အဆိပ်အလောင်းကောင်အား ပြန်သိမ်းခေါ်ခြင်း
Vol. 36 Ch. 492
တောင်ကြားထဲရှိ ကံကြမ္မာမျိုးနွယ်တို့သည် စုမင်ထွက်ခွာသွားခြင်းကို မသိရှိကြပေ။ သူက ထွက်ခွာလာခဲ့သော်လည်း ထိုနေရာတွင် ချန်ထားခဲ့သည့် နတ်အာရုံတစ်စဖြင့် ထိုနေရာတွင် ဖြစ်ပျက်သမျှကို သိရှိနိုင်စွမ်းရှိနေသေးသည်။ ထိုအချိန်အတွင်းတွင် တစ်ခုခုဖြစ်လာလျှင် သူက ချက်ချင်းလေဟာနယ်ဖောက်ထွင်းကာ အမြန်ဆုံးပြန်လာနိုင်သည်ပင်။
ကြက်သွေးရောင်နဂါးထံမှ ခပ်သဲ့သဲ့လှိုင်းများမှတစ်ဆင့် စုမင်ထံ ရောက်လာသည့်နာကျင်မှုတွင် သူနှလုံးအိမ်တစ်ခုလုံး ဒေါသတို့လောင်မြိုက်လာသည်။ ကြက်သွေးရောင်နဂါးအား ဟုန်လော့က ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း ၎င်းက ယင်ကိုးပါးလောကရတနာလောင်းကစားပွဲတွင် စုမင်အား မြင်တွေ့ချိန်တွင် သူ့ထံချက်ချင်းပြန်လာခဲ့ခြင်းမှ ၎င်း၏သစ္စာစောင့်သိမှုကို သိရှိနိုင်ပေသည်။
၎င်းက သူ့အား တစ်လျှောက်လုံးအဖော်ပြုလာခဲ့ပြီး မီးတောက်နဂါး၏ ကိုယ်အလောင်းထဲသို့ စုမင်ဝင်ရောက်သွားချိန်တွင်ပင် ကြက်သွေးရောင်နဂါးက မတော်တဆဖြစ်လာချိန်မတိုင်ခင်အထိ သူ့အားစောင့်နေခဲ့သေးသည်။ ထို့ပြင် ထိုမတော်တဆဖြစ်ရပ်သည်လည်း သူယခင်က ငှားယမ်းခဲ့သော ယင်ကိုးပါးဝိညာဉ်အိုကြီးနှင့် သက်ဆိုင်နေသည်ဟု စုမင် မှန်းဆနိုင်ပေသည်။
သူက ကြက်သွေးရောင်နဂါးကို မဖြစ်မနေကယ်တင်ရပေမည်။ သူက ယင်ကိုးပါးဝိညာဉ်တို့၏ အင်အားကို ကောင်းကောင်းတွေ့ကြုံသိရှိခဲ့ဖူးသော်လည်း သူက ကြက်သွေးရောင်နဂါး၏ ဆရာသခင်ဖြစ်ပေသည်။ ၎င်းဘေးအန္တရာယ်ထဲကျရောက်နေချိန်တွင် လက်လျှော့ခြင်းက သူမလုပ်နိုင်သည့်ကိစ္စပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အိမ်ကိုရှာမတွေ့နိုင်သေးခင် စုမင်သည် ရင်းနှီးမှုအားလုံးကို တန်ဖိုးထားသောကြောင့်ပင်။
သူနှင့် ကြက်သွေးရောင်နဂါးကြားတွင် ချစ်ခင်မှုဟု မရှိခဲ့သော်လည်း ၎င်း၏သစ္စာရှိမှုတစ်ခုတည်းဖြင့်ပင် စုမင်းက ကြောက်ရွံမှုကြောင့် လက်လျှော့နောက်တွန့်ရခြင်းမျိုးမပြုနိုင်ဖို့တော့ လုံလောက်ပေသည်။
“ယင်ကိုးပါးဝိညာဉ်တွေ..”
စုမင်းက လေထဲတွင် တဟုန်ထိုးပျံရင်း ဝိုက်ကွင်းကာ လှည့်ပျံလိုက်သည်။ သူ့မျက်လုံးတို့ အေးစက်စွာလက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ရာ ဟန်တောင်တန်းခေါင်းလောင်းသည် သူလက်ဝါးပေါ်ထွက်ပေါ်လာသည်။
သူက ထိုခေါင်းလောင်းကို ကြည့်လိုက်ရင်း ခဏတာတိတ်ဆိတ်သွားပြီးနောက် စုမင်က သူ့လက်ချောင်းတွင် ရစ်ပတ်ထားသော မီးလျှံမာန်မျိုးနွယ်တို့၏ ပထမဆုံးနတ်ဘုရား၏ ဆံချည်မျှင်ကို ကြည့်လိုက်သည်။ ထိုဆံချည်မျှင်က များစွာမကျန်တော့သော်လည်း သူက ပိုင်းဖြတ်ထားသည့်ဟန်ဖြင့် အရှိန်ထပ်မံတင်ကာ သွားလိုက်သည်။
သူ၏ အခြေတည်ဝိညာဉ်ကို အားဖြည့်ပြီးချိန်မှစပြီး သူက ယခင်ထက်ပိုမြန်လာနိုင်သည်။ အထူးသဖြင့် အရှိန်နှင့် လေဟာနယ်ထိုးဖောက်ခြင်းကို ပေါင်းစည်းလိုက်လျှင် လွန်စွာမြန်လာပေသည်။ ကောင်းကင်အား ဝိုက်ကွင်းသွားသည့် အလင်းကွေးရှည်သည် တစ်ခါတစ်ရံပျောက်ကွယ်သွားပြီးနောက် မူလရှိနေသောနေရာမှ လွန်စွာဝေးသောနေရာတွင် ပြန်ပေါ်လာတတ်သည်။
စုမင်၏ ခရီးသည် နာရီများစွာကြာမြင့်ခဲ့သည်။ သူက ရှေ့သို့တဟုန်ထိုးပျံရင်း ရွှံ့နွံတောတစ်ခုသို့ ရောက်ရှိလာသည်။ ထိုရွံ့နွံတောသည် လွန်ခဲ့သော ဆယ့်ငါးနှစ်က မရှိခဲ့ပေ။ ယခုအချိန်တွင်တော့ ၎င်းသည် ပေသိန်းချီအကျယ်အဝန်းထိ ရှိနေပေသည်။ တစ်ချက်တစ်ချက်တွင် ရွံ့နွံတောမျက်နှာပြင်သို့ ပူပေါင်းများ တက်ကာပေါက်ကွဲတတ်ကြသည်။ ၎င်းလေပူပေါင်းများပေါက်ကွဲသွားချိန်တွင် ရွံ့နွံတောအပေါ်လေထုအား အစိမ်းရောင်မြူတစ်လွှာအဖြစ် ပြောင်းလဲဖုံးလွှမ်းသွားတတ်ပြီး ထိုနေရာတို့လာသူတို့သည် ၎င်းမြူများကိုသာ တွေ့မြင်နိုင်ကြလေသည်။
စုမင်က ယင်ကိုးပါးဝိညာဉ်များဆီသို့ ဒေါသဖြင့် စိတ်လိုက်မာန်ပါမသွားခဲ့ပေ။ ထိုအစား သူက ဤနေရာသို့လာခဲ့ခြင်းသာ ဖြစ်သည်။ ဤနေရာသည် သူနတ်အာရုံဖြင့် နယ်မြေတစ်ခုလုံးအား ဖြန့်ကြက်ကြည့်ခဲ့ချိန်တွင် စိတ်ထဲ၌ ပေါ်လာခဲ့သော နေရာဖြစ်သည်။ သူ၏ အဆိပ်အလောင်းကောင်ရှိနေသော နေရာပင်။
သူက ယင်ကိုးပါးဝိညာဉ်များထံ သွားလိုလျှင် ကောင်းစွာပြင်ဆင်ထားရန်လိုပေသည်။ သူသည် ယခင်က ယင်ကိုးပါးဝိညာဉ်များ၏ စွမ်းအားကို ကောင်းကောင်းကြီးတွေ့ကြုံခံစားခဲ့ပြီးဖြစ်သည်ပင်။
ထိုအချိန်တွင် သူသည် ရွံ့နွံတောအပေါ်လေထဲတွင် ရပ်လျက်ရှိနေသည်။ သူခေါင်းငုံ့ကြည့်လိုက်ရာ သူ့မျက်လုံးတွင် ရွှေရောင်အလင်းများလက်နေလျက် အောက်က မြူခိုးများကို အကြည့်တို့ ထိုးဖောက်သွားပြီး ရွှံ့နွံတောထဲသို့ တန်းကျရောက်သွားသည်။ ထိုခဏတွင်းချင်းပင် ရင်းနှီးနေသော လှိုင်းများက သူနတ်အာရုံကို ရွှံ့နွံတောထဲမှ တိုက်ခိုက်လာတော့သည်။
တစ်ချိန်တည်းမှာပင် နွံတောထဲမှ ခပ်အုပ်အုပ်ဟိန်းသံတစ်ခုလည်း ထွက်ပေါ်လာသည်။ ၎င်းအသံက နယ်မြေအတွင်းရှိ မြူခိုးတို့အား လှုပ်ခတ်သွားသည်။ ထိုဟိန်းသည် ရွှံ့နွံတောကို စုမင်၏နတ်အာရုံရှာဖွေသည်ကို မနှစ်မြို့ဟန်ရှိကာ ရက်စက်ကြမ်းတမ်းမှုတို့ ပြည့်နေသည်။
“ဒီဆယ့်ငါးနှစ်တာ လွတ်လပ်မှုက ကြုံရခဲဖြစ်ပြီး မင်းကအသိဉာဏ်အသစ်ရလာနိုင်ခဲ့တာပဲ။ ဒါပေမဲ့ ငါကို တွေ့ချိန်မှာ ဘာလို့ထွက်မတွေ့ဘဲ နေရဲရတာလဲ။ မင်းအသက်ရှင်ချိန်တုန်းက မင်းကို ငါဖမ်းနိုင်မှတော့ အသိဉာဏ်အသစ်ရလာရင်လည်း ဖမ်းနိုင်ဦးမှာပဲပေါ့။”
စုမင်က အေးစက်စက်ကြေညာလိုက်ပြီး ညာလက်ကိုမြှောက်ကာ မြေပြင်ပေါ်က နွံတောနေရာသို့ လျင်မြန်စွာဖိချလိုက်သည်။
သူ့ကိုယ်တွင် ရွှေအလင်းရောင်တို့ ပြင်းထန်စွာလင်းလက်လာပြီး သူညာလက်မှ ပြင်းထန်သော အားကြီးတစ်ခု ပျံထွက်ကာ နွံတောအတွင်းသို့ တဟုန်ထိုးဝင်ရောက်သွားသည်။ လေထဲတွင် တဝုန်းဝုန်းပေါက်ကွဲသံများ ခပ်အုပ်အုပ်ပဲ့တင်သွားပြီး နွံတောထဲတွင် လက်ဝါးရာကြီးတစ်ခု ထင်လာသည်။ ထိုနိမ့်ကျသွားသည့် လက်ဝါးရာကြီးသည် စုမင်းဖိချလိုက်သည့်အားကြောင့် ဖြစ်လာခြင်းပင်။
နွံတောသည် တုန်ခါလာပြီး သူလက်ဝါးရာကြီးက ဆက်လက်ကျဆင်းကာ နွံတောထဲက ဟိန်းသံများသည် ကျယ်လောင်လာတော့သည်။ အချိန်တစ်ခဏကြာလျှင် ထိုလက်ဝါးရာကြီးသည် ပေရာချီအောက်သို့ နိမ့်ကျလာပြီး နွံတောတစ်ခုလုံး မြေပြင်ထဲသို့ နစ်ဝင်ဟန်ဖြစ်လာချိန်တွင် နွံတောအတွင်းမှ အစိမ်းရောင်လက်တစ်ဖက် ပျံထွက်လာသည်။ ၎င်းက ဆက်လက်ကျဆင်းလာနေသည့် စုမင်၏လက်ဝါးရာကြီးသို့ ရိုက်ခတ်သွားပြီး ကျယ်လောင်စွာပေါက်ကွဲသံတစ်ခု မြည်ဟိန်းထွက်သွားသည်။
နွံတောမှာ ပြိုကွဲပျက်ဆီးဟန်ဖြစ်လာသည်။ ရွှံ့နှင့် ရေများစွာတို့ နေရာအနှံ့ပြန့်ကြဲထွက်သွားသည်။ သို့သော် စုမင်ရှာနေသည့် အဆိပ်အလောင်းကောင်ကတော့ ထွက်လာခြင်းမရှိသေးဘဲ စုမင်ထံမှ ပုန်းအောင်းနေဟန်ရှိသည်။ ဤကား သူမွေးရာပါအသိပင်ဖြစ်သည်။
“ဒီတော့ မင်းက ထွက်မလာသေးဘူးပေါ့။”
စုမင်၏မျက်လုံးတို့တွင် အရောင်တစ်ချက်လက်သွားပြီး သူက နတ်အာရုံကို အစွမ်းကုန်ထုတ်ကာ နွံကန်ထဲသို့ တိုးဝင်လိုက်သည်။ နတ်အာရုံက ထိုနေရာထဲသို့ လျင်မြန်စွာထိုးဖောက်သွားပြီး ဖြန့်ကြက်ရှာဖွေလိုက်ရာ လူသားနှင့် သားရဲတို့၏ အရိုးမြောက်မြားစွာကို တွေ့မြင်လိုက်ရသည်။ နွံကန်အနက်ပိုင်းထဲတွင် ထိုင်နေသော ကိုယ်ရိပ်တစ်ခုကိုလည်း သူတွေ့မြင်လိုက်ရသည်။ ၎င်း၏မျက်လုံးတို့မှာ အမှောင်ထဲတွင် လင်းလက်နေပြီး ၎င်းက ဟိန်းအော်နေဆဲပင်။
စုမင်က အနည်းငယ်ပင် တွန့်ဆုတ်ခြင်းမရှိဘဲ နတ်အာရုံကို ထိုကိုယ်ရိပ်ထံသို့ တိုးဝင်ပို့လွှတ်လိုက်သည်။ ထိုခဏတွင် သူ့နတ်အာရုံက ထိုလူရိပ်ကို လွှမ်းခြုံသွားသည်။ ထိုသို့လွှမ်းခြုံလိုက်ချိန်တွင်မှ ထိုကိုယ်သဏ္ဌာန်ပေါ်တွင် သူချန်ထားခဲ့သော တံဆိပ်အမှတ်အသားသည် ကျန်ရှိသေးသော်လည်း ထိုနှစ်များတွင် လွန်စွာမှေးမှိန်လာကြောင်းထင်ရှားနေပေသည်။ ဤနှစ်များတွင် အဆိပ်အလောင်းကောင်က ၎င်းအား အဆက်မပြတ်တိုက်ခိုက်နေခဲ့ကြောင်းထင်ရှားနေသည်။
“အဆိပ်အလောင်းကောင် ငါဆီပြန်လာခဲ့။”
စုမင်က ရေရွတ်ကာ နတ်အာရုံဖြင့် အဆိပ်အလောင်းကောင်ကိုယ်ပေါ်တွင် ချန်ထားခဲ့သော တံဆိပ်အမှတ်အား ဆွဲခေါ်လိုက်သည်။ အဆိပ်အလောင်းကောင်သည် ချက်ချင်းပြင်းထန်စွာတုန်ခါလာပြီး ၎င်း၏ဟိန်းသံတို့မှာလည်း ပြင်းထန်လာတော့သည်။ ၎င်းက ရွံနွံအတွင်းနက်ထဲတွင် စုမင်၏ နတ်အာရုံကို ရှောင်လွှဲချင်သည့်အလား လျင်မြန်စွာလှုပ်ရှားနေတော့သည်။
သို့ရာတွင် စုမင်၏နတ်အာရုံသည် အဆိပ်အလောင်းကောင် ရှောင်တိမ်း၊ပုန်းခိုနိုင်တာမျိုးမဟုတ်တော့ပေ။ အချိန်တစ်ခဏကြာလျှင် အဆိပ်အလောင်းကောင်က တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ပုံရသည်။ ၎င်း၏ဟိန်းသံတို့သည် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်လာပြီး ၎င်းက အခြားအရာတို့ကိုဂရုမစိုက်တော့ဘဲ နွံကန်မျက်နှာပြင်သို့ တန်းပြေးတက်လာသည်။
စုမင်း၏ မျက်လုံးရှေ့တွင်ပင် အစိမ်းရောင်ကိုယ်ရိပ်တစ်ခုက နွံကန်အတွင်းမှ ပျံထွက်လာပြီး ၎င်းနဲ့အတူ အပုပ်နံ့နှင့် အလောင်းပုပ်မြူများလည်း သယ်ဆောင်လာကာ စုမင်ထံသို့ ခဏအတွင်းချဉ်းကပ်လာသည်။
စုမင်က လေထဲတွင်ရပ်နေပြီး တည်ငြိမ်စွာပင် ရှိနေသည်။ အစိမ်းရောင်ကိုယ်ရိပ်က သူ့ထံသို့ချဉ်းကပ်လာသည်နှင့် သူက ညာလက်ကိုမြှောက်လိုက်ပြီး ရှေ့တွင် ယမ်းလိုက်သည်။ ထိုချက်ချင်းပင် သူ့ကိုယ်ပတ်လည်တွင် လျှပ်စီးမိုးကြိုးများစွာ လှုပ်ရှားလာတော့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်မှ မိုးများကျနေသည့်ကြားမှ လျှပ်စီးများစွာလည်း ကောင်းကင်တွင် တဖျပ်ဖျပ်လက်လာသည်။
စုမင်က လက်ကိုယမ်းလိုက်ရာ ထိုလျှပ်စီးမိုးကြိုးတို့သည် သူ့ကိုယ်မှ ထွက်ခွာသွားကြပြီး အစိမ်းရောင်ကိုယ်ရီပ်ထံသို့ စုကာဝင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် အစိမ်းရောင်ကိုယ်ရိပ်ထံ ထိမှန်သွားကြပြီး လေထဲတွင် မိုးကြီးသံကြီး မြည်ဟိန်းလာတော့သည်. အဝေးမှကြည့်လျှင် အစိမ်းရောင်ကိုယ်ရိပ်ကိုယ်ပေါ်တွင် နဂါးများကဲ့သို့ မိုးကြိုးလျှပ်စီးတို့က ၎င်းအား ရုတ်တရက်ထိမှန်သွားကြပြီး တဝုန်းမြည်ဟိန်းသံတို့ ထွက်လာသဖြင့် ၎င်းသည် မိုးကြိုးပစ်ခံရသည့်ဟန်ဖြစ်နေသည်။
အစိမ်းရောင်ကိုယ်ရိပ်သည် ခပ်အုပ်အုပ်အော်လိုက်သော်လည်း မိုးကြိုးလျှပ်စီးတို့အား ဂရုစိုက်ဟန်မရှိပေ။ ၎င်းက စုမင်ထံသို့ မရပ်မနားဆက်လက်ချဉ်းကပ်လာနေပြီး စုမင်ထံမှ ပေသုံးဆယ်အကွာသို့ရောက်ရှိလာသည်နှင့် ပါးစပ်မှ အဆိပ်မြူခိုးတို့ မှုတ်ထုတ်လိုက်တော့သည်။ ထိုအဆိပ်မြူက အနက်နှင့် အစိမ်းရောင်တို့ရှိနေပြီး ပေါက်ကွဲသည့်အလား အလျင်အမြန်ပြန့်ကားထွက်လာကာ စုမင်အား လွှမ်းခြုံသွားတော့မည့်အလားပင်။
ထိုခဏတွင်းချင်း စုမင်ရှိနေခဲ့သောနေရာအား အဆိပ်မြူခိုးတို့ လွှမ်းခြုံသွားသည်။ ထိုအဆိပ်တို့သည် ပြင်းထန်လွန်းသဖြင့် အသက်ရှိနေဟန်ပင်ရသည်။ ၎င်းအဆိပ်မြူခိုးတို့သည် မရပ်မနားပြန့်ကားထွက်လာပြီး အစိမ်းရောင်ကိုယ်ရိပ်က ကျေနပ်စွာအော်သံပြုလိုက်သည်။ ၎င်းက သတ်ဖြတ်လို့စိတ်တို့ မျက်လုံးထဲထင်ဟပ်လျက် မြူခိုးထဲသို့ ပြေးဝင်ရန်ပြင်လိုက်စဉ်ခဏမှာပင် ၎င်း၏နောက်ဘက်ရှိ မြူခိုးများကင်းမဲ့နေသည့်နေရာသည် လေဟာနယ်ပုံပျက်ယွင်းလာပြီး ထိုနေရာမှ စုမင်က တစ်လှမ်းလှမ်းကာ လျှောက်ထွက်လာတော့သည်။
သူထွက်လာသည်နှင့် အစိမ်းရောင်ကိုယ်ရိပ်က ချက်ချင်းသတိထားမိသွားသည်။ ၎င်းက လှည့်ပြေးရန်ကြံလိုက်စဉ် စုမင်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ညာလက်ကိုမြှောက်ကာ အစိမ်းရောင်ကိုယ်ရိပ်အား လေထဲမှတစ်ဆင့် ထိုးပုတ်လိုက်တော့သည်။
စုမင်း၏ လက်ချောင်းထိပ်မှ စူးရှသော ရွှေရောင်အလင်းတစ်ခု ချက်ချင်းထွက်လာသည်။ ထိုရွှေအလင်းသည် အပြင်းထန်ဆုံးအလင်းတန်းအဖြစ် ချက်ချင်းပြောင်းလဲကာ အစိမ်းရောင်အရိပ်ထံသို့ ချက်ချင်းထိမှန်သွားသည်။
အစိမ်းရောင်ကိုယ်ရိပ်က နာကျင်စွာအော်ရင်း အလျင်အမြန်နောက်ဆုတ်ကာ အဆိပ်မြူထဲသို့ ပြန်ပြေးရန် ကြံလိုက်သည်။ သို့သော် စုမင်က မြူထဲသို့ ၎င်းအား ပြန်ဆုတ်ခွင့်မပေးဘဲ လက်ကိုရှေ့သို့ ဝှေ့ယမ်းလိုက်ရာ လေပွေတစ်ခုထွက်ပေါ်လာသည်။
ထိုလေပွေသည် လျင်မြန်စွာ လည်ပတ်နေပြီး အစိမ်းရောင်အရိပ်ထပ်ပင် လျင်မြန်စွာ မြူခိုးထဲသို့ လေပြင်များအဆက်မပြတ်ထုတ်လွှတ်လိုက်တော့သည်။ ၎င်းတို့က လျင်မြန်စွာလည်ပတ်နေရာ အဆိပ်မြူများစွာသည် တိုက်ခတ်ခံရရင်း လေပွေနှင့်အတူ လွင့်ပါကုန်ကြသဖြင့် အစိမ်းရောင်အရိပ်သည် အဆိပ်မြူခိုးထဲသို့ ပြန်လည်ပုန်းခိုနိုင်ခြင်းမရှိတော့ပေ။
အစိမ်းရောင်ကိုယ်ရိပ်၏ ခြေလှမ်းများတုံ့ခနဲ့ ရပ်သွားပြီး ၎င်းကပြန်လှည့်ကာ စုမင်ထံ ကျယ်လောင်စွာ အူဟိန်းလိုက်တော့သည်။ ထိုအချိန်တွင်ပင် ၎င်း၏သွင်ပြင်သည်လည်း ထင်ရှားစွာပေါ်လွင်လာသည်။ ၎င်းသည် အစိမ်းရောင်သားမွေးများဖုံးနေသည့် လူတစ်ဦးဖြစ်သည်။ ထိုအစိမ်းရောင်သားမွေးတို့သည် အပ်များပမာချွန်ထက်နေပြီး တကိုယ်လုံးအား ဖုံးထားပေသည်။
၎င်း၏မျက်လုံးတို့သည် အစိမ်းရောင်အလင်းများ တောက်ပနေပြီး စုမင်အား စူးစူးဝါးဝါးကြည့်နေလေသည်။ ၎င်း၏ မျက်ခုံးနှစ်ဖက်ကြားတွင်တော့ အဖြူရောင်အမွေးတစ်စု ရှီနေသည်။
၎င်းက အသက်ရှူထုတ်လိုက်တိုင်း အနက်ရောင်အဆိပ်မြူခိုးတို့က သူ့ပါးစပ်နှင့် နှာခေါင်းများထဲမှ ထွက်လာကြပြီး ကိုယ်ထဲသို့ပြန်ဝင်သွားကြကာ လည်ပတ်နေကြသည်။
၎င်းသည် စုမင်၏ ယခင်က အဆိပ်အလောင်းကောင်ဖြစ်နေဆဲဖြစ်ကြောင်း မှိတ်မိသိရှိနိုင်ပေသည်။
ထိုဆယ့်ငါးနှစ်အတွင်း ဤသို့ပြောင်းလဲအောင် မည်သည့် ကံထူးမှုများ တွေ့ကြံခဲ့ရသည်မသိရသော်လည်း ၎င်း၏စွမ်းအားများထွက်လာသည် လှိုင်းများအရ ၎င်းသည် ယခင်အတိတ်ကထက်များစွာ အင်အားမြင့်မားနေကြောင်း သိသာနေသည်။ ဤပုံအရ ၎င်းသည် မာန်ဝိညာဉ်အလယ်ပိုင်းအဆင့်ရှီသော အစွမ်းထက်မာန်ကျင့်ကြံသူတစ်ဦးနှင့် ညီမျှနေပေသည်။
အဆိပ်မြူကလည်း လွန်စွာထိတ်လန့်ဖွယ်ကောင်းနေသည်။ ထိုသို့မဟုတ်လျှင် စုမင်းက ၎င်းအဆိပ်မြူပေါ်သည့် ထိုခဏတွင် လေဟာနယ်ထိုးဖောက်ကာ ရှောင်တိမ်းရန်ပြုခဲ့မည်မဟုတ်ပေ။ ထိုအဆိပ်မြူထဲတွင် မြွေငယ်လေး၏အဆိပ်အပြင် အခြားအမည်မသိအဆိပ်တစ်မျိုးလည်း ရောပါနေကြောင်း သူမြင်ရုံဖြင့် သိနိုင်ပေသည်။ ထိုသို့မတူညီသည့် အဆိပ်နှစ်မျိုးပေါင်းစပ်နေသည့် အဆိပ်မြူသည် လူများစွာစိတ်ထဲတွင် ကြောက်လန့်စိတ်များ သွတ်သွင်းနိုင်စွမ်းရှိနေသည်။
အဆိပ်အလောင်းကောင်က စုမင်ထံ တစ်ချက်ဟိန်းအော်လိုက်ပြီး တိုက်ခိုက်ခြင်းမပြုဘဲ မြေပြင်ရှိ နွံကန်ထဲသို့သာ ပြေးဝင်ရန်ဆုံးဖြတ်လိုက်သည်။
စုမင်က တည်ငြိမ်လျက်ရှိနေသေးသော်လည်း သူ့ပတ်ပတ်လည်တွင် လေပွေတစ်ခုလည်ပတ်နေကာ အဆိပ်မြူတို့အား တိုက်ခတ်ဖယ်ရှားနေလေသည်။ အဆိပ်အလောင်းကောင်က နွံကန်ထဲသို့ ပြေးဝင်နေသည်ကို မြင်လျှင် သူက ဟန့်တားခြင်းမပြုပေ။ ထိုအစား သူက ညာလက်ကိုသာမြှောက်လိုက်ပြီး လေကိုဖမ်းဆုပ်လိုက်သည်။ ထိုချက်ချင်းပင် သူ့လက်ထဲတွင် ဆူးတင်းပုတ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
အဆိပ်အလောင်းကောင်က နွံကန်ထဲသို့ ပြေးဝင်သည့်တစ်ခဏတွင်ပင် စုမင်က လက်ထဲရှိဆူးတင်းပုတ်အား မြှောက်လိုက်သည်။ ဆူးတင်းပုတ်သည် ချက်ချင်းကြီးထွားလာပြီး ပေတစ်ထောင်နီးပါးရှိလာချိန်တွင် စုမင်က နွံကန်ပေါ်သို့ ရိုက်ချလိုက်သည်။
နယ်မြေတစ်ခုလုံး ပေါက်ကွဲသံကြီးတစ်ခု တုန်ဟီးသွားသည်။ ဆူးတင်းပုတ်ကြီးသည် နွံကန်ပေါ်ကျရောက်သည်နှင့် ပြင်းထန်သော တုန်လှိုင်းတစ်ခုက ထိုနေရာတစ်ခုလုံး ပြန့်ထွက်သွားပြီး နွံကန်မှာ ထုချက်ဖြင့် ပြန့်သွားပြီး ပြန်ကန်အားကြီးတစ်ခုလည်း ဖြစ်လာသည်။ ထိုအားကြီးက တစ်ခဏအတွင်း ပြန့်ထွက်သွားပြီး နွံကန်ထဲသို့ ပြေးဝင်ရန်ပြင်နေသည့် အဆိပ်အလောင်းကောင်မှာ အလိုမတူပဲ ပြန်လွင့်စဉ်လာရတော့သည်။
၎င်းပြန်လွင့်စဉ်လာချိန်တွင် စုမင်က၎င်းထံသို့ လျှပ်စီးပမာ ချဉ်းကပ်လာသည်။ သူက ညာလက်ချောင်းဖြင့် အဆိပ်အလောင်းကောင်ရင်ဘတ်အား လေထဲမှတစ်ဆင့်လှမ်းထိုးလိုက်ရာ အဆိပ်အလောင်းကောင်သည် သွေးပျက်ချောက်ချားလျက် နောက်သို့ အလျင်အမြန်ဆုတ်သွားတော့သည်။
“မင်းကို ရုပ်သေးအဖြစ် လုပ်နိုင်မှတော့ ငါကမင်းကို ဒီကမ္ဘာကနေလည်း ရှင်းထုတ်ပစ်နိုင်သေးတယ်။ ဒါပေမဲ့ အခုမင်းက အသိဉာဏ်ရလာပြီဆိုတော့ ကိုယ်ဟာကိုယ်ဆုံးဖြတ်လိုက်။ ငါနောက်ကို ဆက်လိုက်မလား။..ဒါမှမဟုတ် ဒီနေရာမှာအခုပဲ သေမလား။”
စုမင်က လှုပ်ရှားနေသည်ကို ရပ်တန်လိုက်ပြီး နတ်အာရုံဖြင့် အဆိပ်အလောင်းကောင်အား လွှမ်းခြုံလိုက်သည်။ သူအဆိပ်အလောင်းကောင်ကိုယ်ပေါ်သို့ လက်ချောင်းထိုးချက်တို့အားလုံးတွင် အရိုးစတေးခြင်းစွမ်းအားအစအနည်းငယ် ပါရှိနေသည်။ သူက အတွေးတစ်ခုလုပ်ရုံဖြင့် အဆိပ်အလောင်းကောင်သည် ပေါက်ကွဲထွက်သွားမည်ဖြစ်သည်။
အဆိပ်အလောင်းကောင်က ကြောက်လန့်စိတ်တို့ဖြင့် ရူးသွပ်စွာဟိန်းအော်လိုက်ရာ ၎င်း၏ကိုယ်ထဲရှီ အဆိပ်မြူခိုးတို့ လျင်မြန်စွာဖြာထွက်လာပြီး ၎င်းတကိုယ်လုံးအား မြူခိုးများ ဖုံးလွှမ်းလာသည်။ ၎င်းက ပြေးရန်ပြင်လိုက်ချိန်တွင် စုမင်၏ ပါးစပ်သည် ကွေးညွတ်ကာ အပြုံးတစ်ခု ဖြစ်လာသည်။ သူက အဆိပ်အလောင်းကောင်ကို လိုက်ဖမ်းခြင်းမပြုဘဲ အတွေးတစ်ခုသာ ခေါင်းထဲတွင် တွေးလိုက်သည်။ မြူခိုးအတွင်းမှ ဝုန်းခနဲပေါက်ကွဲသံတစ်ခု ချက်ချင်းကျယ်လောင်စွာထွက်ပေါ်လာသည်။
ပေါက်ကွဲခြောက်ခုဆက်တိုက် ဆက်မြည်လာပြီး သူ့လက်အား တစ်ချက်ဝှေ့ယမ်းလိုက်ရာ သူ့ကိုယ်ပတ်လည်ရှိ လေပွေသည် ပြန့်ထွက်သွားပြီး မြူခိုးတို့အား တိုက်ခတ်ဖယ်ရှားသွားကာ လေထဲရှိ အဆိပ်အလောင်းကောင်ကို လှစ်ဟာပြလိုက်သည်။ ၎င်း၏ကိုယ်သည် အပျက်အဆီးများပြည့်နေပြီး၊ မျက်လုံးများမှေးမှိန်ကာ ပါးစပ်မှ သွေးတို့လည်း စီးကျနေသည်။
၎င်း၏ အသွင်သည် လွန်စွာအားအင်လျော့ပါးနေပြီး စုမင်အားကြည့်လိုက်ချိန်တွင် မျက်လုံးထဲရှီကြောက်လန့်မှုတို့ ကြီးထွားလာတော့သည်။
“သေမလား၊ နာခံမလား။”
စုမင်က အဆိပ်အလောင်းကောင်ကို ကြည့်ကာ အေးစက်စက်မေးလိုက်သည်။
အဆိပ်အလောင်းကောင်မျက်နှာတွင် အကြပ်ရိုက်ဟန်ဖြစ်လာသည်။ အချိန်တစ်ခဏကြာလျှင် ၎င်းက ခေါင်းငုံ့လိုက်ပြီး စုမင်ရှေ့တွင် ဒူးထောက်လိုက်တော့သည်။ နှာရှုံ့သံများကြားထုတ်လွှတ်ရင်း စုမင်၏နတ်အာရုံကို သူ့ကိုယ်ထဲဝင်ရောက်ခွင့်ပြုလျက် ယခင်တံဆိပ်နှင့် ပေါင်းစည်းခွင့်ပြုလိုက်တော့သည်။
ထို့နောက် စုမင်သည် အဆိပ်အလောင်းကောင်အား ဂရုမစိုက်တော့ဘဲ ယင်ကိုးပါးဝိညာဉ်များရှိနေသော အရပ်သို့ ကြည့်ကာ ဦးတည်လိုက်တော့သည်။ အဆိပ်အလောင်းကောင်က သူ့နောက်တွင် နာခံစွာ လိုက်ပါလိုက်ပြီး ရံဖန်ရံခါ နွံကန်အား မခွဲရက်ဖြစ်ဟန် လှည့်ကြည့်လိုက်သေးသည်။