← Chapters

ထာဝရ အမှတ်အသား

Vol. 45 Ch. 622

ထာဝရ အမှတ်အသား

Vol. 45 Ch. 622

လင်းမင်မှာ ဇဝေဇဝါ ဖြစ်ကာ လုံးဝ ဆွံ့အသွား၏။ မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်းပင် သူ မသိတော့ချေ။ ထိုဖြစ်စဥ်ကြီး တစ်ခုလုံးက ရှုပ်ထွေးလွန်းကာ များစွာသော အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေသည်။

လင်းမျိုးနွယ်က ကျောက်စိမ်းဒြပ်စင်ဂိုဏ်း၏ ‌ခေါင်းဆောင်ဆိုလျှင် အဘယ်ကြောင့် ကပ်ပါး အင်အားစုများကို ရှုံးနိမ့်ရသနည်း။ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကရော မည်သည့်နေရာသို့ ရောက်နေသနည်း။

လင်းရှန်းရှဲ့မှာ လင်းမင်၏ ရှုပ်ထွေးသော အတွေးများကို ရိပ်မိဟန်ကာ ဆက်လက် ရှင်းပြလိုက်၏။

“အဲဒီ အချိန်တုန်းက ဆရာက လျှို့ဝှက် အာဏာရှင် အဆင့်နှစ်မှာပဲ ရှိနေသေးတာ.. စစ်ပွဲထဲ ဝင်မတိုက်ဘူး... သူ ဝင်တိုက်တဲ့ အကြိမ်က လက်ချိုး ရေလို့ရတယ်... ဒါပေမဲ့ အစစ်အမှန် ဒြပ်စင်ဂိုဏ်း တစ်ခုလုံးကတော့ မီးကုန်ယမ်းကုန် သုံးပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်”

“ဒါတောင်မှ သူတို့ အနိုင်ရရှိခဲ့တယ်... ငါတို့ လင်းမျိုးနွယ်က ခေါင်းဆောင် ထိုင်ခုံကို အတင်းအကြပ် ပြန်ယူ ခဲ့ရပြီး အဲဒီ ကပ်ပါးကောင်တွေရဲ့ ခြောက်သွေ့တဲ့ အထိ စုပ်ယူတာကို ခံခဲ့ရတယ်... ဘာမှ မတတ်နိုင်ခဲ့ဘူး... ငါတို့ ဘိုးဘေးတွေရဲ့ မိုက်မဲမှုကတော့ တကယ် စံတင်လောက်တယ်... ‌ရေတိုကိုပဲ တွေးတဲ့ အမှိုက်တွေ...”

လင်းရှန်းရှဲ့၏ အမူအရာက မှုန်ကုပ်နေကာ လေသံမှာ ပြင်းထန်လာ၏။ ထိုဘိုး‌ဘေး ဆိုသူများအား သူမ မုန်းတီးနေသည်မှာ ထင်ထင်ရှားရှားပင်။

လင်းမင်က သက်ပြင်းတစ်ချက် ချလိုက်၏။ မိန်းကလေး မုန်းမည်ဆိုလည်း မုန်းစရာပင် ဖြစ်သည်။ ထိုလိပ်ကြီးများမှာ မျိုးဆက်တစ်ခုလုံးကို သက်ရောက်စေသည့် ကျိန်စာအား ကျိန်ဆိုလောက်အောင် မိုက်မဲကြသူများ ဖြစ်သည်။

“ဒါပေမဲ့ ကျွန်တော် နားမလည်တာ တစ်ခုက ဘာလို့ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ကိုပဲ လင်းမျိုးနွယ်က ရွေးချယ်ခဲ့တာလဲ... စီနီယာ အမ ပြောသလိုဆို သူက လျှို့ဝှက် အာဏာရှင် အဆင့်နှစ်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား... သူ့ထက် ပိုပြီး အဆင့်မြင့်တဲ့လူတွေကို ဘာလို့ မရွေးချယ်ခဲ့တာလဲ”

လင်းရှန်းရှဲ့မှာ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဘာလို့လဲ ဆိုတော့ ဆရာ့ရဲ့ နောက်မှာ ထာဝရ ဧကရာဇ် ရှိနေလို့ပဲ... အဲဒီခေတ်တုန်းက သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေတောင် သူ့ရဲ့ ပါရမီက ကြောက်ဖို့ ကောင်းတယ်လို့ ခန့်မှန်းခဲ့ကြတယ်... အဆုံးမဲ့ ကောင်းကင်ကို စဝင်လာတဲ့ အချိန်တည်းက တစ်လောကလုံးရဲ့ အမွေအနှစ် ဖြစ်လာမယ့် အဂ္ဂိရတ် ထုတ်ကုန်တွေကို သူက သယ်ဆောင်လာခဲ့တာလေ... နောက်ပြီး အဲဒီ ထုတ်ကုန် အားလုံးကလည်း သူ ကိုယ်တိုင် ဖန်တီးထားတွေတာ ချည်းပဲ”

“အဆုံးမဲ့ ကောင်းကင်ကို စခြေချကတည်းက ထာဝရ ဧကရာဇ်ဟာ ကြယ်တစ်စင်းလို တောက်ပနေပြီးသား... ရာစုနှစ် အနည်းငယ်လောက် အတွင်းမှာတင်ပဲ သူက လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားပြီး လေးစားမှုတွေကို ရနေပြီ”

“ဆန်းကြယ် ဧကရာဇ်ကြောင့်ပဲ ထာဝရ ဧကရာဇ်ဟာ ပြဿနာတွေထဲ ဝင်လာခဲ့တယ်... သူက ကပ်ပါး အင်အားစုတွေနဲ့ စကားပြောပြီး သဘောတူညီမှု တစ်ခု ရယူနိုင်ခဲ့တယ်... သူ ဘယ်လိုတွေ ဆွေးနွေးခဲ့တယ်၊ နောက်ပြီး သူတို့က ဘာကြောင့် သဘောတူခဲ့တယ် ဆိုတာတော့ ငါလည်း မသိဘူး... ဒီလိုနဲ့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းနဲ့ အခြား အင်အားစုတွေ ကြားမှာ သဘောတူညီမှု သုံးခု ရရှိလာခဲ့တယ်...”

“ပထမဆုံး တစ်ခုက အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲမှာ လျှို့ဝှက် အာဏာရှင် အဆင့်ငါး၊ လောက ရှန့်ထို တစ်ပါး မွေးဖွားလာတာနဲ့ အဲဒီ ပုဂ္ဂိုလ်က လင်းမျိုးနွယ် သွေးမျိုးဆက်ကို အလိုအလျောက် အစားထိုးသွားမယ် ဆိုတာပဲ... ချွင်းချက် အနေနဲ့ အဲဒီ ပုဂ္ဂိုလ်က လင်းမျိုးနွယ်တော့ ဖြစ်လို့ မရဘူးပေါ့လေ”

လင်းမင်၏ နှလုံးသားက တုန်ရီသွား၏။

လောကရှန့်ထို...

ထိုအရာက ကြယ်တာရာ နယ်မြေ၏ အစွမ်းအထက်ဆုံး အဆင့် မဟုတ်ပါလား။ လင်းမင်မှာ နှုတ်ခမ်းများ ခြောက်သွေ့လာသလိုပင် ခံစားလိုက်ရ၏။

လင်းရှန်းရှဲ့က ဆက်ပြောလိုက်လေသည်။

“ဒုတိယ အချက်က လင်းမျိုးနွယ်ရဲ့ လူတစ်ယောက်ယောက်က လောကရှန့်ထို ဒါမှမဟုတ် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်ရဲ့ တာအို လက်တွဲဖော် ဖြစ်လာခဲ့ရင် ဆိုတဲ့ အချက်ပဲ... ပထမ တစ်ခုလို အဲဒါကလည်း မဖြစ်နိုင်လောက်အောင်ပါပဲ”

“တတိယ တစ်ခုက အရေးအကြီးဆုံးလို့ ဆိုနိုင်တယ်... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ထာဝရ ဧကရာဇ်က ဦးစီး ပြုလုပ်တဲ့ အသက် ငါးရာအောက် ရွေးချယ်ခံ ပြိုင်ပွဲတစ်ခု ရှိတယ်... မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးက အတောက်ပဆုံး ထိပ်တန်း ပါရမီရှင်တွေ ဝင်ပြိုင်ကြတဲ့ မဟာ ပြိုင်ပွဲကြီးပေါ့လေ... ဆုကြေးတွေဟာလည်း ကြောက်စရာကောင်းလောက်အောင်ကို မြင့်မားတယ်... တကယ်လို့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံက အဲဒီ ပြိုင်ပွဲမှာ အကြီးကျယ်ဆုံး ဆုကို သိမ်းပိုက်နိုင်ခဲ့မယ် ဆိုရင် သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်... လင်းမျိုးနွယ်ကတော့ ခေါင်းဆောင် နေရာကနေ ဖယ်ပေးရမှာပေါ့လေ”

“...”

လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။ ရွေးချယ်ခံ... ကြယ်တာရာ နယ်မြေ တစ်ခုလုံး၏ ရွေးချယ်ခံ...။

သို့ပေမဲ့ သူ နားမလည်နိုင်သည့် အရာ ရှိနေသေးဆဲ ဖြစ်သည်။

“ထာဝရ ဧကရာဇ်က အံ့အားသင့်ဖို့ ကောင်းတယ် ဆိုရင်တောင် သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပဲ မဟုတ်ဘူးလား... ဘာလို့ အဲဒီလောက် လေးစားခံရတာလဲ... နောက်ပြီး အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ဒါဇင်နဲ့ချီတဲ့ အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ ရှိသေးတယ် မဟုတ်ဘူးလား... သူ့ထက် ပိုအသက်ကြီးပြီး ပိုအတွေ့အကြုံများတဲ့ အဂ္ဂိရတ် ပညာရှင်တွေလိုမျိုးလေ”

ထာဝရ ဧကရာဇ်က အဘယ်ကြောင့် ထိုမျှ လေးစားမှုများ ရရှိနေသည်ကို သူ နားမလည်နိုင်ချေ။ အဂ္ဂိရတ် ပညာရှင်များမှာ အရေးကြီးသည် ဆိုသည့်တိုင် သူတို့က အစစ်အမှန် ခေါင်းဆောင်များ မဟုတ်ချေ။ မြေကြီး ရှန့်ထိုများသာ ဖြစ်သည်။ သေမျိုးများ အတွက် အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ပေးနိုင်ရုံမျှနှင့် ထိုသက်တမ်းရှည် ရှန့်ထိုကြီးများကို မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။

လင်းရှန်းရှဲ့က စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ အဂ္ဂိရတ် ပညာရှင်များနှင့် ပတ်သက်၍ ထိုလူငယ်၏ သဘောထားကို မည်ကဲ့သို့ ချဥ်းကပ်ရမည်မှန်း သူမ မသိတော့ချေ။

လင်းမင်မှာ ပြင်ပရင်းမြစ်များထက် ပါရမီနှင့် ခွန်အားတို့က သာ ပိုမို၍ အရေးကြီးသည် ဟူသော အယူဝါဒကို ဆွဲကိုင်ထားသူ တစ်ယောက် ဖြစ်သည်။ တစ်နည်းအားဖြင့် သူ မမှားပါချေ။ သို့သော်လည်း လုံးလုံးကြီး မမှန်ပြန်ချေ။

“အဲဒီခေတ်တုန်းက သေမျိုး အဂ္ဂိရတ် အာဏာရှင် ဒါဇင်နဲ့ ချီပြီး ရှိခဲ့တယ် ဆိုတာ အမှန်ပဲ... ဒါပေမဲ့ ထာဝရ ဧကရာဇ်က သူ့ခြေလှမ်းတွေကို အဲဒီမှာပဲ ရပ်မနေခဲ့ဘူးလေ... လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးထောင်၊ ကြယ်တာရာ နယ်မြေကနေ ပျောက်ကွယ် မသွားခင် အချိန်ကလေးမှာ သူက တန်ခိုးရှင် အင်အားစု တစ်ခုဖြစ်တဲ့ နတ်ဘုရားဆေးလုံး အစည်းအရုံးကို သိမ်းပိုက်ပြီး ထာဝရ အစည်းအရုံး ဆိုပြီး နာမည် ပြန်ပေးခဲ့တယ်”

“ဒါတင် မကဘူး... ထာဝရ ဧကရာဇ်က အစစ်အမှန် အဂ္ဂိရတ် အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်ကြောင်း လောကကြီးကို ကြေညာခဲ့တယ်... သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ကျော်လွန်နိုင်ခဲ့တဲ့ ကြယ်တာရာ နယ်‌မြေရဲ့ ပထမဆုံး အဂ္ဂိရတ် ရှန့်ထိုပဲ”

လင်းမင်၏ စိတ်တစ်ခုလုံးမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက် သွား၏။ ထာဝရ ဧကရာဇ်က ကြယ်တာရာ နယ်မြေ၏ ပထမဆုံး တန်ခိုးရှင် အဆင့် အဂ္ဂိရတ် ပညာရှင် ဖြစ်လာခဲ့သည်လော။ အံ့သြစရာ မရှိတော့ချေ။

“ပြိုင်ပွဲ အတွက် သူ ချန်ခဲ့တဲ့ ဆုလာဒ်တွေထဲမှာ တန်ခိုးရှင် အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေပါ ပါတယ်... ပြောစကားတွေ အရဆို ဆုလာဒ်တွေထဲမှာ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့်ကို ပေးစွမ်းနိုင်တဲ့ ထာဝရ ခြေချခြင်း ဆေးလုံးတောင် ပါတယ်တဲ့... အဲဒါတွေတင် မကဘူး... ထာဝရ ဧကရာဇ်က လောကရှန့်ထို တစ်ယောက် ဖြစ်လာစေဖို့ လျှို့ဝှက်ချက်တွေ ပါဝင်နေတဲ့ ပစ္စည်းတစ်ခုကိုလည်း ထားခဲ့သေးတယ် လို့ ပြောဆို နေကြတယ်”

“အဲဒီဆုလာဒ်တွေကြောင့်ပဲ ကြယ်ကွင်းပြင် တစ်ခုလုံးက ထာဝရ ဧကရာဇ်ရဲ့ ရွေးချယ်ခံ စနစ်ကို လက်ခံပြီး ကြောက်ဖို့ကောင်းတဲ့ ပါရမီရှင်တွေ ဖန်တီးဖို့ ကြိုးစားခဲ့ကြတာပဲ... “

“ ... “

လင်းမင်မှာ လုံးဝ ငြိမ်သက်သွား၏။ လင်းရှန်းရှဲ့၏ ရှင်းပြမှုကို နားထောင်ပြီး နောက်၌ သူ ထာဝရ ဧကရာဇ်ကို မလေးစားပဲ မနေနိုင်တော့ချေ။ အဂ္ဂိရတ် တာအို တစ်ခုဖြင့် တစ်လောကလုံးကို ထိန်းချုပ်ခြင်း... ကြောက်ဖို့ ကောင်းလွန်းသည်။ တကယ့်ကို ကြောက်ဖို့ ကောင်းလွန်းသည်။

“ဒါနဲ့ စီနီယာ အမ... သူက ဘယ်လို လုပ်ပြီး ပျောက်သွားတာလဲ...”

ဆယ်မိနစ်ခန့်မျှ ငြိမ်သက်ပြီး နောက်၌ လင်းမင်က မေးလိုက်သည်။ လင်းရှန်းရှဲ့က တိတ်တဆိတ်ပင် အဝေးဆီသို့ လှမ်းမျှော်ငေး လိုက်၏။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။

“အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာဆိုတဲ့ အကြောင်း ကြေညာပြီး သိပ်မကြာခင်မှာပဲ သူ ပျောက်ကွယ် သွားခဲ့တာ... သူ ဘယ်ကို သွားတယ် ဆိုတာကို ဘယ်သူမှ မသိကြဘူး... ဒါပေမဲ့ သူ့နောက်ကို လိုက်ကြတဲ့ အား၊ ရီ၊ စန်း ထာဝရ မျိုးနွယ် သုံးခုနဲ့ ဆရာတို့ကတော့ ကျန်ခဲ့တယ်”

“ဒါဆို သူက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ တစ်ဦးတည်းသော အဂ္ဂိရတ် ရှန့်ထို့ပေါ့... ဟုတ်လား စီနီယာ အမ...”

လင်းမင်က စိတ်ဝင်တစားပင် မေးလိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကျယ်ကြီး၏ အဂ္ဂိရတ် တာအို အကန့်အသတ်က မည်ရွေ့မည်မျှ ဖြစ်သည်ကို သူ သိလိုပေသည်။

လင်းရှန်းရှဲ့က ခေါင်းခါလိုက်၏။

“ထာဝရ ဧကရာဇ်က ပထမဆုံး ဆိုပေမဲ့ နောက်ဆုံးတော့ မဟုတ်ခဲ့ဘူး... သူက လမ်းကြောင်း တစ်ခုကို ဖောက်ပြီး အခြားလူတွေ အတွက် အမွေအနှစ်ကို ချန်ရစ်ခဲ့တယ်... ငါတို့ရဲ့ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကြီးမှာ အဂ္ဂိရတ် ရှန့်ထို အဖြစ် ကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီး သုံးယောက် ရှိတယ်”

“ပထမဆုံး တစ်ယောက်က မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုပဲ... အင်ပါယာ ကလန်သား တစ်ယောက် ပေါ့လေ... ပြောစကားတွေ အရဆိုရင် သူ(မ) က ထာဝရ ဧကရာဇ်ရဲ့ တပည့် တဲ့... ဒါပေမဲ့ ဘယ်သူမှ အဲဒါကို အတည် မပြုနိုင်ပါဘူး”

“ဒုတိယ တစ်ယောက်တော့ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ အလွန်၊ ကြယ်ကိုးစင်း ရှန့်ထို ခန်းမကို ဦးဆောင်တဲ့ အယ်နီယာခန်းမ အဂ္ဂိရတ် ရှန့်ထိုပဲ... ဝိညာဥ် လမ်းလျှောက်သူက အဲဒီ အင်အားစုကပေါ့”

“နောက်ဆုံး တစ်ယောက်ကတော့ ထာဝရ အစည်းအရုံးက ထာဝရ နတ်ဘုရား ဆေးလုံး အဂ္ဂိရတ် ရှန့်ထိုပဲ... သူက ထာဝရ အစည်းအရုံးလို့ နာမည် မပြောင်းခင် နတ်ဘုရားဆေးလုံး အစည်းအရုံးရဲ့ ခေါင်းဆောင်ဟောင်း ဆိုလည်း ဟုတ်တယ်”

“ထာဝရ ဧကရာဇ် ရောက်မလာခင် အချိန် အထိ ငါတို့ရဲ့ သမိုင်းမှာ တန်ခိုးရှင် အဆင့် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်မှ မရှိခဲ့ဖူးဘူး... ဒါပေမဲ့ ထာဝရ ဧကရာဇ် ရောက်ရှိလာပြီးနောက်မှာ အဂ္ဂိရတ် ရှန့်ထိုတွေ မွေးဖွားလာရုံသာ မကပဲ လျှို့ဝှက် အာဏာရှင် အဆင့်တွေလည်း ပိုပြီး ပေါများ လာခဲ့တယ်... သူက ငါတို့ ကြယ်တာရာ နယ်မြေရဲ့ သမိုင်း အတွက်တော့ မှတ်တိုင်တစ်ခုပဲ... နောက်ပြီး လင်းမျိုးနွယ် အတွက် အခွင့်အလမ်း တစ်ခုကို ရှင်သန်စေခဲ့သူလည်း ဖြစ်တယ်”

လင်းရှန်းရှဲ့၏ စကားလုံးများက သဘာဝ အတိုင်း စီးဆင်းနေကာ ထာဝရ ဧကရာဇ် အပေါ် သူမ၏ သဘောထား အမှန်ကို လှစ်ဟာ ပြသနေသည်။

“...”

သူတို့ နှစ်ယောက်မှာ တိတ်တဆိတ်ပင် ခံစားချက်များထဲ ဆက်လက် နစ်မြုပ် နေခဲ့ကြ၏။ ဟင်းလင်းပြင် သင်္ဘောကတော့ ဆက်လက် ရွက်လွှင့်နေဆဲ ဖြစ်ကာ အခြား သင်္ဘောကြီး တစ်စင်းမှာ နောက်မှ ကပ်၍ လိုက်ပါ လာနေခဲ့သည်။ ၎င်းက တော်ဝင် ကလန် ရှစ်ခု အနက် တစ်ခုဖြစ်သည့် ထန်ရှင်းယွင်၏ ထန်ကလန်မှပင် ဖြစ်လေတော့သည်။

“ဆရာကရော အခု ဘယ်မှာလဲ...”

လင်းမင်က နောက်မှ လိုက်ပါလာနေသည့် သင်္ဘောကို လျစ်လျူကာ လင်းရှန်းရှဲ့ ဖြေဆိုရန် အမြဲတမ်း ရှောင်လွှဲနေသည့် မေးခွန်းကို မေးလိုက်၏။

မိန်းကလေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

“သူက တံခါးပိတ် ကျင့်ကြံနေတယ်...”

ခပ်တိုတို ဖြေပြီးနောက် လင်းရှန်းရှဲ့က အမှောင် ဟင်းလင်းပြင်ကို ကြည့်ကာ ကြေညာလိုက်၏။

“ကဲ... ငါတို့ ရောက်ပြီ...”

လင်းမင် အရှေ့ကို မျှော်ကြည့်လိုက်တော့ အလွန် လှပသော ကိုးရောင်ခြယ် ဂြိုဟ်ကြီး တစ်လုံးကို တွေ့မြင် လိုက်ရလေသည်။

ခြောက်လ ကြာမြင့်ပြီး နောက်ဆုံး၌ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို သူတို့ ရောက်ရှိခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters