ယီယွင် (၄)
Vol. 45 Ch. 627
“ရပ်လိုက်...”
သူတို့က ဝက်သစ်ချကျေးရွာ စစ်တပ်မှ လူများပင် ဖြစ်ကာ ယီယွင်ကို လေးပင်သည့် အကြည့်များဖြင့် စူးစမ်းနေကြ၏။
ထိုအကြည့်ကြောင့် ယီယွင်မှာ မလုံမလဲ ဖြစ်သွားကာ ချွေးစေးများပင် ပျံလာခဲ့သည်။ သူတို့က အသက်မြက် ဆေးပင်ကို သူ ခိုးတာ သိနေကြ၍လော။ သတိမေ့နေသည့် အတွင်း သူတို့က သူ့ကိုယ်ပေါ်ရှိ ခိုးရာပါ ပစ္စည်းကို ရှာဖွေ တွေ့ရှိသွားသည်လော။
လူအိုကြီးဟူက တစ်စုံတစ်ရာကို ရိပ်မိသွားဟန် ရကာ အမူအရာ အနည်းငယ် ပြောင်းလဲ သွားသည်။ သို့သော်လည်း... တစ်ခဏ အတွင်းမှာပင် သူက ပုံမှန် ပြန်ဖြစ်သွားကာ မေးလိုက်၏။
“ဘာပြဿနာ ရှိလို့လဲ...”
လူအိုကြီးဟူ၏ လေသံက တည်ငြိမ်နေကာ ဆေးသူတော်စင် တစ်ပါး၏ အရှိန်အဝါကို သယ်ဆောင်ထားသည်။ တပ်ဖွဲ့ခေါင်းဆောင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။
“ဆေးသူတော်စင်ဟူ... သူ အဆင်ပြေရဲ့လား”
ယခုတစ်ကြိမ်တွင်တော့ သူ၏ လေသံက စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည်။ ထိုစစ်သားမှာ မီးထဲသို့ ပြေးဝင်ကာ ယီယွင်ကို ကယ်တင်ခဲ့သူ ဖြစ်သည်။ သူက ထိုကောင်လေး အဆင်ပြေ၊ မပြေ စူးစမ်းခြင်းမျှသာ ဖြစ်သည်။
ဆေးသူတော်စင်ဟူက ပြုံးလိုက်၏။
“ဗိုလ်ကြီးကျိ... ကပျုပ် သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ့မယ်... ဒါနဲ့ ခင်ဗျားတို့ ဒီနေရာကို စုံစမ်း ပြီးပြီလား...”
ဗိုလ်ကြီးကျိမှာ အရပ်ရှည်ရှည်၊ အညိုရောင် ဆံပင်များနှင့် ကြီးထွားသန်မာသည့် ကြွက်သားများကို ပိုင်ဆိုင်ထားသည့် အယ်ဗန်မျိုးနွယ် တစ်ယောက် ဖြစ်သည်။ သူက ရွာသူရွာသားများနှင့် စစ်သားများ အကြားတွင် လေးစားမှု ခံရသူ ဖြစ်သည်။
ဗိုလ်ကြီးကျိက ခေါင်းညိတ်လိုက်၏။
“ကျုပ်တို့ စုံစမ်းပြီးပါပြီ... မျက်မြင်သက်သေတွေဆီက စုစည်းထားတဲ့ အစီရင်ခံစာ အဆိုအရဆိုရင် မျက်နှာဖုံးစွပ် လူသုံးယောက်က အိမ်ငယ်လေးကို ဝင်ရောက် စီးနင်းခဲ့ပုံ ရတယ်... နောက်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်တဲ့ အသံအချို့နဲ့ မိန်းကလေးရဲ့ အော်သံတွေကို ကြားလိုက်ရတယ်လို့လည်း ပြောတယ်... သူတို့က ဝင်ရောက်စီးနင်းတာ ဒါမှမဟုတ် ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာ ဖြစ်နိုင်ပြီးတော့ သက်သေ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့ အိမ်ကို မီးရှို့ခဲ့တာ ဖြစ်နိုင်တယ်”
ယီယွင်၏ မျက်နှာက ဖြူရော်သွားကာ နားမလည်နိုင်ခြင်းများနှင့် ပြည့်နှက်သွားသည်။ သူတို့အိမ်ကို မည်သူက ဝင်ရောက်စီးနင်းမည်နည်း။ မိခင်ဖြစ်သူနှင့် ညီမလေးတို့ကို မည်သူက ပြန်ပေးဆွဲမည်နည်း။
ဗိုလ်ကြီးကျိက ယီယွင်၏ တုန့်ပြန်မှုကို ဂရုတစိုက်ကြည့်ရင်း ဝတ်ရုံအိတ်ထဲမှ ပန်းချီ စာရွက် တစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်း၏ မျက်နှာပြင်ထက်တွင်တော့ သင်္ကေတ တစ်ခုပုံကို ဆွဲထားသည်။
“ဒီသင်္ကေတပုံကို မင်းမြင်ဖူးလား...”
ယီယွင်က သင်္ကေတပုံကို ကြည့်လိုက်၏။ ၎င်းကို ခရုပတ် သုံးခု ပုံသဏ္ဌာန် ရှိကာ အလည်တည့်တည့်တွင်တော့ ထူးဆန်းသော ကြယ်သဏ္ဌာန် အမှတ်အသား ပါရှိသည်။
“မတွေ့ဖူးဘူး.. ဘာလို့လဲ...”
ယီယွင်က ခေါင်းခါရင်း မေးလိုက်၏။ ဗိုလ်ကြီးကျိ၏ မျက်လုံးများထဲ၌ စိတ်ပျက်မှု အရိပ်အယောင် အချို့ ဖြစ်ပေါ်လာကာ ပန်းချီစာရွက်ကို ပြန်သိမ်းလိုက်သည်။
“မျက်မြင်သက်သေတွေရဲ့ အဆိုအရဆိုရင် ပြန်ပေးသမားတွေရဲ့ ဝတ်စုံမှာ အဲဒီ သင်္ကေတ ပါတယ်တဲ့... ငါ့အထင် ပြောရရင် ဒီကိစ္စက မမျှော်လင့်ပဲ ဖြစ်သွားတာ နေမယ်... ကြိုတင် စီစဥ်ထားတဲ့ ကိစ္စဆိုရင် သူတို့က သင်္ကေတကို အမြင်ခံမှာ မဟုတ်ဘူးလေ”
ယီယွင်မှာ ဘာကိုမှ မစဥ်းစားတတ်တော့ချေ။ ထိုအခိုက်၌ သူသိသည့် တစ်ခုတည်းသော အရာက မိခင်နှင့် ညီလေးကို ရှာရန်သာ ဖြစ်သည်။
“သူတို့က ဘယ်ကလာသလဲ ဆိုတာ ဗိုလ်ကြီး သိလား... နောက်ပြီး အမေတို့ကို ခေါ်သွားတာကရော ဘယ်သူတွေလဲ”
ဗိုလ်ကြီးကျိက ခေါင်းခါလိုက်၏။
“သူတို့က ကောင်းကင် သင်္ဘောတစ်စင်းနဲ့ ထွက်ခွာသွားတာ... လမ်းကြောင်းကို ခြေရာခံကြည့်တော့ အချို့က သတိလစ်နေတဲ့ လူနှစ်ယောက်ကို သူတို့နဲ့ အတူ တွေ့တယ်လို့ ပြောကြတယ်... လမ်းမှာ တစ်ခုခု လာရှာပုံ ရတဲ့ ကျင့်ကြံသူ တစ်ဖွဲ့နဲ့ သူတို့ တိုက်ပွဲဖြစ်သေးတယ် တဲ့... နောက်ပြီး သူတို့ကပဲ လွယ်လွယ်နဲ့ အနိုင်ရခဲ့တယ်... အဲဒီအချက်က သူတို့ရဲ့ ကျင်ကြံခြင်း အဆင့်က မနိမ့်ဘူး ဆိုတာ ညွှန်ပြနေတယ်... ဒါပေမဲ့ သူတို့က ပျံတာ မတွေ့ရတဲ့ အတွက် အကန့်အသတ်တော့ ရှိလိမ့်မယ်”
“ထားလိုက်ပါလေ... ဆေးသူတော်စင်ဟးနဲ့ လိုက်သွားပြီး ကောင်းကောင်း ကုသလိုက်... တကယ်လို့ မေးစရာ ရှိရင် ငါတို့ မင်းကို လာရှာလှည့်မယ်... ဝက်သစ်ချရွာရဲ့ အဖွဲ့ဝင်ကိုတောင် ပြန်ပေးဆွဲရဲတယ် ဆိုတော့ အဲဒီအဖွဲ့က ငါတို့ကို အထင်သေးနေတဲ့ ပုံပဲ... ဘာပဲဖြစ်ဖြစ် ကံကောင်းတာ တစ်ခုက မင်း အမေနဲ့ ညီမလေးတို့ အသက်ရှင်ဖို့ အခွင့်အရေး များနေတုန်းပဲ... ကောင်းကောင်း အနားယူပါ... ဒီကိစ္စကို ငါတို့ ကိုင်တွယ်လိုက်မယ်”
ဗိုလ်ကြီးကျိက ယီယွင်၏ ပခုံးကို တစ်ချက် ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။ ယီယွင်က ခေါင်းတစ်ချက် ညိတ်လိုက်ကာ လူအိုကြီးဟူက ကျေးဇူးတင်စကား ဆိုလိုက်၏။
လူအိုကြီးဟူ၏ နေအိမ်ကို ပြန်ရောက်တော့ နေထွက်စပင် ပြုနေခဲ့ပြီ ဖြစ်သည်။ လူအိုကြီးဟူက ယီယွင်ကို ခုတင် တစ်လုံးပေါ် လှဲပေးလိုက်ရင်း သုန်မှုန်စွာဖြင့် စိုက်ကြည့်လိုက်၏။
ယီယွင်ကတော့ မိခင်ဖြစ်သူနှင့် ညီမလေးတို့ကို မည်ကဲ့သို့ စတင် ရှာဖွေရမလဲ တွေးတော နေခဲ့သည်။ ခရုပတ် သုံးခုနှင့် ကြယ်တစ်လုံး သင်္ကေတမှာ သူ့စိတ်ထဲ၌ တက်တူးထိုးထားသလို စွဲထင်နေခဲ့ပြီ ဖြစ်သည်။
“မင်း အသက်မြင် ဆေးပင်ကို ခိုးထားတာ မလား...”
ရုတ်တရက် အဘိုးကြီးဟူက မေးလိုက်၏။ ယီယွင်မှာ အတွေးအာရုံမှ နိုးထလာကာ ရင်များပင် တဒိုင်းဒိုင်း တုန်ရီသွားခဲ့သည်။ သူ ခိုးယူခဲ့သည်ကို ထိုအဘိုးကြီးက သိနေသည်လား။
လူအိုကြီးဟူက သက်ပြင်းတစ်ချက် ချလိုက်၏။
“မင်း ကံကောင်းတယ်... တကယ်လို့ အဲဒီကိုသာ သွားမနေခဲ့ဘူး ဆိုရင် မင်း အသက်ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး”
ထိုအခါတွင်မှ ယီယွင်မှာ ပြန်လည် တွေးမိလိုက်၏။ သူသာ ထိုအချိန် အိမ်တွင် ရှိနေပါက ကျူးကျော်သူများနှင့် ကျိန်းသေ ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ နောက်... ချီပျစ်ခဲခြင်း အဆင့်နှစ် ကျင့်ကြံခြင်း အဆင့်လေးဖြင့် ထိုလူများကို မည်ကဲ့သို့ တွန်းလှန်နိုင်မည်နည်း။ အဖမ်းခံရလျှင် ခံရ၊ မခံရလျှင်အသတ်ခံနေရလောက်ပြီ ဖြစ်သည်။
သူခိုးတစ်ယောက် ဖြစ်လာခဲ့ခြင်းဖြင့် အသက်အန္တရာယ်မှ လွတ်မြောက်လာခဲ့ပုံကို တွေးရင်း ယီယွင်မှာ ရယ်စရာ ကောင်းသည်ဟု ခံစားလိုက်ရ၏။
“ခင်ဗျား ဘာလုပ်မလို့လဲ...”
ယီယွင်က မေးလိုက်၏။ အကယ်၍ လူအိုကြီးဟူမှာ ဆေးပင်ကို လိုချင်ပါက သူ့ခွန်အားဖြင့် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူက သူခိုးတစ်ကြောင်း ဖြစ်ကြောင်း ဖော်ထုတ်ကာ စစ်သားများ လက်သို့ အပ်လိုက်ပါကလည်း ခက်ရချည်သေးသည်။
လူအိုကြီးဟူက ခေါင်းကိုသာ ခါယမ်းလိုက်၏။ ထို့နောက် သူက ခုံစောာင်းတစ်ခုဆီသို့ သွားကာ ဆွဲအံကို ဆွဲထုတ်လျှက် ပုလင်း အချို့ကို ထုတ်ယူလိုက်သည်။
“မင်းက ငါ့လူနာပဲ... ဒီတော့ ငါ ဆေးကုပေးရမှာပေါ့”
ယီယွင်မှာ စိတ်သက်သာရာ ရသွား၏။ ကြည့်ရသည်က လူအိုကြီးဟူမှာ သူ့ကို ဖော်ထုတ်ရန် မတွေးသလို ဆေးပင်ကိုလည်း စိတ်မဝင်စားပုံ ပေါ်သည်။ အမှန်တကယ်တွင်တော့ ယီယွင်မှာ လူများ၏ နှလုံးသားထဲရှိ အမှောင်ဘက်ခြမ်းကို နားမလည်ခဲ့ခြင်းသာ ဖြစ်ပေသည်။
လူအိုကြီးဟူ ပင်လျှင် ယီယွင်ကို အဆိပ်ပေးကာ ဆေးပင်ကို ယူထားဖို့ စဥ်းစားခဲ့သေးသည်။ ဆယ်စုနှစ် သုံးခုစာ ပိုမို နေထိုင်ခွင့် ရရန် အခွင့်အရေးကို မည်သူက ဆန္ဒ မရှိပဲ နေပါမည်နည်း။
သို့သော်လည်း အဆုံးသတ်၌ လူအိုကြီးဟူ မလုပ်ခဲ့ပါချေ။
“ငါ အဲဒီ သင်္ကေတကို သိတယ်...”
သူက အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်၏။ ယီယွင်၏ မျက်လုံးများက တလက်လက် တောက်ပသွားကာ လူအိုကြီးဟူကို ကြည့်လိုက်သည်။
“ခင်ဗျား သိတယ်...”
လူအိုကြီးဟူနှင့် ယီယွင်တို့ နှစ်ယောက်စလုံး မသိခဲ့သော်လည်း ထိုအခိုက်အတန့်လေးမှာ ကောင်းချီးခံ တစ်ဦး အတွက် ရင်ထိတ်သည်းဖို စွန့်စားခန်းများ၊ ရှာဖွေမှုများနှင့် အသက်လု တိုက်ပွဲများကို စတင် ဖွင့်လှစ်ခဲ့သည့် နိဒါန်းတစ်ခုပင်။ ဤသို့ဖြင့်... ယင်ကောင်တစ်ကောင်ကိုပင် မသတ်ခဲ့ဖူးသည့် လူငယ်လေး တစ်ယောက်မှာ နောက်တစ်ချိန်တွင် ခေတ်သမိုင်းပေါင်းများစွာ အမှတ်ရနေကြရလိမ့်မည့် ပုံရိပ်တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
“အဲဒါက ခရုသုံးပတ်ကြယ်လို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုပဲ... သူတို့က....”
ဤသို့ဖြင့် လူအိုကြီးဟူမှာ ထိုအဖွဲ့အစည်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို စိတ်ရှည်လက်ရှည်ပင် ယီယွင်ကို ရှင်းပြနေခဲ့တော့၏။
...
အယ်ဗန်ဘေးမဲ့ ဒေသ၊ အမှောင် ဟင်းလင်းပြင် အတွင်းတွင်... ခပ်သေးသေး ဟင်းလင်းပြင် သင်္ဘောတစ်စင်းမှာ သစ်သားကုန်းမြေလ၏ လေထုအပေါ်ယံ အလွှာထက်၌ မြောလွင့်နေခဲ့၏။ ထိုသင်္ဘော၏ တစ်ဖက် တစ်ချက်တွင်တော့ သင်္ကေတ စကားလုံး နှစ်ခုကို ရေးထွင်းထားကာ ၎င်းတို့က “ထာဝရ” နှင့် “စန်း” ဟု အဓိပ္ပာယ် ရပေသည်။
စန်းယွန်းလီမှာ ဟင်းလင်းပြင် သင်္ဘောအတွင်း၌ ရှိနေကာ တလက်လက် တောက်ပနေသည့် သွေးရောင် မျက်လုံးများနှင့် အရှေ့ရှိ လှပသော လကို သေးမောနေခဲ့၏။ မိန်းကလေး၏ မျက်လုံးများထဲတွင်တော့ လွမ်းဆွတ်မှု အရိပ်အယောင် အချို့ ရှိနေခဲ့ကာ စိတ်အစဥ် တစ်ခုလုံးမှာ အတိတ်ဘဝက အမှတ်တရများထဲတွင် နစ်မြုပ်နေဟန် ရသည်။ သူမ၏ နဖူး အလည်တည့်တည့်တွင်တော့ ရွှေရောင် ခပ်ဖျော့ဖျော့ အလင်းတစ်ခု တောက်ပလို့ နေ၏။
“အထဲကို ဝင်ဖို့ ခွင့်ပြုချက် ရပါပြီ...”
အရပ်ရှည်ရှည်၊ အညိုရောင် ဆံပင်နှင့် လူသား မိန်းကလေး တစ်ယောက်က သူမ အနားသို့ လျှောက်လာကာ ပြောလိုက်၏။
စန်းယွန်းလီက ခေါင်းညိတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့်ပင် သူမ၏ ဟင်းလင်းပြင် သင်္ဘောက အောက်သို့ ဆင်းသက်နေခဲ့ပြီ ဖြစ်လေတော့သည်။
“ဒီကို မရောက်ခဲ့တာတောင် ဆယ်စုနှစ်ပေါင်းများစွာ ရှိပြီပဲ... အစစ်အမှန် သိုင်းလောက အင်ပါယာက ဒီလို နေရာမျိုးကနေ စတင်လိမ့်မယ်လို့ ဘယ်သူက ယုံနိုင်မှာလဲ... သူ တကယ် ဒီနေရာမှာ ရှိလား ဆိုတာ ကြည့်ရသေးတာပေါ့”
***