← Chapters

အဆုံးမဲ့ ကောင်းကင်

Vol. 45 Ch. 620

အဆုံးမဲ့ ကောင်းကင်

Vol. 45 Ch. 620

လူငယ်လေး...

ထို့ပိဟန်က မာ့ကျန်းကို အံ့သြတကြီး လှည့်ကြည့်လိုက်၏။ လူငယ်လေး ဟု အခေါ်ခံရခြင်းက နှစ်ပေါင်း တစ်ထောင်အတွင်း သူ့အတွက် ပထမဆုံး အကြိမ် ဖြစ်သည်။ သို့သော်လည်း... မာ့ကျန်း၏ ရုပ်ရည် သွင်ပြင်နှင့် အဆင့်အတန်း အရ သူ့ထက် အသက် အများကြီး ပိုကြီးကြောင်း ထို့ပိဟန် သိပေသည်။

“ဒီဂျူနီယာလေးက စီနီယာမာ့ကို နှုတ်ဆက်ပါတယ်...”

ထို့ပိဟန်က ဦးညွှတ်ရင်း လေးလေးစားစားပင် နှုတ်ဆက်လိုက်၏။ မာ့ကျန်းက သူ့ကို ကြည့်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“မင်းရဲ့ ကျင့်ကြံခြင်း နှလုံးသားက ခိုင်မာတယ်... နောက်ပြီး မင်းမျက်လုံးတွေထဲက အလင်းရောင်က အရမ်း အားကောင်းတယ်... အဲဒါကို မဆုံးရှုံးစေနဲ့”

ထို့ပိဟန်မှာ မကြာသေးခင်ကမှ လောကသခင် အဆင့်ကို ချိုးဖျက်ထားကြောင်း သူ ရှင်းလင်းစွာပင် တွေ့မြင် နိုင်ပေသည်။ သူ့အသက်အရွယ်ဖြင့် ဆိုပါက အခြားလူများမှာ ကျင့်ကြံခြင်းကို လက်လျှော့ကာ ဘဝကို အခြား နည်းလမ်းများဖြင့် ဖြတ်သန်းကြလိမ့်မည် ဖြစ်သည်။ ထိုအချက်ကပင် ထို့ပိဟန်၏ ကျင့်ကြံခြင်း နှလုံးသားမှာ မည်မျှ ခိုင်မာကြောင်း ဖော်ပြနေသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင်ပင် ထိုကဲ့သို့ နှလုံးသားမျိုး တွေ့ရခဲသည်။

ထို့ပိဟန်မှာ လူအိုကြီး၏ စကားကြောင့် အနည်းငယ် အံ့သြသွား၏။ သူက အလျှင်အမြန်ပင် ဦးတစ်ချက် ညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာမာ့... ကျုပ်ဆီမှာ ခင်‌ဗျား အတွက် ပစ္စည်း တစ်ခု ပါလာပါတယ်”

ထို့နောက်... သူက ဖြည်းညင်းစွာပင် ကျောထက်ရှိ လွယ်အိတ်ကို ဖြေရင်း ငွေရောင် သေတ္တာကလေးကို ထုတ်ယူလိုက်သည်။

“သခင်လေးက ရွှယ်ရီဖေး၊ နယ်လာရှားနဲ့ ကျူးဟိုင်တို့ကို ဂရုစိုက်ပေးဖို့ မှာလိုက်ပါတယ်... နောက်ပြီး နဂါးတွေ အတွက် ကုန်ကျစရိတ် အားလုံးကိုလည်း သူ ပေးမယ်တဲ့”

မာ့ကျန်း၏ မျက်ခုံးများက အပေါ်သို့ မြင့်တက်သွား၏။ ဂရုစိုက်ပေးပါ ဆိုသည့် စကားက ထိုမျှ မရိုးရှင်းပဲ သူတို့ကို ကာကွယ်ကာ အမြင့်မားဆုံး ပံ့ပိုးပေးဖို့ အကူအညီတောင်းလိုက်ခြင်း ဖြစ်သည်။

“သူက ငါ့ကို စမ်သပ်နေတာပဲ...”

မာ့ကျန်း ပြုံးလိုက်မိ၏။ ထို့အပြင် ဝေ့ဝူယင်က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် နဂါးမျိုးနွယ်ကို ပြန်လည် တည်ဆောက်ဖို့ ကူညီစေလိုဟန် ရသည်။ သူက ကုန်ကျစရိတ်ကိုပင် ပေးမည်ဟု ပြောထားသည်။ သို့သော်လည်း... ထိုကဲ့သို့ ပြုလုပ်ရန်က အနည်းငယ် ခက်လေရာ ရွှေရောင် အသက်နန်းတော် အနေဖြင့် ဂရုတစိုက် ကိုင်တွယ်ရမည့် ကိစ္စလည်း ဖြစ်ပေသည်။

“သူကိုယ်တိုင်ကလည်း ဟင်းလင်းပြင် နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့လူ ဆိုတော့ နဂါးမျိုးနွယ်ကို ကူညီတာက သူ့ကို ကူညီတာနဲ့ အတူတူပဲ ဟုတ်တယ်မလား...”

မာ့ကျန်း တွေးတောနေစဥ်မှာပင် ထို့ပိဟန်က ငွေရောင် သေတ္တာကလေးကို ဖွင့်ကာ သိုလှောင် လက်စွပ်ကို ထုတ်ယူ လိုက်၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင်တော့ “ငွေပေးချေမှု” ဟု ရေးသားထားသည်။

“ဒါက စီနီယာမာ့ အတွက် သခင်လေးရဲ့ ယတိပြတ် ပေးချေမှုပါပဲ...”

ထို့ပိဟန်က ပြောလိုက်၏။ သူက မာ့ကျန်းနှင့် စကားပြောစဥ် တစ်လျှောက်လုံး ဝေ့ဝူယင်ကို “သခင်လေး” ဟူသော နာမ်စားသုံး၍သာ ခေါ်ဆိုခဲ့သည်။ “သူဌေးလေး” ဆိုသော နာမည်ကြောင့် ဝေ့ဝူယင် အရေးပါမှု မြူတစ်မှုန်မျှ နိမ့်ကျသွားမည်ကိုပင် သူ မလိုလားချေ။

“ယတိပြတ် ပေးချေမှု...”

မာ့ကျန်းမှာ အံ့သြသွား၏။ သာမန် ပေးချေမှုနှင့် ယတိပြတ် ပေးချေမှုတို့မှာ လုံးဝ ကွဲပြားသည့် ငွေပေးချေမှု ပုံစံများ ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်လကျော်က အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင်... ရွှေရောင် အသက်နန်းတော်၏ စံပြ လေ့ကျင့်ရေး နယ်မြေ ဖျက်ဆီးခံခဲ့ရမှု အတွက် ‌လျော်ကြေးငွေ ပေးချေရန် ဝေ့ဝူယင်ထံ သူ စာပို့ခဲ့သည်။ သူက ထိုလျော်ကြေးငွေများကို တစ်ခါတည်း ပေးချေလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ မည်သို့ပင် ဆိုစေ... ဒြပ်စင်ရာသီ လောကနယ်မြေ တစ်ခု၏ တန်ဖိုးက အလွန် မြင့်မားလှသည် မဟုတ်ပါလား။

မာ့ကျန်းက လက်ကို ဖြန့်ကာ လက်စွပ်ကို လက်ခံ ရယူလိုက်၏။ ဝိညာဥ်အလင်းက ဖြတ်သန်း စီးဆင်းသွားကာ လက်စွပ်ထဲမှ ဝေ့ဝူယင်၏ ဝိညာဥ်စာကို ယူဆောင်လာသည်။ စာက တိုတိုလေးသာ ဖြစ်၏။

“ကျုပ်ကို သက်သေပြပါ”

မာ့ကျန်းက အံ့သြသွားကာ လက်ထဲရှိ သိုလှောင် လက်စွပ်ကို ကြည့်လိုက်၏။ အမြဲတမ်း ပျင်းရိ လေးဖင့်နေသည့် သူ၏ မျက်လုံးများက ထူးခြားစွာပင် တောက်ပလာသည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်လေး၏ ယတိပြတ် ပေးချေမှုက မည်သည့် အရာများနည်း။

ဘေးနားရှိ ထို့ပိဟန်နှင့် ရွှယ်ရီဖေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူက ဖြည်းညင်းစွာပင် ဝိညာဥ်အာရုံကို လက်စွပ် အတွင်း ပို့လွှတ်လိုက်လေတော့၏။

သိုလှောင် လက်စွပ် အတွင်းရှိ ဟင်းလင်းပြင်ထဲ၌ မာ့ကျန်းမှာ အရာ ဝတ္ထု နှစ်ခုကို တွေ့မြင်လိုက်ရ၏။ မှန်သည်။ နှစ်ခုသာလျှင် ဖြစ်သည်။

တစ်ခုက ဆေးတစ်လုံး ပါဝင်နေသည့် ပုလင်းလေး တစ်လုံး ဖြစ်သည်။ ၎င်းက ‌ငွေရောင် အဆင်းရှိကာ ရှင်းဆင်းစွာပင် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု ဖြစ်၏။ ပုလင်းအဖုံးတွင်တော့ “အာရုဏ်ဦး နေမီးတောက် ဆေးလုံး၊ အဆင့်နိမ့် အရည်အသွေး” ဟူ၍ ရေးထွင်းထားသည်။

မာ့ကျန်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွား၏။ မဟာမြင်း လောကနယ်မြေသို့ ပြန်လည် ရောက်ရောက်ချင်းပင် မာ့ဆုကျင်းထံမှ အကျိုးအကြောင်း မှန်သမျှကို သူ သိရှိခဲ့ပြီး ဖြစ်သည်။

သူမ၏ လုပ်ရပ်က ဘောင်ကျော်ကာ လောဘနောက်ကို လိုက်ခဲ့သည့်တိုင်အောင် နားလည်၍ ရသော အရာ ဖြစ်သည်။ သူမက အရူး တစ်ယောက် မဟုတ်လရာ ဖြစ်နိုင်ချေ အားလုံးကို ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။ မာ့ကျန်း အပြစ်ပေးမှာကိုပင် သူမ ကြိုတင် သိထားပေသည်။

မာ့ဆုကျင်း၏ အဆိုအရဆိုလျှင်... အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ကြယ်တာရာ နယ်မြေ၏ အနာဂတ်ကိုပင် ပြောင်းလဲ ပစ်နိုင်သည့် ထုတ်ကုန် တစ်ခု ဖြစ်သည်။ အလွန့်အလွန်ကို အဖိုး ထိုက်တန်သည်။ အကယ်၍ အဖိုး မထိုက်တန်လျှင်ပင် ရွှယ်ရီဖေးက သူ့ယောက်ျား၏ လက်ဆောင်ကို သူတို့ထံ ဘယ်တော့မှ လိုလိုလားလားနှင့် ပေးလိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင် ရောက်ရှိလာချိန် အထိ စောင့်ဆိုင်း၍ တောင်းခံရန်လား။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို သူတို့ လျှို့ဝှက်ချက်များကို ဘယ်တော့မှ မစွန့်လွှတ်တတ်ချေ။ တန်ခိုးရှင် တစ်ပိုင်း အဆင့် ဆေးညွှန်မျိုးဆိုလျှင် ပို၍ပင် မဖြစ်နိုင်သေးချေ။

ပုံမှန်အားဖြင့် တန်ခိုးရှင် တစ်ပိုင်း အဆင့် ဆေးလုံး တစ်လုံးချင်းစီတိုင်းမှာ လောကနယ်မြေ တစ်ခုထက်ပင် ပိုမို၍ အဖိုးထိုက်တန်သည် မဟုတ်ပါလား။

ထို့ကြောင့်ပင် မာ့ဆုကျင်း ရွေးချယ်နိုင်ခဲ့သည့် တစ်ခုတည်းသော အရာက ဓားပြတိုက်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း... ကံဆိုးစွာပင် သူမ ရွေးချယ်မှု မှားယွင်းခဲ့ပေသည်။

မာ့ကျန်းက မိန်းကလေး အတွက် စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထို့နောက် သူက ဝိညာဥ် အာရုံကို အခြားတစ်ဖက်သို့ ဆန့်ထုတ်လိုက်ရင်း လက်စွပ်အတွင်းရှိ နောက်ထပ် ပစ္စည်းတစ်ခုကို လေ့လာလိုက်သည်။ ၎င်းက ပါးလွှာ‌သော စာအုပ်ကလေး တစ်အုပ် ဖြစ်ကာ မျက်နှာဖုံး၌ “အာရုဏ်ဦး နေမီးတောက် ဆေးလုံး... ဖော်စပ်နည်း” ဟု ရေးသား ထား၏။

ချက်ချင်းပင် လူအိုကြီး၏ ခန္ဓာကိုယ်က တောင့်တင်းသွားကာ မျက်လုံးများမှာ ပေါက်ထွက်မတတ် ပြူးကျယ် သွားခဲ့တော့သည်။

...

အဆုံးမဲ့ ကြယ်တာရာ နယ်မြေကို ဦးတည်ရာ လေးခု ခွဲခြားထား၏။ ၎င်းတို့မှာ မြောက်ပိုင်း ကောင်းကင်၊ တောင်ပိုင်း ကောင်းကင်၊ အရှေ့ပိုင်း ကောင်းကင်နှင့် အနောက်ပိုင်း ကောင်းကင်တို့ပင် ဖြစ်သည်။ ထိုခွဲခြားမှု၏ အလယ်တွင်တော့ နယ်မြေတစ်ခုလုံးကို အလင်းပေးနေသည့် နေကြယ်ကြီး တည်ရှိ၏။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ အလွန် ကျယ်ပြန့်လှကာ များစွာသော ပိုင်နက်များ ခွဲခြားထားသည်။ တန်ခိုးရှင် အဆင့် အင်အားစုကြီး ဆယ့်ခြောက်ခုမှာ အလွန် ကြီးမား ကျယ်ပြန့်လှသည့် နယ်မြေကြီး ဆယ့်ခြောက်ခုကို ပိုင်ဆိုင်ထားကာ နယ်မြေတစ်ခုချင်းစီမှာ သူတို့၏ တင်းကြပ်သော စောင့်ကြပ်မှုများ အောက်၌ တည်ရှိသည်။

သို့သော်လည်း... လွတ်လပ်မှု စည်းမျဥ်းများအရ နယ်မြေ အတွင်း နေထိုင်သည့် အခြား အင်အားစုများ ရှိနေဆဲ ဖြစ်ပေသည်။ သူတို့ကို လက်အောက်ငယ်သား အင်အားစုများ အဖြစ် တရားဝင် ယူဆလို့ မရသော်လည်း မကြာခဏ ဆိုသလို တန်ခိုးရှင် အဆင့် အင်အားစုကြီးများ၏ တိုက်ခိုက်ရေး စွမ်းအားတွင် ထည့်တွက်လေ့ ရှိကြသည်။ အချို့ကတော့ ၎င်းတို့ကို ကပ်ပါး အင်အားစုများ ဟု ခေါ်သည်။

တစ်ချိန်တည်း၌... နယ်မြေ ပိုင်ဆိုင်မှု ပဋိပက္ခများ ဖြစ်ပေါ်မလာစေရန် အတွက် တန်ခိုးရှင် အင်အားစုကြီးက ပိုင်နက်များ ခွဲခြား သတ်မှတ်ပေးထားသည်။ သူတို့က ထိုပိုင်နက် အတွင်းရှိ ရှားပါး သတ္တုတွင်းများ၊ ရင်းမြစ်များ အပါအဝင် အားလုံးကို ပိုင်ဆိုင်ခွင့် ရရှိကြသည်။

သို့သော်လည်း တန်ခိုးရှင် အဆင့် အင်အားစုကြီးများမှာ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိပါချေ။ တစ်စုံတစ်ရာ သစ္စာဖောက်မှု မရှိတာ သေချာစေဖို့ အတွက်လည်း သေချာစွာ စီမံထားသည်။ ကျင့်ကြံခြင်း လောကတွင် ‌ကျော်ကြားသည့် ကျိန်ဆိုမှု နှစ်မျိုး ရှိသည်။

ပထမ တစ်ခုက ကောင်းကင်တာအိုကို တိုင်တည်သည့် ကောင်းကင် ကျိန်ဆိုမှု ဖြစ်သည်။ အကယ်၍ ထိန်းသိမ်းရန် ပျက်ရွင်းခဲ့ပါက အသက် သေဆုံးသည် အထိ ကောင်းကင်၏ အပြစ်ပေးမှုများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ ၎င်းက ဆန်းကြယ်သော ကောင်းကင် ကပ်ဘေးကြီးများကိုပင် ဖန်တီးနိုင်စွမ်း ရှိသည်။

နောက်တစ်ခုက... ကျိန်ဆိုမှု အများဆုံး ဖြစ်သည့် သေမျိုး ကျိန်စာပင် ဖြစ်သည်။ ၎င်းကို ဝိညာဥ် ကျိန်စာ အဖြစ်လည်း ရည်ညွှန်းကြသည်။ ၎င်းတို့မှာ ဝိညာဥ် ကျင့်ကြံခြင်းကို ကျိန်ဆိုသည့် ကျိန်စာများ ဖြစ်ပြီး ဖောက်ဖျက်ပါက လမ်းစဥ် တစ်ခုလုံး ဆုံးရှုံးကာ ဒုက္ခတ ဘဝကို ကျရောက်ရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ၎င်းက ကာယကံရှင် ကိုယ်တိုင်နှင့်သာ တိုက်ရိုက် သက်ဆိုင်နေကာ အကယ်၍ ဝိညာဥ်ကျိန်စာကို မဖောက်ဖျက်ဟု ယုံကြည်ပါက အကျိုးဆက် ဖြစ်‌ပေါ်လာလိမ့်မည် မဟုတ်ပါချေ။

ထိုကျိန်ဆို နှစ်ခုမှာ ချို့ယွင်းချက် များစွာ ရှိကာ မကြာခဏ ဆိုသလို ဉာဏ်ကောင်းသည့် ကျင့်ကြံသူများ၏ လက်တစ်လုံးခြား လှည့်ပတ်မှုများကို ခံကြရသည်။ ထို့အပြင် ၎င်းတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများကို မသက်ရောက်နိုင်ကြချ။

တစ်ချိန်တည်း၌... အချို့ ကျင့်ကြံသူများကလည်း ကျိန်စာ အမှတ်အသားကို ရတနာများ၊ အဂ္ဂိရတ် ထုတ်ကုန်များဖြင့် ပယ်ဖျက်ကာ မသက်ရောက်နိုင်အောင် ပြုမူကြသည်။ ဝေ့ဝူယင် ပင်လျှင် ထိုကဲ့သို့သော နည်းလမ်းကို မကြာခဏ ဆိုသလို သုံးလေ့ ရှိသည်။

သို့သော်လည်း... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် မည်သူမှ မချိုးဖျက်နိုင်သည့် တတိယမြောက် ကျိန်ဆိုမှု တစ်ခု ရှိသေး၏။ ထိုအရာက လောကတွင် အခိုင်မာဆုံးသော ကျိန်ဆိုမှု ဖြစ်ပြီး မျိုးနွယ်များ၊ ဂိုဏ်းများ၊ မိသားစုများနှင့် ကိုယ်ပိုင် အင်အားစုများကိုပါ ထည့်သွင်း ကျိန်ဆိုနိုင်ပေသည်။ အကယ်၍ ကျိန်စာကို ချိုးဖောက်ခဲ့ပါက ကမ္ဘာဖျက် အင်အား တစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်းမှ ဆင်းသက်လာကာ ချိုးဖျက်ခဲ့သည့် မည်သူကိုမဆို ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။

၎င်းကို “တန်ခိုးရှင် ကျိန်စာ” ဟု ခေါ်၏။ အဘယ်ကြောင့် တန်ခိုးရှင် ဟု သုံးနှုန်းရသနည်း ဆိုသော် လျှို့ဝှက် အာဏာရှင် အဆင့်များ အပါအဝင် ဖြစ်တည်မှုတိုင်းကို အကျိုး သက်ရောက်မှု ရှိနိုင်သောကြောင့်ပင်။

အကယ်၍ တစ်စုံတစ်ယောက်မှာ မျိုးနွယ်ကို တိုင်တည်၍ ကျိန်ဆိုခဲ့ပါက သူနှင့် ဆက်နွယ်နေသည်ဟု ယူဆ၍ ရသူတိုင်း ထိုကျိန်စာ၏ သက်ရောက်မှုကို ခံရလိမ့်မည် ဖြစ်သည်။ မျိုးနွယ် တစ်ခုလုံး ပျက်သုဥ်းသွားချိန် အထိ ထိုကျိန်စာက တည်တံ့ပေလိမ့်မည် ဖြစ်သည်။

“တန်ခိုးရှင် ကျိန်စာ” မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်း သက်ရောက်မှု ကြီးမားခဲ့ကာ အချို့ တန်ခိုးရှင်ဂိုဏ်းကြီးများ ပေါ်ပေါက်လာမှုနှင့်ပင် တိုက်ရိုက် သက်ဆိုင်နေခဲ့ပေသည်။ အထူးသဖြင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းပင်။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ သမိုင်းကြောင်းမှာ ရှုပ်ထွေး၍ အနည်းငယ် စိတ်ပျက်စရာ ကောင်းလှသည့်တိုင် ခံနိုင်ရည်နှင့် စည်းလုံး ညီညွှတ်မှုတို့ကို မီးမောင်း ထိုးပြနေသည့် ပြယုဂ်တစ်ခုလည်း ဖြစ်ပေသည်။

***

All Chapters