အခန်း (၃၁၇)
Vol. 22 Ch. 317
ရှန်းထျန်းကျိုး၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ တက္ကစီစီး၍ ဟိုတယ်သို့ ပြန်လာခဲ့သည်။
ရေချိုးပြီးနောက် ကျီချင်းရန်နှင့် ကွမ်းရာတို့ ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာခဲ့ကြ၏။
"လင်းရီ လင်းရီ ...ငါတို့ ဒီမှာ လုပ်ရမယ့် ကိစ္စတွေပြီးပြီ....ခုပြန်လို့ရပြီ သိလား.."ကျီချင်းရန် လင်းရီ ပါးကို ညစ်လျက် ရွှင်မြူးစွာ ပြောလိုက်ပြီး
"နင်လည်း ဒီရက်ပိုင်းတွေ ဟိုတယ်မှာ နေရလွန်းလို့ မှိုတက်နေလောက်ရောပေါ့.."
"ဘာများ တတ်နိုင်မှာမို့လို့....."လင်းရီ သက်ပြင်းချလျက် ပြောလိုက်ပြီး
"ငါ့လို ဖြူစင်ရိုးသားတဲ့ ကောင်လေးက ဘားတွေ ဘာတွေလည်း မသွားတတ်တော့ ဒီမှာပဲ တစ်နေကုန်နေပြီး TV ရှိုးတွေပဲ ကြည့်နေရတယ်ျလ..အိုး ဒါနဲ့ မင်းနဲ့ အတူကြည့်တဲ့ ကမ္ဘာနှစ်ဖက် ဆိုတဲ့ ကိုးရီးယားကားတောင် ကြည့်ပြီးသွားပြီသိလား.....ငါမင်းကို ပြောပြမယ် ဟိုမင်းသားနဲ့......."
"ရှူး ရှူး ရှူး..."
ကျီချင်းရန် လက်ညိုးထောင်၍ လင်းရီ နှုတ်ခမ်းကို ကပ်လိုက်ပြီး "ငါ့ကို ကြိုမပြောပြနဲ့..ကိုယ့်ဘာကိုယ်ပဲ ကြည့်မယ်..."
"မှ..."
ထို့နောက် ကျီချင်းရန် လင်းရီ၏ ညဘက်ပါးပေါ်သို့ အနမ်းပေးလိုက်ပြီး
"နင့်ကို စကားနားထောင်လို့ ဆုချတာနော်..."
"သရက်သီးလည်း မဟုတ်ဘူး..ကြည့်ရတာတော့ မကောင်းတဲ့ ရီဗျူး ပေးရတော့မယ်နဲ့တူတယ်."
"ဘာမှ မရတာထက်စာရင်တော့ တော်သေးတယ်မဟုတ်လား..ဂျေးကလည်း များလိုက်တာ..."
ကျီချင်းရန် ခေါင်းမော့ရင်ကော့လျက် ပြောလိုက်၏။
"ဒီမှာ လုပ်စရာရှိတာတွေ ပြီးသွားပြီဆိုတော့ ပြန်လို့ရပြီလေ..ငါနောက်ကျမှပဲ လေယာဉ်လက်မှတ် ဖြတ်လိုက်တော့မယ်.."
"မလိုဘူး..လေယာဉ်လက်မှတ်က ကြိုပြီး ဘွတ်ကင်လုပ်ပြီးသား..."လင်းရီ ပြောလိုက်သည်။
"အာ...နင်ကလည်း ငါလုပ်မလို့ပါဆို..."
"ဒီတိုင်း လေယာဉ်လက်မှတ်လေးပါကွာ..ဘာမှ ထွေထူးကိစ္စကြီး မဟုတ်ဘူး.."
လင်းရီ ပြောပြီးနောက် ကျီချင်းရန်ကို ကြည့်ကာ "အ၀တ်သွားလဲချည်..ခဏနေကျရင် မင်းကို တစ်နေရာ လိုက်ပို့ပေးမယ်..."
"အမ်...ဘယ်သွားကြမှာ.."ကျီချင်းရန် သူမ မျက်၀န်းထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် အကြည့်တို့ဖြင့် မေးမြန်းလိုက်သည်။
"မမေးနဲ့ဦး..အ၀တ်စားသာသွားလဲချည်.."
"အိုး...အိုကေလေ.."
မိနစ် နှစ်ဆယ် ကြာပြီးနောက် ကျီချင်းရန် ပန်းပုံစံ ဂါ၀န် တစ်ထည်ကို ၀တ်ဆင်လာခဲ့၏။ သူမ၏ ရှည်လျားသော ဆံနွယ်တို့မှာ လေတိုက်တိုင်း ယိမ်းနွဲ့နေပြီး ည၏ အမှောင်ထုကဲ့သို့ နက်မှောင် တောက်ပနေလေသည်။
"ဘယ်လိုလဲ..ငါ ဒါ၀တ်သွားလို့ ဖြစ်တယ်မလား..."
"အင်း..အဆင်ပြေပါတယ်..."
သို့ဖြင့် လင်းရီ ကွမ်းရာကို နှုတ်ဆက်စကား ဆိုလိုက်ပြီး ကျီချင်းရန်နှင့်အတူ ဟိုတယ်ထဲမှ ထွက်လာခဲ့လိုက်သည်။
ကားထဲမှ ထွက်လာပြီးနောက် ကျီချင်းရန် လမ်းတစ်ဖက်တွင် အလံခြောက်ခုနှင့် ဝါရှင်တန်ရှိ အကြီးဆုံး အပန်းဖြေဥယျာဉ်ကြီးကို မြင်တွေ့လိုက်ရ၏။
ညနေစောင်းနေပြီး ဖြစ်သော်လည်း အပန်းဖြေဥယျာဉ်ထဲရှိ စိတ်လှုပ်ရှား အော်ဟစ်သံများကတော့ အသံမစဲသွားပေ။
ညအချိန်အခါသို့ ရောက်လာသည့် အချိန်တွင်တော့ အပန်းဖြေဥယျာဉ်ထဲရှိ ရောင်စုံမီးများ တောက်ပလာကာ ပျော်ရွှင်ဖွယ်ကောင်းသောလေထုကို ပို၍ အရောင်စုံလင်သွားစေသည်။
သို့သော်လည်း အားလုံးထဲတွင် အထင်းသားဖြစ်နေသည်ကတော့ ပန်းခြံအလယ်တွင် ၀င့်၀င့်ကြွားကြွားကြီး တည်ရှိနေသည့် ဧရာမ ချားရဟတ်ကြီးပေတည်း။
ချားရဟတ်စီးခြင်းမှာလည်း ကျီချင်းရန် တောင့်တနေသည့် ဆန္ဒများထဲမှ တစ်ခုပင်။ သူမတို့ အော်လန်ဒိုမှ ထွက်လာခဲ့သည့်အချိန်တွင်တော့ လင်းရီ သူ၏ ကတိကို မေ့ပျောက်လောက်ပြီဟူ၍ ထင်မှတ်နေခဲ့၏။
ဝါရှင်တန်သို့ ရောက်လာပြီးနောက် လင်းရီ ဟိုတယ်တွင် နေ့တိုင်း ရှိနေသော်လည်း ကျီချင်းရန်မှ သူ့ကို လိုက်ပို့ပေးဖို့ တောင်းဆိုရန် ရှက်ရွံ့နေခဲ့သည်။
ထို့ကြောင့် သူမ ထိုအကြံကို လက်လျှော့ဖို့တောင် စဉ်းစားပြီးဖြစ်၏။ သိူ့သော်လည်း လင်းရီမှ သူမကို မှတ်မှတ်ရရနှင့် ယခုလို လိုက်ပို့ပေးလိမ့်မည်ဟု ထင်မထားခဲ့။ ကျီချင်းရန် ရင်ဘက်ကြီးတစ်ခုလုံး ၀မ်းသာပီတိများ ယိုဖိတ်သွားခဲ့သည်။
"ငါပြောထားတဲ့ စကားကို မမေ့ပါဘူးဟ.."လင်းရီ သူမစဉ်းစားနေသည်ကို သိနေဟန်ဖြင့် ပြုံး၍ပြောသည်။
"ခစ်ခစ်..နင်က အရမ်းသိတတ်လွန်းနေတော့ ဒီက ဘယ်လို ဆုချရမလဲတောင် မသိတော့ဘူး.."
"ငါ ကွမ်းရာကို မောင်းထုတ်လိုက်ရင်ကော.. အဲ့လိုဆို မင်းလည်း ရိုးသားမှုတွေကို အလုပ်နဲ့ သက်သေပြလို့ရပြီလေ.."
"အိပ်မက်မက်နေလိုက်.."
ကျီချင်းရန်၏ အကြည့်များကတော့ ဖြည်းညင်းစွာ လည်ပတ်နေသည့် ချားရဟတ်ကြီးပေါ်တွင် ရှိနေကာ ချိုမြိန်စွာပြုံးလျက် "လင်းရီ ..ငါနင့်လက်မောင်းကို ဖက်ထားပေးရမလား..."
"မလိုဘူး..."
"မရဘူး..နင်ငါ့ကို ဖက်စေချင်နေမှန်း ငါသိနေတယ်နော် .."
"ဟမ်...ဘာလို့ငါက မင်းဖက်တာ လိုချင်ရမှာ..."
ကျီချင်းရန်၏ ဖြူဖွေးသော လက်များမှာ လင်းရီ ခါးနားသို့ ရောက်သွားခဲ့ပြီး ခြိမ်းခြောက်ဟန်လေးဖြင့် "နင်ငါ့ကို မဖက်စေချင်တာ သေချာပြီလား..."
"အာ...လိုချင်တာပေါ့..ကိုယ့်ရဲ့ ချင်းရန်လေး ဖက်တာပဲကို..."
"ဟွန့်..ပြီးတာပဲ...နင်က အတင်းတောင်းဆိုနေမှတော့လဲ ဒီက သနားလို့ လိုက်လျောပေးလိုက်မယ်"
ထိုသို့ ပြောပြီးနောက် ကျီချင်းရန် လင်းရီ လက်မောင်းကို ဖက်လိုက်ပြီး "သွားစို့..ချားရဟတ်ကြီး စီးကြမယ်..."
နှစ်ယောက်သား လက်မှတ်၀ယ်ပြီး ချားရဟတ်စီးလို့ရသည့် နေရာသိူ့ ဖြောင့်တန်းစွာ လျှောက်လာခဲ့ကြသည်။
"ခု ကြည့်မိတော့မှ ချားရဟတ်ကြီးက မီတာနှစ်ရာတောင် ကျော်တယ်ဟ..ချင်းရန်..မင်းစီးလို့ ဖြစ်မှာ သေချာရဲ့လား......"
"ဒါပေါ့..လုံး၀ အိုကေတယ်..ငါက ရဲရင့်တဲ့ မိန်းမသားလေ..ကျားကြီးဆိုရင်တောင် မကြောက်တတ်ဘူး..."
"ငါလည်း မင်းကို ကြောက်လားလို့ မေးနေလို့လား..ဘာလို့ လာပြောပြနေတာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ပြီးတော့ ငါ့လက်ကို ကိုင်တာလည်း ကိုင်ပေါ့... တအားကြီး ကုတ်ဖဲ့မနေနဲ့ဟ အသားတွေပဲ့ပါကုန်တော့မှာ.."
ကျီချင်းရန် မျက်နှာ ရဲသွားခဲ့ပြီး "ခုမှ ပထမဆုံး စီးဖူးမှာဆိုတော့ စိတ်လှုပ်ရှားနေလို့ပါနော်....."
စိတ်လှုပ်ရှားနေသည်ဟု အရှက်ပြေ ပြောလိုက်သော်လည်း အမှန်စင်စစ်တွင်တော့ သူမ ကြောက်လန့်နေခြင်းပင်။
အဝေးမှ ကြည့်သည့်အချိန်တွင်တော့ အရမ်းမြင့်သည်ဟု မထင်ရသော်လည်း အောက်သို့ ရောက်လာသည့် အခါမှသာ ကျီချင်းရန် သေချာပင် ဦးမော့၍ မကြည့်နိုင်လောက်အောင် မြင့်မားလွန်းလှ၏။
သူမ လက်လျှော့ချင်စိတ်များတောင် ပေါက်ဖွားလာခဲ့သည်။ ချားရဟတ်ကြီးစီးရသည်မှာ ရိုမန်တစ်ဆန်သော်လည်း အလွန်တရာမှ မြင့်မားလွန်းပြီးသူမ၏ ချောင်ရန်အုပ်စု အဆောက်အအုံထပ်ပင် ပို၍ မြင့်မားနေသေးသည်။
"သတ္တိတွေ အရမ်းကောင်းနေတယ်ပေါ့... ဒါဆိုလည်း ပြီးရင် ရိုလာကိုစတာနဲ့ သရဲအိမ်ထဲ ၀င်ကြရင်ကော..."
"ရပါ့ ရပါ့..."
"ဟားဟား....ပြီးတာပဲ..နောက်မှ မငိုပြနဲ့.."
နှစ်ယောက်သား တန်းစီပြီးနောက် ချားရဟတ်ကြီးထဲသို့ ၀င်လိုက်ကြသည်။
၎င်းမှာ တဖြည်းဖြည်း မြင့်တက်လာပြီး တစ်မြို့လုံး၏ မြင်ကွင်းကို ကြည့်ရှုလို့ရသည့် နေရာသို့ ရောက်လာခဲ့၏။
လမ်းများတစ်လျှောက်တွင် ရောင်စုံမီးများဖြင့် လင်းထိန်နေပြီး ယာဉ်ကြောများလည်း ပြွတ်သိပ်နေ၏။
မြို့ပြ၏ ညချမ်းအခါ မြင်ကွင်းလေးပင်။
ထိုအချိန်တွင်တော့ သူမတို့ နားထဲတွင် အရာအားလုံး ဆိတ်သုဉ်းကုန်ပြီး တစ်ကမ္ဘာလုံးတွင် သူမတို့နှစ်ဦးတည်းသာ ကျန်ရှိတော့ သကဲ့သို့ ခံစားလိုက်ရ၏။
"လင်းရီ နင်ငါနဲ့အတူ ဓာတ်ပုံမရိုက်ချင်ဘူးလား..."
"အာ..."
လင်းရီ ငြင်းဆိုတော့မည့် အချိန်တွင် အပေါက်၀နားရှိ မြင်ကွင်းကို ပြန်အမှတ်ရသွားခဲ့ပြီး "ငါက ရိုက်လို့ရလား.."
"အင်းလေ..နင့်ကို မေးနေတာ..နင်ငါနဲ့အတူ ဓာတ်ပုံရိုက်ချင်ရင် နင့်ကို အခွင့်ရေးပေးမယ်လို့ ပြောတာ.."
လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့သည်။
သူနဲ့ ဓာတ်ပုံရိုက်ချင်တယ်ဆိုလည်း ပြောပေါ့ကွာ..ဘာလို့ ဒီလောက်တောင် မာနကြီးနေပါလိမ့်...
လင်းရီ ဖုန်းထုတ်လိုက်ပြီး ကင်မရာကို ရှေ့သို့ ပြောင်းလိုက်သည်။
ကျီချင်းရန်၏ မျက်နှာမှာ လင်းရီ ပခုံးပေါ်သို့ အနည်းငယ် တိမ်းစောင်းလာခဲ့ပြီး သူမ နှုတ်ခမ်းများကတော့ တွန့်ကွေးကာ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင်တော့ သူမအပြုံးကသာလျှင်ကမ္ဘာပေါ်၌ အလှပဆုံးနှင့် အချိုမြိန်ဆုံး ဖြစ်နေတော့၏။
သို့သော်လည်း ခလုတ်နှိပ်လိုက်သည့် အချိန်တွင် လင်းရီ သူမပါးကို ဆွဲဆိတ်လိုက်၏။
သို့နှင့် လှပသည့် စုံတွဲပုံလေးမှာ အရုပ်ဆိုးသည့် ပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
"အား..!!!"
"နင် အဲ့ဓာတ်ပုံ သိမ်းထားလို့ မဖြစ်ဘူးနော်..မြန်မြန်ဖျက်ပစ်လိုက်..အရမ်းရုပ်ဆိုးလွန်းတယ်.."
"မဖျက်ဘူးကွာ..နောက်ကျ ပြန်ကြည့်လို့ရတာပဲကို.."
"အဲ့တာဆိုလည်း နောက်တစ်ပုံထပ်ရိုက်ကြမယ်.ဒီခါတော့ ငါ့ပါးကို လာမဆိတ်နဲ့.."
"အိုကေ အိုကေ..."
စောနကအတိုင်း လင်းရီပခုံးပေါ်သို့ ယိမ်းလိုက်ပြီး အလှပဆုံး ပြုံးထား၏။ သူမ ကျေနပ်သွားတော့မှသာ ဓာတ်ပုံရိုက်ခြင်းကို ရပ်တန့်လိုက်လေသည်။
ကျီချင်းရန် အင်တာနက်ပေါ်တွင် ချားရဟတ်စီးသည့် စုံတွဲများ ဓာတ်ပုံရိုက်သည်ကို မြင်တိုင်း အားကျမိသည်။ ထိုအထဲ၌ ကောင်မလေးမှာ ကောင်လေးဖြစ်သူပါးကို အနမ်းပေးရင်း ဓာတ်ပုံရိုက်ကြ၏။
သူမလည်း ထိုသို့ ဓာတ်ပုံရိုက်ချင်သော်လည်း လင်းရီ ရယ်မှာကို စိုးရွံ့မိသောကြောင့် သူမ ထုတ်မပြောဖြစ်ခဲ့။
"ဘာလို့ ထိုင်နေတာ..လာလေ..အောက်ဘက်က ရှုခင်းတွေ အတူ ကြည့်ကြမယ်လေ..."
ကျီချင်းရန် ခေါင်းယမ်း၍ "တော်ပြီ..ထိုင်ပြီးပဲ ကြည့်တော့မယ်..."
"မင်းကြောက်နေတာတော့ မဟုတ်ဘူးမလား..."
"ဟွန့် မကြောက်ပါဘူး..ငါကနင့်ကို စီးဖို့ ပြောထားတဲ့သူ မလား ..ဘာလို့ကြောက်ရမှာ.."
"ပြီးရော..အဲ့တာဆိုလည်း ရိုလာကိုစတာ သွားစီးကြတာပေါ့..ငါတောင် မစီးဖြစ်တာ တစ်နှစ်လောက် ရှိပြီ..."
ကျီချင်းရန် ကိုယ်လေး မသိမသာ တုန်ခါသွားခဲ့သည်။ ဤမျှမြင့်သော ချားရဟတ်စီးသည်ကပင် သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီးဖြစ်၏။ ရိုလာကိုစတာ စီးမည်ဆိုပါက သူမ ကြောက်လန့်လွန်း၍ သေသွားနိုင်သည်။
ချားရဟတ်ကြီးမှာ တဖြည်းဖြည်း အောက်သို့ နိမ့်ကျလာခဲ့ပြီးနောက် နှစ်ယောက်သား အထဲမှ ထွက်လာခဲ့ကြ၏။
မျှော်လင့်ထားသလို ဖြစ်မလာသောကြောင့် ကျီချင်းရန် စိတ်ထဲ သိပ်ကျေနပ်နေခြင်းတော့ မရှိချေ။
နင့်ကို မနမ်းဘူးဆိုပေမယ့် နင့်ဘက်က ငါ့ကို နမ်းလို့ရတယ်လေ...
ငတုံးကြီး..သစ်တုံးခေါင်းကြီး...မကောင်းတဲ့ကောင်ကြီး....
ချားရဟတ်နှင့် အလှမ်းသိပ်မကွာဝေးသောနေရာ၌ ရိုလာကိုစတာ တစ်ခု ရှိနေပြီး ထိုနေရာမှ တစ်ယောက်တစ်ပေါက် အော်ဟစ်သံများကို ကြားနေရသည်။ ကျီချင်းရန်မှာတော့ ထိုအသံများကို နားထောင်ရင်း ခြေထောက်ပင် မရွေ့ချင်တော့ချေ။
သူမ ခြေလှမ်းများ ခပ်စိတ်စိတ် လျှောက်နေပြီး စိတ်ထဲတွင်တော့ အသည်းငယ်တတ်သည့် ယုန်ဖြူလေးကဲ့သို့ ကြောက်ရွံ့နေခဲ့၏။
အကယ်၍ သူမ ယခုလိုဖြစ်မည်မှန်းကြိုသိပါက လင်းရီ ရှေ့တွင် အာဂမယ်ကြီး လုပ်ပြလိမ့်မည်မဟုတ်ပေ။
"ငါ ..ငါတို့ အတည်ကြီး စီးကြမှာလားဟင်..."
"ရောက်လာပြီးမှတော့ မပြန်ခင်လေး တစ်ခေါက်လောက်တော့ စီးသွားသင့်တယ် မဟုတ်ဘူးလား...."
"အိုး...."
လင်းရီ အထဲ၀င်တော့မည့် အချိန်တွင် ကျီချင်းရန်မှ ရုတ်တရပ် တန့်သွား၏။
"ဟေး..ဘာလဲ ဖြစ်တာ..နေလို့မကောင်းဘူးလား.."
ကျီချင်းရန်မှ သနားစဖွယ်မျက်နှာငယ်လေးဖြင့် နှုတ်ခမ်းကိုက်လိုက်ပြီး "ငါ...ငါကြောက်လာလို့...ရိုလာကိုစတာ မစီးကြရင်ကော.."