← Chapters

အပြောင်းအလဲများ

Vol. 45 Ch. 623

အပြောင်းအလဲများ

Vol. 45 Ch. 623

ပြောင်းလဲမှု၏ သိမ်မွေ့သော ရေစီးကြောင်းများမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်လျှောက် ဖြတ်သန်း စီးဆင်းသွားကာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကြီး တစ်ခုလုံးကိုပါ အကျိုးသက်ရောက် သွားစေခဲ့သည်။ အထူးသဖြင့် ထာဝရ ကြယ်တာရာ နယ်မြေမှ အသစ် ရောက်ရှိလာ‌သူများထဲတွင် မျိုးနွယ် ကွဲများစွာ ပါဝင်နေခြင်းက မမျှော်လင့်ထားသည့် ပြောင်းလဲမှု တစ်ရပ် ဖြစ်သည်။

လောလောဆယ်၌ ထင်သာမြင်သာ မရှိလှသည့်တိုင် အချို့ လူများကတော့ ထိုအပြောင်းအလဲများမှာ လောကကြီးကို ကျိန်စာတိုက်လိမ့်မည် ဖြစ်‌ကြောင်း ခံစားနေရသည်။

ထာဝရ ကြယ်တာရာ နယ်မြေမှ ရောက်ရှိလာကြသူများ အနက် နတ်ဆိုးမျိုးနွယ်ဝင် အများစုမှာ လောက ကိုးပါး နယ်မြေတွင် နေထိုင်ကြကာ မထင်မရှား နေရာများတွင် အတတ်နိုင်ဆုံး ခိုအောင်း နေထိုင်ကြသည်။ အယ်ဗန်မျိုးနွယ်ဝင် အများစုကတော့ ထာဝရ နယ်မြေ အတွင်းရှိ အယ်ဗန်ဘေးမဲ့ဒေသသို့ ဝင်ရောက်ကြ၏။

တောင်ဝင်ကလန် ရှစ်ခုအနက် တစ်ခု ဖြစ်သော လျူကလန် အုပ်ချုပ်သည့် ကောင်းကင်ဆုတ်ဖြဲခြင်း နယ်မြေကတော့ မည်သည့် မျိုးနွယ်ကို မဆို လက်ခံသည့်တိုင် လူသားမျိုးနွယ် အပေါ် အလေးပေးမှုများက သိသာ ထင်ရှားစွာ ကွဲပြားနေဆဲ ဖြစ်သည်။

နတ်ဆိုးများမှာ လူသား၊ အယ်ဗန်များနှင့် ကွဲပြားသော မျိုးနွယ်များ ဖြစ်ကာ သူတို့ ရှင်သန် ကြီးထွားရန် အတွက် နတ်ဆိုးစွမ်းအင် ပြည့်နှက်နေသည့် ပတ်ဝန်းကျင်မျိုး လိုအပ်သည်။ ထို့ကြောင့်ပင် နယ်မြေ အသစ်မှာ သူတို့ အတွက် အကျွမ်းဝင်ရန် ခက်ခဲခဲ့ကာ အားနည်းသူများမှာ ထူးဆန်းသော ဖျားနာမှုများ၊ ကိုယ်ဝန် ပျက်ကျမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အချို့ နတ်ဆိုး ကလေးများ ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဆင့်ကဲ ပြောင်းလဲမှုများပင် ကြုံတွေ့ခဲ့ကြရသည်။

တစ်လခန့် ကြာမြင့်ပြီးနောက်တွင် ဒေသခံများ၏ စူးစမ်းလိုမှုနှင့် ဖော်ရွေမှုများမှာ ပျောက်ဆုံးသွားခဲ့ကာ မုန်းတီး ရွံရှာမှုများ အသွင် တဖြည်ဖြည်း ပြောင်းလဲသွားခဲ့သည်။ သုံးလခန့် အတောအတွင်းမှာပင် နတ်ဆိုး မျိုးနွယ်များမှာ အမျိုးမျိုးသော အင်အားစုများ၏ လူသားများနှင့် ဝေးရာသို့ နှင်ထုတ်မှုကို ခံခဲ့ရသည်။ ခုခံရန် ကြိုးစားသူတိုင်းမှာ ကံဆိုးစွာပင် ပျောက်ဆုံးသွားကြ၏။

အချို့က ရုပ်ပျက်ဆင်းပျက် နှိပ်စက်ခံထားရကာ ပျော့ခွေနေသည့် သူတို့၏ အလောင်းများကို ပြန်လည် တွေ့ရှိကြရ၏။ ဤသို့ဖြင့် သိုက်သိုက်ဝန်းဝန်းဖြင့် ပျော်ရွှင်ခဲ့ရသော နတ်ဆိုး မျိုးနွယ်ဝင်များမှာ ယခုတွင်တော့ သွားစရာ ဘုံပျောက်သည့် အဆိုးတကာ့ အဆိုးဆုံး ဘဝမျိုးကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး ရွှေရောင် အသက်နန်းတော် ဝင်ရောက် စွက်ဖက်ကာ ယာယီ နေရာများ ဖန်တီးပေးခဲ့သော အခါတွင်မှ ရက်စက် အကြမ်းဖက်မှုများက ရပ်တန့်သွားခဲ့သည်။

ထိုယာယီ နေရာများမှာ နတ်ဆိုးတို့၏ ကျင့်ကြံခြင်းနှင့် ကြီးထွားခြင်းတို့ အတွက် အထူး သင့်တော်သည့် နေရာများ ဖြစ်ကာ အကြမ်းဖက်မှုများကို ရှောင်ရှားရန် အတွက် လူသားတို့နှင့် ဝေးသော နေရာများ၌ တည်ရှိကြသည်။ တစ်ချိန်တည်း၌ ရွှေရောင် အသက်နန်းတော်က ရှေ့ဆက် အစီအစဥ်များ ချမှတ်ကာ ထိုအထဲတွင် ဂြိုဟ်များ ဖန်တီးပေး‌ရေးပင် ပါဝင်ခဲ့သည်။ မကြာခင်မှာပင် နတ်ဆိုးမျိုးနွယ်မှာ အယ်ဗန်တို့ ကဲ့သို့ သီသန့်ဂြိုဟ်နယ်မြေကို အပိုင်စားရသည့် မျိုးနွယ် တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

နတ်ဆိုးမျိုးနွယ် အတွက် ရွှေရောင် အသက်နန်းတော်၏ ကိုင်တွယ်မှုများက အချိန်ကာလတို အလွန်ပင် ထိရောက်လှ၏။ သူတို့က ပြဿနာကို ဖြေရှင်းရန် အတွက် လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် စေလွှတ်ခဲ့ကာ ဖြစ်ရပ်ကြီး တစ်ခုလုံးကို မျက်ကွယ် ပြုထားသည့် ထာဝရ အစည်းအရုံးထက် များစွာ သာလွန်ခဲ့သည်။

ရက်သတ္တပတ်များစွာ အတွင်းမှာပင် ရွှေရောင် အသက်နန်းတော်မှာ ဒေသခံများနှင့် ပြဿနာ အားလုံးကို အဆုံးသတ်ကာ မရေမတွက်နိုင်သည့် နတ်ဆိုးမျိုးနွယ်များကို ဆက်လက် ရှင်သန်စေခဲ့သည်။

သို့သော်လည်း နတ်ဆိုးများ အတွက် နေရာ ဖန်တီးရာ၌ ပြဿနာ တစ်ခုနှင့် ရင်ဆိုင်လာရပြန်သည်။ ထိုအရာက နတ်ဆိုး မျိုးနွယ် အရေအတွက် အလွန် များပြားခြင်း မဟုတ်သလို၊ နေထိုင်စရာ နေရာ ရှားပါးခြင်းလည်း မဟုတ်‌ချေ။ သူတို့အတွက် သင့်တော်သည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်ရန် တောင်းဆိုမှုက များပြားလွန်းအား ကြီးနေခြင်း ဖြစ်သည်။ ယာယီ နေရာများမှာ တာရှည်ခံလိမ့်မည် မဟုတ်ပါချေ။

ထိုပြဿနာကို ဖြေရှင်းရန် အတွက် လျှို့ဝှက် အာဏာရှင် အဆင့် လေးယောက် ကိုယ်တိုင် ပါဝင် လှုပ်ရှားကာ ကြယ်တာရာသခင် လေးဆယ့်ရှစ်ယောက်၊ အချိန်သခင် နှစ်ထောင့်လေးဆယ့် ခြောက်ယောက်၊ လောကသခင် သောင်ဂဏန်းတို့နှင့် အတူ ဂြိုဟ်တစ်ခုကို လေးလနီးပါး ကြာအောင် အပြင်း တည်ဆောက်ခဲ့ကြသည်။

ထိုဂြိုဟ်အတွက် ကုန်ကျစရိတ်မှာ အလွန်ပင် ကြီမားလွန်းလှ၏။ ၎င်းက အလယ်အလတ် အရွယ်အစား ရှိကာ ဂြိုဟ်၏ အမြုတေနှင့် လေထုအလွှာတို့က နတ်ဆိုးတို့ အတွက် လိုအပ်သည့် နတ်ဆိုးချီကို ထုတ်ယူ သန့်စင်ပေးလိမ့်မည် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် သီးသန့်ပတ်လမ်း တစ်ခုနှင့် အတူ ထိုဂြိုဟ်မှာ နတ်ဆိုးမျိုးနွယ် တစ်ခု သုခဘုံ တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ရွှေ‌ရောင် အသက်နန်းတော်က ယင်းဂြိုဟ်ကို ထာဝရ ကြယ်တာရာ နယ်မြေ၏ ထင်ရှားသော ပုံရိပ် နှစ်ခု ဖြစ်သည့် အသူရာ နတ်ဆိုးသခင်နှင့် အာရုဏ်ဦး ဧကရာဇ်တို့ကို အမှီသဟဲပြုကာ အသူရာ အာရုဏ်ဦးဂြိုဟ် ဟု နာမည်ပေးခဲ့သည်။

အခြားတစ်ဖက်၌ အယ်ဗန်မျိုးနွယ်စု၏ အခြေအနေက လုံးဝ ခြားနားခဲ့ပေသည်။ ထာဝရ နယ်မြေသားများ မရောက်ရှိလာခင်ကတည်းက အယ်ဗန် မျိုးနွယ်များမှာ အဆုံးမဲ့ ကောင်းကင်၏ နယ်မြေ ဆယ့်ခြောက်ခုလုံးတွင် ပျံ့နှံ့ နေထိုင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့က ဒေသခံများနှင့် မစိမ်းသည့် မျိုးနွယ် တစ်ခု ဖြစ်သည်။

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အယ်ဗန်မျိုးနွယ် အများစုမှာ ထာဝရ နယ်မြေထဲမှ အယ်ဗန်ဘေးမဲ့ ဒေသ၌ နေထိုင်ကြသည်။ ရွှေကျင်းက အယ်ဗန် ဘေးမဲ့ဒေသ၏ ဂိုဏ်းကြီး လေးဂိုဏ်းတွင် ဂြိုဟ်ကြီး လေးခု ရှိသည်ဟု ပြောခဲ့သည့်တိုင် ထိုအရာက အချက်အလက် အမှားသာ ဖြစ်သည်။ အမှန်တကယ်အားဖြင့် လေလေးစင်းနှင့် ဂြိုဟ်တစ်ခုသာ ဖြစ်သည်။ အယ်ဗန်မျိုးနွယ် တစ်ခုချင်းစီမှာ လတစ်ခုစီထက်၌ အခြေပြု နေထိုင်ကာ ကိုယ်ပိုင် အင်အားစုကို တည်ဆောက်ထားကြသည်။

သူတို့၏ နာမည်များက အဏ္ဏဝါလ၊ သစ်သားကုန်းမြေလ၊ မီးလျှံလနှင့် မီးခိုးရောင်လတို့ပင် ဖြစ်သည်။ တစ်ခုတည်းသော ဂြိုဟ်ကြီးကိုတော့ အယ်ဗန်မျိုးနွယ်ဝင် ရွှေအဆင့် အင်အားစု ဖြစ်သည့် အထွတ်အမြတ် အလင်းနန်းတော်က ထိန်းချုပ်ထားသည်။ ထိုနေရာ၌ မွေးဖွားသည့် အယ်ဗန်မျိုးနွယ်များကို တော်ဝင် မျိုးနွယ်များ ဟု ခေါ်ကာ ကြယ်တာရာ သခင် အဆင့်ကို ကျော်လွန်သော မျိုးဆက်မှ ပေါက်ဖွားလာကြသူများ ဖြစ်သောကြောင့် ရိုသေသမှုကို ခံကြရသည်။

အယ်ဗန်မျိုးနွယ်တွင် အဓိက ပြဿနာ နှစ်ခု ရှိသည်။ တစ်ခုက သူတို့၏ သမိုင်းကြောင်း တိုတောင်းခြင်း ဖြစ်သည်။ အယ်ဗန်မျိုးနွယ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ခုနစ်ထောင် ခန့်ကမှ ထာဝရ ဧကရာဇ်နှင့် အတူ ရောက်ရှိလာခြင်း ဖြစ်သည်။ မရောက်ခင် အချိန်အထိ သူတို့က အဆုံးမဲ့ ကောင်းကင်တွင် မတည်ရှိခဲ့ကြဖူးချေ။ ထို့ကြောင့်ပင် သူတို့မှာ ကြယ်တာရာ နယ်မြေ၏ သက်တမ်း အတိုဆုံး အင်အားစုများ ဖြစ်ကြပေသည်။

သက်တမ်းနုခြင်းနှင့် အတူ ဒုတိယမြောက်နှင့် အရေးအကြီးဆုံး ပြဿနာက မျိုးနွယ်၏ စုပေါင်း ခွန်အားမှာ အလွန် နိမ့်ပါးနေသေးခြင်း ဖြစ်သည်။ သက်တမ်း နှစ်ပေါင်း ခုနစ်ထောင် ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် အကြောင်းပြချက် တစ်ချို့ကြောင့် သူတို့က ယခုအချိန်အထိ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို မမွေးဖွားနိုင်သေးချေ။

သစ်သားကုန်းမြေလ၏ လေထုအလွှာ အပြင်ဘက်၌... အိုမင်း ရင့်ရော်နေသည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။ သူက ပါးစပ်ကို လက်ဖြင့် အုပ်ရင်း အဆက်မပြတ် ချောင်းဆိုးနေခဲ့သည်။ သို့သော်လည်း အမှောင် ဟင်းလင်းပြင် အတွင်းတွင် ဖြစ်လေရာ မည်သည့် အသံမှ ထွက်ပေါ် မလာခဲ့ချေ။

အတန်ကြာပြီးနောက်၌... လူအိုကြီး၏ ချောင်းဆိုးသံမှာ ရပ်တန့်သွား၏။ သူ၏ ဖြူရော်နေသော မျက်နှာကလည်း တစ်ဖန် ပြန်လည် သွေးရောင်သမ်းလာခဲ့သည်။ လူအိုကြီးက ညင်သာစွာပင် လက်ဝါးကို ဖြန့်လိုက်ရာ သိုလှောင် လက်စွပ် တစ်ကွင်း ပေါ်လာခဲ့သည်။ ၎င်း၏ မျက်နှာပြင်တွင်တော့ “အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးရဲ့ အယ်ဗန် ခေါင်းဆောင် အိယင်” ဟု ရေးထိုးထားသည်။

မာ့ကျန်း၏ ပျင်းရိ လေးဖင့်သော မျက်လုံးများက ဂြိုဟ်ရံ လလေးစင်းနှင့် အယ်ဗန်ဂြိုဟ်ထက်သို့ ကျရောက် သွားသည်။ သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေး သွားသော်လည်း မကြာခင်မှာပင် ပြန်လည် ပြေလျော့ သွားသည်။

“သူ့ရဲ့ မျက်နှာသာပေးမှုကို ရရှိဖို့ ဒီအယ်ဗန်တွေ ဘာဖြစ်လိမ့်မလဲ ဆိုတာ ငါ သိချင်နေပြီ... ကြည့်ရတာ ငါ့ရဲ့ အရိုးအိုကြီးတွေ အနားယူဖို့ နည်းနည်း ထပ်စောင့်ရဦးမယ့် ပုံပဲ”

ထို့နောက် သူ၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာပင် အောက်ရှိ လေထုထဲသို့ ဆင်းသက် သွားခဲ့၏။ အကယ်၍ သစ်သားကုန်းမြေလ ထက်ရှိ လူများသာ ရွှေရောင် အသက်နန်းတော်၏ တတိယ အုပ်ချုပ်ရေးမှူး မာ့ကျန်း ရောက်ရှိလာကြောင်းကို သိရှိခဲ့ပါက အလွန် စိတ်လှုပ်ရှားကာ မယုံကြည်နိုင်အောင် ဖြစ်သွားကြလိမ့်မည် ဖြစ်လေတော့သည်။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည့် အပြောင်းအလဲများမှာ အနာဂတ်ကို များစွာ အကျိုးသက်ရောက်စေလိမ့်မည် ဖြစ်သော်လည်း အရာအားလုံးကို ထိန်းချုပ်နေခဲ့သည့် တည်ရှိမှုကတော့ ကောင်းကင် တာအိုပင် ဖြစ်သည်။ သို့သော်လည်း... အချိန်ယန္တရား စီးဆင်းမှုတွင် မျှော်လင့်မထားသော ဖြစ်ရပ် အချို့ပါဝင်ခဲ့ကာ ၎င်းတို့က ကောင်းကင်တာအို၏ အစီအစဥ် အချို့ကို ထိခိုက်စေခဲ့ပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ကောင်းကင်တာအိုကတော့ ပုံမှန်အတိုင်း ဆက်လက် စီးဆင်းနေဆဲ ဖြစ်ကာ သူနှစ်သက်သူများကို ပံပိုး ကူညီနေဆဲ ဖြစ်ပေသည်။

***

All Chapters