စက္ကူမြို့တော်
Vol. 67 Ch. 930
" ကြယ်သုဿာန်အင်ပါယာ... " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာ၏။ သူသည် အခြား ပါရမီရှင်များလောက် ကြယ်သုဿာန်အင်ပါယာ အကြောင်း သိရှိထားခြင်း မရှိပေ။ ခရီးစဉ်တစ်လျှောက်လုံးတွင် သူ မြင်ခဲ့ရသည့်အရာအားလုံးမှာ စက္ကူများ ဖြစ်နေခဲ့၏။
ယခုတွင် သူ၏ရှေ့ရှိ အလွန်အင်မတန်မှ အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့်အား ပိုင်ဆိုင်ထားသည့် လူပုံစံစက္ကူရုပ်ကြီးမှာ ကြယ်သုဿာန်အင်ပါယာမှ ကြိုဆိုကြောင်း ဆိုလိုက်သည်မဟုတ်ပါလော။
ထို့ကြောင့် သူသည် ထို ကြယ်သုဿာန်ဆိုသည်မှာ နာမည်တစ်ခုသာဖြစ်ကြောင်း နားလည်သွားတော့သည်။ ဤကမ္ဘာကြီးထဲတွင် ကြယ်သုဿာန်အင်ပါယာမှာ အုပ်ချုပ်သူများ ဖြစ်ကြ၏။ သူတို့မှာ အလွန်အင်မတန်မှ အဆင့်မြင့်သည့် ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားသဖြင့် အဆုံးမဲ့တာအိုနယ်မြေပင်လျှင် သူတို့အား အသိအမှတ်ပြုထားရခြင်း ဖြစ်ရပေမည်။
" အဆုံးမဲ့တာအိုနယ်မြေရဲ့ အမြင်မှာ ကြယ်သုဿာန်အင်ပါယာက အစွမ်းထက်ပေမယ်လို့ နယ်မြေအပိုင်းမှာတော့ သူတို့က ပိုပြီးတော့ အသာစီးရနေတာပဲဖြစ်ရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သည်နှင့် အဆုံးမဲ့တာအိုနယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်မှုများအကြောင်း ပို၍ စိတ်ဝင်စားလိုက်ရတော့သည်။
" ငါ ဘယ်အချိန်မှများ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးလိုမျိုး အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲမှာ စိတ်ကြိုက် ပျံသန်းသွားလာလှုပ်ရှားခွင့် ရှိမလဲမသိဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ စိတ်ကူးယဉ်နေရင်း မျက်ဝန်းများထဲ၌ မျှော်လင့်ချက် ရောင်ခြည်များ သန်းလာ၏။ ထိုအချိန်တွင် စိတ်ကူးများနှင့် မှန်းဆ၍ မရနိုင်သည့် ကျင့်ကြံခြင်းအဆင့်အား ပိုင်ဆိုင်ထားသော လူပုံစံစက္ကူရုပ်ကြီးမှာ ၎င်း၏ ညာဘက်လက်ကိုမြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အားကောင်းသော တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအား အမြောက်အမြား ပေါ်ပေါက်လာပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများကို အာရုံခံမိလိုက်သည်နှင့် နောက်သို့လှည့်ကာ စက္ကူပင်လယ်နက်ကြီးနှင့် သူ လိုက်ပါစီးနင်းလာသည့် ဝိညာဉ်လှေကြီးအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် လှေသမား လူပုံစံစက္ကူရုပ်ကြီး လှေပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည်။ ထို လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ အကြည့်အား သတိထားမိသွားသည့်ပုံပင်။ ၎င်းမှာ သူ့အား ပြန်ကြည့်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ပေါင်လဲ့မှာလည်း သူ့အား ပြန်၍ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် ၎င်း၏ နောက်တွင် ရှိနေသည့် ပင်လယ်ရေမျက်နှာပြင်ကြီးအား လှမ်းကြည့်လိုက်သည်။ သူသည် ထို အနက်ရောင် စက္ကူပင်လယ်ကြီးအား ငေးကြည့်နေရင်း ထိုပင်လယ်ကြီးမှာ ကြယ်သုဿာန်အင်ပါယာနှင့် လိုက်ဖက်ညီမှုမရှိကြောင်း ရုတ်တရက်ဆိုသလို ခံစားလိုက်ရ၏။
" အနက်ရောင်စက္ကူ၊ အဖြူရောင်စက္ကူ.... "
သူ ထိုကဲ့သို့ ရေရွတ်နေစဉ်မှာပင် သူ၏ ပတ်ပတ်လည်ရှိ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများမှာ ပေါက်ကွဲသွားတော့သည်။ ထိုအခါ သူသည်လည်း အမြင်အာရုံများ ဝေဝါးသွားပြီး တစ်ကိုယ်လုံး မှုန်ဝါးဝါး ဖြစ်သွား၏။ ထို့နောက် သူသည် သူ၏ ဘေးနားတစ်ဝိုက်ရှိ အခြားပါရမီရှင်များ အားလုံးနည်းတူ အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။
လူပုံစံစက္ကူရုပ်များအားလုံးမှာလည်း သူတို့နှင့်အတူ ပျောက်ကွယ်သွားကြ၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ကမ်းစပ်ကြီးတစ်ခုလုံးမှာ ပြောင်သလင်းခါသွားတော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် အမြင်အာရုံများ ပြန်လည် ကြည်လင်လာချိန်တွင် သူနှင့် အရည်အချင်း စမ်းသပ်ပွဲအား ကျော်ဖြတ်နိုင်ခဲ့သည့် အခြား ပါရမီရှင်များအားလုံးမှာ မြို့ကြီးတစ်မြို့ထဲ၌ ပြန်လည်ပေါ်ပေါက်လာကြပြီ ဖြစ်သည်။
ပို၍ တိတိကျကျဆိုရလျှင် သူတို့မှာ ထိုမြို့ကြီး၏ အနောက်မြောက်ထောင့်တွင်ရှိသော ရင်ပြင်ကြီးတစ်ခုထဲ၌ ပေါ်ပေါက်လာကြခြင်း ဖြစ်၏။ ထို ရင်ပြင်ကြီး၏ ပတ်ပတ်လည်တွင် အရွယ်အစားမျိုးစုံနှင့် အသက်အရွယ်မျိုးစုံရှိကြသည့် လူပုံစံစက္ကူရုပ်များ ရှိနေကြသည်။
အရွယ်အစား ကြီးမားသည့် လူပုံစံစက္ကူရုပ်များမှာ ဘီလူးကြီးများနှင့်တူပြီး အရွယ်အစား သေးငယ်သည့် လူပုံစံစက္ကူရုပ်များမှာမူ ကလေးငယ်လေးများနှင့် တူကြသည်။ အိုမင်းနေကြသည့် လူပုံစံစက္ကူရုပ်များမှာ မုတ်ဆိတ်မွေးများ ပေါက်နေကြပြီး အငယ်ပိုင်း လူပုံစံစက္ကူရုပ်များမှာမူ အသက်နှစ်ဆယ်ကျော် ပတ်ချာလည်တွင်သာ ရှိနေသေးသည့်ပုံပင်။ ၎င်းတို့မှာ စက္ကူရုပ်များသာ ဖြစ်နေကြသည့်တိုင်အောင် ငယ်ရွယ်တက်ကြွမှုအပြည့် ရှိနေသည့်ပုံ ပေါက်နေကြ၏။
၎င်းတို၏ အကြည့်များမှာလည်း တစ်ခုနှင့်တစ်ခု လုံးဝမတူကြပေ။ အချို့မှာ အထူးတဆန််း ဖြစ်နေကြသည့်ပုံ ပေါ်ပြီး အချို့မှာမူ အေးတိအေးစက် မျက်ဝန်းများကိုသာ ပိုင်ဆိုင်ထား၏။ ထို့အပြင် အချို့မှာ ရန်လိုနေကြပြီး အချို့မှာမူ နွေးထွေးကြင်နာမှုအပြည့် ရှိသည့်ပုံ ပေါက်နေကြသည်။
၎င်းတို့အားလုံးမှာ ဝမ်ပေါင်လဲ့နှင့် အခြား ပါရမီရှင်များကို စိုက်ကြည့်နေကြ၏။ ၎င်းတို့၏ မျက်ဝန်းများထဲတွင် သူတို့အားလုံးမှာ လူထူးလူဆန်းများ ဖြစ်နေသကဲ့သို့ပင်။ အချို့မှာဆိုလျှင် အချင်းချင်း တီးတိုးစကားများ ပြောနေကြ၏။
" ဒီ တိုင်းတစ်ပါးသားတွေက တော်တော်ထူးဆန်းတာပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက တကယ်ကို အသွေးအသားနဲ့ ဖန်တီးတည်ဆောက်ထားတာပါလား "
" အသွေးအသားတွေ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်... ဘုရားရေ။ ဖန်ဆင်းရှင်က အစွမ်းထက်လှပါလား။ ဒီလို အရာမျိုးတွေကိုတောင် ဖန်ဆင်းနိုင်စွမ်း ရှိနေတာပဲ "
" ငါ ကြားဖူးတာကတော့ ပြင်ပနယ်မြေထဲမှာနေတဲ့ သက်ရှိအများစုက ဒီလိုပဲတဲ့ကွ။ သူတို့ရဲ့ သန္ဓေပြောင်းလဲမှုက ပြီးပြည့်စုံမှု မရှိသေးဘူးလို့ပဲ ပြောရမှာပေါ့ "
" ဟုတ်တယ်။ သူတို့ရဲ့ ပုံစံတွေက တော်တော်လေးကို ကြည့်ရဆိုးတာ "
ဝမ်ပေါင်လဲ့နှင့် အခြားသူများအားလုံးမှာ ထို စကားသံများကို ကြားနေရ၏။ သို့သော် မည်သူကမှ ၎င်းတို့အား အရေးစိုက်နေကြခြင်း မရှိပေ။ သူတို့မှာ သူတို့၏ ဘေးဘီဝဲယာကိုသာ အကဲခတ်နေကြ၏။ သို့ဖြစ်ရာ သူတို့မှာ မြို့တစ်မြို့ထဲတွင် ရောက်နေကြောင်း သိထားကြပြီးဖြစ်သည်။ သူတို့မှာ ထိုမြို့၏ ထောင့်စွန်းပိုင်းတွင် ရောက်နေသည့်တိုင်အောင် သူတို့၏ နတ်ဘုရား အာရုံခံနိုင်စွမ်းများအား ထုတ်လွှတ်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် အမူအရာများ ပြောင်းလဲသွားကြတော့သည်။
" ကြီးလိုက်တဲ့ မြို့တော်ကြီး " ဝမ်ပေါင်လဲ့မှာ မျက်စိသူငယ်အိမ်များ အနည်းငယ်ခန့် ကျဉ်းမြောင်းသွားရ၏။
သူသည် သူ၏ နတ်ဘုရားအာရုံခံနိုင်စွမ်းများမှတစ်ဆင့် ဤ မြို့ကြီးမှာ အလွန်အင်မတန်မှ ကြီးမားကျယ်ပြန့်နေသည်ဖြစ်ကြောင်း မြင်လိုက်ရ၏။ ၎င်း၏ အရွယ်အစားမှာ ကမ္ဘာဂြိုဟ်နီးပါး ရှိပေသည်။ မြို့ထဲရှိ အဆောက်အဦများအားလုံးမှာ စက္ကူများ ဖြစ်နေကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုမြို့ကြီးအား အသေးစိတ် လေ့လာကြည့်ရှုနိုင်စွမ်း မရှိပါသော်လည်း အပေါ်ယံ အကဲခတ်မှုအချို့ ပြုလုပ်လိုက်ပြီးနောက် စိတ်ဝင်တစား ဖြစ်သွားရဆဲပင်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ စိတ်ဝင်တစားဖြစ်နေစဉ် ကြယ်သုဿာန်အင်ပါယာထဲမှ လူပုံစံစက္ကူရုပ်များမှာ သူနှင့် အခြား ပါရမီရှင်များအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးလိုက်ကြ၏။ သူတို့အား ပြည်သူ့ရင်ပြင်ကြီးနှင့် သိပ်မဝေးသည့် နေရာတွင် နေရာချထားပေးလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ စံအိမ်တစ်လုံးနှင့် တူပြီး သူတို့အားလုံးမှာ ကိုယ်ပိုင်အခန်းတစ်ခန်းစီ ရရှိကြပေသည်။
သူတို့အားလုံး နေရာတကျ ဖြစ်သွားချိန်တွင် လူပုံစံစက္ကူရုပ်တစ်ရုပ်မှာ နောက်သုံးရက်အကြာတွင် ဒုတိယမြောက် အရည်အချင်းစမ်းသပ်ပွဲ စတင်မည်ဖြစ်ကြောင်း အသိပေးလိုက်၏။ အကယ်၍ သူတို့မှာ အချိန်မီရောက်ရှိလာနိုင်ခြင်း မရှိပါက သူတို့၏ ဝင်ခွင့်နေရာများမှာ ရုပ်သိမ်းခံလိုက်ရမည် ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ထို အရည်အချင်းစမ်းသပ်ပွဲ မစခင် မည်သူမှ တိုက်ခိုက်ခွင့်မရှိပေ။ အကယ်၍ ခိုက်ရန်ပွားမှုများ ပေါ်ပေါက်လာမည်ဆိုပါက အရင်ဆုံးစ၍ တိုက်ခိုက်ခဲ့သည့် လူမှာ သူ၏ ဝင်ခွင့်နေရာအား လက်လွှတ်ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး ထွက်ခွာသွားရမည် ဖြစ်သည်။
" တခြား ဘာစည်းမျဉ်းစည်းကမ်းတွေမှ မရှိဘူးပေါ့ "
" ငါ့ရဲ့ မျိုးနွယ်စုထဲက မှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ။ ဒီနေရာကြီး တစ်ခုလုံးက စက္ကူတွေ ဖြစ်နေတာပဲကွ "
" သုံးရက်ဆိုရင် လောက်ပါတယ် " လူပုံစံစက္ကူရုပ်များ ထွက်ခွာသွားသည်နှင့် ပါရမီရှင်များမှာ မျက်ဝန်းများ အရောင်တောက်ပသွားကြ၏။ အချို့မှာဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးနေကြသဖြင့် စကားအနည်းငယ်ခန့် အပြန်အလှန် ပြောဆိုခဲ့ပြီးမှ လူစုခွဲသွားကြ၏။
တရားထိုင်ရန် အသင်းတိုက်ထဲတွင် နေရစ်ခဲ့သည့် လူအချို့ ရှိပါသော်လည်း အများစုမှာမူ မြို့ထဲသို့ ထွက်ခွာသွားကြသည်သာ ဖြစ်သည်။ ထို့အပြင် လျှို့ဝှက်ဆန်းကြယ်လွန်းနေသည့် ပါရမီရှင်အချို့လည်း ရှိနေသေးသည်။
ဝမ်ပေါင်လဲ့မှာ ထို ပါရမီရှင်များအား လျစ်လျူရှုထားလိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် စံအိမ်ထဲမှထွက်ခွာကာ ကြယ်သုဿာန်အင်ပါယာ၏ မြို့တော်ထဲ၌ လှည့်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဤနေရာအထိ ရောက်လာပြီဖြစ်ရာ ဤ မြို့တော်ကြီးအား သေသေချာချာ အကဲခတ်လေ့လာထားရန် လိုအပ်ပေသည်။ သူသည် စက္ကူကမ္ဘာကြီးထဲသို့ ရောက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အမြင်ကျယ်သွားသလို ခံစားလိုက်ရ၏။
" ဒီနေရာကြီးက မီးကို ကြောက်မလားမသိဘူး... " ဝမ်ပေါင်လဲ့မှာ ခြေဦးတည့်ရာ လှည့်လည်သွားကာ ပျားပန်းခပ်နေကြသည့် လူပုံစံစက္ကူရုပ်များအား ငေးကြည့်နေရင်း မည်သည့် အကြောင်းကြောင့်မှန်းမသိ ထိုကဲ့သို့ တွေးမိသွား၏။
သို့သော် သူသည် ထိုအတွေးများမှာ အလွန်အင်မတန်မှ အန္တရာယ်များသည်ဟု ခံစားလိုက်ရသဖြင့် ၎င်းတို့အား ချက်ချင်း မေ့ပျောက်ထားလိုက်ရတော့သည်။ ထို့နောက် သူသည် နယ်လှည့်ခရီးသည် တစ်ယောက်ကဲ့သို့ မြို့တော်ထဲ၌ လှည့်လည်ကြည့်ရှုနေလိုက်၏။ သူသည် လမ်းတစ်လျှောက်တွင် လူပုံစံစက္ကူရုပ် အမြောက်အမြားကို မြင်တွေ့ခဲ့ရရုံသာမက ကြယ်သုဿာန်အင်ပါယာ၏ လည်ပတ်ပုံကိုလည်း သိခဲ့ရသည်။ ၎င်းမှာ အခြား လူမှုအဖွဲ့အစည်းများ၏ လည်ပတ်ပုံနှင့် ဆင်တူပေသည်။ သူသည် ထို အင်ပါယာထဲ၌ အသုံးပြုသည့် ငွေကြေးများကို ပိုင်ဆိုင်ထားခြင်းမရှိပါသော်လည်း ဝိညာဉ်ကျောက်တုံးများနှင့် သလင်းကျောက်နီများကို အသုံးပြု၍ရနေဆဲပင်။ တစ်ချိန်ထဲမှာပင် ဈေးဆိုင်များနှင့် စားသောက်ဆိုင်အမြောက်အမြားလည်း ရှိကြ၏။
လူပုံစံစက္ကူရုပ်များမှာလည်း အစားအစာ လိုအပ်ကြပေသည်။ သူတို့စားသုံးသည့် အရာများမှာလည်း စက္ကူများ ဖြစ်နေကြ၏။ သို့သော် ထူးဆန်းသည့်အချက်မှာ သူတို့ စားသုံးသည့် စက္ကူများသည် အကြည်ရောင်ဖြစ်နေခြင်းပင်။
သူတို့ သောက်သုံးကြသည့် သေရည်အရက်များပင်လျှင် ထိုနည်းတူပင်။ ၎င်းတို့မှာ ရေနှင့်တူနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်သွားရပြီး တစ်ပုလင်း ဝယ်ယူခဲ့၏။ သို့သော် ထိုပုလင်းမှာ ပုလင်းခွံကြီးသာ ဖြစ်နေပြီး ၎င်းထဲ၌ ဓာတ်ငွေ့များသာ ရှိနေသကဲ့သို့ပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အစားအသောက် မရွေးသည့် လူတစ်ယောက်ဖြစ်သည့်တိုင်အောင် အထူးစက္ကူများဖြင့် ပြုလုပ်ထားသည့် စားစရာများအား စမ်း၍ စားသုံးကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်သာ ဖြစ်သည်။
သို့သော် သူ၏ ခရီးစဉ်မှာ အလဟဿတော့ မဖြစ်ခဲ့ပေ။ သူသည် ကြယ်သုဿာန်အင်ပါယာထဲရှိ လူပုံစံစက္ကူရုပ်များ၏ ကျင့်ကြံခြင်းအဆင့်များကြောင့် အံ့သြတုန်လှုပ်သွားခဲ့ရ၏။ သူ မြင်တွေ့ဖူးခဲ့သမျှ လူပုံစံစက္ကူရုပ်များထဲတွင် အားအနည်းဆုံး လူပုံစံစက္ကူရုပ်မှာ ယွမ်ယင်အဆင့်တွင် ရှိနေသည် မဟုတ်ပါလော။ မွေးကင်းစကလေးများပင်လျှင် ထိုကဲ့သို့ဖြစ်နေကြ၏။
ထို့ကြောင့် လူပုံစံစက္ကူရုပ်အားလုံး၏ အခြေခံ ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်အဆင့် ဖြစ်ရမည်ဟု သူက ချလိုက်၏။
သို့ဖြစ်ရာ ဝိညာဉ်ကြားခံနယ်အဆင့်၊ ထာဝရဝိညာဉ်အဆင့်နှင့် ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာဆိုလျှင် မရေမတွက်နိုင်လောက်အောင် ရှိနေတော့သည်.... ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်လုံး၌ ဆွံ့အမှင်တက်နေခဲ့ရသလို ပို၍လည်း အံ့ဩတုန်လှုပ်လာရ၏။ တစ်ဖက်တွင် လူပုံစံစက္ကူရုပ်များ၏ ကျင့်ကြံခြင်းအဆင့်များမှာ အလွန်အင်မတန်မှ မြင့်မားနေသလို အခြားတစ်ဖက်တွင်လည်း သူသည် လူပုံစံစက္ကူရုပ်များဖြင့် ပြည့်နှက်နေသည့် လူအုပ်ကြီးထဲ၌ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်းနေသည်ဖြစ်ရာ ရောက်လေရာ နေရာတိုင်းတွင် လူပုံစံစက္ကူရုပ်ပေါင်း မြောက်မြားစွာမှာ သူ့အား စိုက်ကြည့်နေကြသည် မဟုတ်ပါလော။
အစတွင် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ စိုက်ကြည့်ခံနေရသည့်အတွက် နေမထိထိုင်မသာ ဖြစ်နေခဲ့ရပါသော်လည်း တဖြည်းဖြည်းနှင့် ကျင့်သားရသွား၏။ သူသည် အနာဂတ်တွင် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာမည်ဖြစ်ရာ ထိုကဲ့သို့ လူအများ၏ အာရုံအား ဖမ်းစားနိုင်စွမ်းရှိနေသည်မှာ အထူးတဆန်းတော့ မဟုတ်ပေ။
ထို့အပြင် သူသည် ထို မြို့တော်ထဲ၌ ဓမ္မအဆောင်ပစ္စည်း အမျိုးမျိုးနှင့် ကျင့်ကြံခြင်းပညာရပ်အမျိုးမျိုး ရောင်းချသည့် စျေးဆိုင်များကိုလည်း ရှာတွေ့ခဲ့သေးသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထို ပညာရပ်များထဲမှအချို့အား ဝယ်ယူခဲ့ပြီးနောက် ၎င်းတို့ထဲ၌ မည်သည့် စာလုံးကိုမှ ရှာမတွေ့ခဲ့ပေ။ သို့ဖြစ်ရာ စည်းမျဉ်းဥပဒေသတစ်ခုခုမှာ ထိုစာလုံးများအား ဖုံးကွယ်ထားသဖြင့် ၎င်းတို့မှာ သူ၏ အမြင်အာရုံထဲ၌ ပေါ်ပေါက်လာနိုင်စွမ်း မရှိသည့်ပုံပင်။
သူထင်မှတ်ထားသည့် အတိုင်းပင်။ သူရောက်နေသည့် ဈေးဆိုင်ထဲရှိ ဆိုင်ရှင် လူပုံစံစက္ကူရုပ်အဘိုးကြီးမှာ ဈေးဝယ်အချို့အား နှုတ်ဆက်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး ရယ်မောကာဆိုလိုက်၏။
" ပြင်ပကမ္ဘာကြီးနဲ့ ချိတ်ဆက်ထားတဲ့ အပေါက် ပွင့်တဲ့အချိန် ရောက်နေပြီလို့ ငါ ခန့်မှန်းထားခဲ့တာ မှန်သားပဲ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ဈေးဆိုင်ထဲကို ဝင်လာခဲ့တဲ့ ပထမဆုံး တိုင်းတစ်ပါးသား ကျင့်ကြံသူတစ်ယောက်ပဲကွ "
" မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဥပဒေသတွေကြောင့် မင်း ဒီ ကျင့်ကြံခြင်းပညာရပ် စာလိပ်တွေပေါ်က စာလုံးတွေကို မြင်ရမှာ မဟုတ်ဘူး။ မင်းရဲ့ လက်ထဲက စာလိပ်ကိုပဲ ကြည့်လိုက်။ အဲဒီ ပညာရပ်ကို ဧကကြိုးကြာပညာရပ်လို့ ခေါ်တယ်။ အဲဒီ ပညာရပ်ကို တတ်မြောက်သွားပြီဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို စက္ကူကြိုးကြာတစ်ကောင်ပုံစံ ဖြစ်သွားအောင် ပြောင်းလဲပစ်လို့ရတယ်။ အဲဒီအချိန်ကျရင် ကိုယ့်ရဲ့ အမြန်နှုန်းက နှစ်ဆတိတိ တိုးတက်သွားမှာ။ ဒါပေမဲ့ အဲဒီလို ပြောင်းလဲနိုင်ဖို့အတွက် မင်းရဲ့ ခန္ဓာကိုယ်က ငါတို့လိုမျိုး ဖြစ်နေဖို့ လိုတယ်ကွ "
ဝမ်ပေါင်လဲ့မှာ ထိုအဘိုးကြီး၏ စကားများကို ကြားလိုက်ရသောအခါ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေ ဂါရဝပြုလိုက်၏။
" မင်္ဂလာပါ ဦးလေး။ ကျွန်တော်လည်း ဝမ်းနည်းမိတယ်ဗျာ။ ဒီ ကမ္ဘာကြီးထဲက ပညာရပ်တွေကို လေ့လာခွင့်ရှိရင် သိပ်ကောင်းမှာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
" ငါ ကြားဖူးသလောက်ဆိုရင်တော့ ရှေးပဝေသဏီကတည်းက အခုအထိ ကိုယ့်အားကိုယ်ကိုးပြီး ကြယ်သုဿာန်အင်ပါယာရဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို လေ့ကျင့်နိုင်ခဲ့တဲ့ တိုင်းတစ်ပါးသား ကျင့်ကြံသူဆိုလို့ တစ်ယောက်မှ မရှိဘူးကွ။ တခြားတစ်ယောက်ယောက်က သင်ပေးရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့... မင်း အဲဒီပညာရပ်တွေကို လေ့လာရဲလို့လား " အဘိုးကြီးမှာ မပွင့်တပွင့်ပြုံးကာ ပြန်မေးလိုက်သည်။