← Chapters

ပြင်ပနယ်မြေမှ လျှပ်စီးစိတ်ဆန္ဒ

Vol. 67 Ch. 929

ပြင်ပနယ်မြေမှ လျှပ်စီးစိတ်ဆန္ဒ

Vol. 67 Ch. 929

ထိုသို့ဖြင့် သလင်းကျောက်နီ အတုံးတစ်သိန်းတန် အပေးအယူများမှာ တစ်ခုပြီးတစ်ခု ပြီးစီးသွားကြ၏။ လေထဲရှိ ပါရမီရှင်များမှာ သလင်းကျောက်နီများ ပေးချေလိုက်ကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် လှေပေါ်သို့ တက်လာကြတော့သည်။ သူတို့မှာ သူတို့ပြောခဲ့သည့်အတိုင်း ငွေပေးချေခဲ့ခြင်း မရှိပါက ဝမ်ပေါင်လဲ့ သူတို့၏ နောက်တွင် ရှိနေသည့်လူများကိုပါ လှေပေါ်သို့ မတင်ပေးတော့ဘဲ ငြင်းဆန်လိုက်မည်ကို စိုးရိမ်နေကြ၏။

အကယ်၍ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက သူတို့မှာ သလင်းကျောက်နီ အတုံးတစ်သိန်းအတွက်နှင့် ဝမ်ပေါင်လဲ့ တစ်ယောက်တည်းကိုသာမက သူတို့၏ နောက်တွင် စောင့်ဆိုင်းနေကြသည့် လူများကိုပါ အပြစ်လုပ်မိသလို ဖြစ်သွားမည် မဟုတ်ပါလော။ ထိုကဲ့သို့သော လုပ်ရပ်မျိုးမှာ အလွန်အင်မတန်မှ မိုက်မဲလွန်းရာ ကျနေမည်ဖြစ်ရာ သူတို့မှာ လုပ်ကြမည် မဟုတ်ပေ။

သလင်းကျောက်နီ အတုံးတစ်သိန်းမှာ သေးငယ်သည့်‌ ငွေပမာဏတစ်ခု မဟုတ်ပါသော်လည်း သူတို့အား မွဲပြာကျသွားလောက်အောင် လုပ်နိုင်စွမ်း မရှိပေ။ သို့သော် သူတို့မှာ လှေပေါ်သို့ တက်လာကြပြီးနောက် မျက်နှာအမူအရာများ စူပုပ်သွားကြသည်သာ ဖြစ်သည်။ ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့အား ရန်လိုနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြပြီး စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေကြတော့သည်။

အကယ်၍ ဤ နေရာကြီး အလွန်အင်မတန်မှ အန္တရာယ်များနေသည့် အချက်နှင့် လှေလှော်နေသည့် လူပုံစံစက္ကူရုပ်ကြီး သူ့အား အခြားသူများနှင့် လုံးဝမတူလောက်အောင် သဘောထားဆက်ဆံနေသည့် အချက်ကြောင့်သာမဟုတ်ပါက သူတို့မှာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်လိုက်ကြမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအချက်များကို သတိထားမိပါသော်လည်း အထူးတလည် ဂရုစိုက်နေခြင်းမရှိပေ။

" ဘာ ပါရမီရှင်တွေလဲကွာ။ စိန်နားကပ်ရောင်နဲ့ ပါးပြောင်နေတဲ့ အမှိုက်သာသာ ငချွတ်လေးတွေပါ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ နှာမှုတ်လိုက်ပါသော်လည်း မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။ ထို့အပြင် သူသည် ပြုံးပြလိုက်ပြီးနောက် ဝင်ခွင့်အကန့်အသတ်ရှိသည့် အကြောင်းကို ပြန်ပြောမနေတော့ဘဲ လှေပေါ်သို့ တက်ချင်သည့် လူတိုင်းအား ဆွဲခေါ်ပေးလိုက်တော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သလင်းကျောက်နီ အတုံးဆယ်သန်းကျော် အလွယ်တကူ ရှာဖွေစုဆောင်းမိသွားတော့သည်။ သူသည် သူ၏ သိုလှောင်အိတ်အား လက်ဖြင့်ပုတ်ရင်း စိတ်ဓာတ်များ တက်ကြွလာ၏။ သူ၏ အမြင်တွင် ဘေးပတ်ပတ်လည်ရှိ စက္ကူပင်လယ်နက်ကြီးပင်လျှင် ယခင်တုန်းကနှင့် မတူလောက်အောင် ပြောင်းလဲသွားပြီဖြစ်သည်။

" အခုလို အားပေးတဲ့အတွက် ကျေးဇူးပါပဲ တာအိုရောင်းရင်းတို့။ မျက်နှာတွေ စူပုပ်မနေကြပါနဲ့။ ဒီအပေးအယူကြောင့် ငါလည်း အကျိုးအမြတ်တွေ ရသွားသလို မင်းတို့လည်း အကျိုးအမြတ်တွေ ရသွားတာပဲလေ။ ရှဲ့တလုဆိုတဲ့ ငါ့ကို ယုံကြည်အားကိုးလိုက်စမ်းပါ။ မင်းတို့တွေ အကုန်လုံးကို ကမ်းစပ်ဆီ ရှောရှောရှူရှူ ရောက်သွားအောင် ပို့ပေးပါ့မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ လှေကြီးမှာ ဆတ်ခနဲ တုန်ရီသွား၏။ ထို့နောက် ဘေးပတ်ပတ်လည်တွင် မိုးကြိုးများ ပစ်ခတ်နေသေးသည့်တိုင်အောင် ၎င်းမှာ အဝေးသို့ အလျင်အမြန် ရွေ့လျားသွားတော့သည်။

၎င်း၏ နောက်တွင် ကျန်ရစ်ခဲ့သည့် အခြား ဝိညာဉ်လှေများအားလုံးမှာ ပင်လယ်နက်ကြီးထဲ၌ မြုပ်သွားကြပြီဖြစ်ရာ ၎င်းတို့အား မမြင်ရတော့ပေ။ ထို့ကြောင့် စက္ကူပင်လယ်နက်ကြီးထဲ၌ သူတို့၏ ဝိညာဉ်လှေကြီးတစ်စင်းသာလျှင် ကျန်ရှိတော့သည်။ ၎င်းမှာ ပင်လယ်ကြီးပေါ်၌ ရွက်လွှင့်ကာ လှိုင်းလုံးများကို ထိုးခွင်းသွားသဖြင့် တရွှီးရွှီးမြည်သံများပင် ထွက်ပေါ်လာ၏။

ထိုသို့ဖြင့် ဝိညာဉ်လှေကြီး လေးရက်တိတိ ရွက်လွှင့်ပြီးသွားချိန်တွင် သူတို့မှာ ကမ်းစပ်အား အဝေးမှနေ၍ လှမ်းမြင်နေရပြီဖြစ်သည်။ ထို့ကြောင့် လှေပေါ်သို့ တက်ခွင့်ရရန် သလင်းကျောက်နီများ အကုန်ကျခံခဲ့ရသည့် ပါရမီရှင်များမှာ အနည်းငယ်ခန့် စိတ်ဓာတ်သာရာ ရသွားကြတော့သည်။

ထို့အပြင် ထို လေးရက်အတွင်းတွင် သူတို့မှာ ကိုယ့်အားကိုယ်ကိုးကာ ပင်လယ်ကြီးအား ကျော်ဖြတ်ခဲ့ကြသည့် လူများ အန္တရာယ်မျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်ကို မြင်ခဲ့ရ၏။ အချို့မှာဆိုလျှင် ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ပြီးနောက် လူပုံစံစက္ကူရုပ်များအဖြစ် ပြောင်းလဲသွားကြပြီး သေဆုံးသွားခဲ့ကြသည်သာ ဖြစ်သည်။ ထို့ကြောင့် လှေပေါ်မှ လူများမှာ သလင်းကျောက်နီတစ်သိန်းဆိုသည့် ငွေပမာဏသည် အများကြီးမဟုတ်ကြောင်း ခံစားလိုက်ရတော့သည်...

သို့သော် သူတို့အား မရွှင်မပျ ဖြစ်သွားစေခဲ့သည်အရာမှာ... လှေပေါ်ရှိ လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် ပိုများလာခြင်းပင်။ ကောင်းကင်ယံထဲ၌ ပျံသန်းနေကြသည့် ပါရမီရှင်များအားလုံးမှာ မောပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ သူတို့မှာ ထို လှေကြီးနှင့် ထိုလှေကြီးပေါ်ရှိ သူတို့ထက် ပို၍အားနည်းသည့် ပါရမီရှင်များ ဇိမ်ကျနေကြသည်ကို မြင်လိုက်ရသောအခါ သည်းမခံနိုင်ကြတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မြှူဆွယ်မှုအောက်များတွင် သူတို့သည်လည်း လှေလက်မှတ်များကို ဝယ်ယူလိုက်ကြတော့သည်။

ထိုသို့ဖြင့် လှေပေါ်ရှိ လူအရေအတွက်မှာ တဖြည်းဖြည်းနှင့် ပို၍ များလာရတော့သည်။ နောက်ဆုံးတွင် လှေဝမ်းခေါင်းထဲ၌ပင် မဆံ့တော့ပေ။ လှေပေါ်သို့ တက်လာကြသည့် ပါရမီရှင်များမှာ အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် တစ်ယောက်တည်းသီးသန့် တရားထိုင်နိုင်သည့် ကိုယ်ပိုင်နေရာတစ်ခုကို ပိုင်ဆိုင်လိုပါက ထိုနေရာအား အင်အားသုံးကာ လုယူရန် လိုအပ်ပေသည်။ ထို့ကြောင့် လှေပေါ်ရှိ လူအရေအတွက် များလာသည်နှင့်အမျှ တိုက်ရည်ခိုက်ရည် နိမ့်ကျသည့် ပါရမီရှင်များမှာ လှေကြီး၏ ရွက်များနှင့် ရွက်တိုင်များပေါ်တွင် သွား၍ မတ်တပ်ရပ်နေကြရသည်သာ ဖြစ်သည်။

ထို့ကြောင့် ကမ်းစပ်ပေါ်တွင်ရပ်၍ ထိုဝိညာဉ်လှေကြီးအား လှမ်းကြည့်လိုက်မည်ဆိုပါက ထိုလှေကြီးမှာ ပင်လယ်ထဲသို့ မြုပ်သွားတော့မည့်အလား ဖြစ်နေရုံသာမက ၎င်းပေါ်တွင် လူအယောက်သုံးရာကျော်မှာ တစ်ယောက်ပေါ်တစ်ယောက်ထပ်၍ လိုက်ပါလာကြသည်ကို မြင်လိုက်ရမည်သာ ဖြစ်သည်။ ထိုမြင်ကွင်းကြီးမှာ ခမ်းနားထည်ဝါလွန်းနေသလို အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ကမ်းစပ်ပေါ်တွင် စောင့်ဆိုင်းနေကြသည့် လူများမှာ ကြက်သေသေနေကြရတော့သည်။

" ဒါကြီးက... "

" လှေကြီးက မြုပ်မသွားဘူးလားဟ "

" ဒီလိုလဲ ရတာပဲလား "

ယခုတွင် ကမ်းစပ်ပေါ်၌ ပါရမီရှင် အယောက်တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် အခြားသုံးယောက်မှာလည်း သူတို့ထဲတွင် ပါဝင်ပေသည်။ သူတို့အားလုံးမှာ ကိုယ်အားကိုယ်ကိုးကာ ပင်လယ်နက်ကြီးအား ကျော်ဖြတ်လာခဲ့ကြခြင်းဖြစ်၏။ သို့သော် ထိုပါရမီရှင်များ ကမ်းစပ်ပေါ်သို့ ရောက်ရှိလာကြသည့် အချိန်များမှာမူ တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ ဥပမာပြရလျှင် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့်အခြားသုံးယောက်မှာဆိုလျှင် အချိန် နှစ်ရက်ခွဲသာ ပေးခဲ့ရ၏။ အခြား ပါရမီရှင်များမှာမူ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ သူတို့အားလုံးမှာ ကမ်းစပ်သို့ ရောက်ရှိသွားချိန်တွင် ခြေကုန်လက်ပန်း ကျနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့ လိုက်ပါစီးနင်းလာသည့် ဝိညာဉ်လှေကြီးအား မြင်လိုက်ရသောအခါ ပင့်သက်များ ရှိုက်မိသွားကြတော့သည်။

ထို ကမ်းစပ်ပေါ်ရှိ ထူးဆန်းသော ကျင့်ကြံသူများမှာလည်း အံ့အားသင့်နေကြရပြီ ဖြစ်သည်။ ထို ကျင့်ကြံသူများမှာ... လူပုံစံစက္ကူရုပ်များ ဖြစ်ကြပေသည်။ သို့သော် ၎င်းတို့မှာ အနက်ရောင်စက္ကူပင်လယ် စက္ကူရွက်များနှင့် မတူကြပေ။ ၎င်းတို့အားလုံးမှာ အဖြူရောင် ဖြစ်နေကြပြီး အတူတကွ စုစည်းနေကြ၏။ ၎င်းတို့၏ အရေအတွက်မှာမူ ထောင်နှင့်ချီ၍ ရှိပေသည်။ ၎င်းတို့မှာ ဝိညာဉ်လှေကြီးအား မြင်လိုက်ရချိန်တွင် မျက်လုံးများ ပြူးသွားကြပြီး မျက်နှာအမူအရာများ အထူးတဆန်း ဖြစ်သွားကြ၏။

သမိုင်းတစ်လျှောက်တွင် ကြယ်သုဿာန်မှာ ကြိမ်ဖန်များစွာ ပွင့်ခဲ့ပါသော်လည်း သူတို့မှာ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးအား တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လျှပ်စီးပင်လယ်ကြီးမှာ ပျောက်ကွယ်မသွားသေးဘဲ ရှိနေဆဲဖြစ်ပြီး လျှပ်စီးတန်းများမှာလည်း ဝိညာဉ်လှေကြီးအား အဆက်မပြတ် ပစ်ခတ်နေကြဆဲပင်။ ထို့ကြောင့် ထိုလှေကြီးမှာ ပို၍ပင် ခမ်းနားထည်ဝါနေတော့သည်။

ကမ်းစပ်ပေါ်မှ လူများမှာ လှေကြီးအား လှမ်းမြင်နေရပြီဖြစ်ရာ လှေပေါ်မှ လူများမှာလည်း ကမ်းစပ်ကြီးအား မြင်နေရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လှေဦးပိုင်းတွင် ရှိနေသဖြင့် ကမ်းစပ်အား အရင်ဆုံး လှမ်းမြင်လိုက်ရ၏။ ထိုအခါ သူသည် ဤ ကမ္ဘာကြီးမှာ ပြင်ပကမ္ဘာကြီးနှင့် လုံးဝ မတူဘဲ ကွဲပြားခြားနားနေကြောင်း ချက်ချင်းခံစားလိုက်ရ၏။

သူသည် ကမ်းစပ်ပေါ်ရှိ ပါရမီရှင်များနှင့် လူပုံစံစက္ကူရုပ်များအပြင် ခပ်လှမ်းလှမ်းတွင် တောင်တန်းများကိုသာမက အဆောက်အဦများနှင့် သစ်ပင်ပန်းမန်များကိုပါ လှမ်းမြင်နေရသည်။ သို့သော်... ထို တောင်တန်းများ၊ အဆောက်အဦများနှင့် သစ်ပင်ပန်းမန်များ အားလုံးမှာ အဖြူရောင်စက္ကူများ ဖြစ်နေကြ၏။

ကောင်းကင်ယံကြီးနှင့် မြေပြင်ကြီးမှလွဲ၍ အခြားအရာအားလုံးမှာ စက္ကူများဖြစ်နေကြသည်။ ဝမ်ပေါင်လဲ့မှာ ကမ်းစပ်ပေါ်မှ လူပုံစံစက္ကူရုပ်များအား မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ ထို လူပုံစံစက္ကူရုပ် တစ်ရုပ်ချင်းစီတိုင်းမှာ လှေသမား လူပုံစံစက္ကူရုပ်များထက် အဆင့်မနိမ့်သော အငွေ့အသက်များကို ထုတ်လွှတ်နေကြသည် မဟုတ်ပါလော။ အထူးသဖြင့် ရှေ့ပိုင်းတွင် ရှိနေသည့် လူပုံစံစက္ကူရုပ် ဒါဇင်အနည်းငယ်ခန့်မှာဆိုလျှင် အစွမ်းထက် အငွေ့အသက်များကို ထုတ်လွှတ်နေကြသဖြင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများပင် တစ်ခဏမျှ ရပ်တန့်သွားရ၏။

ထို လူပုံစံစက္ကူရုပ်များ၏ အလယ်တွင် မျက်ခုံးနှစ်ဖက် ကြား၌ အနီရောင် မျဉ်းကြောင်းတစ်ကြောင်း ပိုင်ဆိုင်ထားသည့် လူပုံစံစက္ကူရုပ်တစ်ရုပ်ပင် ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ထို လူပုံစံစက္ကူရုပ်၏ အငွေ့အသက်အား အဝေးမှနေ၍ တစ်ခဏမျှသာ အကဲခတ်မိလိုက်ပါသော်လည်း တစ်ခေါင်းလုံး ထူပူသွားရ၏။

" ရှေ့နားမှာရှိနေတဲ့ လူပုံစံစက္ကူရုပ်တွေ ကြယ်နယ်မြေအဆင့်မှာ ရှိနေတာပါလား။ ကျန်တဲ့ လူပုံစံစက္ကူရုပ်တွေက ထာဝရကြယ်အဆင့်မှာ ရှိနေကြတာ... နဖူးပေါ်မှာ အနီရောင်မျဉ်းကြောင်း ရှိနေတဲ့ လူပုံစံစက္ကူရုပ်ဆိုရင် သူတို့တွေ အကုန်လုံးထက် ပိုပြီးတော့ကို အစွမ်းထက်နေသေးတယ်။ မဖြစ်နိုင်တာ... " ဝမ်ပေါင်လဲ့မှာ နဖူးပေါ်တွင် ဇောချွေးများ ပြန်လာရတော့သည်။ ထို လူပုံစံစက္ကူရုပ်မှာ သူ၏ သက်တမ်းတစ်လျှောက်လုံး၌ သူ့အား ယခုလို ခံစားရအောင် လုပ်နိုင်သည့် တတိယမြောက်ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ ၎င်းမှာ မီးတောက်ခေါင်းဆောင်ကြီးနှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးတို့နှင့် ဆင်တူနေ၏။၊

" ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးက အဆုံးမဲ့မျိုးနွယ်စုရဲ့ နတ်ဧကရာဇ်တစ်ပါးကို သတ်ခဲ့တာလို့ မမလေး ပြောခဲ့ဖူးတယ်။ အဲတာဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး ကြယ်နယ်မြေထိပ်ဆုံးအဆင့်မှာ ရှိနေမှာပဲ။ ကြယ်နယ်မြေအဆင့်ထက်တောင်မှ ပိုမြင့်ရင် မြင့်နေလောက်တယ် "

" မီးတောက်ခေါင်းဆောင်ကြီးရဲ့ အငွေ့အသက်က ဂိုဏ်းတူအစ်ကိုကြီးလောက် အားမကောင်းပေမဲ့ မတိမ်းမယိမ်းအဆင့်မှာ ရှိပါတယ်။ ဒီ အနီရောင်မျဉ်းကြောင်းနဲ့ လူပုံစံစက္ကူရုပ်ကလည်း အတူတူပဲ.... အဲတာဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကရော ကြယ်နယ်မြေအဆင့်ထက် ပိုမြင့်နေတာများလား။ အဆုံးမဲ့မျိုးနွယ်စုရဲ့ နတ်ဧကရာဇ်အဆင့်ထိများ ရောက်နေပြီလား မသိဘူး "

ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာရပြီ ဖြစ်သည်။ ထို့အပြင် လှေပေါ်ရှိ အခြား ပါရမီရှင်များမှာလည်း သတင်းအချက်အလက်အချို့အား သိရှိထားကြပြီးဖြစ်ရာ ရင်တမမ ဖြစ်နေကြရ၏။

ထို့ကြောင့် သူတို့အားလုံးမှာ နှုတ်ဆိတ်နေကြသည်။ လှေကြီးမှာမူ ကမ်းစပ်နားသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာ၏။ ထိုအချိန်တွင် လှေကြီး၏ ပတ်ပတ်လည်ရှိ လျှပ်စီးပင်လယ်ကြီးမှာ မည်သည့် အကြောင်းကြောင့်မှန်းမသိ ပို၍ပင် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ပထမဆုံးအကြိမ်အဖြစ် လှေကြီး၏ အဝေးသို့ စတင်ပျံ့နှံ့သွားတော့သည်။ ၎င်းမှာ ကမ်းစပ်ဆီသို့ သွားချင်နေသည့်ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရ၏။ ထိုအချိန်တွင် နဖူးပေါ်၌ အနီရောင်မျဉ်းကြောင်းတစ်ကြောင်း ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးမှာ အေးစက်စွာ နှာမှုတ်လိုက်သည်။

" ပြင်ပနယ်မြေထဲက လျှပ်စီးစိတ်ဆန္ဒပါလား "

ထို လူပုံစံစက္ကူရုပ်ကြီးမှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ၎င်း၏ ညာဘက်လက်အား မြှောက်ကာ ထို လျှပ်စီးပင်လယ်ကြီး ရှိရာဘက်သို့ ဝှေ့ယမ်းလိုက်၏။ ၎င်း၏ တိုက်ကွက်ထဲတွင် နတ်ဘုရားစွမ်းရည် အငွေ့အသက် အနည်းငယ်မျှပင် မပါပါသော်လည်း တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့နှင့် လှေကြီးပေါ်ရှိ ပါရမီရှင်များအားလုံးမှာ ဆွံ့အမှင်တက်သွားရတော့သည်။

ထို လျှပ်စီးပင်လယ်ကြီးထဲရှိ လျှပ်စီးတန်းများမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခြင်းဖြစ်၏။ ထို့နောက် ၎င်းတို့မှာ အဖြူရောင် စက္ကူရွက်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။ ထို လျှပ်စီးတန်းများမှာ စက္ကူရွက်များအဖြစ် ပြောင်းလဲသွားကြပြီးနောက် လေပေါ်မှ ပြုတ်ကျလာကြပြီး ပင်လယ်နက်ကြီးထဲသို့ နစ်မြုပ်သွားကြ၏။

" လျှပ်စီးတွေကို စက္ကူဖြစ်သွားအောင် ပြောင်းလဲပစ်တာပါလား " ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ထူပူသွားရ၏။ ထို လူပုံစံစက္ကူရုပ်ကြီး၏ ပညာရပ်မှာ သူ စိတ်ကူးများနှင့် မမှန်းဆနိုင်လောက်အောင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။ သူ ပင်လယ်နက်ကြီးထဲသို့ ပြုတ်ကျသွားသည့် စက္ကူရွက်များကို ငေးကြည့်နေစဉ်မှာပင် သူတို့ လိုက်ပါစီးနင်းလာကြသည့် ဝိညာဉ်လှေကြီးမှာ ကမ်းစပ်သို့ ရောက်ရှိလာတော့သည်။ ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး လှေကြီးမှာ ရပ်တန့်သွား၏။

ထို့နောက် ဝမ်ပေါင်လဲ့ အပါအဝင် အခြားသူများအားလုံးမှာ ချက်ချင်း ပျံထွက်လာကြသည်။ သူတို့ထဲက မည်သူကမှ မောက်မာဝင့်ကြွားစွာ မပြုမူရဲကြပေ။ သူတို့မှာ ကုန်းပေါ်သို့ ရောက်ရှိလာကြသည်နှင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လူပုံစံစက္ကူရုပ်များအား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။

ထို လူအုပ်ထဲတွင် ဝမ်ပေါင်လဲ့လည်း ပါပေသည်။ သူသည် မလုံမလဲဖြစ်နေသည့် အမူအရာဖြင့် အခြားသူများနည်းတူ ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။ သူသည် ခေါင်းမော့လာခြင်း မရှိပါသော်လည်း လူပုံစံစက္ကူရုပ်များ သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားနေရ၏။

" လျှပ်စီးတန်းတွေက ငါ့ရဲ့နောက်ကို လိုက်လာကြမှန်း သူတို့ သိသွားကြတာများလား " ဝမ်ပေါင်လဲ့မှာ ရင်တထိတ်ထိတ် ဖြစ်နေရ၏။ ကံကောင်းစွာဖြင့် သူတို့မှာ သူ့အား အကြာကြီးစိုက်ကြည့်နေကြခြင်း မရှိဘဲ သူတို့၏ အကြည့်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းသွားလိုက်ကြသည်။ ထို့နောက် တည်ကြည်မှု အပြည့်ရှိသော စကားသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

" အဆုံးမဲ့တာအိုနယ်မြေထဲက ပျိုးပင်များ။ ကြယ်သုဿာန်အင်ပါယာမှ ကြိုဆိုပါတယ် "

All Chapters