ယီယွင် (၂)
Vol. 45 Ch. 625
“အဲ့ကောင်မ ဘယ်ရောက်သွားတာလဲ...”
ညသန်းခေါင် အချိန် ဝက်သစ်ချ ရွာလေးထဲ၌ ဆူညံ ပွက်လေရိုက်သံများ ထွက်ပေါ်လာ၏။ များစွာသော တူညီဝတ်စုံဝတ် ယောက်ျားများမှာ လမ်းမများ တစ်လျှောက် ပြေးလွှား နေကြကာ သူတို့၏ မျက်လုံးများက ပြင်းပြသော အလင်းတန်းများဖြင့် တောက်လောင်နေသည်။
“သူက ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်ရှည်နဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ထားတယ်... ရွာထဲမှာ အဲဒီလို ပုံစံ ရှိသမျှ မိန်းမတိုင်းကို ရှာ”
ထိုလူများ၏ ခေါင်းဆောင် ဖြစ်ဟန်တူသူက အော်ဟစ် အမိန့်ပေးလိုက်၏။ မကြာခင်မှာပင် သူတို့မှာ ရွာထဲရှိ မရေမတွက်နိုင်သော အိမ်များကို ဝင်ရောက် မွှေနှောက်ကြကာ ထိုပုံစံရှိသည့် မိန်းမတိုင်းကို ဖမ်းဆီး ရှာဖွေ ကြတော့သည်။ ဤသို့ဖြင့် ညဥ့်သန်းခေါင် အချိန်တွင် ထိတ်လန့်တကြား အော်ဟစ်သံများမှာ ဝက်သစ်ချ ရွာငယ်လေး အတွင်း ပျံ့နှံ့သွားတော့၏။
ထိုလူများကား ဝက်သစ်ချရွာ ကာကွယ်ရေးတပ်မှ စစ်သားများပင် ဖြစ်သည်။ သူတို့ထဲတွင် ရွာသားများနှင့် ရင်းနှီးသည့် လူအချို့ပင် ပါဝင်နေသည့်တိုင် သူတို့ မျက်လုံးများထဲရှိ ဝိညာဥ်အလင်းများက အတိတ်မှ ဆက်ဆံရေးကို နည်းနည်းလေးမျှ ထည့်သွင်း မစဥ်းစားပုံ ရသည်။ အထူးသဖြင့်... သူတို့၏ သုန်မှုန်နေသော အကြည့်များက ထိုကိစ္စ မည်မျှ အရေးကြီးကြောင်း ဖော်ပြနေသည်။
ထိုအခိုက်... လမ်းသွယ်လေး တစ်ခုဘေးရှိ အလွန်ထူထဲသော ချုံပုတ် တစ်ခုထဲတွင် လူငယ်လေး တစ်ယောက်မှာ ငြိမ်သက်စွာ ကုပ်နေခဲ့၏။
ဖုတ်... ဖုတ်... ဖုတ်...
သေမင်းတမန် လက်နက်များကို ကိုင်ဆောင်ထားသည့် စစ်သားများမှာ ချုံပုတ်ဘေးမှ လျှင်မြန်စွာပင် ဖြတ်ပြေး သွားကြသည်။ လူငယ်လေးမှာ သူတို့ကို ချောင်းကြည့်ရင်း အသက်ပင် ရဲရဲ မရှူဝံ့ပါချေ။
အခြား စစ်သားများ တစ်စုံတစ်ရာ သတိမထားမိသည့်တိုင် နောက်ဆုံးမှ လိုက်ပါလာသည့် စစ်သား၏ ခြေလှမ်းများကတော့ ချုံပုတ်ရှိရာ အရောက်၌ တစ်ခဏမျှ တုန့်နှေး သွား၏။ သူက အရပ်ရှည်ကာ စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ ပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးရင်း ထိုစစ်သား၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသည့် အရိပ်အငွေ့များ ပေါ်လာခဲ့၏။
“ဘာတွေ့လို့လဲ...”
ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာ၏။ အခြား စစ်သား တစ်ယောက်က နောက်ပြန်လှည့်လာခြင်းပင် ဖြစ်သည်။ အရပ်ရှည်ရှည်နှင့် စစ်သားက မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် စစ်ဆေး လိုက်၏။ ထို့နောက်.. သူက ခေါင်းကို ခါလိုက်ရင်း...
“ရှင်းတယ်...”
မကြာခင်မှာပင်... ထိုစစ်သားမှာလည်း အခြားလူများနှင့် အတူ လမ်းသွယ်လေး တစ်လျှောက် ဆက်ပြေးကာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
ဒိန်း... ဒိန်း... ဒိန်း...
လူငယ်လေး၏ နှလုံးသားမှာ စစ်ဗုံသံ တစ်ခုလိုမျိုး တုန်ရီနေ၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ၊ ကြီးထွားသော ရင်သားနှင့် ဆံပင်ရှည်များကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း... အနီးကပ် သေချာ ကြည့်လျှင်တော့ ၎င်းတို့က အတုများ ဖြစ်ကြောင်း သိရှိလိမ့်မည် ဖြစ်သည်။ ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေး ပြီးနောက် လူငယ်လေးက ပုန်းလျှိုးကွယ်လျှိုးပင် အလျှင်အမြန် ထွက်ခွာသွား၏။
အရပ်ရှည်ရှည် ပိန်ပိန်နှင့် အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးအား ရှာဖွေမှုများမှာ ရွာငယ်လေး အနှံ့ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ တပ်ဖွဲ့ ခေါင်းဆောင်နှင့် စစ်သားများ၏ အဆိုအရဆိုလျှင်... ထိုသူခိုးမှာ ဆေးပင် တစ်မျိုးကို ခိုးသွားခြင်း ဖြစ်သည်။
ထိုဆေးပင် ပိုင်ရှင်က မည်သူဖြစ်ကြောင်း သိရသော အခါတွင်တော့ အားလုံး၏ နှလုံးသားများက တုန်ရီ သွားကြတော့၏။ မည်သူက ထိုကဲ့သို့ လုပ်ရဲသနည်း။
တပ်ဖွဲ့ ခေါင်းဆောင်မှာ ဗိုလ်ကလေး နှစ်ယောက်၏ အစီရင်ခံမှုကို မျက်မှောင်ကြုတ်ရင်း နားထောင်နေ၏။
“အသက်မြက် ဆေးပင်ကို ဝှက်ဖို့က မလွယ်ဘူး... အဲဒါကို သိုလှောင် လက်စွပ်ထဲလည်း ထည့်သိမ်းလို့လည်း မရဘူး... သေချာ ထပ်ရှာကြ”
ဗိုလ်ကလေး နှစ်ယောက်က ခေါင်းညိတ်လိုက်ကာ သုန်မှုန်သော အကြည့်များနှင့် လျှင်မြန်စွာ ပြန်လည် ထွက်ခွာ သွားကြသည်။ သူတို့၏ ကျောကုန်းများကို ကြည့်ရင်း တပ်ဖွဲ့ ခေါင်းဆောင်က သက်ပြင်းတစ်ချက် ချလိုက်သည်။
“ရှုပ်ထွေးလိုက်တာ...”
...
နာရီအနည်းငယ် ကြာမြင့်ပြီးနောက်၌ ရွှေဖြူရောင်ဖောက် ဆံပင် ခပ်တိုတိုနှင့် လူငယ်လေး တစ်ယောက်မှာ မြေပြင်ရှိ တွင်းပေါက်ကို ဂေါ်ပြားဖြင့် ပြန်လည် မြေဖို့နေခဲ့၏။ သူက ဆံပင်တုများ၊ ဖိနပ်များနှင့် အနက်ရောင် အဝတ်အစားတို့ကို ထိုတွင်းထဲတွင် မြေမြှုပ်ခဲ့ပြီး ဖြစ်သည်။ ရင်သား အတုအဖြစ် အသုံးပြုခဲ့သည့် ဖရဲသီးများကိုတော့ လုံးဝ ခွဲချေပစ်လိုက်ပြီ ဖြစ်၏။
ယခုက ညကြီး သန်းခေါင် ဖြစ်ရာ ထိုသက်သေခံ ပစ္စည်းများကို မီးရှို့ပစ်၍လည်း မရပါချေ။ မြစ်ထဲသို့ ပစ်ချပါကလည်း တစ်ယောက်ယောက် ရှာဖွေ တွေ့ရှိသွားကာ စစ်သားများ၏ ရှာဖွေ စစ်ဆေးမှုများမှာ ယောက်ျားများ ထံသို့ပါ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။ သူ အလောင်းအစား မလုပ်ရဲချေ။
တွင်းပေါက်ကို မြေပြည့်အောင် ပြန်ဖြည့်ပြီးနောက် အပေါ်မှ သစ်ရွက်များဖြင့် ပုံစံမပျက် သူ ပြန်လည် ဖုံးဖိလိုက်၏။ ယီယွင် ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း နဖူးထက်ရှိ ချွေးစများကို သုတ်လိုက်သည်။ ထို့နောက်... ပျော်ရွှင်သော အပြုံးတစ်ခုက တဖြည်းဖြည်းနှင့် သူ့မျက်နှာထက်တွင် နေရာယူလာခဲ့သည်။
“ရပြီကွ...”
အသက်မြက် ဆေးမြစ်မှာ အဆင့်နိမ့် ကြယ်တာရာအဆင့် ရင်းမြစ်တစ်ခု ဖြစ်သည်။ ၎င်းက သန့်စင်သော အသက်အင်အားကို ထိန်းသိမ်းပေးနိုင်ကာ အလွန်အမင်း ရှားပါးပေသည်။
၎င်းက အသက်မြင် သစ်သားဖြစ်စဥ်ကို ကြုံတွေ့ဖူးသည့် နေရာများတွင်ပင် ကြီးထွားနိုင်သည်။ သို့မဟုတ်... အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်က ချီစွမ်းအားဖြင့် ပံ့ပိုး၍ ပြုစုပျိုးထောင်၍လည်း ရသည်။
ဝက်သစ်ချရွာတွင် အစွမ်း အထက်ဆုံးက ချီပျစ်ခဲခြင်း အဆင့်ခုနစ်မျှသာ ဖြစ်သည်။ ထို့ကြောင့်ပင် ဒုတိယ နည်းလမ်းဖြင့် အသက်မြက်ပင် ကြီးထွားနိုင်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် လွန်ခဲ့သည့် သုံးနှစ်ခန့်က အသက်မြက် သစ်သား ဖြစ်စဥ် ပေါ်လာကာ ဆေးပင် ကြီးထွားလာခဲ့သည်။ မကြာသေးခင်ကပင် ထိုဆေးပင်မှာ ရင့်မှည့်လာကာ ရွာလူကြီးက ဦးဆောင်၍ လောလောလတ်လတ် ရိတ်သိမ်းထားခြင်း ဖြစ်သည်။
ယီယွင်မှာ မိခင်အတွက် ထိုအခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်နိုင်ပါမည်နည်း။ သူက အစီအစဥ် တစ်ခု ချမှတ်ကာ ရွာလူကြီး၏ သီးသန့် ဘဏ္ဍာတိုက်ထဲကို ဝင်ရောက်ကာ ခိုးယူခဲ့သည်။
ဆေးပင်အား ခိုးယူခြင်း၏ နောက်ဆက်တွဲများကို ယီယွင် သိရှိထားပြီ ဖြစ်သည်။ ရွာလူကြီး၏ ကျင့်ကြံခြင်း အခြေခံဖြင့် ဆိုပါက ထိုမသမာမှုမှာ တစ်ချိန်မဟုတ် တစ်ချိန် ပေါ်နိုင်ကြောင်းလည်း သူသိသည်။ မိခင်ဖြစ်သူ ပြန်လည် ကောင်းမွန်လာသည်နှင့် အခြားနေရာ တစ်ခုကို ရွှေ့ပြောင်းရန် သူ တွေးတောပြီး ဖြစ်သည်။
မိခင် ဖြစ်သူ အကြောင်း စဥ်းစားရင်း ယီယွင်၏ လက်က ရင်ဘတ်ရှိ လည်ဆွဲလေးထံကို အလိုအလျောက် ရောက်ရှိ သွား၏။ ၎င်းက ခရမ်းရောင် ကြာပန်းတစ်ခု ပုံသဏ္ဌာန် ရှိကာ ပွင့်လွှာများမှာ လှပစွာပင် ငွားစွင့် နေသည်။
ယီယွင်မှာ မနေ့က အသက် ဆယ့်ခြောက်နှစ် ပြည့်ခဲ့ခြင်း ဖြစ်ကာ မိခင် ဖြစ်သူက ထိုဆွဲကြိုးလေးကို လက်ဆောင် အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။ သူမ၏ စကားအရဆိုလျှင် ယီယွင်၏ လူသားဖခင်မှာ ထိုဆွဲကြိုးကလေးကို ပိုင်ခဲ့ကာ သူမက ထိုအရာလေးကို သူ ပြန်မလာခင် အချိန်အထိ သိမ်းဆည်း ထားခဲ့ခြင်း ဖြစ်သည်။ မိခင်ဖြစ်သူမှာ ထုတ်ဖော် မပြောသည့်တိုင် ကျန်းမာရေး အခြေအနေအရ ပြန်အလာကို ဆက်လက် မစောင့်ဆိုင်းနိုင်တော့ဟု ယုံကြည်နေပုံ ရသည်။
ကြာပန်းလေးကို ကိုင်ရင်း မိခင်ဖြစ်သူ ယီမေ့မေ့အား ကိုယ်ဝန်ဆောင်နေစဥ်၊ သူ အသက် ငါးနှစ်သား ကတည်းက ပျောက်ကွယ်သွားခဲ့သည့် ဖခင် ဖြစ်သူ အကြောင်း ယီယွင် ပြန်တွေးနေမိသည်။ ထိုရွံရှာ စက်ဆုပ်ဖွယ် ကောင်းသော လူမှာ ဘာစကားတစ်ခွန်းမှပင် မပြောခဲ့ပဲ သူတို့ကို ဆင်းရဲတွင်းထဲ၌ ချန်ရစ်ကာ ကိုယ်လွတ်ရုန်း သွားခဲ့သည်။
အသက်ငါးနှစ် အရွယ်မှ စ၍ ယီယွင်မှာ မိသားစု တစ်ဝမ်းတစ်ခါး အတွက် မမွေးလာနေသည့် ညီမလေး အတွက် အလုပ်လုပ်ခဲ့ရသည်။ မိခင်ဖြစ်သူမှာလည်း ကိုယ်ဝန်ကြီးနှင့်ပင် မရှောင် ဒုက္ခသုက္ခမျိုးစုံကို ခံစားကာ ရုန်းကန်ပေးခဲ့သည်။ သူမက အမြဲ ပြုံးနေသည့်တိုင် ရင်ထဲ၌ မည်မျှ နာကျင်နေကြောင်း ယီယွင် သိပေသည်။
ထိုကဲ့သို့ ကြီးလေးသော တာဝန်ကို ထမ်းရွက်ရင်း မိခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုများ သက်သာစေရန် အတွက် ယီယွင် ပို၍ အလုပ်ကြိုးစားခဲ့သည်။ သို့နှင့် သူက ဆေးပင် ပြုစုပျိုးထောင်သူ တစ်ဦး ဖြစ်လာကာ ယခုလို ကောက်ရိတ်သိမ်း ရာသီမျိုးတွင် အပို စားစရာ ရစေရန် အတွက် ကောက်သင်းထွက်ကောက်လေ့ ရှိသည်။ ခက်ခဲ ကြမ်းတမ်းသော ဘဝတစ်ခုကို ဖြတ်သန်းရင်း ယီယွင်မှာ လူများ အကြောင်း ပိုမို၍ နောကြေလာကာ နှိမ့်ချမှုနှင့် ဖော်ရွေမှုတို့ကို လက်နက်တစ်ခု အဖြစ် ကျင့်သုံးတတ်လာခဲ့သည်။
ထိုအရာကပင် ယီယွင်အတွက် အားသာချက် တစ်ခုလို ဖြစ်လာကာ များစွာသော လူများက သူ့အား လုပ်ခ နည်းနည်းဖြင့် ခက်ခဲသော အလုပ်များကို ငှားယမ်းရန် ကြိုးပမ်းခဲ့ကြတော့သည်။ သို့သော်လည်း ယီယွင်က ထိုအလုပ် အားလုံးကို အပြုံးနှင့်ပင် လက်ခံခဲ့ပေသည်။ အားလုံးက မိခင်ဖြစ်သူနှင့် ညီမလေး အတွက်ပင်။
ဤသို့နှင့် ယီယွင်မှာ များစွာသော အလုပ်များတွင် ကျွမ်းကျင်လာကာ အချို့ ပညာရှင်များထက်ပင် ပိုကောင်းအောင် လုပ်နိုင်လာခဲ့သည်။ သူက ဆေးပင် ပြုစုပျိုးထောင်သူများထဲတွင် အကောင်းဆုံးတကာ့ အကောင်းဆုံးများထဲ ပါဝင်လာခဲ့သည်။ ထို့အပြင် ရိုးဂုဏ်ကြောင့် ရွာလူကြီးကပင် သူ့ကို ယုံကြည်ကာ အသက်မြက်ပင်တို့ ကဲ့သို့ တန်ဖိုးကြီး ဆေးပင်များကို ပြုစုရန် တာဝန် ပေးအပ်ခဲ့သည်။
သို့သော်လည်း... လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စ၍ မိခင်ဖြစ်သူမှာ ထူးဆန်းစွာ နာမကျန်း ဖြစ်လာခဲ့သည်။ ရွာထဲရှိ ဆေးဆရာကြီးများပင် သူမ၏ ရောဂါကို ရှာမတွေ့ခဲ့ချေ။ သူမ၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်က တဖြည်းဖြည်းနှင့် ခမ်းခြောက်လာကာ ပြင်းထန်သော အားနည်းမှုနှင့် နာကျင်မှုများကို တွေ့ကြုံ ခံစား လာရသည်။ ထို့အပြင်... နှစ်နှစ်တာ အတွင်း မိခင်ဖြစ်သူကို အများဆုံး ဂရုစိုက်ပေးခဲ့သည့် ဆေးဆရာ ဖြစ်သည့် လူအိုကြီးဟို၏ အဆိုအရဆိုလျှင် သူမ၏ ကိုယ်တွင်း အင်္ဂါများမှာ တစ်နေ့ထက် တစ်နေ့ ချို့ယွင်း လာနေသည်ဟု ဆိုသည်။ မှော်ဆန်သည့် ကုသမှုမျိုး၊ ဆေးဝါးမျိုး မရရှိပါက သူမက မကြာခင်မှာပင် သေဆုံး သွားရတော့မည် ဖြစ်သည်။
မိခင် ဖြစ်သူကို ကယ်တင်ဖို့ အတွက် ယီယွင် အလုပ်တွေ ပိုလုပ်ခဲ့သည်။ ငွေတွေ ပိုရှာခဲ့သည်။ ဘယ်လိုပဲ ကြိုးစားစေကာမူ... တကယ်တမ်း လက်တွေ့တွင်တော့ ထိပ်တန်း အဆင့် ဆေးသူတော်စင်များ၊ အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များမှာ သူ အလှမ်းမမှီနိုင်သော အရာများ ဖြစ်သည်။
သို့သော်လည်း အသက်မြက် ဆေးပင်မှာ ဖြစ်နိုင်ချေ ရှိသည့် ကုသရေး နည်းလမ်း တစ်ခု ဖြစ်ပေသည်။ အကယ်၍ လုံးလုံး မပျောက်လျှင်ပင် ထိုဆေးပင်မှာ မိခင်ဖြစ်သူ၏ အသက်ကို ဆွဲဆန့်ပေးနိုင်လိမ့်မည် ဖြစ်သည်။ အချို့ ကောလဟလများ အရ ဆိုလျှင် အသက်မြက် ဆေးပင်မှာ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ အသက်ကို နှစ်သုံးဆယ် အထိ ဆွဲဆန့်ပေးနိုင်သည်ဟု ဆိုသည်။ ထိုအရာက လုံလောက်တာထက် ပိုပေသည်။
လည်ဆွဲလေးကို ထိကိုင်လိုက်ရင်း ယီယွင် တာဝန် မကျေသည့် ဖခင် ဖြစ်သူကို စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ ဆယ့်တစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက မည်ကဲ့သို့ ကလေးများကို ထားသွားနိုင်သနည်း။ မည်ကဲ့သို့ ဇနီးဖြစ်သူကို စွန့်ပစ်နိုင်သနည်း။ သူ့အတွက် ဘယ်အရာတွေက မိသားစုထက် ပို၍ အရေးကြီးနေသနည်း။
ဘယ်လိုပဲ ဖြစ်ဖြစ်... ယခု၌ အသက်မြက် ဆေးပင်ကို အမေ့ အတွက် သူ ခိုးလာခဲ့ပြီ ဖြစ်သည်။ ထိုဆေးပင်ကြောင့် သူမ အသက်ဆက် နိုင်ပေလိမ့်မည်။ ဖခင် မရှိတော့ရော ဘာအရေးနည်း။ ယခု၌ သူက အသက် ဆယ့်ခြောက်နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ယောက်ျားသား တစ်ယောက် အနေဖြင့် မိခင်နှင့် ညီမလေးတို့ အတွက် ရှေ့မှ မားမားမတ်မတ် ရပ်ကာ သူ ရင်ဆိုင်မည် ဖြစ်သည်။
***