အောက်တိုဘာအပိုင်းပို
Vol. 7 Ch. Bonus Chapter
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
အောက်တိုဘာလအတွက် Bonus Chapter
တိတ်ဆိတ်တဲ့ည။
နယူးယောက်ဟီးရိုးကျောင်းမှာ နောက်ဆုံးကျန်တဲ့ဆရာတောင် စာမေးပွဲအဖြေလွှာတွေကို မီးခံသေတ္တာထဲ သိမ်းပြီးပြန်သွားပြီ။ အိမ်စေဝတ်စုံဝတ်ထားတဲ့ ညိုချောအိမ်စေမလေးက ကျောင်းဝင်းတံခါးကို သော့ခတ်ပြီး ကျောင်းအနှံကတံခါးတွေ ပိတ်ထားမထား လိုက်စစ်တယ်။ နောက်တော့ အဲဒီကောင်မလေးက ဝန်ထမ်းအဆောင်ကိုပြန်သွားပြီး တံခါးပိတ် ဂိမ်းစဆော့တယ်။ ရိုးရိုးဆော့ရုံတင်မကဘဲ နားကြပ်တပ်ပြီး Twitchမှာ တိုက်ရိုက်လွှင့်နေတာ။
ချောင်းကြည့်နေတဲ့ လူက ညကြည့်မျက်မှန်ကနေ အကြည့်ခွာလိုက်ပြီး ပြုံးလိုက်တယ်။ သူ့ရဲ့ကျိုးနေပြီး ပြန်စိုက်မထားတဲ့ သွားကြားကနေ အာငွေ့တချို့ထွက်လာတာမြင်ရတယ်။ မြင်ရရုံနဲ့တင် ခံတွင်းသန့်ရှင်းမှုအားနည်းတဲ့သူမှန်း သိနိုင်တယ်။
"အချိန်ကျပြီပေါ့လေ၊ ကျောင်းဝင်းထဲမှာ ခြံစောင့်ကောင်မလေးတစ်ယောက်ပဲ ကျန်တော့တယ်။"
သူက ပြောပြောဆိုဆိုနဲ့ ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ပြန်ကောက်ထည့်တယ်။ သတ္တုတူရွင်းပြား၊ ကိုမန်ဒိုဓာတ်မီးအသေးစားနဲ့ အမည်းရောင်အိတ်တစ်လုံးကို သူကောက်ယူလိုက်တယ်။ နောက်တော့ အိတ်ထဲကနေ အနက်ရောင်ခေါင်းစွပ်ကိုဆွဲထုတ်ပြီး ခေါင်းမှာစွပ်လိုက်တဲ့အတွက် သူ့မျက်နှာကို ဘယ်သူမှမမြင်ရတော့ဘူး။
သေချာပေါက် ဒီလူက ညဘက်မှာမှလှုပ်ရှားတတ်တဲ့
ညကြောင်တွေထဲက တစ်ယောက်ပါ။ အပျော်တမ်းသမားတစ်ယောက်မဟုတ်ကြောင်းကို သူ့ရဲ့ညကြည့်မျက်မှန်နဲ့ အခန်းအနှံပြန့်ကျဲနေတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ ဒီလူက ရက်ပေါင်းများစွာကြာတဲ့အထိ ဒုက္ခခံပြီးတော့ ဒီနေရာကနေ ကျောင်းကိုချောင်းနေခဲ့တာ။
"အမေရေ၊ သားကျောင်းသွားပြီနော်။ ဟဲဲဟဲဟဲ... ပညာသင်ဖို့တော့မဟုတ်ဘူး၊ ခိုးဖို့ဝှက်ဖို့။"
သူခိုးက အခန်းထဲကနေမထွက်ခင် ထိုင်ခုံတစ်လုံးနဲ့တွဲပြီး အချည်ခံထားရတဲ့ ဆံပင်တွေဖြူဖွေးနေတဲ့ အဖွားအိုတစ်ဦးကို ရယ်ပြလိုက်တယ်။ သေချာတာတစ်ခုကတော့ ဒီအဖွားအိုကမှ အခန်းရဲ့ပိုင်ရှင်ပါ။ ဒီသူခိုးက အဖွားကြီးကိုဖမ်းပြီး အခန်းတွဲကိုသူ့စခန်းအနေနဲ့ အသုံးချနေတာ။
ပြတင်းပေါက်နံရံတွေမှာတော့ အပြင်ကနေ သူများချောင်းမကြည့်အောင် သတင်းစာစက္ကူစတွေနဲ့ ကပ်ထားတာတွေ့နိုင်တယ်။ စာမျက်နှာတစ်ခုမှာပါတဲ့ ခေါင်းစဥ်ကတော့ 'နာမည်ကျော်ဖောက်ထွင်းဝိဇ္ဇာ
အက်ဒဝပ်ဂျုံးန် ထောင်ဖောက်ပြီးထွက်ပြေး'လို့ပါ။
အဝတ်အစားကိရိယာအပြည့်နဲ့သူခိုးက မှောင်ရိပ်ခိုရင်း ကျောင်းဝင်းနားကို ဖြည်းဖြည်းချင်းကပ်လာတယ်။ မိနစ်အနည်းငယ်ကြာတော့ အိမ်နီးနားချင်းတွေ သတိမထားမိဘဲ ကျောင်းဝင်းတံတိုင်းနားကို ရောက်လာပြီ။ သူက နံရံကိုမှီရပ်ရင်း ကျောင်းဂိတ်နဲ့တွဲလျက် တိုင်မှာတပ်ထားတဲ့ လုံခြုံရေးကင်မရာကို ပြုံးပြီးကြည့်လိုက်တယ်။ သူ့အတွေ့အကြုံကြောင့် ဒီကင်မရာတွေရဲ့မြင်ကွင်းကို ရှောင်ဖို့မခက်ခဲခဲ့ဘူး။ နယူးယောက်ပြည်နယ်ရဲ့အဆင့်မြင့်ရာဇဝတ်သားတွေကိုချုပ်ဖို့ထားတဲ့ ထောင်ကိုတောင် သူကျော်ဖြတ်လာပြီးပြီလေ။ သူ့အရည်အချင်းကို သက်သေပြထားပြီးသား။
သူခိုးက အိတ်ထဲကနေ ကျောက်ဆူးနဲ့ကြိုးကိုထုတ်ပြီး နံရံကိုကျော်ပစ်လိုက်တယ်။ နံရံကိုတွယ်တက်ဖို့သုံးတဲ့ အခြေခံအကျဆုံးနည်းလမ်းဆိုပေမဲ့ အခုထိအသုံးဝင်နေဆဲနည်းတစ်ခုပါ။ သူခိုးက ကြိုးအားကိုးနဲ့ နံရံကိုဖြည်းဖြည်းချင်းတွယ်တက်တယ်။ ကင်မရာတွေက အချိန်တစ်ခုကြာတိုင်း ထောင့်ပြောင်းပြီး ကြည့်ပေမဲ့ သူ့ကိုသတိထားမိသေးပုံမပေါ်ဘူး။
မကြာခင်မှာပဲ နာမည်ကျော်ဖောက်ထွင်းဝိဇ္ဇာကြီးက ကျောင်းဝင်းထဲကို အောင်မြင်စွာရောက်လာပြီး မြက်
ခင်းပြင်ပေါ်မှာ အခြေချနိုင်သွားတယ်။ ဒါပေမဲ့ သူအသက်ကို ဝဝမရှုရဲသေးပါဘူး။
"ဒီနေရာမှာလည်း နောက်ထပ်လုံခြုံရေးတစ်ဆင့်ရှိနေလောက်သေးတယ်မဟုတ်လား။"
သူက ပြောလိုက်ရင်း အိတ်ထဲက အနျူမီိနီယံ ပေါင်ဒါမှုန့်တချို့ကို ဖြူးလိုက်တော့ လေဆာတန်းအစိမ်းရောင်တွေ နေရာတိုင်းမှာရှိနေတာ တွေ့လိုက်ရတယ်။ သူခိုးက ပြုံးလိုက်ပြီး 'ကလေးအကွက်တွေပါကွာ။'လို့ ပြောလိုက်လေရဲ့။
မြက်ခင်းတွေပေါ်က သတိပေးလေဆာတန်းတွေကို သတိထားခက်ခက်ခဲခဲကျော်လွန်လာပြီးနောက် သူခိုးက ကျောင်းအလယ်ရင်ပြင်ဆီကို အောင်အောင်မြင်မြင်ရောက်လာပြီ။ ကင်းသမားတွေကို ခုထိမတွေ့ရသေးပုံထောက်တော့ လှည့်ကင်းမရှိတဲ့ပုံပဲ။
"ငါဝင်ခိုးဖူးသမျှ ဟီးရိုးကျောင်းတွေထဲမှာ နယူးယောက်ဟီးရိုးကျောင်းက လုံခြုံရေးအညံ့ဆုံးပဲ။ သူတို့တွေ ဘဏ္ဍာရေးကြပ်တည်းနေတယ်ဆိုတာ အမှန်ဖြစ်ပုံပဲ။"
သူခိုးက ဟက်ခနဲရယ်လိုက်ပြီး ရှေ့ကိုသတိနဲ့ဆက်လျှောက်တယ်။ လုံခြုံရေးမကောင်းတဲ့ကျောင်းတစ်ကျောင်းကို ရှာတွေ့တာ သူ့အတွက်တော့ ရွှေတွင်းကြီးရှာတွေ့သလိုပါပဲ။ "ကံကောင်းရင် ငါကြားဖူးနေကျ သူခိုးဒဏ္ဍာရီတစ်ပုဒ်တည်းကလို ကျောင်းထဲမှာ လျှို့ဝှက်အိမ်လေးဆောက်ပြီး နေနိုင်လိမ့်မယ်ထင်တယ်။ ဝရမ်းပြေးအဖြစ် ပြေးလွှားနေရတဲ့ဘဝကို စိတ်ကုန်လှပြီ။"
သူခိုးအက်ဒဝပ်ဂျုံးန်က ဖြစ်ရပ်မှန်တစ်ခုကို ပြောခဲ့တာဖြစ်ပြီး အရင်နှစ်လေးဆယ်တုန်းက အရုပ်ဆိုင်တစ်ခုထဲက မြေအောက်ခန်းမှာ စခန်းချနေပြီးတော့ တစ်မြို့လုံးကိုလှည့်စားနေခဲ့တဲ့ ဒဏ္ဍာရီသူခိုးကြီးတစ်ယောက်ရှိဖူးတယ်။ အက်ဒဝပ်ကိုယ်တိုင်ကလည်း နာမည်ကျော်ဖောက်ထွင်းဝိဇ္ဇာပေမဲ့ အဲဒီလိုအဆင့်မျိုးတော့မရောက်သေးပါဘူး။
"အရေးမကြီးတာတွေ အရင်မေ့ထားလိုက်၊ အခုတော့ ကျောင်းစမ်းသပ်ခန်းကိုရှာရမယ်။"
ကျောင်းတစ်ကျောင်းအနေနဲ့ နယူးယောက်ဟီးရိုးကျောင်းမှာ အက်ဒဝပ်ဂျုံန်းလို သူခိုးတစ်ယောက်စိတ်ဝင်စားနိုင်တဲ့ ပစ္စည်းသိပ်မရှိလှပါဘူး။ ပုံမှန်သူခိုးတွေက ကျောင်းထဲဝင်ပြီး မီးလုံးခိုးဘာခိုးရှိတတ်ပေမဲ့ အက်ဒဝပ်က နှစ်နဲ့ချီပြီးအလုပ်လုပ်စရာမလိုလောက်တဲ့အထိ တန်ဖိုးကြီးတာမျိုးကို လိုချင်တာပါ။
အခုခေတ်က လူတိုင်းလိုလို ဒီဂျစ်တယ်ငွေကြေးသုံးနေပြီမလို့ ကျောင်းတွေမှာ ငွေသားမရှိတော့ဘူး။ ဒါပေမဲ့ ဟီးရိုးကျောင်းတွေမှာ တန်ဖိုးအရှိဆုံးအရာတွေ ပြည့်နှက်နေတတ်တဲ့နေရာက စမ်းသပ်ခန်းတွေပါ။ ဟီးရိုးကျောင်းသားပေါင်းများစွာက ကျောင်းပရောဂျက်တွေအတွက် တီထွင်ထားတဲ့ ပစ္စည်းတွေကို အဲဒီမှာထားတတ်တယ်။ ဟီးရိုးအကူပစ္စည်းဆိုကတည်းက တန်ဖိုးကြီးနေပြီဖြစ်ပြီး တရုတ်တန်းမှာသွားရောင်းလို့ရတယ်။
ကံကောင်းရင် ပြိုင်ဖက်ဟီးရိုးကျောင်းတွေက အဲဒီကျောင်းရဲ့နည်းပညာအဆင့်အတန်းကိုသိချင်လို့ လေလံဆွဲပြီးဝယ်ဖို့ကြိုးစားတာတောင် ဖြစ်နိုင်သေးတယ်။ ဒါကြောင့် အက်ဒဝပ်က အဲဒီလိုနေရာမျိုးကို ဖောက်ထွင်းဖို့ကြံနေတာပါ။
"ကျောင်းမှာ လုံခြုံရေးအမြင့်ဆုံးထားတဲ့နေရာပေမဲ့ ငါနဲ့တွေ့ရင်တော့ ဘယ်ခံနိုင်မလဲကွ၊ ဟားဟား။"
အက်ဒဝပ်က ပင်မကျောင်းဆောင်တံခါးရှေ့မှာရပ်ပြီး တံခါးကိုခတ်ထားတဲ့သော့ကို ကြည့်လိုက်တယ်။
သော့က စျေးကွက်ထဲမှာရနိုင်တဲ့ နည်းပညာမြင့်ဒီဂျစ်တယ်သော့ပေမဲ့ သူခိုးက ပြုံးလိုက်တယ်။
"သော့ဖျက်မြူတန့်အစွမ်း၊ လာစမ်း။"
သူခိုးက သော့ကိုသူ့လက်နဲ့ထိလိုက်တာနဲ့ သော့က တစ်စစီဖြစ်သွားတယ်။ ဘယ်နည်းပညာသုံးသော့ဖြစ်ဖြစ် သူ့လက်နဲ့ထိတာနဲ့ ပျက်စီးသွားနိုင်တာမလို့ ပြည်နယ်အစိုးရရဲ့လက်ထိပ်တွေတောင် သူ့အတွက်အလုပ်မလုပ်ပါဘူး။ ဒီနည်းနဲ့ သူထောင်ကနေ လွတ်လာတာပါ။
သူခိုးက ကျောင်းမှာတပ်ထားတဲ့ သော့အထပ်ထပ်ကို ဖြတ်လာပြီး နောက်ဆုံးတော့ စမ်းသပ်ခန်းသော့ကို ဖြုတ်ပစ်လိုက်တယ်။ နောက်ဆုံးတော့ သူက သက်ပြင်းချလိုက်လေရဲ့။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့။" အခုထိ ဘာပြဿနာမှမကြုံရသေးဘဲ ကျောင်းစမ်းသပ်ခန်းထဲဝင်လိုက်နိုင်တဲ့အတွက် သူ့နဖူးပေါ်က ချွေးတွေကို လက်ခုံနဲ့ဖယ်ရှားလိုက်တယ်။
"တန်ဖိုးရှိတာအကုန်ထည့်မယ်၊ ဟားဟား။" အခန်းထဲကို ထိုးဖောက်ဝင်ရောက်ပြီးတဲ့နောက် သူခိုးကြီးက အရောင်တောက်ပြီး အဆင့်မြင့်ပုံပေါ်တဲ့ နည်းပညာပစ္စည်းမှန်သမျှကို သူ့အိတ်ထဲကောက်ထည့်တယ်။ ထွက်ခါနီးမှ သူ့မျက်လုံးက တစ်နေရာကို ရောက်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။
"မီး... မီးခံသေတ္တာကြီးလား။"
ဟုတ်ပါတယ်၊ စမ်းသပ်ခန်းရဲ့အလယ်မှာ မီးလောင်ဒဏ်ခံနိုင်တဲ့ ဧရာမသေတ္တာကြီးတစ်လုံးရှိနေတယ်။ ဧရာမလို့ပြောရင် နည်းနည်းလွန်ရာရောက်ပေမဲ့ ငါးနှစ်သားကလေးတစ်ယောက် အထဲဝင်အိတ်လို့ရတဲ့အထိ ကြီးတဲ့သေတ္တာပါ။
"အပြင်က ပစ္စည်းတွေတောင် ဒီလောက်တန်ဖိုးကြီးလှပြီ၊ အထဲက ပစ္စည်းသာဆိုရင် ဘယ်လောက်များအဖိုးတန်လိုက်မလဲ။"
နယူးယောက်ဟီးရိုးကျောင်းရဲ့ပြိုင်ဘက် စူပါဟီးရိုးကျောင်းတွေက သူ့ကိုဒေါ်လာသန်းရာချီကမ်းလှမ်းနေတယ်လို့ စိတ်ထဲမှာမြင်ယောင်မိရင်း သော့ကိုစဖွင့်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူ့မြူတန့်အစွမ်းနဲ့တောင်မှ ဖွင့်ရတော်တော်ခက်ပါတယ်။
ဂလောက်။
"ဒီသော့က တော်တော်ခိုင်တာပဲ၊ ခုမှပဲပွင့်တော့တယ်။" ဆယ့်ငါးမိနစ်ဆက်တိုက်စွမ်းအားသုံးပြီးမှ သော့ကဖွင့်သွားတယ်။ သော့အုံကို သေချာလှည့်ကြည့်ပြီးတဲ့နောက်တော့ သူခိုးကြီးက ခေါင်းညိတ်လိုက်တယ်။
"သော့အိမ်ကို စျေးကွက်ထဲမှာမရနိုင်တဲ့ ကုန်ကြမ်းတွေနဲ့လုပ်ထားတာပဲ။ မြူတန့်အစွမ်းတောင်မှ ဖြတ်စီးရခက်အောင် သေချာလုပ်ထားတာ။"
လောကမှာ ခိုးဖွင့်ဖို့မဖြစ်နိုင်တဲ့သော့အိမ်ဆိုတာ မရှိပါဘူး။ သော့အိမ်ရဲ့တာဝန်က တံခါးကို သော့နဲ့မဖွင့်ခင် ယာယီပိတ်ထားပေးဖို့ပါ။ ပြန်ဖွင့်လို့ရစေဖို့ ဒီဇိုင်းဆွဲထားသမျှ အဲဒီသော့အိမ်ကို တခြားသူတွေဖွင့်နိုင်ပါတယ်။ ဘယ်လောက်နည်းပညာမြင့်မြင့် ဒါကနိယာမတစ်ခုပါ။
"ဒါပေမဲ့ သော့ဖွင့်အထူးပြုစွမ်းအားနဲ့တောင် ဆယ့်ငါးမိနစ်ဆိုတော့ သာမန်မာစတာတစ်ယောက်ဖွင့်ရင် တစ်နာရီလောက်ကြာမလားပဲ။ ဒါက ငါ့ဘဝမှာဖွင့်ဖို့အခက်ခဲဆုံးသော့အဖြစ် မှတ်တမ်းဝင်သွားပြီ။"
သူက ပြောပြောဆိုဆိုနဲ့တံခါးကိုဆွဲဟလိုက်တော့ အထဲကနေ အအေးလှိုင်းတချို့စိမ့်ဖြာထွက်လာပါတယ်။ သူ့စိတ်ထဲမှာ ရေခဲသေတ္တာလား မီးခံသေတ္တာလားတောင် မသဲကွဲဘူးဖြစ်သွားတယ်။ အထဲမှာရှိနေတဲ့အရာကို မြင်လိုက်ရတော့ ပိုပြီးအံ့ဩသွားတယ်။
"ဟမ်... သူတို့က ဘာဖြစ်လို့ ဒီကောင်မလေးကိုဒီမှာထည့်ထားတာလဲ။"
ဟုတ်ပါတယ်၊ ဝက်ဝံရုပ်လေးကို ဖက်ပြီးတော့အိပ်နေတဲ့ လိုလီတာဝတ်စုံအမည်းလေးနဲ့ ချစ်စရာလိုလီလေးပါ။ တံခါးပွင့်သွားပြီး သေတ္တာထဲက အအေးဓာတ်နည်းနည်းလျော့သွားတဲ့အတွက် ကောင်မလေးရဲ့ မျက်ခုံးမို့မို့လေးတွေ လှုပ်ခတ်သွားပြီး ဖွင့်ကြည့်လိုက်တယ်။
မျက်နှာကတော့ စူပုပ်ပုပ်နဲ့ဖြစ်ပြီး မနက်မိုးမလင်းသေးဘဲ အစောကြီးအနှိုးခံရလို့ စိတ်ကောက်နေတဲ့ မျက်နှာထားလေးပါ။ ကောင်မလေးက သူခိုးကို လှည့်ကြည့်လိုက်တယ်။ သူ့လည်ပင်းအောက်မှာရှိနေတဲ့ ချုပ်ရိုးရာကို သူခိုးလည်းမြင်သွားတယ်။
"ရင်... ရင်ဘတ်ကိုခွဲထားတဲ့ ချုပ်ရိုးရာ၊ အဲဒါက... အဲဒါက ရင်ခွဲရုံက အလောင်းတွေမှာပဲ ရှိသင့်တဲ့ ဥစ္စာမဟုတ်လား။"
သူခိုးရင်ထဲမှာ ထိတ်ကနည်းဖြစ်သွားတယ်။ ကလေးမလေးကတော့ ဝက်ဝံရုပ်ကလေးကို ပိုက်ပြီး သူ့ရဲ့ရေခဲအိပ်ရာထဲကနေ လှမ်းထွက်တယ်။ ခုထိလက်ရှိအခြေအနေကို နားလည်သေးပုံမပေါ်ပေမဲ့ ကလေးမက သူခိုးလက်ကို ချစ်စရာလက်ကလေးနဲ့လှမ်းပြီးကိုင်တယ်။ ပြီးတော့ သူ့မျက်လုံးတွေက မီးပိတ်ထားတဲ့ စမ်းသပ်ခန်းထဲမှာ ခရမ်းရောင်နုနုတောက်ပနေပါတယ်။
"အေး.... အေးစက်နေတာပဲ။" သူခိုးကြက်သီးထသွားတယ်။ ပြီးတော့ ကလေးမလေးက အကျောဆန့်ဖို့ ပါးစပ်လေးကိုဟပြီး လက်ကလေးတွေကိုဆန့်တန်းလိုက်တယ်။ ပါးစပ်ထဲက အစွယ်လိုချွန်နေတဲ့ သွားတွေကိုမြင်တော့ သူခိုးက တစ်ခါတည်းနောက်ကို ခုန်ဆုတ်လိုက်တယ်။
"ဘုရားဘုရား...." သူ့မျက်စိရှေ့က မြင်နေရတဲ့မြင်ကွင်းကို သူခိုးကြီးအက်ဒဝပ်တစ်ယောက် မယုံနိုင်သေးဘူး။ သေနေသင့်တဲ့ အရာတစ်ခုက သူ့ရှေ့မှာလမ်းလျှောက်နေပြီး သူ့ကို ခေါင်းတောင်စောင်းကြည့်နေသေးတယ်။ ကောင်မလေးက ခေါင်းစောင်းလိုက်တဲ့အတွက် အနက်ရောင်ဆံပင်ရှည်တွေက နဖူးကနေ မျက်နှာတစ်ဝက်လောက်ကိုဖုံးသွားပြီး ပိုကြောက်စရာကောင်းသွားတယ်။
"ဇွန်.... ဇွန်ဘီ..." အက်ဒဝပ်ရဲ့မျက်လုံးတွေက တုန်လှုပ်ချောက်ချားမှုကြောင့် လှုပ်ခါနေရင်း အကျယ်ကြီးအော်ဟစ်လိုက်မိတယ်။ နောက်ကိုဆက်တိုက်ဆုတ်နေတဲ့အတွက် သူ့ကျောက နံရံနဲ့တောင် တိုက်မိနေပြီ။
"မကောင်းတော့ဘူး၊ ဒီနယူးယောက်ဟီးရိုးကျောင်းမှာ တကယ်ကြီး ကမ္ဘာ့အဆင့်လျှို့ဝှက်ချက်တစ်ခုရှိနေတာပဲ။ သူတို့က... သူတို့က... ကမ္ဘာပျက်စေနိုင်တဲ့
ဇွန်ဘီဗိုင်းရပ်စ်ကို စမ်းသပ်အောင်မြင်သွားပြီပဲ။"
ဇွန်ဘီကပ်ဘေးကို ဒီကမ္ဘာကလူတွေက အများကြီးပိုရင်းနှီးပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က အိုဆာကာမြို့တစ်ခုလုံး ပျက်စီးသွားစေတဲ့ တရားခံလေ။ အခုအဲဒီဗိုင်းရပ်စ်ပြန်ပေါ်လာပါပြီ။ ကလေးမလေးက လက်နှစ်ဖက်ကိုဆန့်တန်းပြီး သူခိုးဆီကို ဆက်လာနေတယ်။ သူခိုးကတော့ လန့်လွန်းလို့ တံခါးကိုလှမ်းဖွင့်ပြီး စမ်းသပ်ခန်းထဲကနေ အော်ဟစ်ပြီးပြေးတယ်။
"အောင်မလေး၊ ငါ့နောက်လိုက်မလာနဲ့။" သူခိုးက ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် စပြေးပါတယ်။ ကလေးမလေးကတော့ နောက်ကလိုက်ကြည့်ရင်း သူ့ခေါင်းသူကုတ်လိုက်တယ်။
မနက်မရောက်သေးဘဲ တစ်ယောက်ယောက်က သူ့ကိုလာနိုးတဲ့အတွက် ဗိုက်ဆာနေပြီး ပြန်အိပ်လို့မရတော့ဘူး။ ပြီးတော့ နိုးတဲ့သူက သူ့ကိုမုန့်မကျွေးဘဲ ထွက်ပြေးသွားတယ်လေ။ 'ဘယ်လိုလူကြီးလဲ'ဆိုတာက ဇွန်ဘီမလေးရဲ့တစ်ခုတည်းသောအတွေးပါ။
"ဒီကျောင်းကနေ မြန်မြန်လစ်ပြေးမှဖြစ်မယ်။" သူခိုးက ကျောင်းဆောင်တံခါးကို ဆွဲဖွင့်လိုက်ပေမဲ့ ကံမကောင်းတာက ကျောင်းဆောင်အပြင်တံခါးဝမှာ သူ့ကိုအသင့်စောင့်နေတဲ့ သူတစ်ယောက်ရှိနေတာပါပဲ။
ညအမှောင်ထဲမှာ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ အိမ်စေဝတ်စုံဝတ်ထားတဲ့ အေမီက သူ့ကိုရပ်ပြီးကြည့်နေတယ်။ အိမ်စေတစ်ယောက်လိုမျိုး လက်နှစ်ဖက်ကို ရှေ့မှာထားပြီး ချိတ်ထားပေမဲ့ မျက်နှာထားက အသေဖြစ်နေတော့ နဂိုတည်းက ကြောက်နေပြီးသား သူခိုးအတွက်တော့ အိပ်မက်ဆိုးပါပဲ။
"ကျူးကျော်သူတွေ့ရှိ၊ ချေမှုန်း။" အေမီက တုံးတိစကားတစ်ခွန်းကိုပြောရင်း ခြေကိုမြှောက်တယ်။ ခြေထောက်က သူခိုးရင်ဝကို တည့်တည့်မှန်သွားပြီး ရင်ဘတ်ချိုင့်ဝင်သွားတယ်။
အွက်...
သူ့ပါးစပ်ကနေ သွေးစတချို့အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ်ကတော့ ကျောင်းစင်္ကြန်တစ်ခုလုံးကိုဖြတ်ပြီး အဆုံးက ပြတင်းပေါက်ကိုဝင်ဆောင့်တယ်။
ခလွမ်း....
မှန်ပြတင်းပေါက်ကွဲအက်သွားပြီး ခန္ဓာကိုယ်ကစင်္ကြန်အပြင်ကိုရောက်သွားလေရဲ့။ အပြင်ရောက်မှအရှိန်ကုန်ပြီး ခြုံပုတ်ပေါ်ပြုတ်ကျတယ်။ ခုထိဘာဖြစ်သွားမှန်း သူနားမလည်နိုင်သေးဘူး။
"ငါဘာဖြစ်သွားတာလဲ၊ ရုတ်တရက်ကြီး လေပေါ်မြောက်တက်သွားပြီး ငါ့နံရိုးတွေ ကျိုးကုန်တာလား။"
ဒေါက်... ဒေါက်... ဒေါက်....
မိန်းကလေးတစ်ယောက်ရဲ့ဖိနပ်ဒေါက်ကထွက်တဲ့ အသံကို သူကြားနေရတယ်။ အေမီက စင်္ကြန်လမ်းအတိုင်း ခြေလှမ်းကျဲကျဲနဲ့လျှောက်လာတယ်။ အစအဆုံး အိမ်စေမလေးတစ်ယောက်လိုပဲ လက်ချိတ်ထားတာကို မဖြုတ်ဘဲလျှောက်လာတာ။ လမ်းမှာဇွန်ဘီမလေးနဲ့တွေ့တော့ ခေါင်းပုတ်ပေးခဲ့သေးတယ်။ ဂိမ်းဆော့နေတုန်း နှောင့်ယှက်ခံရတဲ့အတွက် အေမီစိတ်ကြည်မနေဘူး။ ဒါကြောင့် အားကုန်ဆောင့်ကန်ပစ်လိုက်တာ။
"အစောပိုင်းက ငါတွေ့လိုက်ရတဲ့အိမ်စေက စိတ္တဇလူသတ်ကောင်များ ဖြစ်နေမလား။ သူ့မျက်လုံးတွေက ကြောက်စရာကောင်းပြီး တည်ငြိမ်လွန်းတယ်။"
သူခိုးက လဲကျနေတဲ့အတိုင်း ဆက်မနေရဲတာကြောင့် ပြန်ထပြီးစပြေးတယ်။ နံရိုးတွေပုံပျက်နေလို့ ပြေးတာက ဘေးတစောင်းကြီးဖြစ်နေပြီး ကြည့်ရဆိုးနေတယ်။
"ပြေးချင်တာလား၊ ဒီကျောင်းဝင်းထဲကို ဝင်လာကတည်းက ရှင့်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးပြီးပါပြီ။ မစ္စတာကျူးကျော်သူ။"
ဒေါက်.. ဒေါက်.. ဒေါက်.. ဒေါက်..
အေမီရဲ့ခြေသံက ပိုပြီးနီးကပ်လာတဲ့အတွက် သူခိုးတစ်ကိုယ်လုံးတုန်ရင်လာတယ်။ အဲဒီလူသတ်သမားလက်မှာ မိသွားတာနဲ့ နောက်နေ့နေရောင်မမြင်ရဖို့များနေပြီ။
ဖလက်... ဖလက်...
အတောင်ပံခတ်သံနဲ့အတူ သူ့ရှေ့မှာ နောက်ထပ်အမည်းရောင်အရိပ်တစ်ရိပ်ပေါ်လာတယ်။ အထိတ်တလန့်နဲ့မော့ကြည့်တော့ ကျောကနေ မိစ္ဆာတောင်ပံတွေထိုးထွက်နေတဲ့ လူငယ်ဖြစ်နေတာ တွေ့လိုက်ရတယ်။
"မင်းက ငါတို့ကျောင်းထဲ ခိုးဝင်လာတဲ့သူလား။ မင်းသမီးလေးရဲ့နာမတော်နဲ့ မင်းကိုတစ်စစီခြေမွပစ်မယ်။"
ဖရက်က ညာဘက်လက်ကို ဆန့်ထုတ်တယ်။ သူ့လက်ထဲမှာ မိုးကြိုးဓားသွားပေါ်လာတယ်။ သူခိုးလည်း မျက်လုံးပြူးနေပြီ။ သူက လေသံပဲထွက်နိုင်တော့ပေမဲ့ "နတ်... နတ်ဆိုး"လို့အော်လိုက်ပြီး လှည့်ပြေးဖို့လုပ်ပေမဲ့ အေမီက နောက်မှာသူ့ကိုရပ်ကြည့်နေတယ်။ သူခိုးတံထွေးမျိုချလိုက်ပြီး နောက်တစ်နေရာကိုကြည့်လိုက်တော့ ဝက်ဝံရုပ်ပိုက်ထားတဲ့
ဇွန်ဘီမလေးက သူ့ကိုမျက်မှောင်ကြုတ်ပြီးစိုက်ကြည့်နေတာတွေ့ရတယ်။ ပြီးတော့ သုံးယောက်လုံးက သူနဲ့ ဖြည်းဖြည်းချင်းနီးလာနေပြီ။
"ပြေးဖို့တစ်နေရာပဲကျန်တော့တယ်။" သူခိုးက နောက်ဆုံးကျန်တဲ့ အရပ်ကို မျက်နှာမူလိုက်တော့မျှော်လင့်ချက်တစ်ခုကို တွေ့လိုက်ရသလိုမျိုး ခံစားလိုက်ရတယ်။ လုံးဝသာမန်ဆန်တဲ့ လူငယ်သုံးယောက်က အဲဒီမှာရှိနေပြီး အဖြစ်အပျက်တွေကို စောင့်ကြည့်နေပါတယ်။
"ညီအစ်ကိုတို့ ကျုပ်ကိုကူပါဦး၊ ဒီလူတွေက ကျုပ်... ကျုပ်ကိုသတ်တော့မလို့လားမသိဘူး။"
သူခိုးက ဘဏ္ဍာစိုးဝတ်စုံဝတ်ထားတဲ့ လူငယ်သုံးယောက်ဆီကို စပြေးတယ်။ ဒါပေမဲ့ လူငယ်တွေက သူ့ကို အရူးတစ်ယောက်လိုမျိုးကြည့်ရင်း ရယ်မောလိုက်တယ်။ နောက်တော့ သူတို့မျက်နှာတွေ စတင်ပုံပျက်လာတယ်။
"မိတ်ဆွေလေး၊ မင်းဆက်ပြေးဖို့မကြိုးစားဘဲ အဖမ်းခံလိုက်တာ ပိုသက်သာမယ်နော်။"
မက်၊ လယ်ရီနဲ့မိုးတို့က တစ်ပြိုင်နက်တည်းဆိုသလို ပြောလိုက်တယ်။ သူတို့လူမျက်နှာတွေပျောက်သွားပြီဖြစ်ပြီး ပိုးဟပ်ခေါင်းတွေနဲ့ဖြစ်နေကြပြီ။ သူတို့ကိုကြည့်နေရင်းက သူခိုးလည်းမဟန်နိုင်တော့ဘဲ လဲကျသွားတော့တယ်။
"မ... မကောင်းဆိုးဝါးတွေ... ဂစ်... ဂစ်...."
ဘဏ္ဍာစိုးသုံးယောက်က သူခိုးကိုငုံကြည့်လိုက်တယ်။ သူခိုးပါးစပ်ကနေ အဖြူရောင်အမြုပ်တွေ တစ်စီစီထွက်နေပြီး အနံဆိုးတဲ့ကျယ်ငယ်တွေကလည်း ဘောင်းဘီခွကြားကနေ စိမ့်ထွက်နေသေးတယ်။
"ဖရက်၊ ငါတို့လုပ်လိုက်တာ လွန်သွားပြီလား။"
မက်က မေးတော့ ဖရက်က ခေါင်းခါပြတယ်။ "မလွန်ဘူး၊ တကယ်ဆို ဒီကောင်စဝင်လာတည်းက တစ်စစီဆွဲဖြဲပစ်ရမှာ။ မင်းသမီးလေးက မလိုအပ်ဘဲ လူမသတ်ဖို့မှာထားလို့ပေါ့။"
"ဒါပေမဲ့ ဒီကောင့်ကြည့်ရတာ ရဲစခန်းရောက်တဲ့အထိတောင် အသက်ရှင်ပါ့မလားပဲ။ မြန်မြန်ပို့ပေးကြတာပေါ့။" မက်က ပြောပြောဆိုဆိုနဲ့ သူခိုးကို ကျောပေါ်တင်ပြီး ပိုးဟပ်သုံးကောင်က ကျောင်းဝင်းထဲကနေ စထွက်ခွာတယ်။ ဖရက်ကတော့ ကလေးမကို ကြည့်ပြီး မေးလိုက်ပါတယ်။
"ကလေးမလေး၊ မအိပ်ခင် နွားနို့သောက်ဦးမလား။"
ကောင်မလေးက နွားနို့အသံကြားတာနဲ့ မျက်လုံးတွေ အရောင်တောက်လာပြီး ခေါင်းညိတ်ပြလိုက်လေရဲ့။