အခန်း (၃၂၄)
Vol. 22 Ch. 324
"သင့်တွင် အော်ဒါအသစ် ရှိပါတယ်..ကျေးဇူးပြုပြီး ဂရုတစိုက် ကြည့်ရှုပေးပါ..."
လင်းရီ လမ်းတစ်ဝိုက် ကားပတ်မောင်းနေစဉ် သူ့ဖုန်းထဲသို့ အော်ဒါအသစ် ရောက်လာခဲ့သည်။
အော်ဒါ၏ တည်နေကို ကြည့်လိုက်သောအခါ ဖူကွေ့အိမ်ရာမှ ၀မ်တ ပလာဇာသို့ ဟု ရေးထား၏။
လင်းရီ တခဏမျှ စဉ်းစားကြည့်သောအခါ သူထိုနေရာသို့ မရောက်ဖူးသေးကြောင်း သိလိုက်ရ၏။ သို့နှင့် မြေပုံဖွင့်ကာ လမ်းညွှန်ရာအတိုင်း မောင်းလာခဲ့လေသည်။
ရောက်သွားသည့် အချိန်တွင်တော့ လူနေရပ်ကွက်ဟောင်းလေးတစ်ခုဖြစ်ကြောင်း မြင်တွေ့လိုက်ရ၏။
လမ်းနှစ်ဖက်တွင် ဆိုင်တန်းများ ဖွင့်ထားပြီး အရွယ်သုံးပါးမရွေး၊ ဈေးမေးသူမေး ၊ ၀ယ်သူက၀ယ်နှင့် စည်ကားနေလေသည်။ ၎င်းကိုမြင်တော့ လင်းရီ ခေါင်းအတော်လေး ကိုက်သွားခဲ့၏။ သူ၀င်နိုင်ဖို့ရာလမ်းမမြင်ပေ။
သို့နှင့် လင်းရီ ဖုန်းထုတ်၍ ကတ်စတန်မာ ဖုန်းနံပါတ်ကို လှမ်းခေါ်လိုက်သည်။
"ဟယ်လို ဒါက ဖုန်းနံပါတ် ၉၄၂၁ နဲ့ဆုံးတဲ့ မစ္စတာဟွမ်လား...""
"ဟုတ်တယ်..ဘာကိစ္စလဲ..."
"ကျွန်တော်က ခင်များရဲ့ Didi ဒရိုင်ဘာပါ..မစ္စတာဟွမ်ဆီ လာကြိုချင်ပေမယ့် လမ်းက အဆင်မပြေဘူး ဖြစ်နေလို့ ..အဲ့တာ ရှေ့ကို မီတာ ဒါဇင်လောက် လမ်းလျောက်လာပေးလို့ရမလား..ကျုပ် ဈေးရှေ့မှာပါဗျ..."
"လမ်းအဆခြနေမကောင်းဘူး...အဲ့တာက ဘယ်လိုအကြောင်းပြချက်ကြီးလဲကွ.." တစ်ဖက်လူမှာ သဘောတူရန် ဆန္ဒမရှိဘဲ "ငါ့ကို လာကြိုတဲ့ ကားတွေ နေ့တိုင်းနီးပါးရှိတယ်..ဘယ်တုန်းကမှ လမ်းကောင်းလို့ ၀င်မရဘူးဆိုပြီး မပြောဖူးဘူး..ဒီတိုင်း မီတာဒါဇင်လောက်လေး ပိုမောင်းတော့ကော မင်း ဓာတ်ဆီက ဘယ်လောက် ကုန်သွားမှာမို့လို့လဲကွ...."
"ကျုပ်က ဆီကုန်မှာ ကြောက်လို့ မဟုတ်ဘူး ...ဒီတိုင်း ကျုပ်ကားဘော်ဒီက အတော်လေးနိမ့်နေလို့..၀င်မယ်ဆိုရင် စင်းရာတွေ ထင်ကုန်မှာ.."
"လာနောက်နေတာလား ဟျောင့်..ငါ Didi ခေါ်စီးနေတာ ငါ့သားတစ်သက် ရှိပြီကွ..ဘာလို့ မင်းကားကျမှ ကိုယ်ထည်က နိမ့်နေတာ..ပြိုင်ကားကြီးမို့လို့လား..."
"ကျုပ်မောင်းတာလည်း ပြိုင်ကားပဲလေ..."
"ငိုးပဲ စောက်ပို လာလုပ်မနေနဲ့..တကယ်လို့ မင်းက ပြိုင်ကား မောင်းတယ်ဆိုရင် ငါက လေယာဉ်မောင်းနေတာကွ.."တစ်ဖက်မှ အော်ဟစ် ကြိမ်းမောင်းလိုက်ပြီး "မြန်မြန်၀င်ခဲ့စမ်း..ငါ့အချိန်တွေ လာမဖြုန်းနဲ့..မဟုတ်လို့ကတော့ မင်းကို ကွန်ပလိန်း တက်ပစ်မယ်.."
"တကယ့်လို့ ကျုပ်ကား အစင်းရာတွေ ထင်သွားရင် ခင်များ တာ၀န်ယူမှာလား.."
"ယူမယ်ကွာ..ယီးပဲ..ဆီနည်းနည်းလေး ချွေတာတော့ကော မင်းဘယ်လောက် ချမ်းသာသွားမှာ ကျလို့..."
လင်းရီ ဖုန်းအသံသွင်းသည့် မုဒ်ကို ဖွင့်လိုက်ပြီး နောက်တစ်ခေါက်ပြန်မေးလိုက်၏။
"ကျုပ်ကား ခြစ်ရာတွေ ထင်သွားခဲ့ရင် ခင်များတာ၀န်ယူမှာ သေချာတယ်နော် . "
"ငိုးပဲ..မင်းငါ့ကို တမင်အချိန်လာဖြုန်းနေတာလား...တကယ်လို့ ငါသာ အလျင်မလိုနေဘူးဆိုရင် ယီးမှ မင်းကား စီးမနေဘူး.."တစ်ဖက်လူမှ ကျိန်ဆဲလိုက်ပြီး "ကားအစုတ်ကြီးမလား..ပြင်ပေးလိုက်မယ်ဟျောင့်.."
"ခင်များကတောင် အဲ့လိုပြောလာပြီဆိုမှတော့ ကျုပ်ကလည်း ဘာကို စိုးရိမ်နေရမှာ..."
ပြောပြီးနောက် လင်းရီ လွိုင်ကန်ကိုရပ်ကွက်ထဲသို့ မောင်းချသွားခဲ့သည်။
နီရောင်သွေးသွေး လွိုင်ကန်တစ်စီး ၀င်ရောက်လာသည်ကိုမြင်တော့ ဟင်းရွက်ရွေးနေကြသည့် အန်တီတို့မှာ ကမန်းကတမ်း လမ်းဖယ်ပေးလိုက်ကြ၏။
သူမတို့ ကားအကြောင်း များများစားစား မသိသော်လည်း ကား၏ အဆင်းကို ကြည့်ရုံမျှဖြင့် သေချာပေါက် တန်ဖိုးမနိမ့်ကြောင်း အလွယ်တကူ သိနိုင်လေသည်။
သို့နှင့် လင်းရီ ရပ်ကွက်ထဲသို့ ဖြည်းညင်းစွာ မောင်းလာခဲ့ရင်း အလုပ်ကိုယ်စီ ရှုပ်နေကြသည့် လူငယ်လူရွယ် အများအပြားကိုလည်း ကြက်သေသေသွားစေခဲ့၏။
ဘာလားဟ..စူပါကားကြီးက ရပ်ကွက်ထဲ ရောက်လာတယ်တဲ့လား..
အစင်းရာတွေ ထင်မှာ မကြောက်ဘူးလားဟ...သောက်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ...
ထိုအချိန် ယူနစ်သုံး၊ အမှန်လေးအဆောက်အုံ၏ ၀င်ပေါက်တွင် လူငယ်စုံတွဲတစ်တွဲ မတ်တပ်ရပ်နေကြ၏။
အမျိုးသား၏ နာမည်မှာတော့ ဟွမ်ဟော်ဆုန်းဖြစ်ပြီး ၊ သူ၏ ဇနီးဖြစ်သူ အမျိုးသမီးမှာတော့ လီရှောင်းယွီဟု ခေါ်တွင်လေသည်။
"ယောက်ျား ရှင် ဘာလဲဖြစ်လို့ အဲ့လောက်တောင် အော်ကြီးဟစ်ကျယ်နဲ့ ဆဲဆိုနေရတာ..ရပ်ကွက်ထဲကလူတွေတောင် ဝိုင်းကြည့်ကုန်ကြပြီ..."
လီရှောင်းယွီမှ မေးမြန်းလိုက်၏။
" မေးမနေစမ်းပါနဲ့ကွာ..စိတ်တိုဖို့ ကောင်းလိုက်တာ..လမ်းမလျှောက်ချက်လို့မှ ဒရိုင်ဘာခေါ်ပါတယ်ဆိုနေမှ လမ်းလျှောက်လာခဲ့ပေးလို့ရလားတဲ့....ငါလချီးပဲလို့ "ပြောနေရင်း ဒေါသထွပ်လာကာ ဟွမ်ဟော်ဆုန်း ဆဲဆိုမိပြန်သည်။
"အမ်...အဲ့လိုကြီးလား..သူတို့က ဘယ်လို၀န်တောင်မှုတွေ ပေးနေလဲ မသိဘူးနော်.."
"အဲ့တာပြောတာပေါ့....သူ့ ဓာတ်ဆီချွေတာချင်တိုင်းနဲ့ ငါတို့ကို လမ်းလျှောက်ခိုင်းနေတယ်..ငါတို့ကို လအ တွေများမှတ်နေလား မသိဘူး.."ဟွမ်ဟော်ဆုန်းမှ ပြောလိုက်ပြီး "မိန်းမ..ငါစဉ်းစားပြီးသွားပြီ..ငါတို့ ရောက်ချင်တဲ့ နေရာရောက်ပြီးတာနဲ့ အဲ့ကောင်ကို သေချာပေါက် မကောင်းတဲ့ ရီဗျူးတွေ ပေးပစ်ဦးမယ်..."
"ဟမ့်..သူ့ကို မကောင်းတဲ့ ရီဗျူး ပေးတာကတောင်မှ ကြင်နာလွန်းနေပြီ..."လီရှောင်းယွီမှ ပြောလိုက်ပြီး "အဲ့လိုလူမျိုးတွေက ဘာမှလည်း ဟုတ်တာလည်း မဟုတ်ဘဲနဲ့ အရမ်းမောက်မာကြတယ်...ဘယ်လိုလူတွေ မှန်းလဲ မသိပါဘူး.."
"အေးဆို...ပြီးတော့ ဆင်ခြေပေးတာကလည်း သူများ လက်ခံနိုင်လောက်တဲ့ဟာ မပြောဘူး..သူမောင်းလာခဲ့တဲ့ကားက ပြိုင်ကားတဲ့..လမ်းပေါ် မောင်းလာခဲ့ရင် သူ့ကား ခြစ်ရာတွေ ထင်ကုန်မှာဆိုးလို့တဲ့....မင်းပဲ စဉ်းစားကြည့်ကွာ..ပြိုင်ကားကြီးနဲ့ Didi မောင်းတယ်ဆိုတာက ဖြစ်နိုင်လား.. "
"ဟင်..သူက ပြိုင်ကားမောင်းတယ်လို့ ပြောတယ်..."လီရှောင်းယွီ အံ့အားတကြီး ဖြစ်သွားခဲ့ပြီး "အဲ့ဒီ ဒရိုင်ဘာက တော်ရုံ လွတ်နေတာတော့ မဟုတ်လောက်ဘူးထင်တယ်...မဟုတ်ရင် အဲ့လိုစကားမျိုး ပြောထွက်မှာ မဟုတ်ဘူး......."
"ပြောချင်နေတာအဲ့ဒါ..အဲ့လိုပြောလိုက်တာနဲ့ ငါက ယုံမယ့် ကောင်လို့ ထင်နေတာလား မသိဘူး.."ဟွမ်ဟော်ဆုန်း ပြောလိုက်ပြီး "ကိုယ်ခုလေးတင် စဉ်းစားပြီးသွားပြီ..အဲ့ကောင်ရောက်လာတာနဲ့ မကောင်းတဲ့ ရီဗျူးပေးပစ်မယ်..နောက်ကျရင် ကွန်ပလိန်း တက်မယ်..."
"အွန်း..အဲ့လိုပဲ လုပ်ကြတာပေါ့.."
ဘွန်း..ဘွန်း....
နှစ်ယောက်သား စကားပြောနေစဉ် မထင်မှတ်ထားသည့် ဆူညံသံကြီး တစ်ခုကို ကြားလိုက်ရသည်။
ဖြတ်သွားဖြတ်လာသူ အများအပြားလည်း သိချင်စိတ်ဖြင့် အသံလားရာဘက်သိူ့ ပြိုင်တူ ကြည့်မိလိုက်ကြ၏။
မနီးအဝေးတွင် အနီရောင် လွိုင်ကန်တစ်စီး မောင်းလာသည်ကိုမြင်တော့ အားလုံး ရှော့ခ်ရသွားခဲ့ကြလေသည်။
"အဲ့..အဲ့တာကြီးက လွိုင်ကန် မဟုတ်လားကွ.."
Fast and furious ဇာတ်ကားကို လွန်စွာ ခုံမင်ဆွဲလန်းသူတစ်ဦး ဖြစ်သည့် အလျောက် ကားမြင်သည့် အချိန်တွင် လွိုင်ကန်မှန်း တန်းသိလေသည်။
ယွမ်သန်း ၆၀ကျော်တန်ကြေးရှိသည့် လွိုင်ကန်ကို သူတို့ရပ်ကွက်အိုလေး၌ တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားချေ။
စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှ၏။
"ခင်များက ဖုန်းနံပါတ် ၉၄၂၈၁ နဲ့ ဆုံးတဲ့ မစ္စတာဟွမ်လား.. "
လင်းရီ ထိုသို့ မေးလိုက်သည်တွင် ဟွမ်ဟော်ဆုန်းနှင့် လီရှောင်းယွင်တို့ ကြက်သေသေသွားခဲ့ကြ၏။
"မင်း...မင်းက ငါ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ်ပြီး သိနေတာ.."
"ကျုပ်က Didi ဒရိုင်ဘာလေ..ခင်များပဲ ကျုပ်ကို လာကြိုဖို့ မပြောထားဘူးလား..."
"မင်း...မင်းက Didi ဒရိုင်ဘာ.."ဟွမ်ဟော်ဆုန်း မယုံကြည်နိုင်စွာဖြင့် လင်းရီကို မေးမြန်းမိသည်။
ဟွမ်ဟော်ဆုံးနှင့် သူ၏ ဇနီးဖြစ်သူတို့မှာ မယုံကြည်နိုင်စွာဖြင့် ငူငူငိုင်ငိုင်ကြီး ရပ်နေကြတော့၏။ လမ်းသွားလမ်းလာများပင်လျင် လင်းရီ၏ စကားကိုကြားတော့ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
စူပါကားနှင့် Didi မောင်းသူရှိလိမ့်မည်ဟု သူတို့ အိပ်မက်ထဲတွင်တောင် ထည့် မစဉ်းစားခဲ့ဖူးကြချေ။
"ဟုတ်တယ်..ကျုပ်ပဲ.."
ဟော်ဟွမ်ဆုန်း ရင်ခုန်စိတ်လှုပ်ရှားသွားခဲ့၏။
သူဒီနေ့ ကံကောင်းလွန်းနေတာလားဟ..
တက္ကစီလေး တစ်ချက် ခေါ်မိပါရဲ့... စူပါကားကြီး စီးရတော့မယ်..တန်လိုက်တာကွာ..
အကယ်၍ သူလွိုင်ကန်ထဲ၌ ခေတ္တမျှ ထိုင်ပြီး ဆယ်လ်ဖီလေး ဆွဲနိုင်ခဲ့လျင်တောင်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များကို တစ်သက်လုံးကြွားရန် လုံလောက်သည်။
"နေဦး..ခင်များ ကားထဲ မ၀င်သေးနဲ့ဦး.."လင်းရီ ပြောလိုက်ပြီး "ဒီရပ်ကွက်ထဲ ၀င်လာတော့ ကျုပ်ကားက အစင်းရာတွေ အတာ်လေး ထင်သွားတယ်..ခင်များပဲ အလျော်ပေးမယ်လို့ ပြောထားတယ်မလား..ကျုပ်ခု ကားအာမခံ ကုမ္ပဏီကို ဖုန်းခေါ်လိုက်တော့မယ်..လျော်ကြေးကိစ္စလေး စကားပြောကြတာပေါ့..."
"လျော်ကြေး.."
ဟွမ်ဟော်ဆုန်းနှင့် လီရှောင်းယွင်တို့ ထိတ်လန့်သွားကြပြီး နောက်ကျ၌ ချွေးအေးများ စေးကပ်သွားခဲ့ကြသည်။
သူတို့ အဲ့လိုပြောခဲ့တာတော့ ဟုတ်တယ်....
ဒါပေမယ့် ဒါကြီးက လွိုင်ကန်လေကွာ..
ယွမ် သန်း၆၀ ကျော်တဲ့ လွိုင်ကန်ကြီးဟ....
ဒီလိုကားမျိုးပေါ်မှာ ခြစ်ရာလေးတစ်ခု ထင်လို့ ပြင်ရင်တောင်မှ ယွမ်တစ်သိန်းဂျောင်းပဲ.. အဲ့ပမာနဲ့ဆိုရင် အနည်းဆုံးတော့ ကားသေးတစ်စီးစာလောက် ၀ယ်လို့ရတယ်...
သူတို့လို အကြွေးနွံနစ်နေတဲ့ လခစားလေးတွေက အဲ့လောက်ကြီးကျ လျော်ပေးနိုင်မှာတဲ့လား..
"ဟဲဟဲ ငါ..ငါက ..အလကားစနတောပါဟ.."
"ခင်များ စတာ မစတာ ကျုပ်စိတ်မ၀င်စားဘူး..ခင်များ တောင်းဆိုလို့လည်း ကျုပ်မောင်းလာခဲ့ပေးပြီးပြီ..ပြီးတော့ ခင်များဘက်က ပျက်ဆီးမှုတွေ အတွက်လည်း လျော်ပေးမယ်လို့ ပြောထားပြီးသား... ဘာမှ ဆွေးနွေးနေစရာ အကြောင်း မရှိဘူး..."
ဟွမ်ဟော်ဆုန်း သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး မူလက ပျော်ရွှင်နေသည့် စိတ်လေးများပင် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားခဲ့သည်။
ရိုးရှင်းစွာပင်၊သူ ထိုမျှ များပြားလှသည့် ငွေကြေးပမာဏကို လျော်ပေးရန် မစွမ်းသာခဲ့ပေ။
"နင် စကားကို မဟုတ်တမ်းလျားတွေ လာမပြောနဲ့.."လီရှောင်းယွင်မှ "ငါ့ယောက်ျားက တစ်ခါမှ အဲ့လိုမျိုး မပြောဖူးဘူး..နင့်ဘာနင် ပြောနေတာ..."
"ဟုတ်.. ဟုတ်တယ်...ငါအဲ့လိုမျိုး မပြောခဲ့ဖူးဘူး.မင်းဘာမင်း ဒီကို မောင်းလာခဲ့တာ..လာပြီး အကြောင်လာမရိုက်နဲ့ဟျောင့်.."
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ပြီး "ခင်များတို့ ၀န်မခံဘူးဆိုတာ သိလို့ကို ကြိုပြီးတော့ အသံဖမ်းထားတယ်..."
"မင်း..မင်း အသံဖမ်းထားတယ်..."
နှစ်ယောက်လုံး အလွန်အမင်း အံ့အားသင့်သွားခဲ့ပြီး သူတို့၏ စောနက ယုံကြည်ချက်များမှာ အခိုးအငွေ့များကဲ့သို့ လေထဲတွင် ပျောက်ရှသွားခဲ့သည်။
"အသံဖမ်းထားတယ်...ဟမ့်..ဒီတော့ နင် အသံဖမ်းထားတော့ကော ဘာဖြစ်လဲ.."လီရှောင်းယွီ ပြောလိုက်ပြီး "နင့်ကား ဘယ်ချိန်တုန်းက ခြစ်ရာထင်လဲဆိုတာ ဘယ်သူသိလို့လဲ...ငါတို့ဆီ မရောက်လာခင်ကတည်းက ခြစ်ရာထင်နေတာလည်း ဖြစ်နိုင်တာပဲလေ... ငါတို့ကို အပြစ်လာဖို့ချဖို့ စဉ်းစားမနေနဲ့.."
"အဲ့လိုဆိုရင်တော့ ခင်များတို့က ကျိုးကြောင်း မသင့်ရာကျလွန်းသွားပြီ..."
" ကျိုးကြောင်းမတင့်ဘူးဆိုတာက ဘာသဘောလဲ...ငါ့အထင်တော့ နင်ငါတို့ကို အလကား သပ်သပ် ခြိမ်းခြောက်ငွေညစ်နေတယ်လို့ပဲ မြင်တယ်..."
လီရှောင်းယွီ ပြောလိုက်ပြီး "ပြီးတော့ ငါတို့မှာ နင့်ရဲ့ အချက်အလက်တွေရှိတယ်..ငါတို့ ကွန်ပလိန်းမတက်ခင် ကိုယ့်ဘာကိုယ် အလိုက်တသိနဲ့ ထွက်သွားလိုက်တော့..."