← Chapters

သတိလွတ်ခြင်း

Vol. 7 Ch. Chapter 29

သတိလွတ်ခြင်း

Vol. 7 Ch. Chapter 29

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 29 - သတိလွတ်ခြင်း

ဓာတ်ပုံဆရာက လက်ထဲမှာကင်မရာကိုကိုင်ထားရင်း အတောင်ပံခတ်သံနောက် အပြေးလိုက်တယ်။ မြူတန့်သားရဲတစ်ကောင်ကို ဓာတ်ပုံရိုက်နိုင်ဖို့ဆိုတာက သာမန်ဓာတ်ပုံဆရာတွေအဖို့ စိတ်ကူးယဥ်ရုံပဲ တတ်နိုင်တဲ့အရာပါ။ သူအောင်မြင်ခဲ့ရင် အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တယ်။ အခုနှစ်အတွက် အကောင်းဆုံးသဘာဝဓာတ်ပုံဆုကိုတောင် သူရနိုင်ပါသေးတယ်။

သူပြေးနေရင်းကတော့ ကမူတစ်ခုပေါ်ကို ရောက်မှန်းမသိရောက်လာတယ်။ ကမူပေါ်မှာ သစ်ပင်ကြီးနည်းနည်းပဲရှိပေမဲ့ ခြောက်သွေ့နေတဲ့ သစ်ပင်သေ တချို့က ဝိုင်းထားတာမလို့ အဝေးကကြည့်ရင် သူရှိနေမှန်း သိပ်မသိသာပါဘူး။ ဓာတ်ပုံဆရာက ကမူပေါ်ကနေပြီး ဆက်နားစွင့်တယ်။ တောင်ပံခတ်သံက ရပ်သွားပေမဲ့ ကမူအောက်မှာ ခြေသံတချို့ကြားရတာကြောင့် သစ်ရွက်ခြောက်တွေနဲ့ပြည့်နေတဲ့ မြေပေါ် ဝမ်းလျားထိုးမှောက်လိုက်ပြီး အောက်ကမြင်ကွင်းကို ကြည့်လိုက်တယ်။

"....." သူမြင်လိုက်ရတဲ့အရာကြောင့် သူ့မေးရိုးမြေပေါ်ပြုတ်ကျလုမတတ်ဖြစ်သွားတယ်။

လက်ထဲမှာ ဇီဝအမှတ်အသားပါတဲ့ သေတ္တာကိုကိုင်ထားတဲ့ လူနှစ်​ယောက်က မြေနိမ့်ပိုင်းမှာရပ်နေကြပြီး

တစ်စုံတစ်ယောက်ကို စောင့်မျှော်နေပုံပေါ်တယ်။ ဒီလူတွေက အီတလီမာဖီးယားတွေနဲ့ပုံစံတူဝတ်ထားပြီး

သူတို့ကိုယ်သူတို့ ယုံကြည်ချက်အပြည့်ရှိပုံပေါ်ပါတယ်။

ပြီးတော့ သူတို့ဆီကို လှမ်းလာနေတဲ့ တခြားလူနှစ်ယောက်လည်း ရှိနေသေးတယ်။ ဒါပေမဲ့ လူဆိုတာထက် လူလိုခြေနှစ်ချောင်းတဲ့လမ်းလျှောက်နိုင်တဲ့ ယင်ကောင်တွေလို့ပြောရမလား။

သူတို့ကျောကနေ အကြည်ရောင်တောင်ပံထွက်နေပြီး မျက်နှာမှာအသားမရှိဘဲ အနက်ရောင်အခွံမာက အုပ်မိုးထားတယ်။ မျက်လုံးနေရာမှာတော့ ပြူးထွက်နေတဲ့ ကွန်ပေါင်းမျက်လုံးကြီးတွေပဲရှိနေတယ်။ နဖူးမှာလည်း အင်တန်နာလိုဦးမှင်နဲ့။ သူတို့ခြေတွေလက်တွေကို အရေပြားတွေအစား ပြောင်လဲ့လဲ့အရောင်ရှိတဲ့ အခွံမာတွေက ဖုံးအုပ်ထားတယ်။

"ပိုက်ဆံပါရဲ့လား...." မာဖီးယားတစ်ယောက်က မေးလိုက်တယ်။ ယင်ကောင်တွေကလည်း လက်ထဲမှာရှိတဲ့ အနက်ရောင်သေတ္တာကိုမြှောက်ပြလိုက်ပြီး ဖွင့်ပါတယ်။ ဒေါ်လာတစ်ရာတန်အထပ်လိုက်ကို ကင်မရာမန်းမြင်လိုက်ရပြီးတဲ့နောက် မာဖီးယားတွေ တရားမဝင်အပေးအယူလုပ်တဲ့နေရာကိုရောက်နေမှန်း ကင်မရာမန်းသတိထားမိလိုက်တယ်။ သူက ကင်မရာကို သေချာချိန်လိုက်ပြီး တိတ်တဆိတ်ဓာတ်ပုံရိုက်ယူတယ်။ ကင်မရာက အဆင့်မြင့်ဒီဂျစ်တယ်ကင်မရာဖြစ်တာကြောင့် ချက်ချက်ဆိုပြီးအသံထွက်လာတာမျိုးမရှိဘူး။ အဲဒီဖန်ရှင်ကို ပိတ်ပြီးမှသူဓာတ်ပုံရိုက်တာ။

ဖလင်ကင်မရာတွေမှာ ဓာတ်ပုံရိုက်ရင် မှန်ဘီလူးအလင်းရှပ်တာ အပွင့်အပိတ်ကြောင့် ချလက်ဆိုပြီးမြည်ပေမဲ့ ဒီဂျစ်တယ်ကင်မရာတွေခေတ်မှာတော့ အဲဒီလိုမြည်တာမရှိပါဘူး။ ကင်မရာထုတ်လုပ်သူတွေက ကင်မရာသမားတွေခံစားရကောင်းအောင် ထည့်ပေးထားတာပဲရှိတာ။ ပြီးတော့ ဂျပန်လိုနိုင်ငံမျိုးတွေမှာ ဓာတ်ပုံခိုးရိုက်ရင်သိအောင်လို့ အသံတိတ်ရိုက်လို့ရတဲ့စနစ်မျိုးသုံးမရအောင် တမင်ဥပဒေထုတ်ထားတာမျိုးရှိတယ်။ ဒါပေမဲ့ ဒါ​က အမေရိကန်ပါ။ အသံတိတ်စနစ်ကို တရားဝင်သုံးလို့ရတယ်။

ဓာတ်ပုံဆရာ ဓာတ်ပုံခိုးရိုက်နေတုန်း ယင်ကောင်တွေထဲကတစ်ကောင်က မာဖီးယားတစ်ယောက်ကို ပခုံးတွန့်ပြရင်း ရှတတအသံနဲ့ပြောလိုက်တယ်။

"မင်းတို့မြို့ထဲကို ဟီးရိုးတွေရောက်နေတယ်မဟုတ်လား။"

မာဖီးယားလည်း ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတဲ့နောက် သူက စိတ်ပူစရာမလိုကြောင်း ယင်ကောင်တွေကို ရှင်းပြပါတယ်။ "ကိစ္စတော့မရှိဘူး၊ ငါတို့ခေါင်းဆောင်က သူတို့လာမှာကို ကြိုသိပြီးသားပါ။ ဒီပစ္စည်းတွေကို မင်းတို့ဗိုလ်ချုပ်ဆီယူသွားပေးလိုက်။"

မာဖီးယားတွေက သူတို့လက်ထဲက သေတ္တာနဲ့ငွေသေတ္တာကို လဲလိုက်တယ်။ ယင်ကောင်က မပြန်ခင် မာဖီးယားတစ်ယောက်ရဲ့နားနားကပ်ပြီး တစ်ခုခုပြောလိုက်တယ်။ တိုးလွန်းလို့ အတော်တော်နီးနီးမှာရှိနေတဲ့ ကင်မရာမန်းတောင်မှ ဘာမှမကြားရသလောက်ပဲ။ မာဖီးယားက အဲဒီစကားကိုကြားတော့ ပြုံးလိုက်ပြီး

"မင်းစိတ်ကြိုက်လုပ်ပါ။"

ယင်ကောင်က ဒီစကားကိုကြားတာနဲ့ လက်ကိုလှုပ်လိုက်တယ်။ ကင်မရာမန်း အသင့်မဖြစ်သေးချိန်မှာပဲ ကမူပေါ်မှာရှိနေတဲ့ သစ်ကိုင်းတွေအကုန်လုံး တစ်စစီဖြစ်သွားပြီး သူ့မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားတယ်။

"ခင်ဗျားက တော်တော်တုံးတာပဲ၊ သူတို့ မာဖီးယားတွေမှန်းသိကတည်းက ပြန်လှည့်ပြေးခဲ့သင့်တာ။"

ကင်မရာမန်းသတိပြန်ဝင်လာတော့ ကျောင်းဝတ်စုံနဲ့ လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။ လူငယ်က သူ့ကိုခုတ်ထားတဲ့ သစ်လုံးပင်စည်ကြီးပေါ်မှီပေးလိုက်ပြီး ခါးမှာချိတ်ထားတဲ့ ပစ္စတိုသေနတ်နှစ်လက်ကို ဖြုတ်လိုက်တယ်။

"သစ်လုံးအကွယ်မှာပဲနေ၊ ပြောတာနားမထောင်လို့ တစ်ခုခုဖြစ်သွားရင် ကျုပ်တာဝန်မယူဘူး။"

ဂရေဟမ်ရဲ့ခန္ဓာကိုယ်က အခုထိကိုယ်အပေါ်ပိုင်းပဲ ပေါ်နေသေးတယ်။ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးထားတဲ့ ကိုယ်ပျောက်အကာက အခုထိဖြည်းဖြည်းချင်း ပျောက်ကွယ်နေတုန်းပါ။ ကင်မရာမန်းက မျက်လုံးကစားလိုက်တယ်။ ဧရာမအင်းဆက်လက်တံတစ်ခုက ကျောင်တုံးကြီးတစ်ခုထဲစိုက်ဝင်နေပြီး ကျောက်တုံးက ကွဲအက်နေတယ်။ အဲဒီအင်းဆက်လက်တံလာရာလမ်းတစ်လျှောက်က သစ်ပင်တွေပျက်စီးနေပုံကိုကြည့်ရင် ယင်ကောင်တွေရဲ့စွမ်းအားက ပြင်းထန်မှန်းခန့်မှန်းကြည့်လို့ရပါတယ်။

"ဒီတော့ မင်းတို့က နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကမ္ဘာကိုကျူးကျော်လာတဲ့ ဂြိုဟ်သားတွေပေါ့။ စိတ်ဝင်စားစရာပဲ။"

ဂရေဟမ်က သူနဲ့ဆန့်ကျင်ဘက်မှာရောက်နေပြီဖြစ်တဲ့ ယင်ကောင်နှစ်ကောင်ကို ကြည့်လိုက်တယ်။ နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရမှာဖြစ်ပေမဲ့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေဆဲပါ။

"ကြည့်ကြသေးတာပေါ့...." ဂရေဟမ်က ယင်ကောင်တွေဆီကို စပြေးတယ်။ ပြေးနေရင်းက ကိုယ်​ယောင်ပျောက်သွားပြီး ယင်ကောင်တစ်ကောင်နောက်ပေါ်မှာတယ်။ သေနတ်က ယင်ကောင်ရဲ့နောက်စေ့ကိုချိန်လျက်သားဖြစ်ပြီး ပစ်ချလိုက်တယ်။

ဒိုင်း...

ယင်ကောင်ကလည်း သေနတ်ကျည်မမှန်ခင်မှာပဲ မျက်စိနဲ့မြင်ဖို့ခက်ခဲတဲ့နှုန်းနဲ့ ပျောက်ကွယ်သွားတယ်။ တခြားယင်ကောင်တစ်ကောင်ရဲ့လက်ထဲမှာ ပိုးကောင်လက်တံတစ်ခုပေါ်လာပြီး ဂရေဟမ်ကို နောက်ကနေ ထိုးစိုက်ဖို့ကြိုးစားတယ်။ ဂရေဟမ်က ခါးကိုကိုင်းလိုက်တာနဲ့ ကိုယ်ပျောက်သွားပြီး လက်တံက ဘာမှမရှိတဲ့ လေထုကိုပဲ ထိုးစိုက်မိတယ်။

ထန်း... ထန်း... ထန်း....

ယင်ကောင်ရဲ့ခန္ဓာကိုယ်ကို ကျည်ဆန်တွေထိမှန်တဲ့အတွက် ဒူးထောက်ကျသွားတယ်။ ကျည်ဆန်တွေက ပိုးကောင်အရေပြားကိုမထိုးဖောက်ပေမဲ့ ကျည်တွေက ဟီလီယံကျည်တွေဖြစ်တာမလို့ ပေါက်ကွဲကုန်ပြီး အရေပြားချပ်တွေအက်ကုန်ပါတယ်။

ယင်ကောင်နှစ်ကောင်က သစ်ပင်တစ်ခုပေါ်ကိုကြည့်လိုက်တယ်။ ဂရေဟမ်က အဲဒီမှာရှိနေပြီး သစ်ကိုင်းကို ဟီးလေးခိုကာ လေထဲကနေ သေနတ်နဲ့ပစ်နေတာပါ။

"ကောင်စုတ်လေး၊ သေဖို့ပြင်ထား။" ယင်ကောင်တွေက သူ့ဆီကိုပျံပြီးတိုက်ဖို့လုပ်တယ်။ ဂရေဟမ်က သူ့နာရီကို တစ်ဖက်သစ်ပင်ဆီချိန်ရင်း လက်သီးဆုပ်လိုက်တယ်။ တိုက်တေနီယမ်နဲ့လုပ်ထားတဲ့ ကြိုးမျှင်လေးတစ်ချောင်းက ပြေးထွက်သွားပြီး ထိပ်မှာတပ်ထားတဲ့ သံဆူးက သစ်သားထဲကိုဖောက်ဝင်သွားပြီ။ နောက်တစ်ခနလောက်ကြာတော့ နာရီထဲကမော်တာစလည်ပြီး ဂရေဟမ်က ကိုယ်ပျောက်သွားတယ်။ ပိုးကောင်တွေ သူရပ်နေခဲ့တဲ့ သစ်ပင်ဆီရောက်တော့ ဂရေဟမ်က တစ်ဖက်သစ်ပင်မှာပြန်ပေါ်လာပြီး သူတို့ကိုသေနတ်နဲ့လှမ်းပစ်နေပါပြီ။

"ဒီMini Three Dimensional Maneuver Gearရှိနေသမျှ သစ်တောထဲမှာ မင်းတို့ငါ့ကိုမနိုင်ဘူး။"

Dimensional Gearက နည်းပညာသစ်တစ်ခုမဟုတ်ပါဘူး။ ဟီးရိုးအကူပစ္စည်းဆိုင်တွေမှာ ဝယ်လို့ရတဲ့ အခြေခံပစ္စည်းတစ်ခုပါ။ ဒါပေမဲ့ နာရီထဲထည့်လို့ရတဲ့အထိတော့မသေးဘူး။ မူရင်းဂီယာတွေက ခါးမှာတပ်ရတာဖြစ်ပြီး မူရင်းတီထွင်သူတွေက ဂျပန်အန်နီမေးရှင်းတစ်ခုဆီကနေ အကြံရလာတာဖြစ်ပြီး

၂၀၂၁ ခုနစ်မှာ အလုပ်လုပ်တဲ့နမူနာကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ဂရေဟမ်ရဲ့နာရီကဥစ္စာကတော့ သူ့ဘာသာ ထပ်အဆင့်မြှင့်ထားတဲ့ပစ္စည်းပါ။ အမြင့်ကြီးခုန်လို့တော့မရတော့ပေမဲ့ တာတိုလှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်စွမ်းရှိတယ်။

နောက်ထပ်အကြိမ်ပေါင်းများစွာ ဂရေဟမ်နဲ့ယင်တွေက တိုက်ကွက်များစွာကို ဖလှယ်ဖြစ်ကြတယ်။

ဂရေဟမ်က ယင်ကောင်တွေရဲ့အကြေးခွံကို ပုံမှန်ပစ်ချက်တွေလောက်နဲ့ ဖျက်ဆီးလို့မရမှန်းသိတာကြောင့်

အနီးကပ်ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုးစားရတာပေါ့။ ယင်ကောင်တွေကတော့ သူတို့ရဲ့ပျံသန်းနိုင်စွမ်းကို အားကိုးပြီး ဂရေဟမ်ကို ရင်ဆိုင်တိုက်ခိုက်နေတယ်။

"ဂရေဟမ်ဆိုတဲ့ ကောင်လေးက မဆိုးဘူး။ ဒါပေမဲ့

သူ့ရဲ့လက်ရှိတိုက်ပွဲကို စိုးမိုးထားနိုင်တဲ့အခြေအနေက ယာယီပဲဆိုတာ သိထားသင့်တယ်။ သေနတ်ထဲက ပေါက်ကွဲကျည်တွေကုန်သွားတဲ့အထိ ရန်သူကို တကယ့်သတ်ကွင်းထဲ ဆွဲမခေါ်နိုင်ရင် ဗျူဟာတွေအကုန်လုံး အလကားဖြစ်သွားလိမ့်မယ်။"

မီတာငါးရာလောက်အကွာမှာတော့ မက်ဒါနာက သစ်ပင်တွေရဲ့အကာအကွယ်ကိုယူရင်း ဂရေဟမ်ရဲ့တိုက်ပွဲကို စောင့်ကြည့်နေတယ်။ မြို့ပေါ်ကတိုက်ပွဲက လူတွေအများကြီးနဲ့ပိုပြင်းထန်ပေမဲ့ ဂရေဟမ်နောက်ကို လိုက်သွားတာ မက်ဒါနာမှန်သွားတယ်ဆိုရပါမယ်။ အခုဆိုရင် ပိုကောင်းမျိုးစိတ်သစ်တစ်ခုကို သူထောက်လှမ်းမိခဲ့ပြီလေ။ ပြီးတော့ ဒီမျိုးစိတ်က မှောင်ခိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေပုံပဲ။

"ဒီမျိုးစိတ်က အများကြီးပိုစည်းလုံးပြီး ဉာဏ်ရည်မြင့်တယ်။ သူတို့နောက်မှာ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ရှိနေနိုင်တယ်။"

မက်ဒါနာက သူသိသမျှ ပိုးကောင်တွေအကြောင်းရေးထားတဲ့ဖိုင်ထဲကို အချက်အလက်သစ်တွေထည့်လိုက်တယ်။ သူ့ရှေ့က ယင်ကောင်တွေနဲ့ဂရေဟမ်ရဲ့တိုက်ပွဲကနေ ဒေတာတွေယူနေရင်းနဲ့ပေါ့။ ဖိုင်တွဲထဲမှာ နကျယ်ကောင်၊ ပိုးဟပ်၊ ပိုးတောင်မာ၊ ကျိုင်း၊ ပိုးဖလံ၊ သစ်ဆွေးပိုး မျိုးစိတ်တွေအပြင် ယင်ကောင်တွေပါ ထပ်တိုးလာပြီ။

"အချိန်ကျပြီ။" ဂရေဟမ်က ပိုးကောင်တွေနဲ့တိုက်နေရင်းကနေ လက်ဖျောက်တီးလိုက်တယ်။ ရုတ်တရက်ဆိုသလိုပဲ ပိုးကောင်တွေရပ်နေတဲ့မြေပြင်က ကျွံကျသွားပြီး တွင်းအောက်ခြေမှာတော့ သံဆူးချွန်တွေရှိနေပါတယ်။ ပိုးကောင်တွေက အတောင်ကိုခတ်ပြီး ပျံတက်ဖို့လုပ်ပေမဲ့ ဂရေဟမ်က နာရီခလုတ်ကိုနှိပ်လိုက်ပြီး အလွန်ပါးလွှာပေမဲ့ခိုင်ခံတဲ့ တိုက်တေနီယမ် ပိုက်ကွန်ကို ဖြန့်ထုတ်ကာကွယ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ လျှပ်စီးကြောင်းတွေပြန့်ပြီး ယင်ကောင်တွေကို ရှော့တိုက်ပစ်လိုက်တယ်။

"သနားစရာကောင်တွေ၊ အဲဒီသံချွန်တွေက မင်းတို့အရေပြားကို ဖောက်နိုင်လောက်တဲ့အထိ မစွမ်းဘူးကွ။ ငါက မင်းတို့ကို ချောင်ပိတ်ချင်ရုံပဲ။"

ဂရေဟမ်က ဗင်းဆင့်ရဲ့ကိုယ်ပျောက်နည်းပညာကို ပုံတူပွားပြီးတဲ့နောက် ကိုယ်ပျောက်ထောင်ချောက်တွေပါ ဆင်နိုင်စွမ်းရှိလာတယ်။ ဗင်းဆင့်လောက် မကျွမ်းကျင်ပေမဲ့ပေါ့။ ဂရေဟမ်က ဖန်တီးနိုင်စွမ်းသိပ်မကောင်းဘူး။ ဒါပေမဲ့ သူများနည်းပညာကို ကော်ပီကူးနိုင်စွမ်းတော့မြင့်တယ်။

ဂရေဟမ်က လက်ထဲကသေနတ်နဲ့ ယင်ကောင်​တစ်ကောင်ရဲ့ခေါင်းကို တေ့ပစ်လိုက်တယ်။ နောက်ထပ်တစ်ကောင်က သူ့ပါးစပ်က လက်တံနှစ်ချောင်းကိုပူးကပ်ရင်း အသံလွှင့်နေတယ်။ ဂရေဟမ်ကတော့ သနားညှာတာမှုကင်းမဲ့စွာနဲ့ ခေါင်းကိုသေနတ်နဲ့ချိန်ရင်း မေးလိုက်တယ်။

"ဘာလဲ၊ မင်းက ငါ့ကိုအသနားခံဖို့ကြိုးစားနေတာလား။"

"ဝီ... ဝီ... ဝီ..."

ဒိုင်း....

ဂရေဟမ်က သေနတ်မောင်းကိုဆွဲပြီး ပိုးကောင်ကို ကိစ္စဖြတ်ပေးလိုက်တယ်။ ဒါပေမဲ့ သိပ်တော့စိတ်မပူပါဘူး။ သူက ပိုးကောင်တွေ မာဖီးယားတွေနဲ့အပေးအယူလုပ်ပြီးရလာတဲ့သေတ္တာကို ယူလိုက်တယ်။ ဒါက အရေးကြီးသက်သေပါ။ နောက်တော့ ကင်မရာမန်းကို လှမ်းအော်ပြောလိုက်တယ်။

"ဟေ့လူ၊ ကျုပ်တောထဲဆက်သွားမလို့။ ခင်ဗျားလိုက်မလား၊ တည်းခိုခန်းကိုပြန်မလား။ ဒါပေမဲ့မြို့ပေါ်မှာ ကျုပ်ဘော်ဒါတွေနဲ့ မာဖီးယားတွေချနေပြီး အခြေအနေသိပ်မကောင်းဘူး။"

ကြောက်နေတဲ့ ကင်မရာမန်းက တုန်​တုန်ယင်ယင်နဲ့ ဂရေဟမ်နောက်လိုက်မယ့်အကြောင်း ခေါင်းညိတ်ပြတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဂရေဟမ်က သူ့ဗိုက်ကိုနှိပ်ရင်း ဒူးထောက်ကျသွားတယ်။

"ရုတ်တရက်ကြီး ဘာဖြစ်တာလဲ၊ ငါမသိလိုက်ခင် ဒဏ်ရာရသွားတာလား။" ဂရေဟမ်လိုပဲ မက်ဒါနာလည်း မျက်လုံးပြူးသွားတယ်။ ဖြစ်ပျက်နေတာတွေက ရုတ်တရက်ဆန်လွန်းတယ်လေ။

....

ဘရီစာက သူ့လက်ထဲက ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်တယ်။ သူ့ရှေ့မှာတော့ မားဒေါ့ခ်ကလည်း ကော်ဖီသောက်နေပါတယ်။ ဘရီစာနဲ့သူက သိပ်မထူးခြားတဲ့ ရောက်တတ်ရာရာစကားတွေ ပြောနေခဲ့တာဖြစ်ပြီး အရင်ကတည်းက ခင်ခဲ့တဲ့မိတ်ဆွေတွေပါ။

"ရှင်အလုပ်သင်ဆင်းတုန်းက ကျွန်မတို့စတွေ့ဖူးတာထင်တယ်။ အဲဒီတုန်းက ကျွန်မတို့တွေ ခွေးနက်မြူတန့်ကြီးကို လိုက်ဖမ်းကြတာလေ။"

မားဒေါ့ခ်ကလည်း အဲဒီတုန်းက အဖြစ်အပျက်တွေကို ပြန်တွေးရင်းနဲ့ ဘရီဆာနဲ့အတူ စကားဆက်ပါတယ်။ "အင်း၊ အဲဒီခွေးကို ဂါဂိုရီက အနိုင်တိုက်ခဲ့တာမဟုတ်လား။ သူ့သံလက်သီးနဲ့ ခွေးလဲကျမသွားမချင်းထိုးခဲ့တာလေ။ ခေါင်းဆိုတာ လုံးဝရစရာမရှိတော့ဘူး။"

"အဲဒီနောက် ရှင်ကခွေးမြူတန့်သားမြည်းချင်တယ်ဆိုပြီး ဘာဘီကျူ့စလုပ်ဖို့ကြိုးစားတာမဟုတ်လား။"

"မကြာဘူး၊ ဝါးခမောက်ဆောင်းထားတဲ့ မြူတန့်ကြောင်နက် ငါတို့ဆီရောက်လာပြီး သူ့ကိုကျွေးဖို့တောင်းတော့တာပဲ။"

"ကြောင်မြူတန့်က ခွေးဘာဘီကျု့သားစားချင်တယ်တဲ့။"

သူတို့နှစ်ယောက်က ပြောလည်းပြောရင်း ရယ်လည်းရယ်ရင်းနဲ့ပေါ့။ ဘရီစာက နာရီအလန်းမြည်လာလို့ သူ့ဖုန်းအလန်းကို ထုတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ အရေးပေါ်အလန်းမဟုတ်သေးလို့ မျက်ခုံးပင့်လိုက်တယ်။

"အိုး၊ ကောင်လေးအီဗန်က တကယ်ယုံကြည်ချက်ရှိနေတာပဲ။ အုပ်စုပြန်ဖွဲ့ဖို့အချက်ပြလိုက်ပေမဲ့ ငါ့ကိုလှမ်းခေါ်တာတော့မဟုတ်ဘူးပဲ။"

မားဒေါ့ခ်ကလည်း အချက်ပြကိုလာကြည့်ရင်းနဲ့ နံရံမှာချိတ်ထားတဲ့ နာရီကိုကြည့်ပြီး ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် ဘရီစာကိုကြည့်ပြီးပြောလိုက်ပါတယ်။

"မင်းနဲ့အဆင့်တူတဲ့ ကျောင်းသားတစ်ယောက်ကိုရထားတော့ ဘယ်လိုခံစားရလဲ။ လွယ်မယ်လို့တော့ မထင်ဘူးနော်။"

ဘရီစာက ကော်ဖီကိုတစ်ငုံထပ်သောက်ရင်း စဥ်းစားပြီးပြန်​ဖြေပါတယ်။ "ထင်ထားသလောက်တော့မဆိုးပါဘူး။ သူက အတော်လေးစွမ်းပေမဲ့ အတွေ့အကြုံမရှိသေးတော့ ကျွန်မဆီက သင်ယူစရာတွေအများကြီးရှိနေတုန်းပဲလေ။ ကျွန်မတို့က ကျလူတွေဆိုတော့ သူတို့ကို သိခဲ့သမျှအားလုံးသင်ပေးရမှာ ကျွန်မတာဝန်ပဲမဟုတ်လား။"

မားဒေါ့ခ်က တည်ကြည်တဲ့မျက်နှာနဲ့ ခေါင်းညိတ်ပြတယ်။ သူ့ပုံစံက စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ။ "အင်း၊

မင်းက တကယ်ပဲဆရာကောင်းတစ်ယောက်ပါ။" သူက နောက်တစ်ကြိမ်နာရီထပ်ကြည့်လိုက်ပြန်တယ်။

ဘရီစာလည်း သတိထားမိသွားပြီး မေးလိုက်ပါတယ်။ "မားဒေါ့ခ်၊ ရှင်ကျွန်မတို့မနက်စာစားပြီးကတည်းက နာရီကိုခနခနကြည့်နေတာ ဘာဖြစ်လို့လဲ။ ဘဲအစာသွတ်မုန့်ဖုတ်ထားပြီး ဖိုထဲက ထုတ်ဖို့မေ့နေမှာစိုးလို့လား။"

ဘရီစာက မားဒေါ့ခ်ကို နည်းနည်းလေးမှ သံသယဝင်တဲ့ပုံမပေါ်ဘူး။ သူတို့တွေက မတွေ့ရတာကြာပြီဆိုပေမဲ့ ရဲဘော်ရဲဘက်ဟောင်းတွေပါ။ မားဒေါ့ခ်က သက်ပြင်းချလိုက်ရင်း

"အဲဒီလိုပဲဆိုပါတော့။"

"ရှင့်လက်ရာ ဘဲအစာသွပ်မုန့်တောင် မစားရတာကြာပြီပဲ။ ဒါနဲ့ရှင့်မိန်းမရော၊ အိမ်ထောင်မကျခင်တုန်းက ဘဲအစာသွပ်မုန့်လုပ်တိုင်း ဝင်ကူနေကျမဟုတ်လား။ သူအိပ်ရာမထသေးတာလား၊ ရှင်မနေ့ကပြောတော့ သူအစောကြီးအိပ်ရာဝင်သွားတယ်ဆို။"

မားဒေါ့ခ်က ဒီမေးခွန်းကို ပြန်မဖြေသေးဘဲ နာရီကို နောက်ဆုံးအကြိမ်အဖြစ် ထပ်ကြည့်လိုက်တယ်။ ပြီးတဲ့နောက် ဘရီစာကို ပြန်ကြည့်လိုက်ပြီး စကားတစ်ခွန်းထဲကိုပဲ ပြောလိုက်ပါတယ်။

"ငါတောင်းပန်ပါတယ်...."

ဘရီစာက နားမလည်နိုင်တဲ့အတွက် မားဒေါ့ခ်ကို ခေါင်းစောင်းပြီးကြည့်လိုက်တယ်။ မားဒေါ့ခ်သူ့ကို ဘာလို့တောင်းပန်နေမှန်းကို နားမလည်တာ။ နာရီလက်တံက ကိုးနာရီကို တည့်တည့်ညွန်ပြတယ်။ ဘရီစာက သူ့ဝမ်းဗိုက်ကနေ ဆူးခနဲနာကျင်မှုကို ခံစားလိုက်ရပြီး ထိုင်ခုံပေါ်ကနေ ပြုတ်ကျသွားတယ်။

"ဘာ...." ဘရီစာက မူမမှန်မှုကို ခံစားမိလိုက်ပြီး ဘေးမှာကျနေတဲ့ ဒိုင်းကိုဆွဲယူပြီး ဒိုင်းနဲ့ကြမ်းပြင်ကိုထောက်ပြန်ထလိုက်ပေမဲ့ သူ့ခန္ဓာကိုယ်က ခွန်အားတွေ ဖြည်းဖြည်းချင်းပျောက်လာတာကို ခံစားရတယ်။ မားဒေါ့ခ်ကတော့ နောက်တစ်ကြိမ် တောင်းပန်လိုက်ပြန်တယ်။

"ငါတောင်းပန်ပါတယ်၊ ငါ့မှာရွေးစရာမရှိလို့ပါ။"

ဘရီစာရဲ့အသိစိတ်က တဖြည်းဖြည်းဝေဝါးလာပေမဲ့ နံရံပေါ်မှာချိတ်ထားတဲ့ မိသားစုဓာတ်ပုံကို ထပ်ကြည့်လိုက်မိတယ်။ မားဒေါ့ခ်နဲ့အတူ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နဲ့သက်လတ်ပိုင်းမိန်းမလှတစ်ဦးတွဲရိုက်ထားတဲ့ပုံပါ။

"ငါဘာလို့ စောစောကတည်းက သတိမထားမိခဲ့တာလဲ..." ဘရီစာရဲ့အသိစိတ်က အဲဒီစကားကိုပြောပြီးတဲ့နောက် ဗလာကျင်းသွားတယ်။

....

လမ်းမတွေပေါ်မှာတော့ ကောင်လေးတွေက ဂိုဏ်းစတားရာချီကို စနစ်တကျခုခံတိုက်ခိုက်နေကြတယ်။ အဓိကအနေနဲ့ နျူရေရဲ့ဆိုင်ကယ်က အဆင့်နိမ့်ဂိုဏ်းသားတွေအားလုံးကို သာလွန်လက်နက်ပစ်အားနဲ့ ဖိနှိပ်ထားပြီး အီဗန်ကတော့ ရန်သူ့ခေါင်းဆောင်နှစ်ယောက်နဲ့ တစ်ပြိုင်နက်တည်းတိုက်ခိုက်နေကြပါတယ်။ ဗင်းဆင့်၊ ဂိုးလ်နဲ့ဘယ်လာတို့ကလည်း ခံစစ်လိုင်းထဲမှာရှိနေပြီး သူတို့နားမှာ ရန်သူတွေပုံလဲကျနေပြီ။

ဒေါင်... ဒေါင်... ဒေါင်....

မြို့လယ်ခေါင်မှာရှိတဲ့ နာရီကြီးက ခေါင်းလောင်းသံမြည်လာတယ်။ ကိုးနာရီထိုးပါပြီ။ အဖွဲ့ထဲမှာ အားအနည်းဆုံးဖြစ်တဲ့ဗင်းဆင့်က ဗိုက်ကိုနှိပ်ရင်းလဲကျသွားတယ်။

"အား...." ဘေးမှာရှိနေတဲ့ဂိုးလ်က သူ့ကိုဖမ်းဆွဲထားလိုက်ရင်း အခြေအနေမေးလိုက်ပေမဲ့ သိပ်မကြာခင်မှာပဲ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဘယ်လာပါဒူးထောက်ကျသွားတယ်။

"ဘာတွေဖြစ်နေတာလဲ။" နျူရေပြောလိုက်တဲ့အချိန်မှာတော့ ဂိုးလ်လည်းသတိမေ့သွားပြီဖြစ်ပြီး နျူရေကိုယ်တိုင်လည်း ဟန်ချက်မထိန်းနိုင်တော့ဘဲ ပျံနေတဲ့ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျလာပါတယ်။

အီဗန်က နောက်ဆုံးအချိန်ထိတိုက်ခိုက်နိုင်နေသေးပြီး လဲကျမသွားသေးပေမဲ့ အားလျော့သွားတာကြောင့် သူ့ရန်သူနှစ်ယောက်က သူ့ကိုအပိုင်ရိုက်နိုင်သွားပါတယ်။

"အား...." ဝတ်စုံဖြူနဲ့မိန်းမမာဖီးယားက အီဗန်ရဲ့နှာခေါင်းရိုးကို ချိုးပစ်လိုက်လို့ အီဗန်လဲကျသွားတယ်။ အဲဒီမိန်းမက လဲကျနေတဲ့ဟီးရိုးကလေးတွေကိုကြည့်ပြီး ဂိုဏ်းသားတွေကို အမိန့်ပေးလိုက်လေရဲ့။

"ခေါင်းဆောင်ဆီခေါ်သွားကြ။"

"ဟုတ်ကဲ့ပါ၊ မမ။"

All Chapters