← Chapters

ယီယွင် (၃)

Vol. 45 Ch. 626

ယီယွင် (၃)

Vol. 45 Ch. 626

ယီယွင်မှာ စစ်သားများကို ကွေ့ရှောင်ကာ လမ်းလျှောက်ရင်း ဆင်ခြေဖုံး ရပ်ကွက်ရှိ သူ ချစ်ရသော သစ်သား အိမ်ကလေးသို့ ပြန်လာခဲ့၏။ ငယ်စဥ်ကတည်းကခြေရာချင်း ထပ်နေသော ရွာငယ်လေး ဖြစ်ရာ မည်သည့် နေရာမှ သွားကာ မည်ကဲ့သို့ ရှောင်တိမ်းသင့်ကြောင်း သူ ကျွမ်းကျင်ပေသည်။

လမ်းသွယ်လေးကို အရောက်၌ ယီယွင် ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။ ယခုအချိန်၌ အိမ်၌ မိခင်ဖြစ်သူနှင့် ညီမလေးတို့ အိမ်မောကျ နေလောက်ချေပြီ ဖြစ်သည်။

“နေဦး... အဲဒါက ဘာလဲ...”

ရုတ်တရက် ယီယွင်၏ မျက်လုံးမှာ ကောင်းကင်သို့ တက်ဟပ်နေသည့် မီးအလင်းရောင် ဖျော့ဖျော့ကို သတိထားမိသွား၏။ ညအလင်းရောင် အောက်၌ မီးခိုးလုံးများက တိမ်တိုက်များ သဖွယ် အလိပ်လိုက် အလိပ်လိုက် တက်နေချေသည်။ ချက်ချင်းပင် ယီယွင်၏ နှလုံးသား တစ်ခုလုံးတစ်ခုလုံးမှာ ကမ္ဘာပျက် မတတ် တုန်ရီ သွားခဲ့တော့သည်။

ထိုအရပ်မျက်နှာ...

ထိုအကွာအဝေး...

ထိုနေရာက...

“မဖြစ်နိုင်ဘူး...”

ယီယွင်မှာ ထိန်ချန် မထားတော့ပဲ ကျင့်ကြံခြင်း အခြေခံကို အပြည့်အဝ လှည့်ပတ်ကာ အိမ်ဆီသို့ ပြန်ပြေး လေတော့သည်။ ချီပျစ်ခဲခြင်း အဆင့်နှစ်၊ နူးညံ့စွာ စီးဆင်းခြင်း အဆင့်တွင်သာ ရှိသေးသည့်တိုင် သူ၏ အမြန်နှုန်းက ယင်ဖွဲ့စည်းခြင်း အဆင့် အချို့ထက်ပင် ပိုမို၍ မြန်ဆန်နေချေသည်။

တစ်ခဏ အတွင်းမှာပင် ယီယွင်မှာ အိမ်ရှိရာဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ ထို့နောက်... ပထမဆုံး သူ သတိထားမိလိုက်သည့် အရာက များစွာသော လူများမှာ အတူတကွ စုစည်း၍ မီးလောင်နေသည့် သူတို့ သစ်သားအိမ်ကလေးကို ကြည့်နေကြခြင်းပင် ဖြစ်သည်။ မီးညွန့်က အလွန်ပင် ကြီးမားကာ တောက်ပလှ၏။

“အမေ... မေ့မေ့...”

ယီယွင် ပြင်းထန်စွာ အော်ဟစ်လိုက်ရင်း လူအုပ်ထဲကို တိုးကာ သစ်သားအိမ်ကလေးဆီ ပြေးလွှား သွားလိုက်သည်။ သူက မီးညွန့်ထဲကို တိုက်ရိုက်ပင် ခုန်ဝင်ကာ အထဲတွင် မိခင်နှင့် ညီမလေးတို့ ရှိ၊ မရှိ ရှာဖွေရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း... အလွန် ပြင်းထန်သည့် အပူချိန်က ရိုက်ခတ်လာလေရာ သူ တစ်ခဏမျှ ရပ်လိုက်ရ၏။

ယီယွင် အံကို တင်းတင်းကြိတ်လိုက်သည်။ မီး၏ အပူချိန်လောက်ကို ဘာမှုစရာ လိုသနည်း။ သူ့အတွက် အရေး အကြီးဆုံးက မိခင်နှင့် ညီမလေးတို့သာ ဖြစ်သည်။ သူ အကြောက်အလန့် ကင်းမဲ့စွာပင် အထဲကို တိုးဝင်ရန် လှုပ်ရှား လိုက်လေတော့၏။

ထို့နောက်... မည်သည့် အရာများ ဖြစ်ပျက်သွားမှန်း ယီယွင် မှတ်ပင် မမှတ်မိတော့ချေ။ သတိလစ်နေရာမှ နိုးလာခဲ့ချိန်၌ မီးခိုးများ ပြည့်နှက်နေသည့် ကောင်းကင်နှင့် နံနက်ခင်း ရောင်နီကိုသာ တွေ့မြင်လိုက်ရသည်။ လေပြည် ဖြတ်သန်း တိုက်ခတ်သွားသည့် အခိုက်တွင်ပင် နာကျင်မှုများမှာ အဆုပ်များဆီမှ ပျံ့နှံ့လာ၏။ ချောင်းတစ်ချက်၊ နှစ်ချက် ဆိုးလိုက်ပြီးနောက်၌... ယီယွင် အရာအားလုံးကို ပြန် သတိရလာခဲ့သည်။

ထို့နောက်... သူကြားလိုက်ရသည့် ပထမဆုံး စကားနှစ်ခုကား...

“အပျက်အစီးတွေထဲမှာ အလောင်းနှစ်လောင်း ရှာတွေ့တယ်ဟေ့...”

ဟူ၍ပင်။

“...”

ချက်ချင်းပင်... ယီယွင်၏ စိတ်တစ်ခုလုံးမှာ လုံးဝ ဗလာဟင်းလင်း ဖြစ်သွားခဲ့တော့၏။

...

“အလောင်းတွေကို အပြင်ထုတ်ပြီး ဖျာနဲ့ပတ်ထားလိုက်...”

အသက်ကြီးကြီး အသံတစ်ခု ထွက်ပေါ်လာ၏။ မကြာခင် အလောင်းများအား သယ်ထုတ်လာသည့် ခြေသံများကို ယီယွင်ကြားလိုက်ရသည်။ သူ့စိတ်ထဲ၌ ၎င်းတို့က အဆုံးမဲ့စွာ ပဲ့တင်ထပ်နေကာ မကြာခင်မှာပင် လက်မခံလိုသည့် ဆန္ဒတစ်ခု မွေးဖွားလာခဲ့လေ၏။

“မဟုတ်ဘူး...”

ချောင်းများကို အဆက်မပြတ် ဆိုးလိုက်ရင်း ယီယွင် ခန္ဓာကိုယ်ကို မကာ အလောင်းသယ်လာသူများကို ကြည့်လိုက်သည်။ အလောင်းနှစ်ခုစလုံးက ပုံပျက်ပန်းပျက် ဖြစ်နေကာ ကျွမ်းသည့် နေရာ ကျွမ်း၊ သနီလန်သည့် နေရာ သနီလန် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က မည်သူဖြစ်မှန်း မှတ်မိရန်ပင် ခက်ခဲလှသည်။

မျက်ရည်များမှာ ယီယွင်၏ ပါးပြင်ထက်၌ စီးကျလာကာ လက်ကျန် ခွန်အားကလေးကို သုံး၍ မတ်တပ် ထရပ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... ခန္ဓာကိုယ် တစ်ခုလုံးရှိ ဒဏ်ရာများက အသည်းခိုက်မတတ် တဆစ်ဆစ် နာကျင်လာသည်။

“အ... ကျွတ် ကျွတ်”

လွန်ခဲ့သည့် ဆယ့်တစ်နှစ် အတွင်း အလုပ်ပေါင်းစုံကြောင့် ထိခိုက် ဒဏ်ရာများ ခကြာခဏ ဆိုသလို ရရှိဖူးသည့်တိုင် ယနေ့က သူ အနာကျင်ရဆုံး ဖြစ်ပေည်။

"ကောင်လေး... မလှုပ်နဲ့...”

အသံတစ်ခုက ဘေးနားသို့ ရွေ့လျားလာကာ ယီယွင်၏ ကိုယ်ကလေးကို ဖေးမလိုက်၏။ ယီယွင်က စိုဆွတ်သော မျက်လုံးများကို ပင့်မလိုက်ရာ စိုးရိမ်သော အကြည့်များနှင့် လူအိုကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။

“အဘိုးကြီးဟူ...”

ယီယွင်မှာ ထိုလူအိုကြီးကို ချက်ချင်းပင် မှတ်မိလိုက်၏။ သူက လွန်ခဲ့သည့် နှစ်နှစ်အတွင်း မိခင် ဖြစ်သူကို အကောင်းဆုံး ဂရုစိုက်ကာ ကုသပေးခဲ့သည့် ဆေးဆရာကြီးပင် ဖြစ်သည်။

လူအိုကြီးဟူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

“ငါက ဆေးသူတော်စင်ဟူ... ဆေးသူတော်စင်ဟူ...”

သူက ယီယွင်ကို တရားဝင် ဘွဲ့နာမည် မတပ်ပဲ မ‌ခေါ်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။ ဆေးသူတော်စင် ဟု အခေါ်ခံရရန် အတွက် လူအိုကြီးဟူမှာ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကုန်၊ ငွေကုန်ခံ၍ ရင်းနှီးမြှုပ်နှံ ထားရခြင်း ဖြစ်သည်။ သူ့အတွက်တော့ လူအိုကြီးဟု တပ်ခေါ်ခြင်းက မှားယွင်းသော နည်းလမ်း တစ်ခု ဖြစ်သည်။

“တောင်းပန်ပါတယ်...”

ယီယွင်က ချောင်းတစ်ချက် နှစ်ချက် ဆိုးရင်း တောင်းပန်လိုက်၏။ လူအိုကြီးဟူက သူ့ကို ဘေးနားမှ လက်ဖြင့် ကိုင်ကာ ထိန်းရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ အကယ်၍ သူ၏ ဖေးမထားမှုကြောင့်သာ မဟုတ်ပါက ယီယွင်မှာ မြေပြင်ထက်သို့ ပြိုလဲကျနေလောက်ပြီ ဖြစ်သည်။

“ဘာတွေ ဖြစ်သွားတာလဲ ဆိုတာ နားမလည်သေးဘူးလား...မင်း အနားယူဖို့ လိုတယ်”

လူအိုကြီးဟူက ပြောလိုက်၏။

နားရမယ်.... သူ မည်ကဲ့သို့ နားနိုင်ပါမည်နည်း။

ယီယွင်က ခေါင်းကို ခါရင်း လူများကြားထဲမှ အလောင်းနှစ်လောင်းကိုသာ လှမ်းကြည့်လိုက်၏။ လူအိုကြီးဟူက အရွယ်နှင့် မလိုက် အပူမီးများ တောက်လောင်နေသည့် လူငယ်လေးကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“မင်း မီးလောင်နေတဲ့ အိမ်ထဲကို အတင်း ပြေးဝင်သွားတာ... အဆုပ်ထဲကို မီးခိုးငွေ့တွေ အများကြီး ရှူမိတဲ့ အပြင် မင်းရဲ့ အရေပြားကလည်း အပူချိန် တစ်၊ နှစ်လောက် ရှိတဲ့ မီးတောက်တွေ လောင်တာကို ခံခဲ့ရသေးတယ်... အဲဒီ အနားမှာ အစွမ်းထက် ကျင့်ကြံသူတွေ ရှိနေလို့ မင်း ကံကောင်းသွားတာ... မဟုတ်ရင် အဲဒီ နှစ်ယောက်လိုပဲ အဆုံးသတ် သွားလောက်ပြီ”

ယီယွင်မှာ နှလုံးသား တစ်ခုလုံး တုန်ရီသွားသလို ခံစားလိုက်ရ၏။ သူ၏ အကြည့်များကတော့ မီးကျွမ်းနေသည့် အလောင်းများထံမှ တစ်ဖဝါးမှ မခွာခဲ့ပါချေ။

“အမေ... ယီမေ့မေ့...”

သူ၏ အသံက နှလုံးသား ကွဲကြေမှုများနှင့် ပြည့်နှက်နေ၏။

“ဟမ်...”

လူအိုကြီးဟူမှာ အံ့အားသင့် သွားကာ အလောင်းများကို လိုက်လံ ကြည့်လိုက်၏။ ထို့နောက် သူ၏ အမူအရာက တစ်စုံတစ်ရာကို နားလည်သွားဟန်နှင့် ယီယွင်ဘက်သို့ ပြန်လှည့်လိုက်သည်။

“သူတို့ နှစ်ယောက်စလုံးက ယောက်ျားတွေကွ...”

“...”

ယီယွင်၏ မျက်လုံးများက ပြူးကျယ်ကာ မယုံကြည်နိုင်မှု၊ ဝမ်းသာမှုတို့နှင့် ပြည့်နှက်သွားသည်။ သူတို့က ယောက်ျားများလော။ အမေနှင့် ယီမေ့မေ့တို့ မဟုတ်သည်လော။

လူအိုကြီးဟူက သက်ပြင်းချလိုက်၏

“မင်းက သူတို့လို့ ထင်နေတာကိုး... ငါ သဘောပေါက်ပြီ”

ထို့နောက် သူက ဂရုတစိုက်ပင် ယီယွင်ကို အလောင်းများဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ နောက်ဆုံး၌ ယီယွင်ကလေးမှာ မီးကျွမ်းနေသည့် အလောင်းများ၏ အစိတ်အပိုင်းများကို တွေ့မြင်လိုက်ရပြီ ဖြစ်သည်။ သူတို့က တကယ့်ကို ယောက်ျားသားများ ဖြစ်ကြပေသည်။ အထူးသဖြင့် သူတို့၏ လိင်အင်္ဂါ အကြွင်းအကျန်နှင့် ရင်သား အစိတ်အပိုင်းများက ထိုအချက်ကို သက်သေခံနေပေသည်။

ယီယွင်မှာ မျက်ရည်များ တွေတွေ စီးကျလာကာ နှလုံးသား တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ စိတ်လှုပ်ရှားမှုကြောင့် သူ့ခန္ဓာကိုယ်လေးက ပုံစံ ပျက်ရွင်းသွားရာ ချောင်းဆိုးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

“မင်းက မီးခိုးတွေ အတော် များများ ရှူသွင်းမိထားတာ... နောက်ပြီး မင်း ခန္ဓာကိုယ်ကလည်း အတော်လေး ထိခိုက်ထားတယ်”

လူအိုကြီးဟူက နောက်တစ်ကြိမ် ထပ်၍ သတိပေးလိုက်၏။

“သူတို့ ဘယ်မှာလဲ...”

သို့သော်လည်း ယီယွင်မှာ ကိုယ့်ကိုယ်ကို ဂရုမစိုက်အားပါချေ။ မိခင်ဖြစ်သူနှင့် ညီမလေးတို့မှာ ဤနေရာ၌ ရှိမနေချေ။ မနေ့ညကရော၊ ခုမနက်ရော လူအုပ်ထဲ၌ ရှာကြည့်ပြီး ဖြစ်သည့်တိုင်... သူတို့ အရိပ်ကိုမှ မတွေ့ရပါချေ။ သူတို့က အိမ်ထဲ၌ ရှိမနေလျှင် မည်သည့် နေရာသို့ ရောက်နေသနည်း။ နောက်ပြီး... ထိုယောက်ျား နှစ်ယောက်ကရော အဘယ်ကြောင့် သူတို့အိမ်ထဲကို ရောက်နေရသနည်း။

“ငါလည်း မသိဘူး.. ဒါပေမဲ့ အရင်ဆုံး ဒီနေရာကနေ ထွက်သင့်တယ်”

လူအိုကြီးဟူက လူအုပ်ကို တစ်ချက် ဝှေ့ကြည့်ရင်း ပြောလိုက်၏။ ယီယွင်က အသာအယာပင် ခေါင်းညိတ် လိုက်သည်။ ဤနေရာက စကားပြောလို့ ကောင်းနေသည့် နေရာ တစ်ခု မဟုတ်မှန်း သူ သိပေသည်။

“မြန်မြန်လုပ်...”

လူအိုကြီးက ထပ်မံ၍ နှိုးဆော်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက် စတင်၍ ထွက်ခွာလိုက်ချိန်မှာပင် ကျင့်ကြံသူ တစ်ချို့မှာ သူတို့၏ လမ်းကို လာရောက် ပိတ်ဆို့လိုက်လေတော့သည်။

“ရပ်လို့...”

***

All Chapters