အခန်း (၃၃၀)
Vol. 22 Ch. 330
"သီချင်းပါထည့် ဆိုရမယ်.."လုထျန်း ကြောင်အစွာမေးမြန်းလိုက်၏။
"နင်က အရင်တုန်းက ရုရှားသွားဖူးတယ်လေ၊..ဒါကြောင့်မို့ နင့်ရဲ့ ရုရှားလေသံက သူများထက်ပိုပြီးကောင်းတယ်...ငါတို့ကျတော့ အင်္ဂလိပ်က ဒုတိယဘာသာစကားလေ..ဒီတော့ ရုရှားလိုကျ ဘယ်သူက နင့်လောက်ကောင်းအောင် ပြောနိုင်မှာလဲဟ..."
"အိုက်ယား..ဟုတ်သားပဲ..ငါ့လို ဘာသာစကား သုံးခုလောက် ကျွမ်းကျင်တဲ့သူတွေက သိပ်မှ မရှိပဲကို...ဒီတော့ နည်းနည်းလေးခက်ခဲရာ ကျနေမှာပေါ့...ရတယ် ရတယ် ဆိုမနေနဲ့တော့..."လျှိုရီတ အပြုံးလေးဖြင့် ပြောလိုက်၏။
ကျီချင်းရန်ကတော့ သူ၏ လေသံကို သဘောမကျပေ။
စိတ်ထဲတွင်တော့
'လင်းရီက ရုရှားလိုမတတ်ဘူးဆိုပေမယ့် ပြင်သစ်လို ပြောတတ်တယ်..
နင့်ထက် အများကြီး သာပြီးသား...'
လင်းရီကတော့ ကူကယ်ရာ မဲ့နေလေသည်။ ဒီတိုင်း ထမင်းအေးဆေးလေး စားလို့မရဘူးလားဟ..
မပြည့်သည့်အိုးတွေက ဘောင်ဘင်ခတ်တယ်ဆိုတာ တကယ့်ကို မှန်တာပဲ
အကော်ဒီယံကို အသင့်ပြင်ပြီးနောက် လင်းရီမှ စတင် တီးခတ်လိုက်သည်။
သာယာနာပျော်ဖွယ် တေးသွားမှာ လူတိုင်း၏ နားစည်၀သို့ ချောမွေ့စွာ စီးဆင်းသွားတော့၏။
ကျန်းရှုမင်နှင့် ဖန့်ရှင်းကော်တို့ မျက်လုံးများ လက်သွားကြသည်။ တူညီသည့် တေးသွားဖြစ်သော်လည်း မတူညီသည့် ရသကို ခံစားသိရှိနိုင်လေသည်။
သူတို့၏ မျက်လုံးရှေ့တွင် ပိုက်ခယ်ရေကန်ကိုတောင်မှ မြင်ယောင်လာကြတော့၏။
တစ်ခု ၀မ်းနည်းဖို့ကောင်းသည်ကတော့ လင်းရီမှ သီချင်းမဆိုတတ်သည်ပင်။ မဟုတ်ပါက ပိုပြီး ပြည့်စုံသွားပေလိမ့်မည်။
သိူ့သော်လည်း ထိုအဆိုကိစ္စကို ဘေးချိတ်ထား၍ ရ၏။ အတီးနှင့်ပင် သူ၏ အရည်အချင်းကို သက်သေပြရန် လုံလောက်သည်ထက် ပိုနေလေပြီ။
ရုရှားဘာသာစကားမှာ ဟွာရှ၌ မထင်မရှား ဘာသာစကား တစ်ခုလေးသာဖြစ်၏။ ကျောင်းအချို့မှလွဲ၍ မည်သည့်ကျောင်းကမျှ ရုရှားဘာသာစကားကို သင်ကြားပေးခြင်း မပြုကြချေ။
ဤကိစ္စကိုလည်း အပြစ်တင်၍ မရ။ ထို့ကြောင့် တေးသွားချည်းသပ်သပ် နားသောတဆင်ရုံသာတတ်နိုင်သည်။
"လူသူကင်းမဲ့တဲ့ ပိုက်ခယ်လွင်ပြင်ရဲ့ တောင်တန်းတို့အလယ်မှာ ရွှေတွင်းကြီးတစ်တွင်း တည်ရှိနေလေရဲ့......"
"ခြေတစ်လုံးအိမ်တိုင်သမားလေးမှာ သူ၏ မကောင်းသည့် ကံတရားကို ကျိန်ဆဲလျက် ဗလာကျင်းသည့် အိတ်ကိုလွယ်ကာ ရှေ့သို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းနေလေတယ် "
လူတိူင်း လင်းရီ၏ တီးခတ်ဖျော်ဖြေမှုကို နားစိုက်ထောင်နေကြချိန် ကျော်ကြားသည့် ရုရှားသီချင်း ပိုက်ခယ်လွင်ပြင်ဟူသော သီချင်းသံကို ကြားလိုက်ရ၍ အံ့အားသင့်သွားခဲ့ကြသည်။
အရေးကြီးဆုံးကတော့ ရုရှားလေသံစစ်စစ်ဖြင့် သီဆိုနေခြင်းပင်။
လူတိုင်း အံ့အားတကြီး ဖြစ်သွားခဲ့၏။ အထူးသဖြင့်တော့ ကျီချင်းရန်ပင်။
သူမ လင်းရီနှင့် ရင်းနှီးခဲ့သည်မှာ ကြာညောင်းလှပြီ ဖြစ်သော်လည်း သူမပင်လျှင် လင်းရီ ရုရှားလို ပြောတတ်ကြောင်း မသိရှိခဲ့ပေ။
သာယာနာပျော်ဖွယ် တေးသွားနှင့် တီဆိုဖျော်ဖြေတင်ဆက်မှုတို့မှာ လူတိုင်း၏ မေးရိုးကို ကြမ်းပြင်သို့ ပြုတ်ကျသွားစေသည်အထိ ရင်သပ်မှုမော ဖြစ်သွားစေခဲ့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ၏ တေးသွားမှာ အဆုံးသတ်သွားခဲ့၏။ သို့သော်လည်း ကျန်းမင်ရှုနှင့် ဖန်းရှင်းကော်တို့မှာ ပုံရိပ်ယောင်ထဲ၌ နစ်မြောနေကြတုန်းပင်။
ဖြောင်း ဖြောင်း ဖြောင်း...
လက်ခုပ်တီးသံ ထွပ်ပေါ်လာပြီး နှစ်ယောက်စလုံးမှ စိတ်လှုပ်ရှားနေကြ၏။
"ရီလေး တင်ဆက်ပြသွားတာ အရမ်းကောင်းတာပဲနော်...ပရော်ဖက်ရှင်နယ် နည်းပြတွေနဲ့တောင်မှ ခိုင်းနှိုင်းလို့ရတယ်..တကယ့်ကို ပြောင်မြောက်လွန်းပါတယ်ကွယ်..."
"ဆရာမကျန်းကတော့ ချီးကျူးလွန်းနေပါပြီ...ကျွန်တော်က အကော်ဒီယံကို အပျော်လောက်ပဲလေ့လာထားတာ...ဝါသနာတွေက များလွန်းတော့လည်း အများကြီး သိနေတာပေါ့ဗျာ..."
လုထျန် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပြီး သူမရင်ထဲတွင်တော့ ဝေဖန်ပိုင်းခြားနေသည်။
"လင်းရီ တင်ဆက်သွားတာက လုံး၀ကို အပြစ်ပြောရက်စရာ မရှိတာ..တစ်ချက်ကြည့်လိုက်တာနဲ့ လျှိုရီတက လင်းရီနဲ့ လယ်ဗယ်အကွာကြီး ဆိုတာ တပ်အပ် ပြောလို့ရတယ်..."
"ကဲ..ဒီနေ့ တင်ဆက်တာတွေတော့ ဒီလောက်နဲ့ပဲ နားကြရအောင်..ဆက်စားကြစို့..."ဖန့်ရှင်းကော်မှ ပြောလာခဲ့၏။
"ဟုတ်တယ်..ဆက်စားကြမယ်...ဒီနေ့တော့ ဆရာမရဲ့ အိမ်မှာ ခပ်ကြာကြာလေး နေသွားကြဦးနော်..ဘယ်သူမှ ပြန်ဖို့ အလျင်မလိုရဘူး...."ကျန်းရှုမင်မှ ပြုံးလျက် ပြောသည်။
"ခု ဆရာမတပည့်တွေက စီးပွားရေးတွေ စလုပ်နေပြီဆိုတော့ အခက်အခဲတွေ ဘာတွေကော ရှိကြသေးလား..ရှိရင် ဆရာမကိုပြောနော်..ဆရာမမှာလည်း အဆက်အသွယ်တစ်ချို့ရှိတော့ နည်းနည်းပါးပါး ကူညီနိုင်တယ်... "
ထိုအခိုက်အတန့်တွင်တော့ မည်သူမဆို နာမည်ကြီးကျောင်းမှ ပါမောက္ခတစ်ဦး၏ အံ့မခန်းအရှိန်အဝါများကို မြင်တွေ့နိုင်သည်။ ပြောလိုက်သည့်လေသံထဲတွင် သေချာနေသည့် နိမိတ်သဘာ၀တို့မှာ ကိန်း၀ပ်နေလေသည်။
"ခုလို ပြောပေးတဲ့အတွက် ကျေးဇူးပါဆရာမကျန်း...ကျွန်တော်တို့ ကုမ္ပဏီရဲ့ အခြေနေက တည်ငြိမ်တဲ့ အခြေနေကို ရောက်နေပြီ..အထူးဖြင့်တော့ အစ်ကိုလျှိုပေါ့..သူ့ရဲ့ လက်ရှိ ကုမ္ပဏီ ပေါက်ဈေးက ယွမ် သန်း ၈၀၀တောင် ကျော်နေပြီ..နောက်လာမယ့် သန်း ၇၀ ရင်းနှီးမြုပ်နှံမှုကလည်း ရှိသေးတယ်ဆိုတော့ တစ်ဘီလီယမ်အထိ ရောက်ဖို့ဆိုတာက အခ်ျန်တစ်ခုလောက်ပဲ လိုတော့မှာ..."
"အိုး တော်လိုက်တာနော်..."
ကျန်းရှုမင် ချီးမွမ်းလိုက်ပြီး "ချင်းရန်ရဲ့ ကုမ္ပဏီက သုံးဘီလီယမ်တောင် ကျော်သွားပြီမလား..မင်းသာ ဒီကောင်မလေးကို ကျော်တက်ချင်တယ်ဆိုရင်တော့ သေချာပေါက် ကြိုးစားမှ ရမယ်နော..."
"မပူပါနဲ့ဗျ..ကျွန်တော့်မှာ ယုံကြည်ချက်ရှိပြီးသားပါ..."လျှိုရီတ ရယ်မောလျက် ပြောလိုက်ပြီး "ပြီးတော့ ဆရာမတို့ သိမှာတော့ မဟုတ်ဘူး..ကျွန်တော့်ဆီ ရင်းနှီးမြုပ်နှံမယ့်သူက ဆရာမတို့ အသိထဲကပဲ.."
"ငါတို့က သူ့ကိုသိတယ်...ငါ့ရဲ့ ရင်းနှီးမြုပ်နှံမှု နယ်ပယ်ထဲက မိတ်ဆွေများလား..."ကျန်းရှုမင် အံ့အားတကြီးနှင့် မေးမြန်းလိုက်ပြီး "ဘယ်သူလဲ ဆိုတာ ပြောလိုက်...သူ့ကို နောက်ထပ် ၁၈ မီလီယမ်လောက် ထပ်ရင်းနှီးခိုင်းလိုက်မယ်..."
အကယ်၍ တစ်စုံတစ်ဦးသာ ထိုသို့ ပြောလာမည်ဆိုပါက သေချာပေါက် ကြွားဝါနေသည်ဟု လင်းရီ ထင်မိပေလိမ့်မည်။ သို့သော်လည်း ကျန်းရှုမင်မှာတော့ခြားနား၏။
သူမ၏ သက်တမ်းတစ်လျှောက် မွေးထုတ်ပေးခဲ့သည့် တပည့်များထဲတွင် ထွန်းပေါက်အောင်မြင်နေသူတို့မှာ ကောင်းကင်ထက်ရှိ ကြယ်တာရာတမျှ ရေတွက်မရသည့် ပမာဏရှိသည်။။ ထို့ကြောင့် သူမ၏ ပြောလိုက်သည့် စကားလုံးတိုင်းတွင် ဝိတ်(weight)ရှိနေမည်မှာ မလွဲမသွေပင်။
"ဆရာမကျန်း အထင်လွဲနေပါပြီ..သူက ဆရာမရဲ့ မိတ်ဆွေတွေထဲက မဟုတ်ဘူး..ဆရာမရဲ့ တပည့်တွေထဲကပဲ...ပြီးတော့ ဒီမှာရှိတဲ့ သူတိုင်းက သူနဲ့ ရင်းနှီးပြီးသား...."
"အန်...ဘယ်သူကြီးလဲ..ဘယ်နှစ်ကလဲ..စွန်းကျောက်ချန်လား...သူမင်းတို့ကို စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ သင်ပေးဖူးတာတော့ မှတ်မိတယ်..."
"အစ်ကိုကြီးစွန်းမဟုတ်ဘူး..ဟော်ယွမ်ယွမ်.."
"ဟိုကလေးမလေး ယွမ်ယွမ်လား..."ကျန်းရှုမင် အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
"သူက ကျိုးဟိုင် မေ့ထွမ်လက်အောက်မှာ လုပ်နေတာ မဟုတ်ဘူးလား..ဘယ်လိုလုပ်ပြီး ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီရဲ့ CFO ဖြစ်လာတာလဲ..."
"ကြည့်ရတာတော့ ဆရာမကျန်းက လက်ရှိ ဟော်ယွမ်ယွမ်အကြောင်း သိပ်သတိမထားမိဘူး ထင်တယ်..."လျှိုရီတ အပြူံးလေးဖြင့် ပြောလိုက်ပြီး "သူမက ခု လင်းယွမ်အုပ်စုကို ပြောင်းသွားခဲ့ပြီ...CFO ရာထူးပဲ ဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာကတော့ အတော်လေးရှိတယ်... ခုရင်းနှီးမြုပ်နှံမှု တာ၀န်ခံကလည်း သူမပဲလေ..ဒါကြောင့်မို့ ကျွန်တော်လည်း သူနဲ့ခုတလော အဆက်သွယ်ရနေတာ...ကျွန်တော်တို့ရဲ့ ရင်းနှီးဆက်နွယ်မှုတွေအရဆိုရင် သန်း၇၀ တန်ကြေးရှိတဲ့ ရင်းနှီးမြုပ်နှံမှုက အောင်မြင်မှာ လုံး၀ မြေကြီး လက်ခတ်မလွဲပဲ "
"ကောင်းတာပေါ့ကွယ်.....ခုလို အသိတွေ အချင်းချင်းတွေ ဆိုတော့ လုပ်ငန်းလုပ်ရတာ ပိုပြီး အဆင်ပြေသွားတာပေါ့.."
"အင်း...ကျွန်တော်တို့ အကြိုသဘောတူညီမှုတော့ လုပ်ထားပြီးပြီ..ကျန်တာကတော့ ကုမ္ပဏီက တခြားအမှုဆောင် အရာရှိတွေနဲ့ ဆွေးနွေးရုံပဲ..ဒါပေမယ့် အဲ့ဘက်လည်း ပြဿနာမရှိဘူးလို့ ကျွန်တော်ကတော့ ယုံကြည်ပြီးသား..."
ထိုစကားဝိုင်းကိုကြားတော့ လင်းရီနှင့် ကျီချင်းရန်တို့ အချင်းချင်း အကြည့်ဖလှယ်မိလိုက်ကြသည်။
လင်းရီကတော့ ရယ်မောချင်နေလေသည်။ သူ့ဘက်က ရင်းနှီးမြုပ်နှံမည့် နောက်ကုမ္ပဏီတစ်ခုနှင့် အဘယ်ကြောင့် လာဆုံနေရပါသနည်း။
တွေးရင်းပြုံးရင်း ခေါင်းသာခါရမ်းလိုက်သည်။
"အဲ့တာဆိုလည်း အောင်မြင်ပါစေကွယ်.."ကျန်းရှုမင် သူမ၏ ရေနွေးကြမ်းခွက်ကို မြောက်၍ တို့စ်လုပ်ပေးလိုက်၏။
"ဟုတ်ကဲ့ ကျေးဇူးပါဗျ..."လျှိုရီတလည်း သူ့ဖန်ခွက် မြောက်လိုက်ပြီး လင်းရီကို ကြည့်ကာ "မစ္စတာလင်းကကော ဘယ်မှာ လုပ်နေလဲဆိုတာ ကျုပ်သိပါရစေ..."
"ဒီတိုင်း အသေးစား ကုမ္ပဏီလေးမှာပါ ...စကား လုပ်ပြောရလောက်တဲ့ အထိ မဟုတ်ပါဘူး...."
ကောင်းကင်ကြီးမှ အနှီလျှိုရီတကို သေအောင် ဆော့ကစားရန် ယခုညစာစားပွဲသို့ စေလွှတ်လိုက်သလားဟုတောင် လင်းရီ သံသယ၀င်လာခဲ့၏။
မင်းကုမ္ပဏီက ငါခွင့်ပြုမှ ရင်းနှီးငွေတွေ ရမှာကွ..အဲ့တာတောင်မှ ငါ့ရှေ့မှာလာပြီး မိမိုက်သလို လုပ်ပြနေတယ်ပေါ့လေ...
"ခုမှ တည်ထောင်ကာစ ကုမ္ပဏီလေးလား..."လျှိုရီတ ပြုံးလိုက်ပြီး "ကျုပ်ကုမ္ပဏီက ရင်းနှီးမြုပ်နှံသူတွေ အရေးတကြီးလိုအပ်နေတဲ့ အချိန်ဆိုပေမယ့် ကျုပ်တို့မှာ စွန့်ဦးတီထွင်သူတွေကို သပ်သပ် ရင်းနှီးမြုပ်နှံပေးတဲ့ ဌာနတစ်ခုရှိတယ်...ကျုပ် မစ္စတာလင်းရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံပေးဖို့ လိုသေးလား..ချင်းရန်ရဲ့ ကုမ္ပဏီက မိသားစုပိုင်ဆိုတော့ သူတစ်ယောက်တည်းက ဆုံးဖြတ်ချက်ချလို့ရမှာ မဟုတ်ဘူး..ကျုပ်ခင်များအတွက် သီးသန့် ရင်းနှီးမြုပ်နှံပေးမယ်ဗျာ...အဲ့လိုဆို ပိုပြီး အဆင်ချောတာပေါ့ မဟုတ်ဘူးလား... "
လျှိုရီတ အပြုံးလေးဖြင့် ပြောလိုက်သည်။
"မလိုပါဘူး..ကုမ္ပဏီအသေးစားလေးဆိုပေမယ့် ကျုပ်က အပျော်လုပ်နေတာ...အကြီးကြီး မျှော်မှန်းထားတာတွေလည်း မရှိဘူး..ဒီတိုင်း စိတ်တိုင်းကျ ဆော့ကစားလို့ရရင်ကို အဆင်ပြေနေပြီ..."
လုထျန်း ကူကယ်ရာမဲ့စွာဖြင့် နှာတစ်ချက် ကစ်လိုက်သည်။
လင်းရီ၏ ကုမ္ပဏီ မည်မျှကြီးမှန်း သူမ မသိသော်လည်း သန်း၆၀ကျော် တန်ကြေးရှိသည့် လွိုင်ကန်ကြီး စီးနိုင်ကတည်းကပင် ပေါ့သေးသေး မဟုတ်မှန်းတော့ နားလည်ပေသည်။
အနည်းဆုံးတော့ လက်ရှိ ဤနေရာ၌ ထိုင်နေကြသူများထဲတွင် မည်သူကမျှ ထိုကဲ့သို့သော ကားမျိုး ၀ယ်စီးရန် မတတ်နိုင်ချေ။
ကျီချင်းရန်ကတော့ ဘေးတွင် ရေငုံနှုတ်ပိတ်နေ၏။
လျှိုရီတကဲ့သို့ လူရှေ့သူရှေ့ ဘ၀င်မြင့်ချင်သူတို့ကို လင်းရီတစ်ယောက်တည်း အေးဆေးကိုင်တွယ်နိုင်လေသည်။
အမျိုးသမီးတစ်ယောက်အနေဖြင့် သူမ စကားအများကြီးပြောရန် မလိုအပ်ချေ။
နေရာ၌ ကျော့ကျော့လေး ထိုင်နေရုံနှင့် အဆင်ပြေ၏။
စာစဉ် (၂၂)ပြီး၏။