လင်းမျိုးနွယ်
Vol. 45 Ch. 621
အကြမ်းဖျဥ်း အားဖြင့် လွန်ခဲ့သော နှစ်ပေါင်း လေးသောင်းခန့်တွင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နိဒါန်းမှာ စတင် အသက်ဝင် လာခဲ့၏။ ၎င်း၏ မူလ နာမည်ကတော့ လင်းမျိုးနွယ် ဟူ၍။
စတင် တည်ထောင်ခဲ့စဥ် အချိန်အခါက လင်းမျိုးနွယ်မှာ အစစ်အမှန် ဒြပ်စင်၏ အယူဝါဒကို စွဲကိုင်ထားသည့် မိသားစုငယ်လေး တစ်ခုသာ ဖြစ်သည်။ သူတို့က လင်းမျိုးနွယ် ဆိုသော နာမည်ကို ဒြပ်စင် ရည်ရွယ်ချက်များနှင့် ထုဆစ်ကာ အကြီးကျယ်ဆုံးသော ဒြပ်စင် ကျင့်ကြံသူများကို မွေးထုတ်ရန် ရည်မှန်းခဲ့ကြသည်။
ထိုစဥ်ကာလများက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ လက်ရှိ အရွယ်အစား၏ အပုံတစ်ရာပုံ တစ်ပုံပင် မရှိသေးချေ။ ၎င်းကို သိုင်းအင်ပါယာ ကြယ်တာရာ နယ်မြေဟု ခေါ်တွင်ခဲ့ကာ အလွန် အစွမ်းထက်သည့် အင်ပါယာ ကလန်ကြီး တစ်ခုက အုပ်စိုးနေခဲ့သည်။ သူတို့က ကြယ်တာရာ နယ်မြေကို သံမဏိ လက်သီး စည်းမျဥ်းဖြင့် အုပ်ချုပ်ခဲ့ကြကာ အနီးတစ်ဝိုက်ရှိ ကြယ်တာရာ နယ်မြေများကိုပါ အဆက်မပြတ် စစ်ပွဲများ ဆင်နွှဲနေခဲ့ကြသည်။
အဆက်မပြတ် တိုက်ခိုက်မှု ချဲ့ထွင်မှုများနှင့် အတူ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ဂုဏ်သိက္ခာက တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ ထိုရွှေခေတ်တွင်ပင် အင်ပါယာ ကလန်ကို ဝန်းရံကာ များစွာသော အင်အားစုများ မြင့်တက်လာခဲ့၏။ ထိုအထဲ၌ ဒြပ်စင်တို့၏ အရှင်သခင် လင်းမျိုးနွယ်လည်း အပါအဝင်ပင် ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းခန့်သို့ အရောက်၌ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ နေကြယ် ဆယ်စင်း ပါဝင်သည် အထိ ကျယ်ပြန့်နေခဲ့ပြီ ဖြစ်သည်။ ဤတွင်... ကြယ်တာရာ နယ်မြေကို အုပ်စိုးနေသည့် ပုဂ္ဂိုလ်ကြီးများမှာ အတူတကွ စုစည်းကြကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အစီအစဥ် ဖြစ်သည့် အလင်းရောင်ပြန် ခါးပတ်ကွင်းကြီးကို ဖန်တီးရန် လုပ်ဆောင်ခဲ့ကြတော့၏။
သူတို့က သိုင်းအင်ပါယာ ကြယ်တာရာ နယ်မြေ၏ ကိုယ်ပိုင် နေကြယ်ကို အခြေခံ အဖြစ် ထားကာ အပြင်ဘက်ရှိ ရာနှင့်ချီသော နေကြယ်များကို သန့်စင်ခဲ့ကြသည်။ ထိုဖြစ်စဥ်ကြီး အတွင်း၌ လောကသခင်၊ အချိန်သခင်၊ ကြယ်တာရာ သခင်များ မဆိုထားနှင့်... လျှို့ဝှက် အာဏာရှင် အဆင့်များပင် များစွာ သေဆုံးခဲ့ကြသည်။ သို့တိုင်အောင် အင်ပါယာ ကလန်မှာ လက်လျှော့ရန် ငြင်းဆိုခဲ့ကာ ဖောင်ဖျက်၍ ရှေ့ဆက်တိုးခဲ့သည်။ ဤသည်က ပိုမို ကောင်းမွန်သော အနာဂတ် အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။
ဤသို့နှင့် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် ကြယ်ကွင်းပြင်၏ အကြီးကျယ်ဆုံးသော ဝင်္ကပါကြီးမှာ အသက်ဝင်လာခဲ့တော့သည်။
အလင်းရောင်ပြန် ခါးပတ်ကွင်းကြီး တည်ဆောက်မှုအတွင်း အသက်၊ သွေး၊ ချွေး စတေးမှု များပြားခဲ့ပြီး အထူးသဖြင့် အင်ပါယာ ကလန်မှာ ဆုံးရှုံးမှု များစွာနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် အောင်မြင်ချိန်တွင်တော့ အတင်းအကြပ် ခိုင်းစေမှုများကြောင့် အမုန်းတရားများကိုသာ ရရှိခဲ့သည်။
များစွာသော အင်အားစုများမှာ အတူတကွ စုစည်းကြကာ အင်ပါယာ ကလန် အားနည်းနေသည်ကို အခွင့်ကောင်း ယူ၍ တန်ပြန် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ အင်ပါယာ ကလန်မှာ ကြီးစွာပင် ဖိအားပေး ခံရကာ မဟာမိတ်များပါ ပြိုကွဲသွားခဲ့သည်။
လင်းမျိုးနွယ်မှာလည်း အတွင်းပိုင်း လှိုက်စား ခံရကာ နှစ်ပိုင်း ကွဲထွက် သွားခဲ့၏။ တစ်ပိုင်းက သူတို့ကို သူတို့ ဒြပ်စင်ကျောက်စိမ်းဂိုဏ်း အဖြစ် ထူထောင်ကြကာ အခြားတစ်ပိုင်းကတော့ လောင်းကြေးထပ်ကာ အင်ပါယာ ကလန်ကို ဆက်လက် သစ္စာ စောင့်သိနေဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့၏ လောင်းကြေးက ဘက်မှားခဲ့ကာ အင်ပါယာ ကလန်မှာ အစိတ်စိတ် အမွှာမွှာ ပြိကွဲလျှင် ခွေးများ ကဲ့သို့ အမဲ လိုက်ခံခဲ့ရတေ့သည်။
သမိုင်းတွင် ထိုဖြစ်ရပ်မှာ အာဏာဖြင့် အတင်းအကြပ် အုပ်ချုပ်ရန် ကြိုးပမ်းခဲ့ခြင်း၏ ရလဒ် တစ်ခု အဖြစ် ထင်ရှားခဲ့ကာ နှောင်းလူများ အတွက် သင်ခန်းစာ ယူစရာ တစ်ခု ဖြစ်ခဲ့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဆိုးယုတ်မှုတို့ တံဆိပ်ကပ်ခံထားရသည့် အလင်းရောင်ပြန် ခါးပတ်ကွင်းကတော့ သန့်ရှင်း ဖြူစင်လှကာ ရှေးခေတ် သူရဲကောင်းတို့၏ စွန့်စားမှု၊ စွန့်လွှတ်မှုတို့၏ ပြယုဂ်တစ်ခု ဖြစ်နေဆဲ ဖြစ်ပေသည်။
ဤသို့နှင့် အစစ်အမှန်ကျောက်စိမ်းဂိုဏ်း၏ လင်းမျိုးနွယ်မှာ ခေါင်းဆောင် ပုံရိပ် တစ်ခု ကဲ့သို့ ဖြစ်လာကာ ကြယ်တာရာ နယ်မြေ၏ ထိပ်တန်း အင်အားစု တစ်ခု အဖြစ် လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။ အလင်းရောင်ပြန် ခါးပတ်ကွင်းကြီး၏ ထောက်ပံ့မှုနှင့် အတူ သူတို့က များစွာသော အစွမ်းထက် ကျင့်ကြံသူများကို မွေးထုတ်ကာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း... လင်းမျိုးနွယ်၏ တိုးတက်မှု ခရီးလမ်းက အမြဲတမ်း ချောမွေ့ခဲ့သည်တော့ မဟုတ်ချေ။
ထိုနှစ်များ၌ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အင်ပါယာ ကလန် ပျက်သုဥ်းခြင်းနှင့် အတူ ဦးဆောင်သူ ကင်းမဲ့နေလေရာ သူတစ်လူ ငါတစ်မင်းဖြင့် နေရာလု စစ်ပွဲများ စတင် လာခဲ့တော့သည်။ များစွာသော အုပ်စိုးသူများမှာ တစ်ယောက်ပြီး ထွက်ပေါ်လာကာ လျှင်မြန်စွာပင် ပြန်လည် ကျဆုံးသွားခဲ့သည်။ သူတို့က နယ်မြေ ပိုင်စိုးမှုကို ကြာမြင့်စွာ ဆုပ်ကိုင်ထားနိုင်စွမ်း မရှိပါချေ။ အဆုံးမဲ့ ကောင်းကင် ကြယ္တာရာ နယ်မြေမှာ အလွန် ကျယ်ပြန့်လှကာ ရင်းမြစ် ပေါကြွယ်ဝလွန်းလေရာ အသန်မာဆုံး ကလန်၊ အင်အားစု ဖြစ်လာရန် ခက်ခဲလွန်း လှပေသည်။
ပရမ်းပတာ အခြေအနေမှာ တစ်နှစ်ထက် တစ်နှစ် ကြီးထွားလာခဲ့သော်လည်း အလင်းရောင်ပြန် ခါးပတ်ကြီးက ကျင့်ကြံခြင်း အသိုက်အဝန်းကို မကျဆင်းအောင် ဆက်လက် ကျားကန်ပေးထားဆဲ ဖြစ်ပေသည်။ တိုက်ပွဲများ အတွင်း၌ မရေမတွက်နိုင်သည့် ကျင့်ကြံသူများ သေဆုံး ခဲ့ရသည့်တိုင် ကြယ်တာရာ နယ်မြေက ပိုမို ကြွယ်ဝ ချမ်းသာလာကာ ထိုနေရာတွင် ပိုမို အစွမ်းထက်သူများက အစားထိုး နေရာယူလာခဲ့သည်။
ထိုအခြေအနေဆိုးကြီးမှ လွတ်မြောက်ရန် အတွက် ဒြပ်စင်ကျောက်စိမ်းဂိုဏ်းကို ဦးဆောင်သည့် လင်မျိုးနွယ်မှာ မဟာမိတ် အဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ သူက ထိုကဲ့သို့ ပြုလုပ်ခဲ့သည့် တစ်ခုတည်းသော အင်အားစု မဟုတ်ချေ။ ထိုခေတ်ကာလ၌ မဟာမိတ် အဖွဲ့ပေါင်း ထောင်နှင့်ချီ၍ ရှိခဲ့သည်။ သို့သော်လည်း... အများစုမှာ ကျဆုံးကာ ပျောက်ကွယ် သွားခဲ့ရသည်။ ပျက်စီးမှုတို့ ကြီးစိုးသည့် နယ်မြေတွင် ကြာရှည်စွာ စည်းလုံးနိုင်ခဲ့ခြင်း မရှိပါချေ။
ထိုအခြေအနေဆိုးကြီးမှာ နှစ်ပေါင်း ရှစ်ထောင် အထိ ကြာမြင့်ကာ ထန်ကလန်က ကြယ်တာရာ နယ်မြေ၏ ပထဆုံး မြေကြီး ရှန့်ထိုကို မွေးထုတ်ပေးနိုင်ခဲ့သော အခါတွင်မှ ရပ်တန့် သွားခဲ့သည်။ မြေကြီး ရှန့်ထို တစ်ယောက်၏ စွမ်းအားက ပုံမဖော်နိုင်လောက်အောင် ကြီးမြတ်လှကာ မည်သူမှ မခုခံနိုင်ခဲ့ချေ။
ထန်ကလန်မှာ သြဇာအာဏာနှင့် အတူ တစ်လောကလုံးကို သိမ်းပိုက်ခဲ့ကာ ကြယ်တာရာ နယ်မြေ၏ အင်ပါယာ မျိုးနွယ် အသစ် ဖြစ်လာခဲ့သည်။ ဤသို့နှင့် သိုင်းအင်ပါယာ ကြယ်တာရာ နယ်မြေ၏ အမည်မှာလည်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်မှ စ၍ လက်ရှိခေတ် အထိ တည်ရှိနေသည့် စနစ်များမှာ တဖြည်းဖြည်း ဖွဲ့စည်းလာကာ နယ်မြေများကို ခွဲဝေခဲ့ကြသည်။ နယ်မြေများကို တည်ဆောက်ခဲ့ကြသည်။ ပိုမို များပြားသော မြေကြီး ရှန့်ထိုများပင် မွေးဖွားလာခဲ့သည်။ သို့သော်လည်း ထန်မျိုးနွယ်၏ ရာဇပလ္လင်ကတော့ ယနေ့ထက်တိုင် မလှုပ်မရှား တည်ရှိနေဆဲ ဖြစ်ပေသည်။
ကြယ်တာရာ နယ်မြေ၏ တတိယမြောက် မြေကြီး ရှန့်ထို ဖြစ်သည့် လျူကလန်သားမှာ အုပ်စိုးခွင့် အတွက် ထန်ကလန်ကို တိုက်ခိုက်ခဲ့သေးသော်လည်း အကြီးအကျယ် ရှုံးနိမ့်မှုနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ သူတို့ အကြားရှိ ခွန်အား ကွာခြားမှုက အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ထိုမြေကြီး ရှန့်ထိုမှာ ချိပ်ပိတ် အကျဥ်းချ ခံခဲ့ရကာ ပြင်ပလောကကိုပင် ထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရသည်။ ၎င်းက ထန်ကလန်၏ အုပ်စိုးမှုကို နောင်နှစ်ပေါင်း ထောင်ချီတိုင် တည်မြဲစေခဲ့မည့် နမူနာလည်း ဖြစ်ပေသည်။
ထို့နောက်တွင်ကား... သူ ရောက်ရှိလာကာ အရာရာက ပြောင်းလဲ သွားခဲ့သည်။
ထာဝရ ဧကရာဇ်...
ဒြပ်စင်နယ်မြေ အတွင်းရှိ ဟင်းလင်းပြင် သင်္ဘောတစ်စင်းထက်၌ လင်းရှန်းရှဲ့နှင့် လင်းမင်တို့မှာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့ကြ၏။ လင်းရှန်းရှဲ့မှာ ကြယ်တာရာ နယ်မြေ၏ သမိုင်းကြောင်းကို လင်းမင်အား အတိုချုပ်ကာ ရှင်းပြနေခြင်း ဖြစ်ပေသည်။
အချက်အလက် အားလုံးကို သိရှိရပြီးနောက်၌ လင်းမင်၏ မျက်ခုံးများက နက်ရှိုင်းစွာ ထိစပ် သွားခဲ့တော့၏။
“ဒါဆို စီနီယာ အမက ကျောက်စိမ်းဒြပ်စင်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ လင်းမျိုးနွယ်ကပေါ့”
လင်းရှန်းရှဲ့က အသက်ကို လေးပင်စွာ ရှူသွင်းလိုက်ရင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်...”
ထိုအဖြေစကားက လင်းမင်၏ စိတ်ထဲတွင် ပိုမို များပြားသော မေးခွန်းများကို မွေးဖွား လာစေခဲ့သည်။ လင်းရှန်းရှဲ့၏ စကားက အဆုံးမသတ်သေးချေ။ သူမက ဆက်ပြောလိုက်သည်။
“လင်းမျိုးနွယ်က နယ်မြေပိုင်နက်ထဲမှာ နေထိုင်တဲ့ အင်အားစုတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတယ်... သူတို့က ကျောက်စိမ်းဒြပ်စင်ဂိုဏ်းရဲ့ ကြွယ်ဝမှု ဆယ်ရာခိုင်နှုန်းကို အမြဲ ပေးမယ် ဆိုပြီး ကျိန်ဆိုပေးခဲ့တယ်... ဒါပေမဲ့ ကြွယ်ဝမှု ပမာဏက နှစ်စဥ်နှစ်တိုင်း တိုးတက်လာလိမ့်မယ် ဆိုတာ ငါတို့ သတိမမူမိခဲ့ဘူး...”
“နောက်ပိုင်းနှစ်တွေမှာ ကျောက်စိမ်းဒြပ်စင်ဂိုဏ်းရဲ့ ငွေရေးကြေးရေး ဆိုင်ရာ ခွဲဝေမှုတွေက ပိုပိုပြီး ရှုပ်ထွေး လာခဲ့တယ်... ပိုင်ဆိုင်သမျှထဲက ဆယ်ပုံတစ်ပုံကို အမြဲတမ်း ကပ်ပါး အင်အားစုတွေဆီပဲ လွှဲပေးနေခဲ့ရတယ်... အဲဒီ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် လင်းမျိုးနွယ်ရဲ့ ခေါင်းဆောင်ကြီးတွေဟာ ခေါင်းချင်းဆိုင် ဆွေးနွေးပြီး အဖြေရှာခဲ့ရတော့တာပေါ့”
လင်းမင်၏ မျက်မှောင်က ပိုမို နက်ရှိုင်းသွား၏။
“အဖြေက အစစ်အမှန်ဒြပ်စင်ဂိုဏ်းလား...”
လင်းရှန်းရှဲ့က ဝမ်းနည်းမှုများနှင့် အတူ သက်ပြင်းချလိုက်၏။
“အဲဒါက ကျိန်စာကို ပယ်ဖျက်ဖို့ အတွက် ငါတို့ရဲ့ ကြိုးစားမှုလို့ပဲ ဆိုရမှာပေါ့လေ... လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ထောင်လောက်မှာ ထာဝရ ဧကရာဇ်ဟာ သူ့ရဲ့ အခြွေအရံတွေနဲ့ အတူ ရောက်ရှိလာခဲ့တယ်... သူတို့ထဲက တစ်ယောက်က ဟန်ရှဲ့လို့ ခေါ်တဲ့ လျှို့ဝှက် အာဏာရှင် အဆင့်ပဲ... သူက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာလည်း အစစ်အမှန် ဒြပ်စင် နန်းတော်ကို တည်ထောင်ခဲ့တယ်... သူက လင်းမျိုးနွယ်ရဲ့ ပြဿနာတွေ အတွက် အဖြေ ဖြစ်လာခဲ့တယ်... ဒီလိုနဲ့ လင်းမျိုးနွယ်ဟာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့နဲ့ သဘောတူညီမှု တစ်ခု ပြုလုပ်ပြီး ပေါင်းစပ် အင်အားစု တစ်ခုအနေနဲ့ အစစ်အမှန်ဒြပ်စင်ဂိုဏ်း မွေးဖွားလာခဲ့တယ်... ငါတို့က ဂိုဏ်းရဲ့ ခေါင်းဆောင်တွေ မဟုတ်တော့ပဲ ဟန်ရှဲ့နှင့် သူ့မျိုးဆက်တွေ လက်ထဲကို ကျရောက် သွားခဲ့တယ်”
“အဲဒီနောက် ဘာတွေ ဆက်ဖြစ်သေးလဲ...”
လင်းမင်း၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တလက်လက် တောက်ပနေ၏။ လင်းရှန်းရှဲ့က သက်ပြင်းတစ်ချက် ချရင်း ဖြူရော်စွာ ပြုံးလိုက်သည်။
“ဒြပ်စင်နယ်မြေထဲမှာ ရှိတဲ့ အင်အားစုတွေက အဲဒါကို လက်မခံ ခဲ့ကြဘူးလေ... သူတို့က လင်းမျိုးနွယ်က လွဲလို့ ဘယ်မျိုးနွယ်ကိုမှ ဒြပ်စင် နယ်မြေရဲ့ အရှင်သခင်တွေ အဖြစ် လက်မခံခဲ့ကြဘူး...”
“အကြောင်းပြချက်က ရှင်းလင်းပါတယ်... အင်ပါယာ ကလန်ရဲ့ ကျိန်စာထဲမှာ လင်းမျိုးနွယ် ခေါင်းဆောင် အဖြစ် တည်ရှိနေသရွေ့ဆိုတဲ့ အချက် ပါဝင်နေတာ ကြောင့်ပဲ... အဲဒီ အချက်အရဆိုရင် လင်းမျိုးနွယ် ခေါင်းဆောင်နေရာက ဖယ်ခံရတာနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု ဆယ်ရာခိုင်နှုန်းကလည်း လုံးဝ နစ်မြုပ်သွားတော့မှာလေ...”
“ဒီလိုနဲ့ ဒြပ်စင် နယ်မြေထဲမှာ ရှိတဲ့ အင်အားစုတွေဟာ လင်းမျိုးနွယ်ကို ခေါင်းဆောင် အဖြစ် ဆက်ထားဖို့ စစ်ပွဲကြီး တစ်ခု စ ဆင်နွှဲခဲ့ကြတော့တယ်... “
“သူတို့ နိုင်သွားလား...”
လင်းမင်က မေးလိုက်၏။
“အင်း... သူတို့ နိုင်သွားတယ်”
***