← Chapters

မာ့ကျန်း၏ အရေးယူမှု

Vol. 45 Ch. 619

မာ့ကျန်း၏ အရေးယူမှု

Vol. 45 Ch. 619

ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုမှ ထွက်ပေါ်လာသည့် အလား ဖြူရော်သော အသားအရေ၊ အရေးအ‌ကြောင်းများနှင့် ခြေထောက်နှင့် လက်များတွင် အဝါရောင် အစက်အပျောက်များ ပြည့်နှက်နေသည့် လူအိုကြီး တစ်ဦး ထွက်ပေါ်လာခဲ့၏။ သူ၏ သေးငယ် ပျင်းရိသော မျက်လုံးများက ဘာကိုမှ သိပ်ဂရုမစိုက်တတ်သူ တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသည်။ သူက ရွှေခြည်ထိုးသည့် အနက်ရောင် တာအို ဝတ်စုံကို ဝတ်ဆင်ထား၏။

သူက ရွှေရောင် အသက်နန်းတော်၏ တတိယမြောက် အုပ်ချုပ်ရေးမှူး၊ မာ့ကလန်၏ ခေါင်းဆောင်၊ မဟာမြင်း လောကနယ်မြေ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ... စသည်ဖြင့် ဂုဏ်ပုဒ်များစွာကို ပိုင်ဆိုင်ထားသည့် မာ့ကျန်းပင် ဖြစ်လေတော့သည်။

လူအိုကြီးက မာ့ဆုကျင်း၏ အနားသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။ မာ့ဆုကျင်းမှာ ခေါင်းကို ငုံ့ထားကာ မျက်လုံးချင်း ဆိုင်၍ ကြည့်ရဲခြင်း မရှိပါချေ။

“ငါနင့်ကို အပြစ်မတင်ဘူး...”

မာ့ကျန်းက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။ မာ့ဆုကျင်းမှာ ဖိအားများ အနည်းငယ် ပြေလျော့ သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း လူအိုကြီး၏ စကားက ထိုနေရာတွင် အဆုံး မသတ်သေးပါချေ။

“ဒီနေ့က စပြီး တတိယမြောက် ခန်းမ၊ လက်ထောက် အုပ်ချုပ်‌ရေးမှူး ဆိုတဲ့ နင့်ရဲ့ ရာထူးကို ဖယ်ရှားလိုက်တယ်... နောက်ပြီး နှစ်ငါးရာတိုင်အောင် မဟာမြင်း လောကနယ်မြေရဲ့ အစောင့်အရှောက် အဖြစ် နေရမယ်”

သူက ဖြည်းညင်းစွာ ပြောနေသည့်တိုင် စကားလုံး တစ်ခုချင်းစီကတော့ စစ်ဗုံသံလို ကြည်လင် ပြတ်သား လှသည်။ မာ့ဆုကျင်း၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ရီသွား၏။

“ဘိုးဘိုးကြီး... ကျွန်မ...”

မာ့ကျန်း၏ မျက်လုံးများက စူးရဲစွာ တောက်ပသွား၏။

“ ... “

မာ့ဆုကျင်း၏ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ရှိသွားသည်။ သူမ ဖြည်းညင်းစွာပင် လက်ထဲရှိ သိုလှောင် လက်စွပ်ကလေးကို ငုံ့ကြည့်လိုက်၏။ ဘိုးဘိုးကြီးမာ့က သူမ မမှားဟု ဆိုသည်။ ဤသို့ဆိုလျှင် မည်သည့်အရာက မှားခဲ့သနည်း။ သူမက ပင့်သက်တစ်ချက် ရှိုက်ရင်း လက်စွပ်ကို မာ့ယုထံ ကမ်းပေးလိုက်သည်။

မာ့ကျန်းက သူမကို စိုက်ကြည့်လိုက်၏။

“အဆုံးမဲ့ ကြယ်တာရာ နယ်မြေမှာ ငါတို့က အုပ်စိုးတဲ့ လူတန်းစား မဟုတ်ဘူး... နောက်ပြီး ငါတို့ရဲ့ ရည်ရွယ်ချက်ကလည်း အဲဒီ လမ်းစဥ်ပေါ်မှာ မတည်ဘူး... မင်းဆက်တွေ တစ်ခုပြီး တစ်ခု မြင့်တက်နေပေမဲ့ အဆုံးမှာ ပြန်ကျဆုံးကြရတာချည်းပဲ... ဒါပေမဲ့ စီးပွားရေး လုပ်ငန်းကတော့ ဘယ်တော့မှ မမှေးမှိန်ဘူး... ထာဝရ တည်ရှိပြီး အဆုံးမဲ့ တောက်ပနိုင်တယ်... လူတွေရဲ့ လေးစားမှုကို ထာဝရ သိမ်းပိုက်နိုင်တယ်”

မာ့ဆုကျင်း၏ နှလုံးသားမှာ တုန်ရီသွားခဲ့၏။ သူမက လေးနက်စွာပင် မာ့ကျန်းကို ဦးတစ်ချက် ညွှတ်လိုက်သည်။

“ကျွန်မ အမှားကို သိပါပြီ...”

မာ့ကျန်းက ခေါင်းတစ်ချက် ညိတ်လိုက်သည်။ မာ့ဆုကျင်းမှာ နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်ကာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့တော့၏။

နောက်ဆုံး၌ မာ့ကျန်းမှာ ရွှယ်ရီဖေးဘက်သို့ လှည့်လာခဲ့သည်။ ကျူးဟိုင်က ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် မိန်းကလေး၏ ဘေးတွင် ရပ်ရင်း မာ့ကျန်းကို စိုက်ကြည့် နေသည်။ လူအိုကြီးက လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။

“ရွှေရောင် အသက်နန်းတော်နဲ့ မာ့မျိုးနွယ်ရဲ့ ကိုယ်စား မာ့ဆုကျင်းရဲ့ အပြုအမူတွေ အတွက် ကျုပ် တောင်းပန်ပါတယ်... သူက လောဘအလိုကို လိုက်ပြီး ဆောင်ရွက်ခဲ့တဲ့ အတွက် ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရပါလိမ့်မယ်”

အကယ်၍ မာ့ကျန်းက သေမျိုး တစ်ယောက်အား တောင်းပန်ကြောင်း သတင်းသာ ပျံ့နှံ့ သွားပါက မည်သူမှ ယုံကြလိမ့်မည် မဟုတ်ချေ။

မာ့ယုပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အမင်း အံ့အားသင့် နေခဲ့၏။ ဘိုးဘိုးကြီးမာ့က အဘယ်ကြောင့် ရွှယ်ရီဖေးလို အသက် တစ်ရာ မပြည့်သေးသည့် သေမျိုး မိန်းကလေးကို တောင်းပန်ရသနည်း။ သူမက မည်ကဲ့သို့ ထိုက်တန်သနည်း။

ရွှယ်ရီဖေးက မာ့ကျန်းကို ကြည့်လိုက်၏။ သူမက အခြေအနေနှင့် အချိန်အခါကို နားလည်သူ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးက မည်သူ ဖြစ်ကြောင်း သူမ မသိသည့်တိုင် မာ့ဆုကျင်းနှင့် မာ့ယုတို့၏ အမူအရာ အလွန် အရေးပါသူ တစ်ယောက် ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။ သူ၏ အဆင့်အတန်းက ရွှေရောင် အသက်နန်းတော်နှင့် မာ့မျိုးနွယ်တွင် အလွန် မြင့်မားကြောင်း သံသယ ရှိစရာ မလိုပါချေ။

ယခု၌ ထိုကဲ့သို့ ပုဂ္ဂိုလ်ကြီး ကိုယ်တိုင်ကပင် တောင်းပန်နေပြီ ဖြစ်သည်။ ထို့ပိဟန် အပေါ် လုပ်ရပ်ကြောင့် မာ့ဆုကျင်းအား မုန်းတီးမိသည့်တိုင် မည်ကဲ့သို့ တင်းခံနေ၍ ဖြစ်တော့မည်နည်း။

မိန်းကလေးက လေးလေးစားစားပင် ဦးညွှတ်လိုက်၏။

“စီနီယာနဲ့ တွေ့ရတာ ကျွန်မ အတွက် အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ... စောစောက ကူညီမှု အတွက် ကျွန်မ ရွှယ်ရီဖေးက ကျေးဇူးတင်ပါတယ်”

မာ့ကျန်းက ပြုံးလိုက်၏။ သူ၏ မျက်နှာထက်ရှိ အရေးအကြောင်းများက ပိုမို၍ပင် တွန့်ကွေး သွားသည်။

“မိန်းကလေးက ယဥ်ကျေးလွန်းနေပါပြီ... သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်‌ယောက်ရဲ့ ကိုယ်လုပ်တော်ကို ကူညီခွင့်ရတာ ကျုပ် အတွက် ဂုဏ်ယူစရာပါပဲ...”

ရွှယ်ရီဖေး၏ နှလုံးသားက အနည်းငယ် တုန်ရီသွား၏။ ဗာကီရီ အဖွဲ့ဝင်များနှင့် ဝေ့ဝူယင်၏ အယုံကြည်ရဆုံး လူများမှ လွဲ၍ မည်သူမှ သူ အဂ္ဂိရတ် အာဏာရှင် ဖြစ်ကြောင်း မသိကြချေ။ သူမ ပင်လျှင် ထိုအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖူးချေ။

တစ်ချိန်တည်း၌ မာ့ယု၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင်၏ ကိုယ်လုပ်တော်... သူမ မထိန်းချုပ်နိုင်ပဲ လက်ထဲရှိ လက်စွပ်ကလေးကို ငုံ့ကြည့်လိုက်မိသည်။ မာ့ဆုကျင်းလို လျှို့ဝှက် အာဏာရှင် တစ်ယောက် စိတ်လွတ် ကိုယ်လွတ် ပြုမူခဲ့သည် အထိ လက်စွပ်ထဲတွင် မည်သည့် အရာများ ပါဝင်နေသနည်း။

မာ့ကျန်းက မာ့ယုကို ကြည့်ကာ လက်ဝါးကို ဖြန့်လိုက်၏။ မိန်းကလေးက နည်းနည်းလေးမျှ မတုန့်ဆိုင်းပဲ လက်စွပ်ကလေးကို မာ့ကျန်း၏ လက်ပေါ်သို့ တင်ပေးလိုက်သည်။

မာ့ကျန်းက ထိုလက်စွပ်ကို ရွှယ်ရီဖေးထံသို့ တစ်ခါတည်း ပြန်လွှဲပေးလိုက်၏။ ရွှယ်ရီဖေးက လက်စွပ်ကို လက်ခံ ရယူလိုက်ရင်း နောက်တစ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဝှစ်...

မာ့ကျန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ မိုင်ပေါင်းများစွာ အကွာ၌ လဲကျနေသည့် ထို့ပိဟန်၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာပင် လေပေါ်သို့ မြင့်တက်လာကာ ရွှယ်ရီဖေးတို့ အနားသို့ လွင့်မြောလာသည်။ ထိုအခိုက်အတန့် အထိ လူအိုကြီးမှာ ဒွါရကိုးပေါက်မှ သွေးများ ယိုစီးကာ သတိလစ် နေဆဲ ဖြစ်ပေသည်။ သူ၏ အသားအရေက အလွန် ဖျော့တော့နေ၏။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ၏ အတွင်းပိုင်း အခြေအနေကို စစ်ဆေးကြည့်ပါက အလွန် ကြောက်လန့် သွားလိမ့်မည် ဖြစ်ပေသည်။

ထို့ပိဟန်၏ နယ်မြေမျိုးစေ့မှာ လုံးဝ အက်ကွဲနေ၏။ ကြယ်တာရာ အမြုတေမှာလည်း မေးမှိန်နေကာ အတွင်းရှိ စွမ်းအင်များမှာ ကသောင်းကနင်း ဖြစ်နေသည်။ သူက အပြင်းအထန်ပင် ဒဏ်ရာ ရနေကာ စက္ကန့်နှင့် အမျှ စွမ်းအင် ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးနေသည်။

ထို့ပိဟန်၏ အခြေအနေကို ကြည့်ရင်း ရွှယ်ရီဖေး၏ အမူအရာက ဖျော့တော့ သွား၏။

“သူ့ကို ကုလို့ရနိုင်လား...”

သူမက မာ့ကျန်းကို အားကိုးတကြီး ကြည့်ရင်း မေးလိုက်သည်။ ထိုအဘိုးကြီးမှာ သေမျိုး အဆင့်ကို ကျော်လွန်နေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ တစ်ခုခု လုပ်ပေးနိုင်မှာ သေချာပေသည်။

မာ့ကျန်းက ထို့ပိဟန်ကို ကြည့်လိုက်၏။ ထို့ပိဟန်၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာပင် လည်သွားကာ သူ့ကို မျက်နှာချင်းဆိုင်ချိန်၌ ရပ်တန့်သွားသည်။ အဘိုးအိုက လက်ညိုးတစ်ဖက်ကို ညင်သာစွာ ဆန့်ထုတ်လိုက်ရင်း ထို့ပိဟန်၏ နဖူးကို ထိလိုက်၏။ ထို့ပိဟန်၏ ခန္ဓာကိုယ်က တစ်ချက် တုန်ရီသွားကာ ဒဏ်ရာများမှာ လျှင်မြန်စွာပင် ပြန်လည် ကောင်းမွန်လာခဲ့သည်။ တစ်ခဏ အကြာတွင်ပင် ဒွါရကိုးပေါက်မှ စီးကျနေသော သွေးများက လုံးဝ တိတ်သွားကာ ခန္ဓာကိုယ်မှာ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိလာ၏။

“အဟွတ်... အဟွတ်...”

ထို့ပိဟန်ထံမှ ချောင်းဆိုးသံများ ပြန်လည် ထွက်ပေါ်လာ၏။ ဆက်တိုက် ဆိုသလိုပင် မာ့ကျန်းမှာလည်း အဆက်မပြတ် ချောင်းဆိုလိုက်ရသည်။

ထို့နောက် ဖြည်းညင်းစွာပင် ထို့ပိဟန်၏ မျက်လုံးများက ပြန်လည် ပွင့်လာခဲ့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လုံခြုံစွာ ရှိနေသည့် ရွှယ်ရီဖေးကို တွေ့ရသော အခါတွင်မှ သူ့ မျက်လုံးများက စိတ်သက်သာရာ ရမှုများနှင့် ပြည့်နှက်သွား၏။

“အဟွတ်... အဟွတ်...”

မာ့ကျန်းက နောက်တစ်ကြိမ် ချောင်းဆိုးလိုက်၏။ သူ၏ ချောင်းဆိုးသံက ပထမ တစ်ကြိမ်ကထက် ပိုမို၍ လေးပင်နေသည်။ မျက်နှာက အနည်းငယ် ဖြူရော် လာသည့်တိုင် သူ၏ အော်ရာက တည်ငြိမ်နေကာ မျက်လုံးများမှာလည်း တောက်ပနေဆဲ ဖြစ်ပေသည်။ မကြာခင်မှာပင် မာ့ကျန်းမှာ တည်ငြိမ်လာကာ မျက်နှာမှာ သွေးရောင် ပြန်လွှမ်းလာ၏။ သူက တည်ငြိမ်သော မျက်လုံးများနှင့် ထို့ပိဟန်ကို ကြည့်လိုက်ရင်း...

“လူငယ်လေး... ကျုပ်က ရွှေရောင် အသက်နန်းတော်ရဲ့ တတိယ အုပ်ချုပ်ရေးမှူး မာ့ကျန်းပါပဲ... အာရုဏ်ဦး ဧကရာဇ်ဆီကနေ ကျုပ် အတွက် ဘယ်လို အမှာစကား ပါလာလဲ ဆိုတာ သိရပါစေ”

***

All Chapters