← Chapters

မာ့ဆုကျင်း၏ အတွေး

Vol. 45 Ch. 618

မာ့ဆုကျင်း၏ အတွေး

Vol. 45 Ch. 618

"…"

မာ့ဆုကျင်း၏ အမူအရာက အလွန်အမင်း သုန်မှုန်နေ၏။ လျှို့ဝှက် အာဏာရှင် တစ်ယောက် အနေဖြင့်ပင် ဖြစ်ပျက်သွားခဲ့သော အရာများကို သူမ ဘာတစ်ခုမှ နားလည်နိုင်စွမ်း မရှိခဲ့ချေ။

“အဲဒီ ဝေ့ဝူယင် ဆိုတာက အတိအကျ ဘယ်သူလဲ”

ငွေ‌ရောင် မျက်လုံးများ ပိုင်ရှင်နှင့် အပြင်တွင် ဆုံတွေ့လိုသည့် ဆန္ဒ တစ်ခုက သူမ နှလုံးသား အတွင်း ပြင်းပြစွာ လောင်ကြွမ်း လာခဲ့၏။ မာ့ကျန်း ပြောသည့်အတိုင်း ဝေ့ဝူယင်နှင့် ထိုပုဂ္ဂိုလ်ကြီးမှာ အမှန်တကယ် ချိတ်ဆက်မှု ရှိနေသည်လား။

တစ်ချိန်တည်း၌ မာ့ယုက ဖြည်းညင်းစွာပင် ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်ရင်း ရွှယ်ရီဖေးနှင့် ထို့ပိဟန်တို့ ဘေးရှိ မီးခိုးရောင် အကြွင်းအကျန်ကို လေ့လာလိုက်သည်။

“သန့်စင်ထားတဲ့ ဟင်းလင်းပြင် စွမ်းအင်တွေ... နောက်ပြီး အဲဒီ အထဲမှာ အချိန်စွမ်းအင်တွေတောင် ပါနေတာလား”

မာ့ယု၏ အံ့သြတကြီး ရေရွတ်သံက မာ့ဆုကျင်းကို အတွေးများထဲမှ ပြန်လည် နိုးထလာစေခဲ့၏။ သူမ၏ မျက်လုံးများက ဖြည်းညင်းစွာပင် ရွေ့လျားသွားကာ ခပ်လှမ်းလှမ်း၌ ရပ်နေသည့် ရွှယ်ရီဖေးထံသို့ ရောက်ရှိ သွားသည်။

ထိုအခိုက်၌ မိန်းကလေးမှာ ခံစားချက် ပြည့်နှက်နေသည့် ရီဝေဝေ မျက်ဝန်းများဖြင့် ဝေ့ဝူယင် ပေးအပ်ထားသည့် သိုလှောင် လက်စွပ်ကလေးကို စိုက်ကြည့်နေ၏။ မကြာခင်မှာပင် ထိုရီဝေဝေ ခံစားချက်များက ပျောက်ကွယ်သွားကာ သံမဏိ အလား ဆုံးဖြတ်ချက် ခိုင်မာသည့် အလင်းတို့က အစားထိုး နေရာယူလာသည်။

“ကျေးဇူးတင်ပါတယ် မဟာ သူတော်စင်ထို့...”

သူမက သိုလှောင် လက်စွပ်ကလေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း ထို့ပိဟန်ကို ဦးတစ်ချက် ညွှတ်လိုက်၏။ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဟူသော အဆင့်အတန်း ဖြင့်ပင် သူမ၏ အမူအရာက ကျိုးနွံကာ ထို့ပိဟန် အပေါ် အကြီးအကဲ တစ်ယောက်လို ဆက်ဆံနေဆဲ ဖြစ်ပေသည်။

ထို့ပိဟန်က အသာအယာ ပြုံးရင်း ‌ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ကျုပ် အတွက် ဂုဏ်ယူစရာပါပဲ...”

မဟာ သူတော်စင် ဆိုသည့် ဂုဏ်ပုဒ်ကို သူ မေ့လျော့ ထားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် နောက်ကို လိုက်ရန် ဆုံးဖြတ်ခဲ့သည့် နေ့ကတည်းက သူ့ကိုယ်သူ မဟာ သူတော်စင် တစ်ပါးထက် အာဏာရှင် တစ်ယောက် အဖြစ် ယူဆထားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ လောက၏ လျှို့ဝှက်ချက်များကို တူးဆွလိုသော ဆန္ဒနှင့် အတူ ဝေ့ဝူယင်၏ ပံ့ပိုးမှုတို့က လူအိုကြီး၏ ကျင့်ကြံခြင်း နှလုံးသားကို ပိုမို သန်မာလာစေကာ လောက အပေါ် အမြင်များမှာ အကန့်အသတ်များမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်၌ ရွှယ်ရီဖေး၏ တင်းတင်းကြပ်ကြပ် ဆုပ်ထားသော လက်ကို ကြည့်ရင်း မာ့ဆုကျင်း၏ သိလိုစိတ်များမှာ ပြင်းပြစွာ လောင်မြိုက်လာခဲ့၏။ ငွေရောင် မျက်လုံးနှင့် အဂ္ဂိရတ် ပညာရှင်လေးက သူ့ ကိုယ်လုပ်တော် အတွက် မည်ကဲ့သို့သော ပစ္စည်းမျိုး ချန်ရစ်ခဲ့သနည်း။

ထိုအရာက သူ့ဇနီးလောင်းနှင့် ညီမျှသလော။ ထိုလက်စွပ်ထဲတွင် နယ်မြေမျိုးစေ့ တစ်ခု ဖန်တီးပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် ပါဝင်နေသလော။

အကယ်၍ ပါဝင်နေပါက... ၎င်းကို ခွဲခြမ်းစိတ်ဖြာ သုတေသန ပြုလုပ်၍ မာ့မျိုးနွယ် အနေဖြင့် တုပ ထုတ်လုပ်နိုင်လိမ့်မည် ဖြစ်သည်။ ဝိညာဥ်ဆင်းတု အဆင့်ဖြင့် နယ်မြေ မျိုးစေ့ တစ်ခု ဖွဲ့စည်းခြင်း အယူအဆကား ကျင့်ကြံခြင်း လောက၏ သာမန် စံနှုန်းများကို ချိုးဖျက်ထားခြင်း ဖြစ်သည်။ သူမတို့ ကဲ့သို့ လျှို့ဝှက် အာဏာရှင် အဆင့်များပင် မတတ်နိုင်သော အရာ ဖြစ်သည်။ အကယ်၍ ထိုထုတ်ကုန် အကြောင်းသာ ပျံ့နှံ့သွားပါက မဟာစက်ဝန်း ကြယ်တာရာ နယ်မြေတစ်ခုလုံး ဆူပွက်သွားနိုင်ပေသည်။

စိတ်ကူးယဥ် အတွေးနှင့် အတူ မာ့ဆုကျင်း၏ ခန္ဓာကိုယ်က အလိုအလျောက်ပင် ရွေ့လျား သွား၏။ သူမ၏ မျက်လုံးများက လောဘအလင်းများနှင့် တဖျပ်ဖျပ် တောက်ပနေကာ ရွှယ်ရီဖေး၏ ‌‌ရှေ့သို့ ရောက်ရှိသွားသည်။ ယခုတစ်ကြိမ်၌ သူမကို ဟန့်တားမည့် ဝူယု မရှိတော့ချေ။

မာ့ဆုကျင်း၏ ရုတ်တရက် ရောက်ရှိလာမှုကြောင့် ရွှယ်ရီဖေးမှာ လန့်ဖျန့်သွား၏။ သူမက ချက်ချင်းပင် နောက်ကို ဆုတ်ရန် ကြိုးပမ်းလိုက်သော်လည်း ခန္ဓာကိုယ်မှာ မမြင်နိုင်သော ခွန်အားတစ်ခု၏ ထိန်းချုပ်မှု အောက်၌ အေးခဲနေသည်ကို သတိထားမိလိုက်သည်။ ထိုအခိုက်၌ သူမမှာ အသံပင် ထွက်နိုင်စွမ်း မရှိတော့။ မိန်းကလေး၏ ဟေဇယ် မျက်လုံးများကား ထိတ်လန့် ခြောက်ခြားခြင်းများနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။

ထို့ပိဟန်မှာ လူပိန်း တစ်ယောက် မဟုတ်လေရာ အခြေအနေကို ရိပ်မိလိုက်ပြီ ဖြစ်လေသည်။ သူက လျှင်မြန်စွာပင် လောကနယ်မြေကို ဖြန့်ကျက်ကာ တိုက်ခိုက်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... မာ့ဆုကျင်းက လောကဖိအားကို မည်ကဲ့သို့ မှုမည်နည်း။ သူမက အသက်ကိုသာ ခပ်ဖြေးဖြေး ရှူထုတ်လိုက်၏။

ဘုန်း...

ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ထို့ပိဟန်၏ လောကနယ်မြေမှာ ဖန်သား တစ်ခုအလား ကွဲကြေသွား၏။ သူ၏ ခန္ဓာကိုယ်က နောက်သို့ မိုင်ပေါင်းများစွာ လွင့်စဥ်သွားကာ သွေးများမှာ မျက်လုံး၊ နားရွက်နှင့် ပါးစပ်များထဲမှ စီးကျလာသည်။ မြေပြင်သို့ မကျခင်မှာပင် သူကား သတိလစ် သွားခဲ့ပြီ ဖြစ်လေသည်။

ဘုန်း...

လူအိုကြီး၏ ခန္ဓာကိုယ်မှာ မြေပြင်သို့ ခြေပစ်လက်ပစ်ပင် ပြုတ်ကျကာ ဒလိမ့်ခေါက်ကွေး ဆက်လက် လွင့်စဥ် သွားလေ၏။

“ဝရား...”

အန်နုက ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း ပါးစပ်ကို မာ့ဆုကျင်းနှင့် ရွှယ်ရီဖေးတို့ဘက်သို့ လှည့်ကာ ဖွင့်လိုက်၏။ ချက်ချင်းပင် ပြင်းထန်သော စုပ်အား တစ်ခု ပေါ်လာကာ လမ်းကြောင်း တစ်ယောက်ရှိ ဖုန်မှုန့်များ၊ ကျောက်တုံးများများ၊ လေများမှာ သူ့ပါးစပ်ထဲသို့ ပြေးဝင်သွားသည်။ သူက ရွှယ်ရီဖေးကို ကိုယ်ပိုင် လောကထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းလိုက်ခြင်းပင် ဖြစ်လေသည်။

ဝှစ်... ဝှစ်...

ရွှယ်ရီဖေး၏ ခန္ဓာကိုယ်လေးက ပေါ့ပါးသွားကာ စတင် လွင့်မြောလာ၏။ သို့သော်လည်း... မာ့ဆုကျင်း၏ လက်တစ်ဖက်က လျှင်မြန်စွာပင် ရွေ့လျားသွားကာ မိန်းက‌လေး၏ ခါးကို ဖမ်းဆုပ်လိုက်သည်။ တစ်ချိန်တည်း၌ သူမက အခြား လက်တစ်ဖက်ဖြင့် မီတာ သုံးသောင်း မြင့်မားသော နဂါးကြီးထံ ဦးတည်၍ ဝှေ့ယမ်းလိုက်၏။

ဘုန်း...

ချက်ချင်းပင် အန်နုမှာ မမြင်နိုင်သော အင်အား တစ်ခု၏ ဖိအား တစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက် မုန်တိုင်း တစ်ခုအောက်မှ သစ်ရွက် တစ်ခု အလား သူ၏ ခန္ဓာကိုယ်ကြီးက နောက်သို့ မိုင်ပေါင်း ရာချီသည် အထိ လွင့်စဥ် သွားလေတော့သည်။ လက်တစ်ချက် အဝှေ့တွင်ပင် အန်နုမှာလည်း ကျဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။

မာ့ဆုကျင်းက ရွှယ်ရီဖေး၏ ခါးကို ဆုပ်ကိုင်ရင်း အင်အား အနည်းငယ်ကို ထုတ်လွှတ်လိုက်၏။ ရွှယ်ရီဖေး၏ လက်သီးဆုပ် ကလေးက ပြေလျော့သွားကာ သိုလှောင် လက်စွပ်တစ်ကွင်း ပေါ်ထွက်လာခဲ့သည်။ မာ့ဆုကျင်း၏ မျက်လုံးများက တောက်ပသွားကာ ၎င်းကို ဆွဲယူရန် ဟန်ပြင်လိုက်၏။

ထိုအခိုက်တွင်ပင် သူမ၏ မျက်လုံးများက တုန်လှုပ် ချောက်ချားခြင်းများနှင့် ပြည့်နှက် သွားခဲ့တော့သည်။ ဘယ်က ပေါ်လာမှန်း မသိသည့် ထက်ရှသော လက်သည်းများမှာ သူမ၏ ဦးခေါင်းနှင့် ထိတွေ့ရန် လက်မ အနည်းငယ်ခန့်မျှသာ ကွာဝေးတော့သည် မဟုတ်ပါလား။

ဝှစ်... ဝှစ်...

မာ့ဆုကျင်းက နောက်သို့ ဆုတ်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့သော်လည်း ကျူးဟိုင်၏ ပစ်မှတ်က သူမ မဟုတ်ပါ‌ချေ။ သူက မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ရွှယ်ရီဖေး၏ ခါးကလေးကို ဆုပ်ကိုင်ကာ နောက်သို့ ပြန်ဆုတ်သွား၏။

ဝှစ်...

မာ့ဆုကျင်းမှာ မီတာတစ်ရာခန့် အကွာအဝေး၌ ပြန်လည် ပေါ်လာခဲ့၏။ သူမက လေးနက်သော မျက်လုံးများနှင့် ကျူးဟိုင်ကို အချိန် ကြာမြင့်စွာ စိုက်ကြည့် နေမိခဲ့သည်။

ကျူးဟိုင်မှာ ရွှယ်ရီဖေး၏ ဘေး၌ တိုက်ရိုက်ပင် ရပ်နေကာ မြေခွေး တစ်ကောင် ကဲ့သို့ မာန်ဖီရင်း မာ့ဆုကျင်းကို တန်ပြန် ကြည့်နေခဲ့သည်။ သူ၏ ထက်ရှသော လက်သည်းထိပ်များက ထူးဆန်းစွာပင် အနက်ရောင်၊ အနီရောင်၊ ငွေရောင် အလင်းတန်းများဖြင့် စီးဆင်းနေ၏။

“သူ့ရဲ့ ခန္ဓာကိုယ်မှာ ဘာကျင့်ကြံခြင်း အော်ရာမှ ရှိမနေပါဘူး... ဘယ်လိုလုပ်ပြီး...”

မာ့ဆုကျင်း၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းနေ၏။ သူမ၏ မျက်လုံးများက ကျူးဟိုင်၏ ရင်ဘတ်ထက်ရှိ ဒဏ်ရာကြီးထံသို့ ရွေ့လျားသွားသည်။ သူက နှလုံးသား ဖျက်ဆီးခံထားရကာ ကျင့်ကြံ၍ မရနိုင်သူ တစ်ယောက် မဟုတ်သည်လား။

နားမလည်နိုင်သည့် အရိပ်အယောင်များမှာ မာ့ဆုကျင်း၏ မျက်လုံးများထဲ၌ ဖြတ်ပြေးနေ၏။ ကျူးဟိုင်၏ လှုပ်ရှားမှုက လောကသခင် အချို့ထက် ပိုမို၍ မြန်ဆန်ခြင်း မရှိချေ။ သူမ၏ အာရုံခံနိုင်စွမ်း အပြင်ဘက်၌သာ ရှိနေခြင်း ဖြစ်သည်။ သူ၏ မည်သည့် အော်ရာကိုမှ သူမ ခံစားနိုင်စွမ်း မရှိချေ။ ကျူးဟိုင်၏ လက်သည်းများ၌ စီးဆင်းနေသည့် အလင်းများကို မြင်ရသော အခိုက်၌ သူမ၏ အကြည့်များက ပိုမို၍ပင် မှောင်မိုက် သွားခဲ့၏။

“သတ်ဖြတ်သူ ရည်ရွယ်ချက်... စစ်ပွဲ ရည်ရွယ်ချက်... နောက်ပြီး တတိယမြောက် ရည်ရွယ်ချက်က...”

အနက်ရောင် အလင်းကို ကြည့်ရင်း မလွယ်ကူသည့် ခံစားချက် အချို့ကို သူမ ခံစားလိုက်ရသည်။ ထိုအခိုက်တွင်ပင် မာ့ယုမှာ သူမ၏ ဘေးသို့ ရောက်ရှိလာ၏။ သူမ၏ လှပသော မျက်လုံးများက ထူးဆန်း အံ့သြခြင်းများနှင့် ပြည့်နှက်နေကာ အမဝမ်းကွဲ တစ်ယောက် ထိုကဲ့သို့ ရုတ်တရက်ကြီး ပြုမူလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။ အဘယ်ကြောင့် ထိုကဲ့သို့ ဓားပြတိုက်ခဲ့မှန်းပင် သူမ နားမလည်နိုင်ချေ။

“အမ ဝမ်းကွဲ...”

မာ့ယု၏ လေသံက စိုးရိမ်မှုများနှင့် ပြည့်နှက်နေ၏။ ဘိုးဘိုးကြီးမာ့က ထိုဧည့်သည်များကို လုံလုံခြုံခြုံနှင့် စောင့်ရှောက်ထားရန် သူတို့ကို တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ ရွှဘ်ရီဖေး၊ ကျူးဟိုင်နှင့် အန်နုတို့မှာ ဒဏ်ရာ ကြီးကြီးမားမား မရခဲ့သည့်တိုင် မီးခိုးရောင် ဝတ်စုံနှင့် လူအိုကြီး၏ လောကနယ်မြေကတော့ လုံးဝ ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက သူ၏ အနာဂတ် ကျင့်ကြံခြင်းကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။

မာ့ဆုကျင်းက မာ့ယုကို တစ်ချက်သာ လှည့်ကြည့်ကာ လက်ဝါးကို ဖြန့်ကြည့်လိုက်၏။ “ရွှယ်ရီဖေး” ဟု ရေးသားထားသည့် သိလှောင် လက်စွပ်ကလေးမှာ သူမ၏ လက်ဝါးပြင်ထက်၌ ရှိနေပေသည်။ သူမ လိုချင်တာကို ရခဲ့ပြီ ဖြစ်သည်။ ဝိညာဥ်အာရုံကို ဆန့်ထုတ်ဖို့ ပြင်လိုက်ရင်း စိတ်လှုပ်ရှားမှုများမှာ လှိုင်းများလို တရိပ်ရိပ် တက်လာခဲ့၏။

ထိုအရာက မာ့မျိုးနွယ်၏ အကန့်အသတ်ကို တိုးချဲ့နိုင်မည့် ထုတ်ကုန် ဖြစ်သည်။ ထိုထုတ်ကုန်ကိုသာ ရရှိနိုင်လျှင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ နှစ်ထောင်ဂဏန်း အတွင်း မဟာမြင်း လောကနယ်မြေ အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။

သူမ ရွှေရောင် အသက်နန်းတော်ကို ဂရုမစိုက်ချေ။ မာ့မျိုးနွယ်၏ အနာဂတ်ကိုသာ အရေးထားပေသည်။ အကယ်၍ လုံလောက်သော အင်အား ရှိပါက ရွှေရောင် အသက်နန်းတော်မှာ မာ့မျိုးနွယ်၏ လက်ထဲ အလိုအလျောက် ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ တတိယမြောက် ခန်းမခွဲ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ထိုအရာက သူမ မလျစ်လျူနိုင်သည့် အခွင့်အရေး ဖြစ်ပေသည်။

တန်ခိုးရှင်ယင် ဂြိုဟ်တွင် သူမ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခဲ့ခြင်းမှာ ဝူယုကြောင့်ပင် ဖြစ်သည်။ ယခုကတော့ သူမ၏ နယ်မြေ ဖြစ်သည်။ ဝေ့ဝူယင်ကို ဆန့်ကျင်ရမှာ သူမ မကြောက်ချေ။ ထို့အပြင် နာ့ရှင်းရီ အတွက် အဂ္ဂိရတ် ထုတ်ကုန်မှာ လုံးဝ မထိမတွေ့ ရှိနေသေးဆဲ ဖြစ်သည်။ နာ့ရှင်းရီ ကဲ့သို့ စုပ်ယူ သန့်စင်ထားပြီးသား မဟုတ်ချေ။

“ဆုကျင်း...”

ထိုအခိုက်တွင်ပင် ရှေးဟောင်း အသံတစ်ခုမှာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်ကာ ထွက်ပေါ်လာ၏။ ၎င်းက ဘဝ၏ အဆိုးအကောင်းများ၊ အသက်အရွယ်၏ အနှစ်သာရများကို သယ်ဆောင်ထားကာ နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီးသူ တစ်ယောက်၏ အသံဖြစ်ကြောင်း သိသာလှပေသည်။

ချက်ချင်းပင် မာ့ဆုကျင်း၏ ခန္ဓာကိုယ်က အေးခဲသွား၏။ ထို့နောက် သူမက ခပ်မြန်မြန်ပင် ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ရင်း လေးစားစွာ နှုတ်ဆက်လိုက်လေတော့သည်။

“ဘိုးဘိုးကြီး...”

***

All Chapters