယ်”

ချင်မူ ပရဆေးပင်များကို စစ်ဆေးပြီးနောက် အတန်ကြာ တွက်ချက်ကာ ပြောလိုက်သည်။ “ဒီလောက်ဆို လုံလောက်ပြီ” သူက ခြေထောက်နှစ်ချောင်း ထုတ်ကာ အဆိပ်ဖော်ရန် ပြင်လိုက်သည်။

“ဂိုဏ်းသခင် ရှင်...” စစ်ယွင်ရှန်း အော်လိုက်မိသည်။

“သူ့ကို အဲဒီခြေထောက် ပေးထားပေမယ့် သုံးမှာမဟုတ်ဘူး။ ရက်ပိုင်းလောက်ကျရင် ငါ့ကို ဒီခြေထောက်နှစ်ချောင်း ထုတ်ခိုင်းပြီး တစ်ချောင်း ပြန်ရွေးလိမ့်မယ်”

ချင်မူ အဆိပ်ဖော်ပြီး ခြေထောက်များထဲ၌ ဝှက်ထားရန် ကြိုးစားနေသည်။ လေးနက်တည်ကြည်နေသော သူ၏မျက်နှာအမူအရာက အတော်လေး ကြောက်စရာကောင်း၏။ “သူ ဘယ်ခြေထောက်သုံးမလဲ မသိတော့ နှစ်ခုလုံးကို ပြင်ထားဖို့ လိုတယ်။ ကျန်ခဲ့တဲ့တစ်ချောင်းကိုတော့..”

သူက ချီစွမ်းအင်ကို ထုတ်လွှတ်နေပြီး သူ၏လက်ဟန်နည်းစနစ်များက တရစပ်‌ ပြောင်းလဲနေသည်။ “ရှင်းအန်းဆီ ပြန်ပေးမယ်။ ဒီအကြံကို ဘယ်လိုထင်လဲ”

စစ်ယွင်ရှန်း တုန်လှုပ်သွားပြီး မျက်နှာဖြူဆုပ်သွားသည်။ “ဂိုဏ်းသခင် ၊ ကျွန်မ နတ်ဂိုဏ်းသခင်နေရာကို မမက်ရဲတော့ပါဘူး” သူမအသံမှာ တုန်နေသည်။

“ဘာတွေပြောနေတာတုန်း” ချင်မူက သူမကို ပြုံးပြသည်။ သူ့အပြုံးက ကလေးကြီးတစ်ယောက်၏ အပြုံးနှင့်တူပြီး နေရောင်ခြည်လို တောက်ပနေသည်။

စစ်ယွင်ရှန်း သွေးများအေးခဲသွားသလို ခံစားလိုက်ရ၏။

All Chapters