← Chapters

ယီယွင်

Vol. 45 Ch. 624

ယီယွင်

Vol. 45 Ch. 624

အယ်ဗန် ဘေးမဲ့ ဒေသမှာ သီးသန့် နယ်မြေ တစ်ခု မဟုတ်ချေ။ ၎င်းက ထာဝရ နယ်မြေ နယ်မြေထဲတွင် တည်ရှိကာ ထာဝရ အစည်းအရုံး၏ ပံ့ပိုးမှုနှင့် ကာကွယ်မှုတို့ကို ရရှိထားသည့် ပိုင်နက် တစ်ခု ဖြစ်သည်။ ဤသို့နှင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် ထာဝရ အစည်းအရုံး၏ အယ်ဗန်မျိုးနွယ် အပေါ် ကာကွယ်မှုက ယခင်အတိုင်း ဆက်လက် ရှိနေဆဲ ဖြစ်သည့်တိုင် ပံ့ပိုးမှု အပိုင်းတွင်တော့ လျော့ကျလာခဲ့သည်။ သူတို့က အယ်ဗန်မျိုးနွယ်များမှာ ပါရမီ နိမ့်ကျကြပြီး ထိပ်တန်း ရင်းမြစ်များကို ဖြုန်းတီးပစ်ရန် မထိုက်တန်ဟု ယူဆ ခဲ့ကြသည်။

သူတို့က အယ်ဗန်မျိုးနွယ်၏ ဂြိုဟ်ရံလ လေးစင်းနှင့် ပင်မဂြိုဟ်တို့ကို အမျိုးမျိုးသော ရင်းမြစ်များ အတွက် စိုက်ပျိုးမြေ တစ်ခု အဖြစ် အသုံးပြုရန်ပင် ဆုံးဖြတ်ခဲ့ကြသည်။ အဏ္ဏဝါလမှာ လျှို့ဝှက်ရေ ထုတ်လုပ်ရန် အတွက် အသုံးပြုခဲ့ကာ သစ်သားကုန်းမြေလကိုတော့ ဆေးဖက်ဝင် အပင်များ စိုက်ပျိုးရန် အသုံးပြုခဲ့သည်။ တစ်ချိန်တည်း၌ မီးလျှံလနှင့် မီးခိုးရောင်လတို့တွင်လည်း သတ္တုများကို ထုတ်လုပ်ခဲ့ကြသည်။

ထိုလုပ်ငန်းခွင်များမှာ အယ်ဗန်မျိုးနွယ်များကို အဆက်မပြတ် ဝင်ငွေများ ရရှိစေခဲ့ကာ သူတို့ အတွက် ကောင်းချီးတစ်ခုလို ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် အယ်ဗန်မျိုးနွယ်များမှာ ငွေအဆင့် အင်အားစုများထက်ပင် ပိုမို၍ ချမ်းသာလာခဲ့ကာ ခြုံငုံ၍ ကြည့်ရလျှင် သူတို့၏ လက်ရှိ အခြေအနေက လူသားမျိုးနွယ်၏ သာမန် ရွှေအဆင့် အင်အားစုများနှင့်ပင် နှိုင်းယှဥ်နိုင်သည်။

သစ်သားကုန်းမြေလကို နယ်မြေ လေးခုနှင့် စီရင်စုနယ် ကိုးခု ခွဲခြားထား၏။ စီရင်စုနယ် တစ်ခုချင်းစီတွင် ဒါဇင်နှင့်ချီသည့် မြို့များ၊ ရွာကြီးများနှင့် ဖွံ့ဖြိုးတိုးတက်ပြီး မြို့တော် အချို့ပင် ပါရှိသည်။ စီရင်စု တစ်ခုချင်းစီ၏ မြို့တော်ကြီးများမှာ ယဥ်ကျေးမှု ထွန်းကားလှကာ သေမျိုး လောက၏ ရွှေခေတ်နှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိပေသည်။

ထိုကဲ့သို့ နယ်မြေလေးခုထဲရှိ စီရင်စုနယ်တစ်နယ်တွင် ဝက်သစ်ချ ဟု ခေါ်သည့် ရွာငယ်လေး တစ်ရွာ ရှိ၏။ အသေးစား ကောင်းကင်ယာဥ်များ၊ ပင်လယ် သင်္ဘောများ တည်ဆောက်ရာတွင် မကြာခဏ ဆိုသလို အသုံးပြုသည့် ပြိုင်စံရှား ကြယ်တာရာ ဝက်သစ်ချပင်များကို ပျိုးထောင် ရိတ်သိမ်းရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခဲ့ခြင်း ဖြစ်သဖြင့် ထိုကဲ့သို့ နာမည် ပေးထားခြင်း ဖြစ်သည်။

ဝပ်သစ်ချရွာ၏ အပြင်ဘက်တွင်တော့ အလွန်ပင် ကျယ်ပြန့်လှသည့် သီးနှံစိုက်ခင်းကြီး ရှိကာ ပလုံစီအာလူး ဟု ခေါ်သည့် အထူး ‌ကောက်ပဲသီးနှံ တစ်မျိုးကို စိုက်ပျိုးကြသည်။ ထိုကောက်ပဲသီးနှံထဲတွင် ခန္ဓာကိုယ် အတွက် အလွန် အာဟာရ ဖြစ်ထွန်းသည့် ပလုံစီရည် တစ်မျိုး ပါရှိသည်။ ရှင်းလင်းကာ ပြန့်ပြူးနေသည့် မြင်ကွင်း အရ ပလုံစီအာလူး စိုက်ခင်းကြီးမှာ မကြာသေးခင်ကမှ ရိတ်သိမ်းထားကြောင်း သိသာလှသည်။

သို့သော်လည်း.. လွှမ်းခြုံ ရိတ်သိမ်းသည့် နည်းစနစ်ကြောင့် သေချာစွာ လိုက်၍ ရှာဖွေလျှင် အကြွင်းအကျန် ပလုံစီ အာလူးများ ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ကံကောင်းလျှင် အရွယ်အစား အလွန် ကြီးမားသည့် အာလူးကြီးများကိုပင် ရှာတွေ့နိုင်သည်။ ထို့ကြောင့်ပင် ရွက်ကြမ်းရေကြို ဝတ်ဆင်ထားသည့် များစွာသော လူများမှာ ခြင်းတောင်းများကို ကျောတွင်ပိုးလျှက် ကွင်းပြင်ကြီး အတွင်း လျှောက်ကာ ကောက်သင်း ကောက်နေကြပေသည်။

ထိုအထဲ၌ အသက် ဆယ့်ခြောက်နှစ်ခန့် ရှိသည့် ကလေးမျက်နှာနှင့် အပြာရောင် မျက်လုံးများ ပိုင်ရှင် လူငယ်လေး တစ်ယောက်လည်း အပါအဝင်ပင် ဖြစ်သည်။ သူက ကျန်းမာ၍ သဘာဝ အတိုင်း တောက်ပနေသည့် အသားအရေကို ပိုင်ဆိုင်ထားကာ လောကဓံ၏ လက္ခဏာ အဖြစ် သူ့လက်များကတော့ ကြမ်းတမ်း နေခဲ့လေသည်။ နေမင်း၏ ရောင်စဥ်တန်းများ အောက်တွင် သူ၏ ခပ်တိုတို အနက်ရောင် ဆံပင်က ရွှေဖြူရောင်ပင် ဟပ်နေခဲ့၏။

“ရေး... ဟေး... မင်းက တော်တော်ကြီးတာပဲ...”

လူငယ်လေးမှာ ကြီးမားသော ပလုံစီ အာလူး တစ်လုံးကို တွေ့ရှိလိုက်ရရာ စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်၏။ ကံကောင်းသည်ဟု ခံစားလိုက်ရသဖြင့် ခြင်းတောင်းထဲသို့ မထည့်ခင် အာလူးကို အနမ်းတစ်ပွင့်ပင် ခြွေလိုက်သည်။

“ဒါဆို ငါတို့ သုံးယောက်စာ ညစာစားဖို့ လုံလောက်ပြီ”

တောက်ပစွာ ပြုံးလိုက်ရင်း သူက ရှေ့သို့ ဆက်လက် ရွေ့လျားသွား၏။

ထိုလူငယ်လေး၏ နာမည်ကတော့ ယီယွင်ပင် ဖြစ်သည်။ ပုံမှန်အာဖြင့် သူက ဆေးပင် စိုက်ပျိုးသည့် အလုပ်ကို လုပ်ကိုင်ကာ ယခုလို ကောက်ရိတ်သိမ်း ရာသီမျိုးတွင်တော့ အခြားလူများနှင့် အတူ လိုက်၍ ကောက်သင်း ကောက်လေ့ ရှိသည်။ ထိုအရာက သူ့အတွက်တင် မကပဲ အိမ်တွင် ရှိနေသည့် အမေနှင့် ညီမလည်း အတွက်လည်း ပါဝင်ပေသည်။

“နောက်ထပ်တစ်ခု တွေ့ပြန်ပြီဟေ့...”

ကြည့်ရသည်က သည်နေ့ ယီယွင် အတော်လေး ကံကောင်းနေပုံ ပေါ်သည်။ သူက ပလုံစီ အာလူးကို ချစ်မြတ်နိုးစွာ နမ်းရှိုက်ရင်း ခြင်းတောင်းထဲ ထည့်လိုက်ပြန်၏။

ပုံမှန်အားဖြင့် သူနှင့် အခြား ရွာသားများမှာ ကြိုတင် ဝေစုခွဲထားသည့် နေရာများတွင်သာ ကောက်သင်း ကောက်ကြရကာ ရှာဖွေ တွေ့ရှိပါက ကိုယ့်ထိုက်နှင့် ကိုယ့်ကံသာ ဖြစ်သည်။ ယခု အခြားလူများ တစ်လုံးမှ ရှာမတွေ့သေးချိန်တွင် နှစ်လုံးထိ ရရှိထားလေရာ ယီယွင်မှာ ထိုအခြေအနေကိုအတော်လေး ကျေနပ် နေခဲ့သည်။

“ယွင်လေး...”

ယာခင်းပြင်ထဲတွင် လမ်းလျှောက်ရင်း နူးညံ့ သိမ်မွေ့သည့် အသံတစ်ခုကို ယီယွင် ကြားလိုက်ရ၏။ သူက အသံလာရာသို့ လှမ်းကြည့်လိုက်ရာ အသက်လတ် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရလေသည်။ ယီယွင်က ပြုံးလိုက်ရင်း ပြန်လည် လက်ဝှေ့ယမ်း ပြလိုက်၏။

“အဒေါ်ပန်း...”

အဒေါ်ပန်းမှာ သူနှင့် ဆွေမျိုး မတော်သည့်တိုင် ညီမလေးနှင့် မိခင် ဖြစ်သူတို့ အပေါ် ကောင်းသဖြင့် ယီယွင်က ရင်းရင်းနှီးနှီးပင် ဆက်ဆံသည်။

အဒေါ်ပန်းက ယီယွင်ထံသို့ တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့ကာ သူမ၏ မျက်လုံးများက ဂဏှာမငြိမ်စွာ ရွေ့လျားသွားသည်။ ယီယွင်က ထိုအရာကို သတိထားမိသည့်တိုင် ပြုံးပြကာ နှုတ်ဆက်လိုက်၏။

“ဘာကိစ္စရှိလို့လဲ အဒေါ်ပန်း...”

ဝတ္တရား အရ မေးလိုက်သည့်တိုင် အဒေါ်ပန်း၏ ရည်ရွယ်ချက်ကို ရိပ်မိခဲ့ပြီး ဖြစ်ပေသည်။ သူမ၏ ခြင်းတောင်းထဲတွင် ဘာပလုံစီ အားလူးမှ ရှိမနေချေ။ ရှင်းလင်းစွာပင် သူမ မှားယွင်းသော နေရာကို ရွေးချယ်၍ ကောက်သင်း ကောက်မိခြင်း ဖြစ်သည်။

“ယွင်လေး.. နင်ဒီနေ့ အတော်လေး ရထားတဲ့ ပုံပဲ... ကောင်းတယ် ကောင်းတယ်”

သူမက ယီယွင်၏ ခြင်းထောင်းထဲရှိ အာလူး လေးလုံးကို စိုက်ကြည့်ရင်း ပြောလိုက်၏။ ထိုအထဲမှ တစ်ခုက အရွယ်အစား အတော်လေး ကြီးပေသည်။

"ကျွန်တော် နည်းနည်း ကံကောင်းသွားလို့ပါ”

ယီယွင်မှာ ဆက်လက် ပြုံးနေဆဲ ဖြစ်သည်။ သူက ထိုကဲ့သို့ ချီးမြှောက်ခံရသည့် အပေါ် အနည်းငယ် ရှက်ရွံ့နေပုံ ပေါ်သည်။

“အဒေါ်ကတော့ တကယ့်ကို ဘူပိတ်နေတာပါပဲကွယ်...”

အဒေါ်ပန်းက အစချီလိုက်ရင်း အိမ်ထောင်ရှင်မ တစ်ယောက် အနေဖြင့် ရုန်းကန်နေရပုံ အကြောင်းကို စတင် ဖောက်သည်ချလေတော့သည်။ တစ်ချိန်တည်း၌ သူမက ကြားဖြတ်၍ ယီယွင်၏ အမေနှင့် ညီမလေးကိုလည်း မည်ကဲ့သို့ စေတနာ ထားကြောင်း ကြေညာ မဖြစ်မနေ ထည့်ရသေး၏။

ယီယွင်မှာ အဒေါ်ပန်း ပြောသမျှကို စိတ်ရှည်စွာပင် နားထောင် ပေးနေခဲ့၏။ အယ်ဗန်တို့၏ နှလုံးသားက တစ်ကိုယ်ကောင်းစိတ် ကင်းမဲ့သည့် အပြင် သူ၏ ဆန္ဒက မိခင်နှင့် ညီမလေးတို့ကို ပတ်ဝန်းကျင်နှင့် အဆင်ပြေစေချင်သူ ဖြစ်သည်။

“အဒေါ်ပန်း... ဒီမှာ ကျွန်တော်ရဲ့ စေတနာလေးကို လက်ခံပေးပါ...”

အဆုံးသတ်၌ သူက ခပ်သေး‌သေး အာလူး သုံးလုံးကို ပေးအပ်ကာ တောက်ပသော အပြုံးနှင့် ထွက်ခွာ သွားခဲ့တော့သည်။ သူ၏ ခြေလှမ်းများက အိမ်ဆီသို့ပင် ဖြစ်၏။

အန်တီပန်းက ပိန်လှီလှီ အာလူးများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် ယီယွင် လျှောက်လှမ်းသွားသည့် အရပ်မျက်နှာကို ကြည့်ကာ သူမ၏ မျက်လုံးများက မကျေချမ်းမှုများနှင့် ပြည့်နှက် လာသည်။ အဆုံးသတ်၌ သူမက နှာခေါင်းတစ်ချက် ရှုံ့ကာ တံတွေး ထွေးလိုက်၏။

“ထွီ... ညစ်ပတ်တဲ့ မျိုးမစစ်ကောင်... နင်နဲ့ စကားပြောရတာ ငါ့ပါးစပ် သနတယ်”

အဝေးတစ်နေရာ၌ ယီယွင်၏ ခြေလှမ်းများက ခဏမျှ တုန့်နှေးသွား၏။ သို့သော်လည်း သူက ဘာမှ မဖြစ်သည့် အလား ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။ အတော်ဝေးဝေးသို့ ရောက်နေသည့်တိုင် သူက နားပါးသူ တစ်ယောက် ဖြစ်လေရာ သူမ ပြောသမျှကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရပေသည်။

ယီယွင်မှာ သွေးစပ် တစ်ယောက် ဖြစ်ပြီး လူသားနှင့် အယ်ဗန်မျိုးနွယ်တို့မှ ပေါက်ဖွားလာသူ ဖြစ်သည်။ ထာဝရ ကြယ်တာရာ နယ်မြေနှင့် ခြားနားစွာပင် မဟာ စက်ဝန်း ကြယ်တာရာ နယ်မြေတွင် မျိုးနွယ် ရောနှောခြင်း အယူအဆကို အနည်းနှင့် အများ ဆိုသလို ရှုံ့ချကြသည်။

ထိုထက် ပို၍ ဆိုးသည်က အဆုံးမဲ့ ကောင်းကင် နယ်မြေသားများမှာ အယ်ဗန်များကို နိမ့်ကျသော မျိုးနွယ် တစ်ခု အဖြစ် သတ်မှတ် ဆက်ဆံကြခြင်း ဖြစ်သည်။ အပြန်အလှန် အနေဖြင့် အယ်ဗန်တို့မှာ လူသားများကို မည်ကဲ့သို့ မမုန်းပဲ နေပါမည်နည်း။

ထိုအမုန်းတရားမှာ ထိပ်တန်း ကျင့်ကြံသူများမှ စ၍ အောက်ခြေ လူတန်းစား အထိ ပြန့်နှံ့ကာ နက်ရှိုင်းစွာပင် ကိန်းဝပ်နေ၏။ ယီယွင်မှာ လူသား သွေးတစ်ဝက်ကို ပိုင်ဆိုင်ထားလေရာ မျိုးနွယ် သစ္စာဖောက်မှု၏ အစိတ်အပိုင်း တစ်ခု ဟုပင် သတ်မှတ်၍ ရပေသည်။

ယီယွင် စိတ်ထဲမှ သက်ပြင်းတစ်ချက်သာ ချလိုက်မိ၏။ ထိုအရာက သူ နှစ်ပေါင်းများစွာ ကျင့်သုံးလာသည့် စိတ်ဖြေ နည်းလမ်း တစ်ခုလည်း ဖြစ်ပေသည်။ ပြောရလျှင်… ပတ်ဝန်းကျင်၏ ထိုကဲ့သို့ အတင်းအဖျင်း ပြောမှုများ၊ ခွဲခြား ဆက်ဆံမှုများကို သူ ရိုးနေခဲ့ပြီ ဖြစ်လေသည်။

ဘယ်လိုပဲဖြစ်ဖြစ်… သူ့တွင် အိမ်နှင့် ချစ်ရသည့် မိသားစုကလေး ရှိနေသေးဆဲ ဖြစ်သည်။ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး မကြာခင်မှာပင် သေးငယ်သည့် သစ်သားအိမ်လေး တစ်ခုကို သူ လှမ်းမြင် နေရပြီ ဖြစ်သည်။

"ညီမလေးရေ… ငါ ပြန်လာပြီဟေ့"

ယီယွင်က လှမ်းအော်လိုက်၏။

"အကိုကြီး…"

ချစ်သဖွယ် အသံလေး တစ်ခုက အိမ်ငယ်လေး ထဲမှ ထွက်ပေါ်လာသည်။

ထို့နောက် တံခါး ပွင့်ဟသွားကာ အသက် ဆယ့်နှစ်နှစ်မျှ ရှိမည့် ချစ်စရာ မိန်းမငယ်လေး တစ်ယောက် ပြေးထွက်လာ၏။ သူမက ထူထဲသော ရွှေဖြူရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားကာ ပြာလဲ့လဲ့ မျက်လုံးဝိုင်း ကလေးများမှာ ပျော်ရွှင်မှု၊ ချစ်ခင်မှု အရိပ်အယောင်တို့ဖြင့် ပြည့်နှက် နေသည်။

"ဟဟ…"

ယီယွင်က ရယ်မောလိုက်ရင်း မိန်းမငယ်လေး၏ ခါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မလျှက် ဝှေ့ယမ်းလိုက်၏။ မိန်းကလေးက တခစ်ခစ် ရယ်မောနေကာ ထိုကဲ့သို့ စီးရသည်ကို ပျော်ရွှင်နေဟန် ရလေသည်။

ထိုမိန်းမငယ်လေးမှာ ယီယွင်၏ ညီမလေး ယီမေ့မေ့ပင် ဖြစ်သည်။ ခဏတာ ဆော့ကစားပြီးနောက်၌ ယီယွင်က ကလေးမလေးကို ဂရုတစိုက်ပင် ပြန်လည် ချပေးလိုက်သည်။

“အကိုကြီး တစ်ခုခု တွေ့ခဲ့သေးလား...”

မိန်းကလေးက ယီယွင်၏ နောက်ကျောရှိ ခြင်းတောင်းကို ကြည့်ဖို့ ကြိုးစားရင်း မေးလိုက်၏။ သို့သော်လည်း ခြင်းတောင်းကို အဝတ်ဖြူ တစ်စဖြင့် အပေါ်မှ အုပ်ထားရာ သူမက ဘာကိုမှ မမြင်ရပါချေ။

“ဒါပေါ့...”

ယီယွင်က တောက်ပစွာ ပြုံးလိုက်ရင်း ညီမဖြစ်သူ၏ လက်ကို ကိုင်ကာ အိမ်ထဲသို့ ဦးတည်လိုက်၏။

သစ်သားအိမ်ငယ်လေး အတွင်းတွင်တော့ ချောမော လှပသည့် အသက်လတ် မိန်းမကြီး တစ်ယောက် ရှိနေခဲ့သည်။ သူမက ခြောက်သွေ့နေသည့် ရွှေဖြူရောင် ဆံနွယ်များနှင့် အပြာရောင် မျက်လုံးတို့ကို ပိုင်ဆိုင်ထားကာ ယီမေ့မေ့နှင့် အတော်လေး ဆင်တူ ပေသည်။

အမျိုးသမီးကြီး၏ ခန္ဓာကိုယ်က အလွန် အားနည်းနေပုံ ပေါ်ကာ အကယ်၍ အိပ်ရာထက်တွင် လှဲလျောင်း မနေခဲ့ပါက နဖူးတစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေလိမ့်မည် ဖြစ်သည်။ ယီယွင်တို့ ဝင်လာသည်ကို မြင်ရသော အခိုက်၌ သူမ၏ မျက်လုံးများက တောက်ပ သွားသည်။ သူမက ကုန်းထရန် ပြင်လိုက်သော်လည်း ချောင်းများက အဆက်မပြတ် ဆိုးလာခဲ့ကာ သွေးများပင် ပါလာခဲ့၏။

“အမေ...”

ယီမေ့မေ့က ရှေ့သို့ ပြေးလာကာ အဝတ်စ တစ်ခုဖြင့် မိခင်၏ လက်နှင့် ပါးစပ်မှ သွေးများကို သုတ်ပေးလိုက်၏။ ထို့နောက် သူမက ဂရုတစိုက်ပင် ခြုံလွှာကို ဖြန့်ကာ အပေါ်မှ ခြုံပေးလိုက်သည်။

ယီယွင်က ရှေ့သို့ လျှောက်လာ၏။ သူ၏ မျက်လုံးများက ပြုံးနေကာ အစစ်အမှန် ခံစားချက်တို့ကို ဖုံးကွယ်ရန် ကြိုးစားထားသည်။

“အမေ... ဒီနေ့ သား သွားပြီး ကောက်သင်းကောက်တာ အရမ်းကြီးတဲ့ ပလုံစီအာလူးကြီး တစ်လုံး ရလာတယ်... အမေ့အတွက် တစ်ခုခု လုပ်ပေးမယ်နော်”

ယီမေ့မေ့၏ မျက်လုံးများက တောက်ပသွား၏။ ပလုံစီ အာလူးများမှာ ဖျားနာမှုများအား ကုသပေးနိင်သည့် ဂုဏ်သတ္တိဖြင့် အလွန် ကျော်ကြားသည်။ ပျော်ရွှင်မှု အရိပ်အယောင်များမှာ မိန်းကလေး၏ မျက်လုံးထဲ၌ တောက်ပလာ၏။ သူမ၏ အကိုကြီးက အမြဲတမ်း အားကိုး၍ ရသူ ဖြစ်သည်။

ယီကျင်းရီက ဖြူရော်စွာ ပြုံးရင်း သားဖြစ်သူကို ကြည့်လိုက်သည်။

“သားကြီး ပင်ပန်းသွားပြီ...”

သူမက စကားလုံးများကိုပင် တစ်လုံးချင်း ခက်ခက်ခဲခဲ ပြောလိုက်ရ၏။ ထိုမျှလောက် အသံထွက်ရန် အတွက်ပင် သူမက ခွန်အားများစွာကို အသုံးပြုနေရသည့်ပုံ ရသည်။

ယီယင် ပြုံးလိုက်ရင်း ပလုံစီ အာလူးကို အခြား ပါဝင်ပစ္စည်းများနှင့် ရောနှောရန် အတွက် မီးဖိုချောင် အတွင်း ဝင်ရောက်သွား၏။ သို့သော်လည်း... သူ၏ စိတ်အစဥ်ကတော့ များစွာသော အတွေးများဖြင့် အဆုံးမဲ့စွာ လှည့်ပတ် နေခဲ့တော့သည်။

“တကယ်လို့ ငါသာ အဲဒီဆေးကို မနက်ဖြန် ရနိုင်ခဲ့ရင်... အဲဒီ မတိုင်ခင် အထိတော့ တောင်ခံထားပေးပါ အမေ... တောင့်ခံထားပေးပါ”

...

ယီယွင်၏ အတိတ်ဘဝက သိပ်မရှုပ်ထွေးခဲ့ချေ။ သူက ခိုးယူဖို့ ကြိုးစားရင်း သေဆုံးသွားခဲ့သည့် သူခိုး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း... ကျူးလွန်ခဲ့သည့် ကမ္မအပြစ်ကတော့ အငြိမ်မနေခဲ့ကာ သူ့ဝိညာဥ်ကို ငရဲ၏ ဒုတိယမြောက် ကပ်ဘေး ဖြစ်သည့် အဆုံးမဲ့ နောင်တ ကပ်ဘေးထံ ပို့ဆောင်ခဲ့သည်။

ယီယွင်၏ ဝိညာဥ်မှာ ထိုငရဲ၌ အထီးကျန်မှုနှင့် နောင်တတရားတို့ကို နှစ်ပေါင်း ၁၀၈၀၀၀ တိုင်တိုင် ကြံ့ကြံ့ခံကာ ဆက်လက် ရှင်သန် နိုင်ခဲ့သည်။ ထိုဇွဲလုံ့လ ကြောင့်ပင် ယီယွင်မှာ ပြစ်ဒဏ်နှင့် ဆုလာဘ်တို့ ဒွန်တွဲနေသည့် ကောင်းကင်တာအို၏ ကောင်းချီးပေးမှုကို ရယူနိုင်ခဲ့ကာ ကောင်းချီခံ တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် သူ၏ ဝိညာဥ်က တတိယ စမ်းသပ်မှုတွင် သန့်စင်ခံခဲ့ရကာ ဝိညာဥ်မြစ်သို့ ပို့ဆောင်၍ ပြန်လည် ဝင်စားခွင့် ရရှိခဲ့သည်။

ထိုနေ့... အာလူးအား လှီးဖြတ်လိုက်သည့် အခိုက်တွင်ပင် ယီယွင်မှာ သူ့ဘဝ၏ ပထမဆုံးသော ကမ္မတန်ဖိုး ဖြတ်တောက်မှုကို ကြုံတွေ့လိုက်ရတော့သည်။ နောက်ပြီး ၎င်းက အလွန် ကြီးမားလှပေသည်။

***

All Chapters