← Chapters

မီးခိုးရောင် စက်ဝန်း

Vol. 45 Ch. 617

မီးခိုးရောင် စက်ဝန်း

Vol. 45 Ch. 617

ရွှယ်ရီဖေးက ရှေ့သို့ ထွက်လာကာ ဖြည်ညင်းစွာပင် လက်ကို ဆန့်ထုတ်လိုက်သည်။ လူအိုကြီးကလည်း မလိုအပ်သော စကားများကို မပြောတော့ချေ။ သူက မိန်းကလေး၏ နာမည် မှတ်သားထားသည့် လက်စွပ်ကလေးကိုသာ ထုတ်ယူလိုက်၏။

လက်စွပ်ကလေးကို ကြည့်ရင်း ရွှယ်ရီဖေး၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။ မည်မျှပင် တည်ငြိမ်‌အောင် ကြိုးစားနေစေကာမူ သူမ၏ နှလုံးသားက တဒိတ်ဒိတ် တုန်ရီနေ၏။ ဝေ့ဝူယင်က မည်ကဲ့သို့ အမှာစာမျိုး သူမ အတွက် ချန်ခဲ့သနည်း။

ရွှယ်ရီဖေးက တုန်ရီနေသော လက်ကလေးများဖြင့် လက်စွပ်ကို လက်ခံ ရယူလိုက်၏။ ထို့ပိဟန်က အချိန်မဆိုင်းတော့ပဲ ဝိညာဥ် အစီအရင်ကို လွှဲပေးလိုက်ကာ ဝိညာဥ်အလင်းမှာ ရွှယ်ရီဖေးထံမှ တစ်ဆင့် လက်စွပ်အတွင်း ဝင်ရောက် ပျောက်ကွယ် သွား၏။

သို့သော်လည်း... ထူးဆန်း အံ့သြဖွယ်ရာပင် မည်သည့် ဝိညာဥ်အလင်းမှ ထွက်ပေါ် မလာခဲ့ချေ။ ထို့အစား လက်စွပ်ကလေးမှာ ဖြည်းညင်းစွာဖြင့် စတင် လှည့်ပတ်လာကာ လှပသော အလင်း‌‌ရောင်စဥ်များ ထွက်ပေါ်လာ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ထိုအလင်းရောင်စဥ်များက ကျယ်ပြန့်လာကာ စက်ဝိုင်း တစ်ခု အသွင်ဖြင့် ထို့ပိဟန်နှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်စလုံးကို ဖုံးအုပ်သွားလေတော့သည်။

ထို့ပိဟန်တို့ ကြည့်နေစဥ်မှာပင် ကြယ်တာရာ ကလေးများမှာ အလင်းစက်ဝန်း၏ နေရာအနှံ့တွင် တစ်ခုပြီး တစ်ခု လျှင်မြန်စွာ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က အလွန်ပင် လှပလှကာ ကောင်းကင်တွင် တဖျပ်ဖျပ် တောက်ပနေသည့် အလင်းမှုန်များ အလား ပတ်ဝန်းကျင်ကို သိမ်းပိုက်နေရာယူ သွားသည်။ အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက ကြယ်တာရာ တစ်ခုချင်းစီမှာ မတူကွဲပြားသော အရောင်များကို သယ်ဆောင်ထားကာ ပတ်လမ်းများ ပါရှိနေသည်ကိုပင် တွေ့မြင်လိုက်ရ၏။

“ဒါက...”

တဖျပ်ဖျပ် တောက်ပနေသည့် အလင်းမှုန်များကို စစ်ဆေးရင်း ထို့ပိဟန်၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့၏။ ၎င်းတို့က ကြယ်တာရာ နယ်မြေ အချို့ ပါဝင်နေသည့် မြေပုံတစ်ခုနှင့် သဏ္ဌာန်တူနေသည် မဟုတ်ပါလား။ ထို့ပိဟန် လျှင်မြန်စွာပင် တွက်ချက်ရင်း အလင်းမှုန်များကို ခြေရာခံကာ မွေးရပ်မြေကို ရှာဖွေဖို့ ကြိုးစားကြည့်လိုက်၏။

ထိုအခိုက်တွင်ပင် ရွှယ်ရီဖေးထံမှ အံသြထိတ်လန့်ခြင်းများ ပြည့်နှက်နေသည့် အာမေဍိတ်သံ တစ်ခုကို ထို့ပိဟန် ကြားလိုက်ရလေသည်။ လျှင်မြန်စွာပင် လှည့်ကြည့်လိုက်သော အခိုက်၌ သူ့နှလုံးသားက မိုးကြိုးပစ်ခံရသည့် အလား တုန်ခါသွားကာ မျက်လုံးများ ပင်လျှင် ပေါက်ထွက်လုနီးပါး ဖြစ်သွားခဲ့၏။

ပုံရိတစ်ခု...

တိတ်ကျကျ ပြောရလျှင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားကာ ဆံပင်ကို နောက်တွင် ဖြန့်ချထားသည့် ပုံရိပ်တစ်ခုမှာ ရွှယ်ရီဖေးနှင့် မျက်နှာချင်းဆိုင်လျှက် ရပ်နေခဲ့၏။ သူ့ဘက်က ကြည့်ပါက နောက်ကျောကိုသာ မြင်ရသည့်တိုင် ထို့ပိဟန် ထိုပုံရိပ်ကို အလွန် ရင်းနှီးပေသည်။ အမြှောင်းမြှောင်းသော ကြွက်သားများ၊ ကျယ်ပြန့်သည့် ပခုံး၊ ရှည်မားလှသည့် အရပ်နှင့် တည်ကြည် ခန့်ညားလွန်းလှသည့် ထိုပုံရိပ်ကို သူ မည်ကဲ့သို့ မေ့နိုင်မည်နည်း။

အခြားတစ်ဖက်၌ ရွှယ်ရီဖေးမှာ ပုံရိပ်ကို မျက်နှာချင်းဆိုင် အနေအထားဖြင့် မြင်နေရ၏။ သူ၏ ငွေရောင် မျက်လုံးများက ကောင်းကင်ရှိ ကြယ်စင်များကို တဖျပ်ဖျပ် တောက်ပနေကာ နတ်ဘုရားများ ဖန်ဆင်းထားသလို ချောမော လွန်းလှသည့် ရုပ်ရည် သွင်ပြင်ကို အားဖြည့်နေ၏။ တစ်ချိန်တည်း၌ သူ၏ နှုတ်ခမ်းထက်ရှိ ယုံကြည်ချက် ရှိသော အပြုံးက နှစ်သိမ့်နိုင်စွမ်း တစ်ခုကို ပေးစွမ်းနေသည်။ ကြံ့ခိုင် သန်စွမ်းလှသည့် သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ကောင်းကင် ပြိုကျလာလျှင်ပင် တောင့်ခံနိုင်စွမ်း ရှိပုံ ပေါ်လေသည်။

“ရှင်ရယ်...”

ရွှယ်ရီဖေး၏ မျက်ဝန်းလေးများက စိုစွတ်လာကာ ဝေ့ဝူယင်၏ ကျယ်ပြန့်သော ရင်ခွင်အတွင်း ပြေးဝင်လိုက်လေတော့၏။

ရီဝေဝေ ဝိုးတဝါးဖြင့် ထိုအရာက အိပ်မက်တစ်ခုလေလား သံသယ ဖြစ်နေမိသည့်တိုင် သူ့ရင်ခွင်မှ နှလုံးခုန်သံနှင့် လက်များဆီမှ နွေးထွေးမှုတို့ကို သူမ ခံစားရပေသည်။ သည်အရာက တကယ့်ကို အစစ် ဖြစ်ပေလိမ့်မည်။ လုံးဝ မမှားနိုင်တော့ချေ။

“ရှင်... တကယ် ရောက်လာတယ်နော်...”

...

ထိုအရာများ ဖြစ်ပျက်နေကြချိန်တွင် မာ့ဆုကျင်းနှင့် မာ့ယုတို့၏ အမူအရာများမှာ ပျက်ရွင်း သွားကြ၏။ သူတို့ နှစ်ယောက်စလုံးမှာ မူလ နေရာများမှ ပျောက်ကွယ်သွားကြကာ ရွှယ်ရီဖေးနှင့် ထို့ပိဟန်တို့ ရှိနေသည့် နေရာသို့ ရောက်ရှိလာကြသည်။ သူတို့အား ဆီးကြိုနေသည့် မီးခိုးရောင် အလုံးကြီး တစ်ခုသာ ဖြစ်သည်။ ၎င်းတွင် ပါဝင်နေသည့် အာကာသ စွမ်းအင်များမှာ အလွန် ထူထပ်လွန်းရကား မာ့ဆုကျင်း ပင်လျှင် ဖြတ်သန်း အာရုံခံနိုင်စွမ်း မရှိပါချေ။

“အဲဒါက ဘာလဲ...”

မာ့ယုက လက်ကို ဆန့်ထုတ်ရင်း မီးခိုးရောင် မျက်နှာပြင်ကို ထိတွေ့ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူမ မထိရသေးခင်မှာပင် လက်တစ်ဖက်က သူမကို လာရောက် ဆုပ်ကိုင်ကာ ဟန့်တားလိုက်သည်။

“မထိနဲ့...”

မာ့ဆုကျင်း၏ အမူအရာက အနည်းငယ် နက်မှောင်နေ၏။ သူမ ဝိညာဥ်အာရုံဖြင့် ထိုမီးခိုးရောင် စက်ဝိုင်းကို ထိုးဖောက်ရန် ကြိုးစားခဲ့ပြီး ဖြစ်သော်လည်း နေကြယ် မီးတောက်များနှင့် ရင်ဆိုင်ရသည့် အလား သူမ၏ ဝိညာဥ်အာရုံသာလျှင် ဝါးမြို လောင်ကြွမ်း ခံခဲ့ရသည်။ အကယ်၍ အချိန်မီသာ ရုတ်သိမ်းနိုင်ခြင်း မရှိပါက မည်မျှ အထိ ထိခိုက်မည်ဆို သူမ မပြောနိုင်ချေ။

မာ့ယုမှာ မာ့ဆုကျင်း၏ အမူအရာကြောင့် ကြောင့်လန့်သွားကာ နောက်သို့ ပြန်ဆုတ်လိုက်၏။ သို့သော်လည်း လွယ်လွယ်နှင့် လက်လျှော့လိုစိတ် မရှိပဲ ဝိညာဥ်အာရုံကို ဆန့်ထုတ် စစ်ဆေးလိုက်သည်။

ရှဲ... ရှဲ...

ချက်ချင်းပင် ဦးနှောက်ထဲ၌ အသံများပင် ထွက်ပေါ်လာကာ သူမ ပို့လွှတ်လိုက်သည့် ဝိညာဥ် အာရုံ အလုံးစုံမှာ ပြာကျသလို ပျက်စီးသွား၏။ ထို့အပြင် သူမမှာ မာ့ဆုကျင်းထက် ပို၍ အားနည်းလေရာ ပိုမို ပြင်းထန်သည့် တန်ပြန် သက်ရောက်မှုကို ခံလိုက်ရလေသည်။ အဆက်မပြတ် ချောင်းဆိုးသံများနှင့် အတူ မာ့ယု၏ နှုတ်ခမ်းထောင့်တွင် သွေးစ အချို့ ထွက်ပေါ်လာခဲ့၏။

...

ထိုအချိန် မီးခိုးရောင် အတွင်းကမ္ဘာ အတွင်း၌...

ဝေ့ဝူယင်က နူးညံ့စွာပင် ရွှယ်ရီဖေး၏ ဦးခေါင်းကလေးကို လက်ဖြင့် ကိုင်ရင်း ရင်ခွင်ထဲ ဆွဲနှစ်လိုက်သည်။ ထို့နောက် အနည်းငယ် ရယ်မောရင်း ထို့ပိဟန် ဘက်သို့ လှည့်လိုက်၏။

“ခင်ဗျားက ကျုပ် မျှော်လင့်ထားတာထက် ပိုမြန်မြန် လုပ်နိုင်ခဲ့တာပဲ... ဒီကြယ်တာရာ နယ်မြေ အသစ်ရဲ့ ပို့ဆောင်ရေး စနစ်ကပဲ ကောင်းလွန်းတာလား... ခင်ဗျားကပဲ တော်နေတာလား”

လူအိုကြီးက ဖြူရော်စွာ ပြုံးလိုက်၏။ သူဌေးလေး ပေးထားသည့် တာဝန်ကို သူ မည်ကဲ့သို့ လျစ်လျူ ရဲမည်နည်း။

“မင်း တကယ် ဒီကို ရောက်လာတာလား... အဆင်ပြေရဲ့လား...”

သူက ပြောလိုက်ရင်း ဝေ့ဝူယင်၏ အခြေအနေကို စစ်ဆေးရန် ရှေ့သို့‌ ခြေတစ်လှမ်း တိုးလိုက်သည်။ သို့သော်လည်း... အံ့အားသင့်ဖွယ်ရာပင် ဝေ့ဝူယင်တို့ စုံတွဲနှင့် သူ့အကြားရှိ အကွာအဝေးက နဂိုအတိုင်း ရှိနေဆဲ ဖြစ်သည်။ နည်းနည်းလေးမျှ နီးကပ်လာခြင်း မရှိပါချေ။

မိုးပြာရောင် ကြမ်းပြင်ကို ငုံ့ကြည့်ရင်း လူအိုကြီး၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ မည်ကဲ့သို့ ဖြစ်မှန်း သူ သေချာ မသိပါချေ။

“ကျုပ် ဒီကို ရောက်လာတယ်လို့ ပြောရမလား... မ‌ရောက်လာဘူးပဲ ပြောရမလား... ဟင်းလင်းပြင် ပုံရိပ် နည်းနည်း... ဟင်းလင်းပြင် ခုန်ကူးခြင်း နည်းနည်းနဲ့ ဝိညာဥ် လှည့်စားခြင်း နည်းနည်း... ဟိုနည်းနည်း ဒီနည်းနည်း ဆိုပါတော့ဗျာ... ဒီလိုနည်းလမ်းနဲ့ ဟင်းလင်းပြင် ဆက်သွယ်မှု လုပ်ရတာ နည်းနည်းတော့ ခက်တယ် ဆိုပေမဲ့ ကံကောင်း ထောက်မစွာပဲ ကျုပ်ရဲ့ ကျင့်ကြံခြင်းက နည်းနည်း မွန်းစတား ဆန်တယ်လေ... ဟဟ”

ဝေ့ဝူယင်က ရယ်မောလိုက်၏။ ထို့နောက်... သူက ကူရာကယ်ရာမဲ့စွာဖြင့် ရင်ခွင်ထဲရှိ ရွှယ်ရီဖေးကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။

“ငါလည်း မင်းကို သတိရပါတယ်... ဒါပေမဲ့ အခု နည်းနည်းလောက် ခွဲနေလို့ ရမလား... ဒီနေရာမှာ ရုပ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းရတာ ပုံမှန်ထက် အဆတစ်ရာ ပိုခက်တယ်”

ထိုအခါတွင်မှ ရွှယ်ရီဖေးမှာ ဝေ့ဝူယင်၏ မျက်နှာက အနည်းငယ် ဖြူရော်နေကြောင်း သတိထားမိသွား၏။ သူမက ချက်ချင်းပင် ကိုယ်ကို ခွာကာ နောက်ဆုတ်လိုက်သည်။ သို့သော်လည်း အံ့အားသင့်စွာပင် သူမ၏ ခြေလှမ်းများက အကန့်အသတ်ရှိနေသည်ကို သတိထားမိသွား၏။ မည်မျှပင် နောက်ဆုတ် နောက်ဆုတ် သူမက အမှန်တကယ် ရွေ့လျားနေခြင်း မရှိချေ။

ထို့ပိဟန် ပြုလုပ်ခဲ့သလိုပင် ရွှယ်ရီဖေး၏ မျက်လုံးများက ကြမ်းပြင်ဆီ ရောက်ရှိသွား၏။ ထိုအရာက မည်ကဲ့သို့သော အစီအရင်နည်း။

အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းရင်း မကြာခင်မှာပင် ဝေ့ဝူယင်မှာ နဂို တည်ငြိမ်မှုကို ပြန်လည် ရရှိလာသည်။ ကြမ်းပြင်များမှာ ဖြည်းညင်းစွာပင် ရွေ့လျားသွားကာ သူတို့ သုံးယောက်မှာ မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားခဲ့၏။

“ခြောက်လတောင် ရှိသွားပြီ...”

ထို့ပိဟန်က ခေါင်းညိတ်ကာ အစီရင် ခံလိုက်၏။

“ကျုပ်ဆီမှာ မာ့ကျန်းကို ပေးဖို့ လက်စွပ်တစ်ကွင်း ကျန်နေတုန်းပဲ”

တစ်ခဏမျှ တွေးတောပြီးနောက် ဝေ့ဝူယင်က ကျေနပ်ဟန်နှင့် ပြုံးလိုက်သည်။

“ရွှယ်ရီဖေးက နောက်ဆုံး ဖြစ်မယ်လို့ ကျုပ် ထင်ထားတာ... ဟဟ... ကြည့်ရတာ ကျုပ် တွက်ချက်မှုက နည်းနည်း လွဲချော်သွားတဲ့ ပုံပဲ... ဘာဖြစ်ဖြစ် ခင်ဗျား ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်... ကျုပ် မျှော်လင့်ထားတာထက်ကို အများကြီး ပိုကောင်းတယ်... အမှန်အတိုင်း ပြောရရင် ကျုပ်က သုံးနှစ်လောက် ကြာလိမ့်မယ် လို့တောင် မှန်းထားတာ... မာ့ကျန်းကို ပေးပြီးရင် ခင်ဗျား ကျင့်ကြံခြင်းကို အာရုံစိုက်သင့်တယ်... အနာဂတ်မှာ ကျုပ် ခင်ဗျားဆီက အကူအညီ အများကြီး လိုတယ်”

ဝေ့ဝူယင်၏ စကားလုံးများက ထို့ပိဟန်ကို နှလုံးပီတိ ဂွမ်းဆီထိ သွားစေကာ ထူးဆန်းသော ခံစားချက် တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။ ထိုခံစာချက်က ဝေ့ဝူယင်၏ နှလုံးသား အတွင်း သူ၏ အရေးပါမှုက သိသိသာသာ မြင့်တက်လာကြောင်း ပြောပြနေသည်။ လူအိုကြီးမှာ အသက်အရွယ်၏ ချည်နှောင်မှုမှ လွတ်မြောက် သွားသလို ခံစားလိုက်ရကာ အဆုံးမဲ့သည့် ကျင့်ကြံခြင်း လမ်းစဥ်ကို ထပ်ပြီး လျှောက်လှမ်းချင်သည့် စိတ်များ ရှင်သန်လာခဲ့သည်။

“ဟုတ်ကဲ့ပါ သူဌေးလေး...”

သူက တက်ကြွစွာပင် အဖြေပေးလိုက်၏။ ဝေ့ဝူယင်က ကျေနပ်သည့် ပုံစံဖြင့် ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ရွှယ်ရီဖေးကို ကြည့်လိုက်သည်။

သူ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် မီးခိုးရောင် စက်ဝန်း အတွင်းရှိ ကြယ်တာရာများမှာ အနည်းငယ် မှိန်ဖျော့သွားကာ ဝေ့ဝူယင်၏ မျက်နှာမှာ နောက်တစ်ကြိမ် ပြန်လည် ဖြူရော်သွား၏။ မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း ဝေ့ဝူယင် လက်နှစ်ဖက်ဖြင့် ချိပ်စည်း အချို့ ဖန်တီးလိုက်သည်။ မီးခိုးရောင် အဝန်းဝိုင်းမှာ လျှင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွား၏။

“ငါ့မှာ အချိန် သိပ်မရှိတော့ဘူး... မင်းနဲ့ စကားတွေ အများကြီး ပြောချင်ပေမဲ့ မဖြစ်နိုင်တော့ဘူး ထင်တယ်... ဘာပဲဖြစ်ဖြစ်... မင်း လုံခြုံနေရတာ မြင်ရတော့ ငါ ကျေနပ်ပါပြီ”

ဝေ့ဝူယင်က ရွှယ်ရီဖေး၏ မျက်နှာကလေးကို ကြည့်ရင်း ပြောလိုက်သည်။ သူ့တွင် ချစ်သူ များစွာ ရှိသည့်တိုင် ရွှယ်ရီဖေးမှာ သူနှင့် ပထမဆုံး တရားဝင် ဆက်ဆံရေး ရှိခဲ့သည့် မိန်းကလေး ဖြစ်သည်။

တစ်ခါတစ်ရံ၌ ချစ်သူက ချစ်သူသာ ဖြစ်သည်။ ချစ်သူများ အကြားရှိ ဆက်ဆံရေးက ပြတ်ရှလွယ်ကာ နောက်ထပ် အသစ် တွေ့ဖို့လည်း မခက်ခဲလှချေ။ ထိုအကြောင်းအရာကို နေသွေးနီနီဂိုဏ်း မေ့မေ့ဆီမှ သူ ကောင်းစွာ သင်ယူခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ရွှယ်ရီဖေးကတော့ သူ့ ကိုယ်လုပ်တော် ဖြစ်သည်။ သူ တရားဝင် တာဝန်ယူထားရသည့် မိန်းကလေး ဖြစ်သည်။ သူ့တစ်မျက်နှာ တစ်ရွာထင်ကာ မွေးရပ်မြေကို စွန့်ခွာ၍ အနန္တ ဧကရာဇ်ဂိုဏ်းကိုပင် လိုက်ပါခဲ့သူ ဖြစ်သည်။

ဝေ့ဝူယင်က မကြာခင် ပျောက်ကွယ်သွားတော့မည်မှန်း သတိထားမိလိုက်ရာ မိန်းကလေး၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် စိုစွတ်လာ၏။ သူ့ကို ပြေးကာ ဖက်လိုက်ချင်သည့်တိုင် ထိုကဲ့သို့ မလုပ်သင့်မှန်း သူမ သိပေသည်။

“ရှင် ဒီကို ရောက်လာတာပဲ ကျွန်မ ဝမ်းသာလှပါပြီ”

မိန်းကလေးကို ကြည့်ရင်း ဝေ့ဝူယင်၏ အကြည့်များက နူးညံ့သွား၏။ သူက ရှေ့သို့ တိုးလိုက်ရင်း မိန်းကလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ၏ အသားအရည်က ဖြူရော်လာကာ မီးခိုးရောင် စက်ဝန်းမှာ စတင်ကာ မတည်မငြိမ် ဖြစ်လာခဲ့၏။ သို့သော်လည်း ဝေ့ဝူယင် ယခုတစ်ကြိမ်တွင်တော့ ရပ်တန့်ခြင်း မပြုတော့ချေ။ ရွှယ်ရီဖေး၏ ခါးကလေးကို လက်တစ်ဖက်က ဆုပ်ကိုင်ကာ အခြား တစ်ဖက်ဖြင့် ခေါင်းကလေးကို ကိုင်ရင်း ရင်ခွင်ထဲ နှစ်ထားခဲ့၏။

ထို့နောက် သူက ခေါင်းကို ဖြည်းညင်းစွာ ရွေ့လျားကာ ရွှယ်ရီဖေး၏ ညာဘက်နားနားသို့ ကပ်၍ ထို့ပိဟန် မကြားနိုင်သည့် စကားလုံး အချို့ကို တီးတိုး ပြောလိုက်၏။ တစ်ခဏ ကြာပြီးနောက် အာမေဍိတ်သံ တစ်ခု ထွက်ပေါ်လာကာ ရွှယ်ရီဖေးက ဝေ့ဝူယင်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

ထိုအခိုက်၌ ခန္ဓာကိုယ်က အတော်လေး မှိန်ဖျော့နေခဲ့ပြီ ဖြစ်သည့်တိုင် ဝေ့ဝူယင်မှာ ရွှယ်ရီဖေးကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

“အချိန်ကျပြီ... ဘေးကင်းအောင် နေပါ”

နူးနူးညံ့ညံ့နှင့် နှုတ်ဆက်စကား ဆိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က လုံးဝ ပျောက်ကွယ်သွားတော့၏။ ထိုခဏတွင်ပင် ပတ်ဝန်းကျင်ရှိ ကြယ်တာရာများမှာလည်း မှေးမှိန်သွားကာ မီးခိုးရောင် အလင်းစက်ဝန်းကြီး တစ်ခုလုံးမှာလည်း ပြိုကျ ပျောက်ကွယ် သွားခဲ့တော့သည်။

နောက်ဆုံး၌ မာ့ဆုကျင်းမှာ တွေဝေစွာ ရပ်နေသည့် ထို့ပိဟန်နှင့် မျက်ရည်များ စီးကျနေသော ရွှယ်ရီဖေးတို့ကို ပြန်လည် မြင်တွေ့လိုက်ရလေတော့၏။

***

All Chapters